Thursday, August 29, 2013

ဗိုလ်သိန်းစိန်၏လက်သီးပုန်း သို့မဟုတ် “ဥပဒေပညာရှင်တစ်ဦး”တူမောင်ညို

0 comments
ဗိုလ်သိန်းစိန်၏လက်သီးပုန်း သို့မဟုတ် “ဥပဒေပညာရှင်တစ်ဦး”တူမောင်ညို (၂၉ သြဂုတ် ၂၀၁၃)
စစ်တပ်ပိုင် “မြဝတီသတင်းစာ” (၂၉ သြဂုတ်) မှာ “ဥပဒေပညာရှင်တစ်ဦး” အမည်နဲ့ “ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုသလိုသုံးဖို့ ထင်သလိုအဓိပ္ပါယ် ဖွင့်ဆိုကြမည်လား” ဆိုတဲ့ဆောင်းပါး  ပါရှိလာပါတယ်။
ဆောင်းပါးရဲ့ပင်မရည်ရွယ်ချက်က သြဂုတ်လ ၂၃ ရက်နေ့က အစိုးရပိုင်သတင်းစာတွေမှာဖေါ်ပြ ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်၊ “ဥပဒေကြမ်းပူးပေါင်းကော်မတီ၏လေ့လာတွေ့ရှိချက်နှင့်သုံးသပ်ချက်အစီရင်ခံစာ” ကို လက်တုန့်ပြန် တာဖြစ်ပါတယ်။
            ဗိုလ်ရွှေမန်းလွှတ်တော်ဂိုဏ်းကို ပီပီပြင်ပြင်အရေလှန်ပြီး ပညာပေးထားတဲ့ဆောင်းပါးတစ်ပုဒ် လို့ ပြောရင်လည်းရတယ်။ “၂၀၀၈အခြေခံဥပဒေ”ကို နားမလည်ဘဲ၊ စိတ်ကြိုက်ထင်သလိုမသုံးနဲ့လို့ (နသယ်ကိုဖြတ်ရိုက်ပြီး) ဟန့်လိုက်တာဖြစ်တယ်လို့ ပြောရင်လည်း မမှားပေဘူး။
            ဒီနေရာမှာ ကြိုပြောထားချင်တာက “ဥပဒေပညာရှင်တစ်ဦး” ဆိုသူဟာ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ”နဲ့  ဗိုလ်သိန်းစိန်တို့ သမ္မတဂိုဏ်းဘက်နေ ပြတ်ပြတ်သားသားရပ်တည်ကာကွယ်ပြီး  ဗိုလ်ရွှေမန်းလွှတ်တော်ဂိုဏ်းကို ချေပတာသာဖြစ်တယ်။
            တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်း ဥပဒေချိုးဖောက်တယ်လို့ အပြန်အလှန်နှုတ်လှန်ထိုးနေကြလေတော့ ကျနော်တို့ပြည်သူတွေအဖို့ အမြတ်ကတော့ “ဥပဒေဆိုတာ သူတို့စိတ်ကြိုက်ရေးနိုင်ပြီး သူတို့စိတ်ထင်သလို ချိုးဖောက်နိုင်အရာသာဖြစ်တယ်” အချက်ကို ထင်ထင်ရှားရှား သဘောပေါက်သွားရတာပေါ့။ ရှင်းသွားတာပေါ့။            
            ထူးခြားတာတစ်ခုက အစိုးရပိုင် (မြန်မာ့အလင်း၊ကြေးမုံ၊ NLM) သတင်းစာတွေမှာ မဖော်ပြဘဲ။ စစ်တပ်ပိုင်သတင်းစာထဲမှာ ဖော်ပြလာတဲ့အချက်ဖြစ်ပါတယ်။ စစ်တပ်ကလည်း သမ္မတဂိုဏ်းဘက်ကဖြစ်တယ်လို့ ယူဆနိုင်တယ်။ “ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သုံးသပ်ချက် အစီရင်ခံစာ”ဆိုတာကို အနည်းဆုံးတော့ စစ်တပ်ကသဘောမတွေ့ဘူးဆိုတာကို ဖော်ပြတာပဲဖြစ်တယ်။
            နောက်တစ်ချက် ဒီရေးသားချက်နဲ့ဖော်ပြချက်က ဗိုလ်သိန်းစိန်သမ္မတဂိုဏ်းနဲ့  ဗိုလ်ရွှေမန်းလွှတ်တော်ဂိုဏ်းကြားက ပြဿနာရဲ့ထုထည်နဲ့ စုဖွဲ့မှုကိုလည်း ရောင်ပြန်ဟပ်ပြန်နေတယ်လို့ ယူဆတယ်။
ဒီပြဿနာဟာ အခြေခံဥပဒေခုံရုံးဥက္ကဋ္ဌဟောင်း (ဗိုလ်) ဦးသိန်းစိုးတို့ (၉)ယောက်ကို ထုတ်ပယ်လိုက်တဲ့ကိစ္စရဲ့ မပြီးဆုံးနိုင်သေးတဲ့ နောက်ဆက်တွဲပြဿနာပဲဖြစ်တယ်။
            ခုံရုံးပြဿနာပေါ်လာတော့  ကျနော့်ရဲ့ (၂၁ - ၈ - ၂၀၁၂) ရက်စွဲနဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့ “ခုံရုံးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ရဲ့ကံကြမ္မာ”  ဆိုတာထဲမှာ အခုလိုရေးသားဖော်ပြခဲ့ပါတယ်။
“အခုကတော့ အရင်နဲ့မတူ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရေကိုခြုံထားရလေတော့ အာဏာစားခွက်လုမှုတွေဟာ “ဥပဒေ ဆိုင်ရာအငြင်းပွားမှုပုံစံ”နဲ့ပေါ်ထွက်လာတာကို ကျနော်တို့ပြည်သူများ ရှုစားကြရတာဖြစ်ပါတယ်။ ဒါဟာပွဲဦးထွက်ပါ။ ပွဲကြီးပွဲကောင်းလည်း ဖြစ်ပါတယ်။ နောက်ထပ်“ဥပဒေအရ၊ဥပဒေနဲ့အညီ” အကျိုးစီးပွားအငြင်းပွားမှုတွေလာဦးမှာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို မဖျက် သိမ်းနိုင်သေးသမျှပေါ်ထွက်နေဦးမှာပါ ” လို့ ရေးသားခဲ့ပါတယ်။
ပြဿနာတွေပေါ်ထွက်နေတာ မဆန်းပေမယ့် ဆန်းနေတာတစ်ခုကတော့ ဒီချုပ်ဥက္ကဋ္ဌအမှူးပြုတဲ့လွှတ်တော်အမတ်များဟာ ဗိုလ်ရွှေမန်းလွှတ်တော်ဂိုဏ်းနဲ့ အလိုတူအလိုပါလှုပ်ရှားနေတဲ့ကိစ္စဖြစ်ပါတယ်။
 အနိမ့်ဆုံးအားဖြင့်တော့ ဒီချုပ်ဥက္ကဋ္ဌနဲ့ လွှတ်တော်အမတ်များဟာ ဖြစ်သင့်တဲ့အနေအထားတစ်ရပ်ကိုတင်ပြပြီး မိမိတို့ ရပ်တည်ချက်ကို အများသိအောင်ဖော်ပြသင့်ပါလျက် မဖော်ပြတဲ့အပြင်၊ ဗိုလ်ရွှေမန်းလွှတ်တော်ဂိုဏ်းဘက်ကနေ မဲပေးနေတာပဲဖြစ်ပါတယ်။ အခြေခံဥပဒေခုံရုံးကိစ္စမှာ “ဥပဒေအရ မှန်တဲ့ဘက်ကရပ်ခဲ့တာ” လို့ ဒီချုပ်အမတ်တစ်ဦးက ထုတ်ပြောဖူးပါတယ်။
ကျနော့်အမြင်နဲ့သဘောထားကတော့ နိုင်ငံရေးဆိုင်ရာရှုဒေါင့်၊ ဥပဒေပညာရပ်ဆိုင်ရာရှုဒေါင့်နေရပ်တည်ပြီး ပေါ်ပေါက်နေတဲ့ပြဿနာရဲ့ မူလဇစ်မြစ်၊ ဖြေရှင်းရမယ့်နည်းလမ်းနဲ့ အကျိုးဆက်တွေကို စနစ်တကျလေ့လာသုံးသပ်ပြီး တင်ပြသင့်တယ်လို့ ယူဆတာပါ။
မူမမှန်တဲ့ “၂၀၀၈ အခြေခံဥပဒေ”ရဲ့ သန္ဓေပါအားနည်းချက်၊ လက်တွေ့အကောင်အထည်ဖော်နေသူတွေရဲ့ အုပ်စုစွဲ၊ ဂိုဏ်းဂဏအစွဲ၊ အတ္တနောမတိ စတဲ့အချက်တွေကို ဖော်ထုတ်ဆန်းစစ် လေ့လာသုံးသပ်ဖို့မသင့်ပေဘူးလား။ ဒီချုပ်ထဲမှာ ဥပဒေဘာသာရပ်နဲ့ကျွမ်းဝင်တဲ့ ရှေ့နေတွေ၊ ပညာရှင်တွေအများကြီးရှိပါတယ်။ “ဆယ်ခါလျှောက်လဲနိုင်တယ်”ဆိုတဲ့ ပညာရှင်တွေဟာ ဘာကြောင့်ဒီလို မှိန်းနေသလဲဆိုတာ ကျနော် မတွေးတတ်ပါဘူး။
(၂ - ၉ - ၂၀၁၂ ) ရက်နေ့၊ မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ (၆) မှာဖေါ်ပြထားတဲ့(ဒေါက်တာမာလာအောင် - ဒုတိယ ပါမောက္ခချုပ်- ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်)ရဲ့  “union level ဒွိဟ သို့မဟုတ် ပြည်ထောင်စုအဓိပ္ပာယ်ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲ ဆန်းစစ်ချက် ” ဆောင်းပါးနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ထဲမှာ မေးခွန်းမေးပါတယ်။
ဒီမေးခွန်းကို ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးဘရှိန် က ပြန်လည်ဖြေကြား  ရာမှာ “နိုင်ငံပိုင်သတင်းစာနှစ်စောင်တွင် ဤဆောင်းပါး ပါရှိလာသည့်အတွက် ဆောင်းပါး၏နောက်ကွယ်၌ ပရောဂတစ်စုံတစ်ရာရှိနေ သလားဟု မေးခွန်းထုတ်စရာရှိနေပါကြောင်း၊ ယခုအချိန်အခါတွင် မီးလောင်ရာလေပင့်ခြင်း မပြုလုပ်သင့်ပါကြောင်း” ဖြေကြားခဲ့ဖူးပါတယ်။
“ဥပဒေပညာရှင်တစ်ဦး”ရဲ့ ယခုဆောင်းပါးကိုလည်း  ဦးဘရှိန် သို့မဟုတ် အခြားသော ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် တစ်ဦးဦးသို့မဟုတ်၊ လွှတ်တော်အမတ်တစ်ဦးဦးက “နောက်ကွယ်၌ ပရောဂတစ်စုံတစ်ရာ ရှိနေသလား၊ မီးလောင်ရာလေပင့် မလုပ်သင့်ကြောင်း” ထပ်မံပြောဆိုလေဦးမည်လား။
ဦးဘရှိန်ဟာ ထိုစဉ်က ဒေါက်တာမာလာအောင်ရဲ့“ဆောင်းပါး”ကို အချက်အလက်တိတိကျကျနဲ့ တုန့်ပြန်နိုင်ခြင်းမရှိပါဘူး။
 “တစ်ဖက်သတ်အမြင်၊ မှန်ကန်မှုမရှိသောအမြင်”တွေနဲ့ တင်ပြထားတာလို့သာ စွပ်စွဲအပြစ်တင်သွားပါတယ်။ “နိုင်ငံတော်ပိုင် သတင်းစာများတွင်ပါရှိလာသင့်သည့် ဥပဒေဆောင်းပါး အဆင့်အတန်း မဟုတ်ပါကြောင်း”လို့လည်း အကဲဖြတ်ခဲ့ပါတယ်။
ထိုစဉ်က ဦးဘရှိန်၏ထိုသို့ပြောဆိုခဲ့မှုတွေကို “ဥပဒေလေ့လာသူတစ်ဦး”အခုလို ထိထိမိမိထိုးနှက်ပြီး ပညာပေးသွားခဲ့ပါတယ်။
“ဥပဒေပညာနဲ့ဒေါက်တာဘွဲ့ရရှိထားသူ ဥပဒေပညာရှင်တစ်ဦးရဲ့ ဥပဒေနဲ့စပ်လျဉ်းသည့်အမြင်တွေ၊ ဥပဒေဆိုင်ရာအယူအဆတွေကို ရေးသားထားတဲ့ဒီလိုဆောင်းပါးမျိုးကို ဝေဖန်သုံးသပ်နေခြင်းဟာလည်း လွန်စွာနားလည်ရခက်လှသလို တန်ဖိုးရှိလှတဲ့ ဥပဒေထောက်ပြချက်တွေကို တန်ဖိုးမထားခဲ့တာဟာလည်း စိတ်မကောင်းဖွယ်ရာ တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ပညာရှင်ကို ပညာပိုင်းအရသာ ဝေဖန်တုံ့ပြန်နိုင်ရင်တုံ့ပြန်၊ မတုံ့ပြန်နိုင်ရင်တော့ နမူနာယူသင့်တယ်လို့ ယူဆမိတယ်”
“ဥပဒေပညာရှင်တစ်ဦး”ဆိုသူက “နမူနာယူသင့်တယ်”လို့ ဦးဘရှိန် တစ်ဦးတည်းကို ပုဂ္ဂလဓိဋ္ဌာန်ဝေဖန်သွားတာ မဟုတ်ဘဲ၊ ဗိုလ်ရွှေမန်းလွှတ်တော်ဂိုဏ်းတစ်ခုလုံးကိုပါ တတ်ယောင်ကားတော့မလုပ်နဲ့ဆိုပြီး စိန်ခေါ်လိုက်တာဖြစ်မယ်လို့ ယူဆပါတယ်။
 “အမှောင်ထဲကနေ ခဲနဲ့ပေါက်နေတာ”တော့ ဟုတ်ဟန်မတူပါဘူး။
ကျနော်ကတော့ “ဥပဒေပညာရှင်တစ်ဦး”ဆိုသူဟာ “ထူးခြားတဲ့ စွမ်းရည်သတ္တိတစ်မျိုး လက်ဝယ်ရှိထားသူ” မြဝတီသတင်းစာ ပေါ်မှာ ကိုယ်ထင်ပြလာတဲ့ “ဒေါက်တာဆိတ်ဖွား” များဖြစ်နေမလားဆိုပြီး အတွေးသံသယပွားနေမိပါတယ်။
အကယ်၍ အခဲမကျေနိုင်တဲ့ဗိုလ်ရွှေမန်းလွှတ်တော်ဂိုဏ်းက“ဥပဒေပညာရှင်တစ်ဦး”ဘယ်သူလဲ၊ စစ်တပ်ပိုင် “မြဝတီသတင်းစာ”က ဒီဆောင်းပါးကို ဘာကြောင့်ထည့်သွင်းဖော်ပြရသလဲဆိုတာနဲ့ပတ်သက်ပြီး လေ့လာစုံစမ်းဖော်ထုတ်မယ်ဆိုရင်တော့ ယနေ့လွှတ်တော် နိုင်ငံရေးဟာ သဲထိတ်ရင်ဖိုဇာတ်ကားတစ်ခုလို စိတ်ဝင်စားဖွယ်ဖြစ်လိမ့်မယ်လို့ ထင်မြင်ယူဆမိပါကြောင်းနှင့် “၂၀၀၈ အခြေခံဥပဒေ“ မဖျက်သိမ်းနိုင်သမျှ ဇာတ်ထုတ်တွေဇာတ်ရှုပ်တွေကို ရှုစားကြရပါဦးမယ်ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။
-   ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုသလိုသုံးဖို့ ထင်သလို အဓိပ္ပါယ်ဖွင့်ဆိုကြမည်လား” (ဥပဒေလေ့ လာသူတစ်ဦး) မြဝတီသတင်းစာ၊ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်၊ စာမျက်နှာ (၁၈ - ၁၉)
-မြန်မာ့အလင်းသတင်းစာ၊ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၆ ရက်


Wednesday, August 28, 2013

"ဆန်းနှင့် ကြည်" (ဒဂုန်တာရာ)

0 comments
"ဆန်းနှင့် ကြည်" (ဒဂုန်တာရာ) ဂျပန်ဝင်ရောက်လာသော ၁၉၄၂ တွင် ကျနော် ရန်ကုန်ရောက်ပါပြီ။ အင်္ဂလိပ်များထွက်ခွာပြီးနောက် ဂျပန်တို့ ၀င်ရောက်လာသည်။ ဗိုလ်မှူးရန်နိုင်က ကျနော်နှင့် ကျောင်းသားသမဂ္ဂလုပ်ဖေါ်လုပ်ဖက်။ တက္ကသိုလ်သမဂ္ဂအတွင်းရေးမှူး ကိုထွန်းရှိန် သူက ‘ရန်ကုန်သိမ်းပြီးပြီဗျ၊ ဗမာ့လွတ်လပ်ရေးတပ်မတော်ကသိမ်းတာ၊ အဲဒါ ခင်ဗျား ရန်ကုန်သွား၊ အလံပြဘုရားလမ်းကိုသွား၊ ပတ်ခ်ဟိုတယ်မှာ ကျနော်တို့လူတွေရှိတယ်’ သင်္ဘောကြုံနှင့် ကျနော်ရန်ကုန်သွားသည်။ အရှေ့အာရှစစ်ဖြစ်သည်နှင့် ရန်ကုန်ကို ဂျပန်တို့ကဗုံးကြဲလိုက်သည်။ ထိုအခါ အသွားအလာများ ပျက်ကုန်တော့သည်။ ခါတိုင်းသွားနေကျ ဧရာဝတီသင်္ဘောလည်း မရှိတော့။ သည်တော့ ဘိုကလေးမှ ဂျာနယ်ကျော်ဦးချစ်မောင်နှင့် ပန်းချီဆရာကိုအုန်းလွင်တို့ပါလာသော မော်တော်ဘုတ် ကျိုက်လတ်ဆိုက်သည်နှင့် ကျနော် လိုက်သွားသည်။ ညဘက် ရန်ကုန်ဆိပ်ကမ်းသို့ကပ်ခွင့်မရ၍ ခနောင်တို့ဘက်တွင် တညအိပ်၍ နောက်နေ့နံနက်စောစော ရန်ကုန်ရောက်သွားသည်။
ကြည့်မြင်တိုင်ဆိပ်ကမ်းမှနေ၍ အလံပြဘုရားလမ်းမှနေ၍ အလံပြဘုရားလမ်းရှိ ပတ်ခ်ဟိုတယ်သို့တန်းသွားလိုက်သည်။ ကျနော်တို့ မိတ်ဆွေများနှင့်တွေ့ပါပြီ၊ ကျောင်းသားသမဂ္ဂလုပ်ဖေါ်ကိုင်ဖက်များ၊ သူတို့သည် ဗမာ့လွတ်လပ်ရေးတပ်မတော်သားများ ဖြစ်နေကြပေပြီ။ လန်ကတ်စတာလမ်းထောင့်ရှိ မက်သဒစ်ကျောင်း (ယခု အထက ၁ ဒဂုံ) သည် BIA ခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်၏ စစ်ရုံးချုပ်ဖြစ်နေပေပြီ။ ယင်းဗမာ့တပ်မတော် စစ်ရုံးချုပ်ရှေ့ဘက်ရှိ ယခင် အင်္ဂလိပ်သံအမတ်ကြီးအိမ်တွင် ဗိုလ်အောင်ဆန်းကိုသွားတွေ့ရသည်။ ဗိုလ်လက်ျာကခေါ်၍ ပါသွားသည်။ ကိုအောင်ဆန်းကို ရေညှိစိမ်းရောင်သက္ကလပ်စစ်ဝတ်စုံနှင့် ခါးတွင်လည်းဓားချိတ်လျက်။ ကျနော့် စိတ်ထဲတွင်တမျိုးဖြစ်သွားသည်။ အံ့လည်း အံ့ဩသွားသည်။ ကျနော် မျှော်လင့်သော သခင်အောင်ဆန်း၏ ရုပ်ပုံလွှာ။ ယခင်မြင်နေကျ သခင်အောင်ဆန်း၏ရုပ်ကားချပ်ကတော့ ပင်နီအပေါ်ဖုံး၊ ရွှေတောင်လုံချည်နှင့်၊ သမိုင်းဆိုသည်ကလည်း ပြောင်းလဲတတ်သည်မဟုတ်ပါလား။ ယခင်ကတော့ သခင်အောင်ဆန်း၊ သူက သခင်အောင်ဆန်းခေါ်လျှင်ကြိုက်သူ၊ ယခု ဗိုလ်ချုပ်အောင်ဆန်းတဲ့။ ထိုအခါ ဗိုလ်တေဇဟုလည်း ခေါ်သည်။ နာမည်က မတွင်၊ ဗိုလ်အောင်ဆန်းနာမည်ကသာ သမိုင်းတွင်သွားသည်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းအနီးရှိ ပတ်ခ်ဟိုတယ်တွင် ကျနော်မတည်း၊ လူများနေသည်။ ကျနော်နှင့်ကျောင်းနေဖက် ကိုထွန်းလှ ခေါ်သွားသော လန်ကတ်စတာလမ်းရှိ ထရီနီတီဂေဟာဟုခေါ်သောအမျိုးသမီးဆောင်သို့ ရောက်သွားသည်။ အမျိုးသမီးဆောင်တွင် တနင်္သာရီဘက်တွင်ရောက်ရှိနေသော ဗမာ့လွတ်လပ်ရေးတပ်မတော်ချီတက်ရာလမ်းကြောင်းရှိ အုပ်ချုပ်ရေးဖွဲ့လျှင်သုံးရန်ခေါ်လာသော တက္ကသိုလ်ကျောင်းသားများ စုနေသည်။ ဘော်ဒါဆောင် သဘော။ ကျနော် အဲသည်မှာ တည်းလိုက်သည်။ ကျနော့်အတွက် စန္ဒရားတလုံးယူပေးထားသည်။ အတော်ပဲ။
တညနေတွင် ကိုအောင်ဆန်း ဆေးရုံတက်နေသည်ဆို၍သွားကြည့်ရန် ကျနော့်ကိုလာခေါ်ကြသည်။ သူတို့ကတော့ သခင်သန်းထွန်း၊ ကိုဗဟိန်း၊ ဗိုလ်လက်ျာ၊ ကိုကျော်ငြိမ်းတို့ ဖြစ်ကြသည်။ အခန်းကျယ်ကြီးထဲတွင် ဗိုလ်အောင်ဆန်းကို ခုတင်တလုံးနှင့်တွေ့ရသည်။ သူတို့က ကျနော့်ကို ‘ခင်ဗျားလူကြီး ကြည့်လုပ်ဦးဗျ၊ ကြည်တိုက်မှ ဆေးသောက်မယ်ဖြစ်နေတယ်ဗျ’ ဟု သူ့ဇာတ်လမ်းကို ပြောပြကြသည်။ ကိုအောင်ဆန်းကတော့ မထုံတက်သေး။ ကျနော်ကတော့ ပြုံးလိုက်မိသည်။ ‘ခင်ဗျားနဲ့မိတ်ဖွဲ့ပေးရမယ်ဗျ၊ လာ၊ မခင်ကြည်နဲ့မိတ်ဖွဲ့ပေးရမယ်၊ အပေါ်ဆုံးထပ်မှာနေတယ် လာ’ ဟု တယောက်ကပြော၍ ကျနော်တို့လူစုသည် ဆေးရုံကြီးလုပ်ထားရာအပေါ်ထပ်သို့ တက်သွားကြသည်။ (ဒိုင်အိုမိန်းကလေးကျောင်းကို စစ်အတွင်းက ပြည်သူ့ဆေးရုံအဖြစ်ပြုလုပ်ထားသည်) သုံးထပ်တွင်ဖြစ်မည်ထင်သည်။ အထဲရောက်သောအခါ ဆရာမ မခင်ကြည်နှင့်မိတ်ဆက်ပေးသည်။ ဧည့်ခန်းတွင် စန္ဒရားကြီးတလုံးရှိသည်။ ‘တယောက်ကို သီချင်းဆိုခိုင်းရမယ်ဗျ၊ ခင်ဗျားတီး’ ကျနော့်ကို စန္ဒရားရှေ့သို့ ပို့လိုက်သည်။ မခင်ကြည်က အခန်းထဲပြန်ဝင်သွားသည်။ စန္ဒရားခလုပ်များကို ကျနော်စမ်းကြည့်လိုက်သည်။ တီးလို့မရ၊ အသံများပျက်နေသည်။ ကြိုးညှိမထားသဖြင့် ဘယ်လိုမှတီး၍မရ၊ ကျနော်ကလည်း ဇီဇာကြောင်သည်။ စန္ဒရားအသံကောင်းကောင်းမှ တီးချင်သည်။ ‘လုပ်လေဗျာ၊ သီချင်းတပုဒ်’ တယောက်က ပြောလိုက်သည်။ ‘တီးလို့ မရဘူးဗျ၊ ကြိုးကျနေတယ်၊ တီးရင်အသံကြောင်တယ်’ သူတို့က နားမလည်။ ထို့နောက် ကော်ဖီများရောက်လာသည်။ ကိုအောင်ဆန်း၏ချစ်သူ မခင်ကြည်က ပြန်ထွက်မလာ။ ကျနော် ကောင်းစွာမှတ်မိနေသည်။ ထို့နောက် ကျနော်တို့ ပြန်ခဲ့ကြသည်။ သူတို့အသိုင်းအ၀ိုင်းတွင် ကျနော်တယောက်သာ စန္ဒရားတီးတတ်၍ ကျနော့်ကို မကြာခဏတီးခိုင်းသည်။ မခင်ကြည် ပြန်ထွက်မလာသည်ကို သတိပြုမိသည်။ ရှက်နေဟန်တူသည်။ ကျနော်တို့လူစုမှာ အသက်ပင် ၃၀ မကျော်သေး။ ကျနော်က သည်အသိုင်းအ၀ိုင်းထဲတွင် အသက်အငယ်ဆုံး။ ထိုအခါက အသက် ၂၂၊ ကိုအောင်ဆန်းက ၂၆ နှစ်၊ ကိုကျော်ငြိမ်း၊ သခင်သန်းထွန်း၊ ကိုဗဟိန်းတို့ကလည်း ကျနော့်ထက်ကြီးကြသူများဖြစ်သည်။ မခင်ကြည်ကို ကျနော်က ကြည့်ကောင်းသူဟု ခံစားမိသည်။ မျက်ခုံးမွှေးထူထူ၊ မျက်နှာထားလည်း ချိုသည်။ ကြည်လင် ချိုမြ၊ လှေကားထစ်မှ ကျနော်တို့ဆင်းလာသောအခါ ချောသားပဲဗျ၊ ကိုအောင်ဆန်းရွေးတာမဆိုးဘူး’ ဟု ကျနော်က ပြောလိုက်သည်။ သူတို့ကလည်း တယောက်တပေါက် ပြောကြပြန်သည်။ ထိုအခါက ကျနော်တို့သည် ငယ်ရွယ်သူများဖြစ်သည်။
ကိုအောင်ဆန်း ပြည်သူ့ဆေးရုံကြီးမှ မခင်ကြည်ကို လက်ထပ်မည်ဟူသောသတင်းမှာ ကျနော်တို့အသိုင်းအ၀ိုင်းတွင် ပျံ့နှံ့သွားသည်။ ယင်းသို့ ဂျပန်ဝင်စက ကျနော်တို့အသိုင်းအ၀ိုင်းမှာ တယောက်ပြီးတယောက် လက်ထပ်သွားကြသည်။ ပထမဦးဆုံး လက်ထပ်သူက ကိုလှအောင်၊ သူက ဖျာပုံသူသန်းသန်းနှင့် လက်ထပ်သည်။ မင်္ဂလာလက်ထပ်ထမင်းစားပွဲတွင် ကျနော် စန္ဒရားတီးသည်။ လူများများမဟုတ်၊ ကျနော်တို့အသိုင်းအ၀ိုင်းသာ။ ဗိုလ်လက်ျာ ရွှေတောင်ကြားရှိ ဧည့်ခန်းဆောင်တွင် ကျနော်တို့ လူစု စုဝေးနေကြသည်။ ကျနော်ရောက်သည့်အချိန်တွင်တော့ ထိုအခါက နာမည်ကျော်ကြားနေသော စန္ဒရားဆရာစိန်ဝေလျှံက တီးနေသည်။ ကိုအောင်ဆန်းက ကျနော်ရောက်ပြီးမကြာခင် စိန်ဝေလျှံရှိရာသို့သွားကာ ‘ခဏနေဦးဗျ၊ ဌေးမြိုစန္ဒရားတီးမလို့’ ဟု ပြောလိုက်သည်။ ကျနော်အံ့ဩသွားသည်။ ဘယ်နဲ့ဗျာ တယောက်တီးနေစဉ် သီချင်းမဆုံးခင်ရပ်ခိုင်းရသည်လို့။ ကျနော် မအံ့ဩတော့ ကိုအောင်ဆန်းက သည်လိုလူမျိုး။ လွန်ခဲ့သော တပတ်ခန့်ကပင် သခင်မြအိမ်ရှိ စန္ဒရားကို ကျနော်တီးနေစဉ် ကိုအောင်ဆန်း စစ်ဝတ်စစ်စားနှင့်ဝင်လာသည် ကျနော်ဘေးတွင် ကိုထွန်းလှက သီချင်းဆိုနေသည်။ ‘သည်လိုအခါမျိုးမှာ ချစ်ကြမယ် ကြင်နာကြမယ် သီချင်းကမဟန်ဘူးဗျ’ ဟု ကျနော့်ကိုကြည့်ကာ ပြောလိုက်သည်။ ကျနော်က ပထမတော့ သူ့ကိုလှမ်းကြည့်ရင်း ဘယ်လိုလူပါလိမ့်ဟုတွေးမိသည်။ ကျနော်ဆက်တီးသည်။ ကိုအောင်ဆန်းကလည်း ဆက်ပြောသည်မဟုတ်။ ချက်ချင်း ဒေါက်ဒေါက်နှင့်အပြင်သို့ ထွက်သွားသည်။ ဟောအခုကျတော့ ကျနော့်ကို အတင်းတီးခိုင်းပြန်သည်။ ကျနော်က မတီးချင်၊ မတီးချင်သည်မှာ အခြားမဟုတ် စိန်ဝေလျှံတီးနေသည်ကိုရပ်ခိုင်း၍ ကျနော့်ကို တီးခိုင်းသည်ကို ကျနော်မကြိုက်။ သူကတော့ မရ။ ကျနော်က ထိုင်နေရာမှမထသည်ကို လက်နှင့်ခေါ်ပြီး အတင်း လုပ်ပါဦးဗျ။ ကဉ္စနသီိချင်းဟု ဆိုလိုက်သည်။ အားလုံးပျော်ပျော်ပါးပါး ကျနော်သီချင်းတီးလိုက်သည်။ ဖန်ခွက်ထဲတွင် ရွှေရောင်တဖျတ်ဖျတ် ဆာကေးနံ့တသင်းသင်း။ အပေါင်းအသင်းများမှာ ကသူ က။ ဦးဘဂျမ်းက ဖိုးဝရုပ်ကြီးကဲ့သို့ တလှုပ်လှုပ်၊ တယောက်ပြီးတယောက် လက်ထပ်သွားကြသည်ကို ကျနော် အံ့ဩနေသည်။ သခင်ချစ်၊ ကျောင်းဆရာသခင်ချစ်က သူ့တပည့်မလေး ခင်သန်းညွန့်နှင့် လက်ထပ်သည်။ သည်လူတွေ ဘယ်လိုလူတွေလဲ။ ကျနော်တွေးမိသည်။ သူတို့ကို ကောင်းစွာနားမလည်။ ကျနော့်ကိုလည်း တယောက်ယောက်နှင့် စနေကြသည်။ အဆိုးဆုံးက ဗိုလ်စင်္ကြာ၊ သူက ကျနော့် စန္ဒရားလက်သံကို သဘောကျနေသည်။ သူ့အိမ်ရှိ ပြင်သစ်ပလေရယ် သုံးချောင်းထောက်စန္ဒရားကြီး၊ ဂရင်းပီယာနို ကျနော်ပဲတီးရသည်။ သူနှင့်အတူနေသူ ဂျော်ဂျီ ကိုတင်အောင်က အင်္ဂလိပ်သီချင်းကြီးများကို ကောင်းစွာတီးတတ်သူ၊ ဗမာသီချင်းတော့ သူ မတီးတတ်၊ ကိုတင်အောင် မှာ ၁၉၃၆ က အိုးဝေမဂ္ဂဇင်းကော်မတီတွင်ပါသူ၊ (နောက်ပိုင်းတွင် ကိုတင်အောင်သည် မခင်ကြည်၏ညီမ အမာနှင့် လက်ထပ်သွားသည်) ကျနော်ကတော့ ကိုအောင်ဆန်း လှော်တာဖြစ်မှာပဲဟု တွေးမိသည်။ ဟုတ်မဟုတ်တော့ မသိ။ ထိုအခါက ကျနော်သည် ရွှေတောင်ကြားရှိ ဗိုလ်လက်ျာအိမ်မှစန္ဒရားကို တီးဖြစ်သည်။ ရွှေတောင်ကြားရှိ ဗမာ့လွတ်လပ်ရေးတပ်မတော်အရာရှိကြီးများနေထိုင်သောအိမ်တိုင်းလိုလို စန္ဒရားရှိသည်။ သို့သော် တီးသူက မရှိ။ ကျနော်ကို သူတို့က မျှော်တတ်ကြသည်။ ကျနော် ဗိုလ်လက်ျာအိမ်မှစန္ဒရားကို သိပ်ကြိုက်သည်။ အသံက ချိုသည်။ ကျနော် တီးနေစဉ် ကိုအောင်ဆန်း ကားကြီးနှင့်ရောက်လာသည်။ ထိုအခါက ဗိုလ်လက်ျာအိမ်တွင် ကိုဗဟိန်း နေသည်။
‘ကိုဗဟိန်း ဘယ်မလဲဗျ’ ဟု ကျနော့်ကိုလှမ်းမေးမှ စန္ဒရားကိုရပ်ကာ ‘မရှိဘူး ကိုအောင်ဆန်း၊ ကိုဗဟိန်းအပြင်ထွက်သွားတယ်’
‘လာဗျာ ကျနော်နဲ့လိုက်ခဲ့စမ်းပါ မဂိုလမ်းမှာ ပလာတာသွားစားရအောင်’ ဟု ရပ်ရင်းပြောသည်။ ‘နေပါဦးဗျ ဖြည်းဖြည်းပေါ့’ ကျနော်က မဂိုလမ်းကို ပလာတာသွားစားမည်ကို သိပ်မကြိုက်၊ သူက ဗိုလ်ချုပ်ဖြစ်ပြီမဟုတ်လား၊ သည်နေရာမျိုးကို တယောက်တည်းမသွားသင့်ဟု ထင်သည်။ ကျနော်က သိပ်မလိုက်ချင်၊ သူထိုင်ပြီးနောက် ကျနော်တို့ နှစ်ယောက်စကား တပြောပြော၊ သူက လက်ထပ်မည်အကြောင်း ကျနော့်ကို ပြောသည်။ ‘ကျနော်သိနေတဲ့ကိစ္စပဲ၊ အိမ်ထောင်မှုဆိုတာလည်း အနုပညာရှိတယ်ဗျ’ ဟု သူက ကျနော့်ကို အင်္ဂလိပ်ဘာသာဖြင့် ပြောလိုက်သည်။ ကိုအောင်ဆန်းက အင်္ဂလိပ်လိုတခါတရံပြောတတ်သည်။ ကျနော်က ပြုံးလိုက်သည်။ ကျနော်က အနုပညာသမားဆို၍ ကျနော့်ကို သည်စကားပြောခြင်းဖြစ်မည်။ ကျနော်တို့ စကားပြောလိုက်သည်မှာ အတော်ကြာသွားပြီ။ သူလည်း ပလာတာ စားချင်စိတ်ပျောက်သွားပြီလား မသိ၊ ကျနော့်ကို မခေါ်တော့။ မကြာမီပင် ပြည်သူ့ဆေးရုံကြီးဧည့်ခန်းအောက်ထပ်တွင် လက်ထပ်ပွဲကျင်းပသည်။ ထိုအခါကတော့ ဗိုလ်ချုပ်အောင်ဆန်း လက်ထပ်သည့်သတင်းမှာ ဟိုးဟိုးကျော်သွားသည်။ ကိုအောင်ဆန်း လက်ထပ်သွားသည်။ လက်မထပ်ခင် ၂ လ လောက်ကလားမသိ၊ သူနှင့်ကျနော်တို့ အတူနေကြသေးသည်။ ပထမ ကျနော် ဗိုလ်ဇေယျအိမ်တွင်နေသည်။ ဗိုလ်ဇေယျ အထက်ဗမာပြည် စစ်ထွက်သွားပြီး သခင်တင်ဦးနှင့်ကျနော်တို့ ကိုအောင်ဆန်းအိမ်သို့ ပြောင်းသွားကြသည်။ ကိုအောင်ဆန်းက သူနှင့်အတူလာနေရန်ခေါ်သဖြင့် ပြောင်းသွားကြခြင်းဖြစ်သည်။ လက်ထပ်အပြီးတွင် ရွှေတောင်ကြားရှိ အမြောက် ၂ လက်နှင့်အိမ်မှ အင်းလျားကန်ဘေးရှိတထပ်အိမ်လေးသို့ ပြောင်းသွားသည်။ ထိုအခါက အရေးတော်ပုံရာဇ၀င်အမည်ရှိ စာအုပ်တအုပ် ရေးနေသည်။ ယင်းစာအုပ်ကို ကိုဗဟိန်းကတော့ ကျနော့်ကိုသာ ရေးစေသည်။ ရေးစေလိုသည်မှာ အခြားအကြောင်းမဟုတ်၊ ဂျပန်သို့ သွားသည့်အကြောင်း။ ကျနော်က ရဲဘော်သုံးကျိပ်ဝင်များကို လိုက်မေးရသည်။ ထိုအခါကတော့ ဗိုလ်ရန်အောင်နှင့်သာ မေးရသည်။ ယင်းစာအုပ်ရေးသည့်ကိစ္စနှင့်ပတ်သက်၍ ကျနော် ကိုအောင်ဆန်းထံသွားသည်။ သူက လက်ထပ်ခါစ အင်းလျားကန်ဘေးရှိအိမ်တွင် နေသည်။ သခင်တင်ဦးနှင့်ကျနော်တို့သွားကြသည်။ မခင်ကြည်နှင့်အတူတွဲ၍ အိမ်ပေါ်မှ ဆင်းလာကြသည်။ ကျနော်တို့သည် ဆင်ဝင်မှနေ၍ အိမ်ထဲသို့ဝင်ပြီး စကားပြောကြသည်။ သူတို့နှစ်ယောက် ရွှင်ပျနေသည်ကို ကျနော် သတိထားမိသည်။ ကိုအောင်ဆန်းသည် ယခင်လို ရှုသိုးသိုးမျက်နှာမျိုး မဟုတ်တော့။ ယခုတော့ ပြုံးစစ၊ ချိုမြမြ၊ မခင်ကြည်ကိုလည်း ကျနော်က ယခင်က ထင်ထားသည့်အတိုင်း ချောမောသူဟုနားလည်ထားသည်။ သခင်တင်ဦးနှင့် ကျနော်တို့နှစ်ယောက်သည် ကိုအောင်ဆန်းတို့လင်မယားအိမ်မှ ပြန်လာကြသည်။
သခင်တင်ဦးနှင့်ကျနော်က စာအုပ်အကြောင်းလည်းတွေး၊ ကိုအောင်ဆန်းတို့အကြောင်းလည်းတွေး။ သူ့ဘ၀ ဆန်းသစ်လာပြီဟု ကျနော်က တွေးနေသည်။ ကျနော်တို့အသိုင်းအ၀ိုင်းတွင် သူကတမျိုး၊ မျက်မှောက်ကြုတ်ကြုတ်၊ သူက လွတ်လပ်ရေးအကြောင်းကိုသာ တွေးနေသည်။ ယခု အိမ်ထောင်ကျပြီဆိုတော့ သူ၏ဘ၀သည်ရွှန်းပလာပြီဟု ကျနော်က တွေးနေမိသည်။ ထိုကာလက ကျနော်တို့၏ အသိုင်းအ၀ိုင်းများဖြစ်သော ဗိုလ်ဇေယျ စသူတို့လည်း လက်ထပ်သွားကြသည်။ သခင်သန်းထွန်းက မခင်ကြည်အမနှင့် လက်ထပ်သွားသည်။ ဗိုလ်ဇေယျမှာ ၁၉၃၉ မန္တလေး အရေးတော်ပုံတွင် ပုလိပ်များပစ်ခတ်မှုကြောင့် ဒဏ်ရာရ၍ ဆေးရုံတက်နေစဉ်က ပန်းသီးလာပေးသောကျောင်းသူလေးနှင့် လက်ထပ်လိုက်သည်။ ဗိုလ်လက်ျာကလည်း ပဲခူးသူ မခင်လှနှင့်လက်ထပ်သွားသည်။ အလှက ကျနော်နှင့်သီချင်းဆိုဖက်။ သူတို့ တယောက်ပြီးတယောက် လက်ထပ်သွားကြသည်ကို ကျနော် ဤသို့တွေးသည်။ ကျနော်က ကိုဗဟိန်းလက်ထပ်ပြီးစ စစ်မဖြစ်မီကာလက အိမ်ထောင်ရေးအကြောင်းဆွေးနွေးဖူးသည်။ ကျနော် ကိုဗဟိန်း၏အတွေးအခေါ်ကို မှတ်မိနေသည်။
ကိုဗဟိန်းက လက်ထပ်တယ်ဆိုတာ ဒုက္ခသုတ်ခတွေကို ဝေမျှဖို့ပဲဗျဟုပြောသည်။ ယခုလည်း သူတို့သည် ဖက်ဆက်ဂျပန်များနှင့်ပေါင်းရန် ရည်ရွယ်ချက်ရှိသည် မဟုတ်၊ သို့သော် သမိုင်းဆိုသည်က တမျိုး၊ ကိုအောင်ဆန်းသွားသည်က တရုတ်ပြည်၊ ကွန်မြူနစ်ပါတီနှင့်ဆက်သွယ်ရန် အမွိုင်သို့သွားခြင်းဖြစ်သည်။ သို့သော် ‘သမိုင်းကံကြမ္မာ’ ကြောင့် ဂျပန်သို့ ရောက်သွားကြသည်။ သူတို့ ဖက်ဆစ်များနှင့်မပေါင်းချင်သည်ကို ကျနော်သိနေသည်။ ထို့ကြောင့် သူတို့စိတ်ဓာတ်ကျနေသည်ဟု ကျနော်တွေးသည်။ စိတ်ဓာတ်ကျသည့်အခါ မိမိ၏စိတ်ဆင်းရဲမှုကိုဝေမျှမည့်ချစ်သူကို တမ်းတမိသည်။ ထို့ကြောင့် သူတို့သည် တယောက်ပြီးတယောက်လက်ထပ်သွားကြသည်ဟု ယူဆမိသည်။ ကိုကျော်ငြိမ်းလည်း ဂျပန်ခေတ်ကတည်းက လက်ထပ်သွားသည်။ သူ့ဇနီး မနွယ်က ကျနော်နှင့်ကျောင်းနေဖက်။ လက်ထပ်ခြင်းဆိုသည်မှာ မိမိတို့ဘ၀၏ အဆိုးအကောင်း အတွေ့အကြုံကိုဝေမျှခံစားခြင်းဟု ယနေ့တိုင် တွေးနေသည်။ တယောက်တည်းစိတ်ဆင်းရဲခြင်းထက် မိမိစိတ်ဆင်းရဲခြင်းကိုဝေမျှမည့်ချစ်သူနှင့်နေရခြင်းသည် စိတ်ချမ်းသာခြင်းဖြစ်မည်။ ထို့ကြောင့်လည်း ကျနော်တို့အသိုင်းအ၀ိုင်းက သူတို့သည် လက်ထပ်ကြလေသလား၊ အသက်ထက်ဆုံးပင် သူတို့ဇနီးများနှင့် ပေါင်းသင်းနေထိုင်ကြသည့်အထောက်အထားရှိကြသည်မှာ ထင်ရှားသည်။ သူတို့လက်ထပ်သွားကြသော်လည်း သူတို့၏ မူလယုံကြည်ချက်သည် ပြောင်းလဲမသွား၊ ယင်းသည် ချစ်မေတ္တာစစ် မဟုတ်ပါလား။ ဒဂုန်တာရာ (၂၃-၂-၉၉)

“၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ရေး” ရွာလည်ပေတော့မည် (တူမောင်ညို)

0 comments
“၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ရေး”  ရွာလည်ပေတော့မည် (တူမောင်ညို) (၂၀၁၃ ခုနှစ်၊ သြဂုတ် ၂၇ )
 ပါလီမန်ဒီမိုကရေစီစနစ်၌ နိုင်ငံရေးပါတီတစ်ရပ်သည် (အာဏာရပါတီဖြစ်စေ/ အတိုက်အခံပါတီဖြစ်စေ)ပါလီမန်တွင်း/ပါလီမန်ပ၊ လွှတ်တော်တွင်း/လွတ်တော်ပ တိုက်ပွဲ စစ်မျက်နှာနှစ်ရပ်စလုံးဖွင့်၍ တိုက်ပွဲဝင်ရမည်သာဖြစ်သည်။ ပါလီမန်ဒီမိုကရေစီစည်းဝိုင်းထဲကနိုင်ငံရေးပါတီတစ်ရပ်သည် ကြိုးဝိုင်းထဲကလက်ဝှေ့သမားတစ်ဦးကဲ့သို့ပင် သူ၏ကျင်လည်စွာ၊ လျင်မြန်စွာလှုပ်ရှားနိုင်သည့် အဆုတ်အတက်ခြေလှမ်းများနှင့်အညီ ဘယ်/ညာလက်သီးနှစ်လုံးဖြင့် တစ်ဖက်ယှဉ်ပြိုင်သူကို ထိထိမိမိထိုးနှက်ရလိမ့်မည်။ အာဏာရပါတီ၏ မူဝါဒ၊ ပေါ်လစီများ၊ လက်တွေ့ဆောင်ရွက်ချက်များကို အတိုက်အခံပါတီတစ်ရပ်အနေဖြင့် ပြည်သူလူထု၏ လက်တွေ့နှင့်ရေရှည်အကျိုးစီးပွားဘက်မှ ရပ်တည်ကာ ပြတ်ပြတ်သားသား ဆန်းစစ်၊ ထောက်ပြ၊ ဝေဖန်၊ ဖွင့်ချရလိမ့်မည်။ “၂၀၀၈အခြေခံ ဥပဒေ” စည်းဝိုင်းထဲတွင် မှတ်ပုံတင်ပါတီတစ်ရပ်အတွက် ထိုကဲ့သို့လွတ်လပ်မှုနှင့်ဒီမိုကရေစီအခွင့်အရေးများ အပြည့်အဝရှိပါ၏လော။
ထို့အပြင် တစ်ဖက်မှလည်း အာဏာရပါတီ၏လုပ်ဆောင်မှုများအနက်မှ ပြည်သူ့အကျိုးလက်တွေ့ဖြစ်ထွန်းမှု ရှိသော တစ်ခုခြင်းကိစ္စများ၌ အတူယှဉ်တွဲဆောင်ရွက်ကြရတာမျိုးလည်း ရှိပေလိမ့်မည်။
လက်တွေ့၌ ဒီချုပ်သည် ဤသို့မလုပ်ခဲ့/မလုပ်နိုင်ခဲ့။ “မတိုက်ခံ ပါတီ NLD” ဟုပင် အချို့ကပြောနေကြသည်။
လွှတ်တော်တွင်း၌လည်း ထိထိရောက်ရောက် တိုက်ပွဲဆင်ခြင်းမပြုနိုင်သလို၊ လွှတ်တော်ပတိုက်ပွဲများကို လည်း လျစ်လျူရှုထားသည်။ ပစ်ပယ်ထားသည်။ လွှတ်တော်ပတိုက်ပွဲဝင်မှုများ/တိုက်ပွဲနေသူများနှင့် ပတ်သက်လာလျှင် နှာစေးနေသည် သို့မဟုတ် ပစ်ပစ်ခါခါ ပြောတတ်သည်။
နာယကကြီးဦးဝင်းတင်ကမူ လွတ်တော်တွင်း/လွတ်တော်ပတိုက်ပွဲသည် လူတစ်ယောက် ဘယ်/ညာခြေလှမ်းလှမ်းသကဲ့သို့ ညီညာရမည်ဟူသည့်သဘောမျိုးပြောဖူးသည်ကို မှတ်သားရဖူးသည်။ လွှတ်တော်ပတိုက်ပွဲများကို ကောင်းချီးသြဘာပေးလေ့ရှိ၏။ သို့သော်လည်း ဒီချုပ်ပါတီသည်  နာယကကြီးပြောသကဲ့ ခြေလှမ်းမျိုး လှမ်းပါ၏လော။
ပွင့်ပွင့်လင်းလင်းပြောရလျှင်မူ ယနေ့လွှတ်တော်တွင်းတိုက်ပွဲဆိုသည်မှာ ဒီချုပ်ပါတီအဖို့ပြောရလျှင် မတိုက်ခင်ကပင် ရှုံးနေပြီးသား ဖြစ်သည်။
အဆိုတစ်ခု/ဥပဒေကြမ်းတစ်ရပ်ကိုဆွေးနွေး/အတည်ပြုကြရာ၌ ဒီချုပ်အမတ်ဦးရေသည် ထည့်စဉ်းစားရန် မလိုအပ်သောအနေအထားကို ယနေ့လွှတ်တော်တွင်း၌ ကြံ့ဖွံ့ပါတီက ပိုင်ဆိုင်ရရှိထားသည်။  ဗိုလ်ရွှေမန်းကဆိုလျှင် သမ္မတဗိုလ်သိန်းစိန်ကို ဖုတ်လေသည့်ငါးပိရှိတယ်လို့ပင် ပမာမထားဘဲ၊ အကြိမ်ကြိမ်“ကျော”နေသည်ကို အားလုံးမျက်မြင်ကိုယ်တွေ့ပင် မဟုတ်ပါလော။ သမ္မတသည် လွှတ်တော်ဥက္ကဋ္ဌကို နာခံနေရသည်။ “၂၀၀၈ အခြေခံဥပဒေ” အရ သမ္မတအုပ်ချုပ်ရေးစနစ်ဖြစ်ပုံ ရသော်လည်း ထိုသမ္မတအုပ်ချုပ်ရေးစနစ်သည် “လွှတ်တော်ဥက္ကဋ္ဌအလိုကျသမ္မတစနစ်”ဖြစ်နေသည်။ သို့ဖြင့် အရာရာကိုပြဋ္ဌာန်းနေသူမှာ ဗိုလ်ရွှေမန်းပင်ဖြစ်နေတော့သည်။ ယင်းအချက်ကြောင့် ဒီချုပ်ဥက္ကဋ္ဌသည် ဗိုလ်သိန်းစိန်မှ ဗိုလ်ရွှေမန်းသို့ “ပြောင်းလဲသွားခြင်း” ဖြစ်မည်ဟုထင်သည်။ ဒီချုပ်ဥက္ကဋ္ဌ၏ ထို“အပြောင်းအလဲ”သည် ယနေ့ကာလ၌ ထင်သာမြင်သာအရှိဆုံး အပြောင်းအလဲတစ်ခုဖြစ်ပါလိမ့်မည်။ “အပြောင်းအလဲ” ကို လွှတ်တော်ဥက္ကဋ္ဌဗိုလ်ရွှေမန်းကသာ ဆောင်ကျဉ်းပေးလာနိုင်လိမ့်မည်ဟုလည်း ထင်နေပုံရပါသည်။ ပါလီမန်စနစ်တွင် လွှတ်တော်ထဲ၌ များရာမဲကသာ အရာရာကို အဆုံးအဖြတ်ပေးခြင်းဖြစ်သည်။ လွှတ်တော်ထဲ၌ကြံ့ဖွံ့ပါတီက အမတ်အများစုဖြစ်သည်။ ဒီချုပ်အမတ်ဦးရေစုစုပေါင်းသည် ကြံ့ဖွံအမတ်စုစုပေါင်း၏ အစွန်းထွက်ပင်မရှိပါချေ။
“၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး” ကြွေးကြော်နေသော်လည်း ပြင်ဆင်ရေးနှင့်ပတ်သက်၍ တိကျသောလုပ်ငန်းစဉ်လမ်းစဉ်ကို ဒီချုပ်ပါတီဝင်များ၊ ပြည်သူများသိရှိလေ့လာနိုင်ရန် ယနေ့အထိထုတ်ပြန်ခြင်းမရှိခဲ့။ ဤသည်မှာ ဒီမိုကရေစီကိုယုံကြည်သောပါတီတစ်ရပ်၊ “ပြည်သူမပါ ဘာမျှမဖြစ်၊ ပြည်သူသည်သာ အခရာ”ဟု ဆိုနေသောပါတီတစ်ရပ်နေဖြင့် ကြီးမားသော တာဝန်ပျက်ကွက်မှုကြီးတစ်ခု ဖြစ်ပါသည်။
 “၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး”လှုပ်ရှားမှုတွင်  ပြည်သူတွေ အင်တိုက်အားတိုက်ပါဝင်လာမည်ကိုပင် ထိတ်လန့်စိုးရိမ်နေလေသလော၊ ပြည်သူတွေပါဝင်လျှင် ရရှိနေသည့်စိုပြေမှုအခိုက်အတံ့ကလေး ခမ်းခြောက်ပျက်သုန်းသွားမှာ ပူပင်နေကြလေရော့သလား။ ယခုအခါ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ” လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီ (၁ဝ၉ ဦးကော်မတီ) ဖွဲ့စည်းခဲ့ပြီ။
ထိုကော်မတီ၌ပါဝင်ရသော ဒီချုပ်အမတ်ဦးရေသည်  “၁၀၉ ဦးကော်မတီ”၏ အစွန်းထွက်ထက်ပင်၂ ဦး နည်းနေသည် မဟုတ်သလော။ ထိုကော်မတီတွင် ဗိုလ်ရွှေမန်း၏ကြံ့ဖွံ့ပါတီမှအမတ် ၅၂ ဦးနှင့် ကာချုပ်၏စစ်သားအမတ် ၂၅ ဦးပါသည်။ ကြံ့ဖွံ့အမတ်နှင့်စစ်သားအမတ်ပေါင်းလျှင်ပင် ၇၇ ဦးရှိသဖြင့်၊ ထိုကော်မတီတွင်းတိုက်ပွဲ၌လည်း ဒီချုပ်အဖို့ မတိုက်မီကရှုံးနေခဲ့ပြီ။ “၁၀၉ ဦးကော်မတီ”၏ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဘက်အတွင်းရေးမှူးများကလည်း ကြံ့ဖွံ့ပါတီမှ အမတ်များသာဖြစ်သည်။
“၁ဝ၉ဦးကော်မတီ” ၏ ပထမဆုံးအကြိမ်အစည်းအဝေးမှနေ၍ “ကော်မတီ၏လေ့လာသုံးသပ်မှုအစီရင်ခံစာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ နောက်ဆုံးထားပြီး ပြည်ထောင်စုလွှတ်တော်သို့တင်ပြရန် ” ဆုံးဖြတ်ခဲ့သည်ဟုဆိုသည်။
“၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး”ကား ရွာလည်ပေတော့မည်။
 ပြင်ဆင်ရန်ခက်ခဲအောင် စိတ်ကြိုက်ရေးဆွဲ၊ အဓမ္မအတည်ပြုခဲ့သူများက “၂၀၀၈ အခြေခံဥပဒေ” ကို “လေ့လာသုံးသပ်” ဦးမည်ဟုဆိုနေသည်မှာ ယနေ့ကာလ မြန်မာ့နိုင်ငံရေးတွင် ရယ်ဖွယ်အကောင်းဆုံး ဟာသပြက်လုံးတစ်ခုပါပေ။
“ဆိတ်ဖွားကော်မရှင်”သည်  “အမှောင်ထဲမှ ခဲပေါက်သူမျက်နှာကြီး” ကို မဖေါ်ထုတ်ဝံ့ဘဲ၊ “ပြင်းထန်စွာ သတိပေးလိုက်သည်” ဆိုသည့်စကားတစ်ခွန်းဖြင့်  တစ်စခန်း ရပ်သွားခဲ့ရဖူးလေ၏။ “၁ဝ၉ ဦးကော်မတီ” သည်လည်း “၂၀၀၈အခြေခံဥပဒေသည် အကွက်စေ့လှသဖြင့်ပြုပြင်ရန် လောလောဆယ်မလိုအပ်သေးပါ” ဟူသောမှတ်ချက်ဖြင့် တစ်စခန်းရပ် မသွားနိုင်ပါသလော။ 
“ဆိတ်ဖွားကော်မရှင်”ကဲ့သို့ အချိန်ကုန်ငွေကုန်၊ လူပမ်း၊အကျိုးမဲ့၊ မဖြစ်ရလေအောင်၊ “၁ဝ၉ ဦးကော်မတီ” သည် သက်ရှိထင်ရှားရှိနေကြပြီး “၂၀၀၈ အခြေခံဥပဒေ” မူကြမ်းရေးဆွဲစဉ်က ပါဝင်ခဲ့သူများကို ခေါ်ယူမေးမြန်းကာအကြံဉာဏ်များတောင်းဆိုခြင်းသည် ဆီလျော်လှပေလိမ့်မည်။ ထိုသူတို့သည် သူတို့ပါဝင်ရေးခဲ့ကြသော “၂၀၀၈အခြေခံဥပဒေ”၏  အတိမ်အနက်၊ အထိန်အဝှက်တွေကို သူတို့ အသိဆုံးသာဖြစ်ပေလိမ့်မည်။
ယင်းတို့အနက်အချို့မှာ သမ္မတ(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအဖွဲ့တွင် ပါဝင်နေကြပြီး၊ အချို့မှာကြံ့ဖွံ့ပါတီမှ လွှတ်တော်အမတ်များ ဖြစ်နေသည်။ သမ္မတဗိုလ်သိန်းစိန်သည်ပင် “ညောင်နှစ်ပင်ညီလာခံ” ကျင်းပရေးကော်မရှင်ဥက္ကဋ္ဌဖြစ်သည်။ 
ထိုသူတို့ကား ဦးအောင်တိုး (တရားသူကြီးချုပ်အငြိမ်းစား)၊   ဗိုလ်ကျော်ဆန်း (သမဝန်ကြီး)၊ ဗိုလ်ခင်အောင်မြင့် (အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ)၊ ဒေါက်တာထွန်းရှင် (ရှေ့နေချုပ်)၊ ဦးထွန်းထွန်းဦး (ပြည်ထောင်စုတရားသူကြီးချုပ်)၊ ဒေါက်တာစိုးရင် (ကြံ့ဖွံ့အမတ်၊ ကမာရွတ်မြို့နယ်) ၊ ဦးတီခွန်မြတ် (ကြံ့ဖွံ့အမတ်၊ ကွတ်ခိုင်မြို့နယ်)၊ ဦးဟောက်ခန့်မန် (ကြံ့ဖွံ့အမတ်၊ တွန်းဇံမြို့နယ်)၊ ဦးရှီးသီး (ကြံ့ဖွံ့အမတ်၊ လေရှီးမြို့နယ်)၊ ဦးစောအောင်ကျော်မင်း (ကြံ့ဖွံ့အမတ်၊ ကြာအင်းဆိပ်ကြီး ၁) တို့ဖြစ်သည်။
ညွန်း
- “သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ(၂၀၁၃)” - ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာတည်းအဖွဲ့၊ စုဆောင်းပြုစုသည်၊


ဒီမနက်(သြဂုတ် ၂၈၊ ၂ဝ၁၃)ရေးတဲ့တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)

0 comments
ဒီမနက်(သြဂုတ် ၂၈၊ ၂ဝ၁၃)ရေးတဲ့တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)
အာရှထဲကပဲ ဂျပန်မှာ အလုပ်သွားလုပ်သူ၊ မလေးမှာသွားလုပ်သူနဲ့ ထိုင်းမှာသွားလုပ်သူတွေတောင် မတူတဲ့လူမှုစီးပွားနောက်ခံတွေ ကဖြစ်ပြီး မတူတဲ့ပုံစံ(တရားဝင်နဲ့တရားမဝင်)တွေနဲ့သွားကြတာပါ။ မလေးသွားသူအများစုဟာ (တရားဝင်)ရှိစုမဲ့စုလေး ပေါင်နှံရောင်း ချပြီးသွားကြတာပါ။ ရေကြည်မြက်နုရာ အပြီးရွှေ့သွားကြတာမဟုတ်ပဲ ရနိုင်သမျှရေလေးမြက်လေး မိသားစုစာကဲ့ယူပေးဖို့ပါ။ ပြည်တွင်းက အစွန်းရောက်အကြမ်းဖက်မှုမီးကို မလေးအထိလှမ်းရှို့ပြီး မျိုးချစ်ပြလိုက်တာရဲ့ဂယက်နဲ့ အကျိုးဆက်ဘာတွေဖြစ်ခဲ့လဲ အားလုံးသိပြီးသားပါ။ ခု သူတို့ ဟိုနိုင်ငံတွေဆီပြန်ပြီး ဒုံရင်းကိုပြန်ဆင်းကြတော့မယ်ဆိုတော့ စိတ်မကောင်းပါ။ ဘယ်နိုင်ငံမှာဖြစ်ဖြစ် ပညာ၊ ဓန၊ အဆက်အသွယ်၊ အဝန်းအဝိုင်းမရှိပဲ ကာယအားနဲ့ထမင်းရှာစားရတာ လွယ်တဲ့ကိစ္စမဟုတ်ပါ။ နိုင်ငံခြားမှာ ပိုဆိုးပါတယ်။ ဒါပေမယ့် အပူသက်သာမလားလို့ မီးဖိုထဲခုန်ချမိသူတချို့ကတော့ ငရဲကလူတွေလို ပြာပူကမှတော်သေးဆိုတဲ့ လက်တွေ့ဘဝကပြဌာန်းတဲ့အသိပိုက်ပြီး ပြည်တော်ကနေ ”ပြန်”ကြတာလို့ပြောရင်ရမလားပဲ။ (မလေးပြန်ကိစ္စ)
အရင်တုန်းက တိုင်းပြည်တပြည်ပြည်ကို ဝင်တိုက်တော့မယ်ဆိုရင် မတိုက်ခင်ကတည်းက တိုင်းပြည်ပြန်လည်ထူထောင်ပေးရေး အစီအမံတွေပါချလေ့ရှိတယ်။ (ဝင်တတိုက်တယ်တို့ အစီအမံချတယ်တို့ စတာတွေကပြောရရင်အများသား။ ခုပြောမှာ အဲ့ဒါမဟုတ်လို့ ချန်ခဲ့ပါတယ်) ခုနောက်ပိုင်း(အထင်ရှားဆုံးက) အာဖဂန် အီရတ်နဲ့လစ်ဗျားစတာတွေ) ဝင်တိုက်ပြီးတာနဲ့ သူ့တပ်သူပြန်ဆွဲထုတ်ပြီး ဖုတ်ဖက်ခါထပြန်တာပဲ။ မတိုက်ခင်နဲ့တိုက်တုန်းက ဒလဟောရောင်းစား (ပေးခဲ့တာတွေလည်းပါပါတယ်)ခဲ့တဲ့ လက်နက်ကြီး/ငယ်တွေနဲ့ အကယ်တင်ခံရတယ်ဆိုတဲ့ နိုင်ငံတွေမှာ ပြည်တွင်းစစ်မီးတွေဟုန်းဟုန်းတောက်ကျန်ခဲ့လည်း အာဏာရှင်အောက်လွတ်သွားပြီတို့ ဒီမိုကရေစီပွင့်လင်းစပြုပြီတို့ဆိုကာဝါဒဖြန့်တာလည်း မြင်နေရတယ်။ ခု ကျနော်တို့ ဆီးရီးယားကို ဘယ်လိုပုံနဲ့မြင်ရလေဦးမလဲ။ အီဂျစ်လို(ဗမာပြည်လို) စစ်ကြီးစိုးတဲ့တိုင်းပြည်တပြည်ရဲ့ကြမ္မာမျိုး ငင်လေတော့မလား။
(ဆီးရီးယားကိစ္စ)
အမတ်မင်းတစ်ပါးက ဆုံတုန်းဆုံခိုက်လေးမှာ ဆုံးမချေချွတ်သွားတယ်ဗျာ။ နိုင်ငံရေးလုပ်တာ စာဖတ်ဖို့မလိုဘူး လက်တွေ့ကျကျစဉ်းစားတတ် လုပ်တတ်ဖို့သာလိုတယ်..တဲ့။ ဒါက တစ်ခု။ နောက်တစ်ခုက ထောင်ကျတာညံ့လို့တဲ့ ထွက်ပြေးလွတ်ရဲ့သားနဲ့ ပြေးမှမပြေးတာ..တဲ့။ ကျနော်လည်း ရီနေလိုက်တယ်။ ကျနော် ဘာမှပြန်မပြောတော့ သူက အားတက်သွားပုံရတယ်။ ဒီတင် စကားတွေ ဒလကြမ်းလွှတ်တော့တာပဲ။ ၅ မိနစ်လောက်တောက်လျှောက်ပြောသွားတာမှာ အကြိမ် ၂ဝ ထက်မက ထပ်နေတဲ့စကားလုံးက ဒေါ်အောင်ဆန်းစုကြည်ဖြစ်နေပြီး ပွင့်လင်းမြင်သာမှုနဲ့ တရားဥပဒေစိုးမိုးရေးကလည်း မနည်းဘူး။ ကျနော်လည်း နားမထောင်ချင်တော့တာနဲ့ လှည့်ထွက်မလို့လုပ်တော့ သူက အေးဗျာ ခုလိုစကားပြောခွင့်ကြုံကြရတာ ဝမ်းသာစရာပါ၊ သမ္မတကြီးဦးသိန်းစိန်တို့ကျေးဇူးပဲဗျ..တဲ့။ ကျနော်လည်း အင်း..အင်း..လုပ်ပြီး အဲ့အမတ်ကိုထားခဲ့တယ်။ အိမ်ပြန်ရောက်တော့မှ အလုပ်တွေများနေလို့ မအားလို့ပါပြောရမယ့်သူစာရင်းထဲထည့်လိုက်တယ်။ (မောင်မင်းကြီးသားအမတ်မင်းကိစ္စ)
အရှေ့အလယ်ပိုင်းသတင်းတွေဖတ်ရင်း ဆီးရီးယားကို အမေရိကန်နဲ့ဗြိတိန်က တိုမဟော့ခ်ဒုံးကျည်နဲ့ပစ်တော့မှာ..တဲ့။ အစ္စရေးလ်ကလည်း ဆီးရီးယားကပြန်ပစ်လို့ သူ့ဘက်သာလာကျလို့တော့ ဆီးရီးယားနိုင်ငံကိုယ့်ဘဝကိုယ်တွေးထား ပွဲပြတ်ပြီသာမှတ်ဆိုပြီး ဒုံးကျည်ကာကွယ်ရေးစနစ်တွေနဲ့ ကြိမ်းမောင်းနေတာတွေ။ ရုရှားနဲ့ ဆော်ဒီကလည်း လက်တပြင်ပြင်ဖြစ်နေတာ။ တူရကီက လှမ်းသတိပေးနေတာ ဘာညာတွေနဲ့စိတ်လက် ဆင်းရဲနေတုန်း ဘယ်ကမှန်းမသိတဲ့လူတစ်ယောက်က ဖေ့စ်ဘွတ်ခ်ပေါ်မှာ (ဗမာတိုင်းသိုင်းတတ်ရမည်)ဆိုတာကို ဘယ်လိုမြင်သလဲဗျ ဆိုပြီး လာမေးတယ်ဗျာ။ ပြန်မဖြေချင်တာတနဲ့ အသာငြိမ်နေတာ မရဘူး ၃-၄ ခါထပ်မေးလာတယ်။ ဘယ်လိုမှ မမြင်ပါဘူးခင်ဗျလည်းဆိုရော..မအေ-ိုးခွေးမသားကုလား မျိုးမစစ် မျိုးချစ်စိတ်မရှိတဲ့ကောင် တွေ့မယ်ဆိုပြီး ကြိမ်းလည်းကြိမ်း Block လည်း Block လိုက်တာဗျ။ တော်သေးတာပေါ့ နို့မို့ဆို ကိုယ့်ဘက်က စ Block နေရဦးမှာ။ (သိုင်းဆရာကိစ္စ)

ဆရာဒဂုန်တာရာက နိုင်ငံရေးယဉ်ကျေးမှုကို သူ့ဘဝပြဌာန်းချက်ကပေးတဲ့အသိအတိုင်း၊ သူ့ယုံကြည်ရပ်ခံချက်အတိုင်း၊ သူ့မူအတိုင်း သူဖွင့်တယ်။ အဲ့ဒီအတိုင်းလည်း တသဝေမတိမ်းနေတယ်။ ယိမ်းယိုင်မသွားဘူး သေတဲ့အထိပဲ။ သူ့နေရာ ဘာဆိုတာ အသေအချာသိသလို တိတိကျကျရွေးချယ်ပြီး တည့်တည့်မတ်မတ် ပြတ်ပြတ်သားသားလျှောက်တယ်။ သူပြောတဲ့ငြိမ်းချမ်းရေးမှာ “စစ်အာဏာရှင်ဆန့်ကျင်ရေးအနှစ်သာရ” အပြည့်ပါသလို “လူမျိုးစုံချစ်ကြည်ရေး၊ တန်းတူရေး၊ ညီညွတ်ရေး”တွေနဲ့ထုံမွှမ်းထားတာ။ ဒါ့အပြင် သူမြတ်နိုးယုံကြည်တဲ့ ငြိမ်းချမ်းရေးနဲ့ သူ့နိုင်ငံရေးမူအတွက် ထောင်တန်းအကျခံလုပ်ခဲ့သူပဲ။ သူ မိတ်ဆွေဖြစ်ဖို့ကြိုးစားသူတွေနဲ့ မိတ်ဆွေဖြစ်/မဖြစ်မသေချာပေမယ့် အဲ့လူတွေဆီမှာ ဒူးမထောက်ဘူး။ လက်နက်မချဘူး။ သူ့ငြိမ်းချမ်းရေးမူနဲ့ သူ့နိုင်ငံရေးအယူ(ရန်သူကိုမိတ်ဆွေလုပ်ခြင်း)ကြိုက်/မကြိုက်၊ လက်ခံ/မခံကိစ္စက တပိုင်းပြောရမှာဖြစ်တယ်။ ခုနောက်ဆုံး သူပြောတယ်လို့ ဧရာဝတီမှာတင်ထားတဲ့ ”စာရေးဆရာကြီးဒဂုန်တာရာ၏ အာဇာနည်နေ့အမှတ်တရပြောကြားချက်”မှာ ”ငြိမ်းချမ်းရေးသာလျှင် ဒီမိုကရေစီပန်းတိုင်ဖြစ်တယ်၊ ငြိမ်းချမ်းရေးနည်းနဲ့သာမိတ်ဆွေဖြစ်နိုင်မယ်”ဆိုတာကလည်း(သူတကယ်ပြောတာဆိုရင်) သူ့မူကနေ တပြားသားမှမရွေ့သွားဘူးဆိုတာရဲ့ ဖော်ထုတ်ချက်ပဲ။ ဒီမိုကရေစီရဲ့ပန်းတိုင်ဟာ ငြိမ်းချမ်းရေးပဲလို့ အတိအလင်းဆိုတာပဲ။ ကိုယ့်ဘာသာကိုယ် အညံ့ခံချင်အရှူံးပေးချင် လက်နက်ချချင်တာနဲ့ပဲ ဒဂုန်တာရာကို မမှန်ကိုးကားရရောလား။ လိုရာဆွဲကောက်ချက်နဲ့ အလွဲသုံးစားပြုရရောလား။ ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်တာနဲ့ရန်သူကိုမိတ်ဆွေလုပ်တာ မတူဘူး။ ပိုဆိုးတာက ရန်သူကိုမိတ်ဆွေလုပ်မယ်ဆိုပြီး မိတ်ဆွေတွေကိုရန်သူလုပ်သွားကြတာပဲ။ သတင်းသမား မသမာရင် လီဆယ်လုပ်ကြံရင် ”မီဒီယာစာရိတ္တပျက်တယ်”လို့ပြောတယ်ဆိုရင် နိုင်ငံရေးသမားကျတော့ နိုင်ငံရေးအကျင့်တန်တာ ”နိုင်ငံရေးစာရိတ္တမခိုင်ကျည်တာ”ပဲဖြစ်တယ်လို့ မှတ်တယ်။ (ရန်သူနဲ့မိတ်လိုက်သူကိစ္စ)မျိုးမြင့်ချို

ပြည်တော်ပြန်က နှစ်ပြန်ရှိမယ်ထင်တယ်။ တပြန်က ၈၈ နောက်ပိုင်း နိုင်ငံရေးအကြောင်းခံတွေနဲ့ ပြည်ပနိုင်ငံတွေရောက်ပြီး အခု အထဲပြန်ဝင်ကြသူတွေ။ နောက် တပြန်က ဟိုတလောက မလေးရှားမှာ ပြည်တွင်းကမျိုးချစ်တွေရှို့လိုက်တဲ့မီးသွားလောင်လို့ ဗမာပြည်ပြန်ခေါ်ယူပြီး ကယ်တင်ခြင်းခံလိုက်ရတဲ့ ဗမာပြည်သားအလုပ်သမားတချို့ဖြစ်မယ်။ ပြည်တော်(မွေးရပ်)ကိုပြန်လာတာ ဟန်မကျတာနဲ့ ပြည်တော်(မလေး) ကိုပြန်ကြတာပဲ။ သူတို့လည်း ပြည်တော်ပြန်လို့ခေါ်ရမယ်ထင်တယ်။ ဒါပေမယ့် မတူတာက သူတို့က ချွေးနှဲစာနဲ့ နဖူးကချွေးခြေမကျတဲ့အထိ ကြက်လိုယက်ပြီး ရှာစားနေရသူတွေမို့ ကိုယ်ချင်းစာသလို ပြန်တော်ပြန်လို့မခေါ်ရက်ဘူး။ (ပြန် ၂ ပြန်ကိစ္စ)

လူဆိုတာ လက်ထဲမှာသေနတ်မရှိရင် ကြက်ငှက်ထက် ဖမ်းရလွယ်တယ်။ ကြက်ငှက်ကမှ ပျံပြေးလို့ရသေးတယ်...တဲ့။ ဘယ်သူပြောမှန်းမသိတဲ့စကားပဲ။ လက်တွေ့အရမှန်လို့ ကြိုက်တယ်။ လက်နက်ကိုင်တော်လှန်ရေးတော့ ကိုယ်တိုင်မလုပ်ချင်ဘူး။ လုပ်လည်းမလုပ်ခဲ့ဖူးဘူး။ လုပ်နေသူတွေဘာ့ကြောင့်လုပ်ရတယ်ဆိုတာ အပြည့်အဝနားလည်တယ်၊ စာနာတယ်။ လက်နက်ကိုင်ဖိနှိပ်နေသူကို လက်နက်နဲ့ပြန်ချတာ မတရားတာမဟုတ်ဘူး။ တရားတယ်။ ဒါပေမယ့် အဖမ်းမခံရအောင်တိမ်းရှောင်ရင်း မတော်တဆလက်နက်ကိုင်မိသွားတဲ့(အတွေးအခေါ်အရ သိမြင်ပြင်တည်ဆောက်ပြီးမှ လက်နက်ကိုင်တော်လှန်ရေးထဲရောက်ခြင်းမျိုး မဟုတ်ပဲ) ခြေချော်လက်ချော်တော်လှန်ရေးသမားဖြစ်ဖူးသူတချို့ လက်နက်နဲ့ ဟိုဟာနဲ့လဲလိုက် ဒီဟာနဲ့လဲလိုက်လုပ်နေတာမြင်တော့ ကြက်ငှက်လိုပျံမပြေးနိုင်တဲ့အဖြစ်၊ သေနတ်မရှိတဲ့ဘဝနဲ့ အကျဉ်းထောင်တွေထဲက နိုင်ငံရေးလူအစစ်တွေကို ပိုလို့သာ ရိုကျိုးမိတယ်။ (ခြေချော်လက်ချောတော်လှန်ရေးကိစ္စ)


Sunday, August 25, 2013

”ဘာလို့”ကို ဘာလို့မမေးကြ/မေးကြတာလဲ (မျိုးမြင့်ချို)

0 comments
”ဘာလို့”ကို ဘာလို့မမေးကြ/မေးကြတာလဲ (မျိုးမြင့်ချိုသြဂုတ် ၂၅၊ ၂၀၁၃)
ဒီက ကလေးတွေကို တစ်ခုခုပြောလိုက်ရင် ဘာလို့ Why? ဆိုပြီး ပြန်မေးတတ်တာကို ဒီကမဟုတ်တဲ့လူအချို့က အတော် နှစ်နှစ်ခြိုက်ခြိုက်လေးပြောကြတယ်။ ၈၈-ငြိမ်း/ပွင့်တွေလာတုန်းကဆို တယောက်က တခုတ်တရတောင် ပြောသေးတယ်။ ဒါပေမယ့် ဒီကကလေးတွေ ”ဘာလို့”ကို ဘယ်လိုမေးကြတာ ကိုတော့ မပြောသွားကြဘူး။ မသိလို့လည်း ဖြစ်ရင်ဖြစ်မယ်၊ကောင်းမယ်ထင်ပြီးပြောတာလည်း ဖြစ်ရင်ဖြစ်မယ်။ ဟိုက ကလေးတွေ မမေးတတ်တာကို အားမလိုအားမရလို့လည်း ဖြစ်ရင်ဖြစ်မယ်။ အဖြစ်နိုင်ဆုံးကတော့ ကိုယ်ကိုယ်တိုင် ”ဘာလို့”ဆိုတာကို မေးခွင့်မရခဲ့တာကြောင့်လို့ထင်တယ်။ သေတော့ မသေချာပါဘူး။ ဆိုတော့ သူတို့ မပြောတဲ့ ”ဘာလို့”အကြောင်းကျနော် ”တွေးမိနဲ့တွေ့မိ”သလောက် ချုပ်ပြီးပြောကြည့်ချင်ပါတယ်။ ကြိုပြောထားချင်တာက”ဘာလို့”မေးတတ်တာကိုနှစ်ခြိုက်သူတွေထဲ ကျနော်လည်းပါတယ်ဆိုတာပါ။ ဘာလို့နှစ်ခြိုက်ရသလဲလို့ မေးမနေနဲ့ဗျာ။ (ပြောရင်း ဇာတိက ပေါ်ရော မဟုတ်လား) အဲ့ဒါကြောင့် နှစ်ခြိုက်တာပါ။

”ဘာလို့”ဆိုတာကို မမေးတတ်တဲ့၊ မေးတတ်အောင်အသွန်အသင်မရှိတဲ့၊ မေးရကောင်းမှန်း မသိတဲ့၊ မေးရကောင်းမှန်းသိအောင်အပဲ့ပြင်မခံရတဲ့ဘဝနဲ့ကြီးပြင်းရတဲ့ကျနော်တို့လိုလူတွေအတွက်တော့ ဘဘောကျစကြီးလို့ထင်မှတ်ရမှာပါပဲ။ အရင်ဆုံးပြောချင်တာက ဒီက ကလေးအများစုက ”ဘာလို့”ကို သူတပါးကိုပဲ မေးကြတယ်ဆိုတာပါပဲ။ ကိုယ့်ကိုယ်ကို မေးရကောင်းမှန်းမသိတာပါပဲ။ သူတပါးကိုမေးရမယ့်အရာလို့ပဲ နားအလည်များနေကြတာပါပဲ။ ဒါက တချက်ပါ။ နောက်တချက်က ကလေးက မေးသာမေးရတယ် ဘာမှန်းမသိပဲမေးလိုက်တာမျိုးပါ။ လူချင်းဆုံရင် ”ဟိုင်း” ”ဟဲလို” ”ဟာင်းအားရ်ယူ” သင့်ခ်ကျူးဆို ”ယူးဝဲလ်ကမ်း”စတာတွေပြောသလို မေးရိုးမေးစဉ်ဖြစ်နေတဲ့သဘော (နှုတ်ကျိုးနေတဲ့သဘော)လည်းတွေ့ရပါတယ်။ မေးရမယ့်အရာလို့အပဲ့ပြင်ခံရတာဆိုတော့ ”ဒါဟာမေးကိုမေးရမယ့် ကိစ္စ/အရာ”ပဲလို့ နားလည်သွားတာထင်ပါတယ်။တစ်ချို့ကလေးတွေဆို အခြားတယောက်ယောက်က တခုခုပြောတိုင်းလုပ်တိုင်း ”ဘာလို့”မမေးမိရင် တာဝန်ပဲမကျေတာလိုလို၊ အပြစ်ပဲလုပ်မိသလိုလိုဖြစ်ပြီး မလုံမလဲဖြစ်တာတောင်တွေ့ဖူးပါတယ်။ ဘာလို့ဆိုတာရဲ့အကြောင်းရင်းကို  အတွေ့အကြုံအရ၊ဘဝအရ၊ အသက်အရွယ်အရ ဘယ်လိုမှမသိနိုင် မတွေးယူနိုင်သေးလို့မေးတာက တကိစ္စဖြစ်ပါ။ ခန္ဓာနဲ့ဦးနှောက်ဖွံ့ဖြိုးမှုကလည်း ပုံမှန်၊ အတွေ့အကြုံ၊ အသက်၊ ဘဝတွေကလည်း သိနိုင်တွေးနိုင်ရက်နဲ့မေးတယ်ဆိုတာက ကိစ္စတခုပါ။  

ထားပါတော့ ကျနော် ဥပမာပြပါ့မယ်။ တစ်နေ့တော့ အိမ်လာလည်တဲ့ကလေးမလေးတစ်ယောက်က (၁၂-နှစ်အရွယ်၊ စိတ်နဲ့လူလည်းပုံမှန်ရှိတဲ့) ကွန်ကရိကြမ်းခင်းတွေကြားမှာ ကပ်သီးကပ်သပ်ပေါက်နေတဲ့ အမြစ်ရှည်မြက်ကြမ်းကြီးတွေကို လက်နုနုဖတ်ဖတ်ကလေးနဲ့ တစ်ပင်ခြင်းတစ်စခြင်း လိုက်နှုတ်နေတော့ ကျနော်က ” ကလေး အဲ့လိုမလုပ်နဲ့” ဆိုတော့ ဘာလို့ Why? လို့ ပြန်မေးတယ်။ အဲ့ဒီအချိန်မှာ လက်ချောင်းလေးတွေနဲ့သူ့လက်တပြင်လုံး မြက်ရှလို့ရဲတွတ်နေပြီ။ ကျနော် ခတ်တိုတို ရှင်းပြပြီး မြက်ကြမ်းနှုတ်(ပလာယာလိုဟာ)ကိရိယာ ပေးလိုက်တယ်။ ”ဆက်လုပ်ကွ” လို့ပြောပြီး ထားခဲ့တယ်။ အတော်လေးကြာတော့ ပြန်လာတယ်။ မြက်တွေအကုန်နီးနီး သူ နှုတ်ပြီးနေပြီ။ ဒီတော့ကျနော်က ”အဲ့လိုမလုပ်နဲ့လို့ပြောတာ သဘောပေါက်ပြီလား”ဆိုတော့ ”ဟုတ်”တဲ့။ ဒါနဲ့ ”ကဲ ပြောပါဦး၊ ဘယ်လို သဘောပေါက်သလဲ”လို့ ဆက်မေးကြည့်တယ်။ ”လက်လည်း မနာဘူး။ နောက်ပြီး ခနလေးနဲ့ မြက်တွေအကုန်ပြောင်သွားတယ်”လို့ဖြေတယ်။ ဒီတော့ ဘာလို့ဆိုတာရဲ့အဖြေကို သူကိုယ်တိုင် သိသွားပြီ။ ဒါဆိုပြီးရောပေါ့လို့မထင်သေးပဲ ကျနော်က ”မင်းလက်လေးနဲ့ အဲ့မြက်ကြမ်းတွေကို အဲ့လို လိုက်နှုတ်ရင် လက်တွေပွန်းပဲ့ကုန်မှာ၊ နာမှာ၊ တော်တော်နဲ့မပြီးမှာကို အစက မတွေးမိဘူးလား” လို့ မေးကြည့်တယ်။”တွေးတော့ မတွေးမိဘူး၊ ဒါပေမယ့် လုပ်နေရင်း လက်တွေနာလာတော့ ဘာနဲ့လုပ်ရင်ကောင်းမလဲတော့ စဉ်းစားမိတယ်။ ဒါပေမယ့် မမေးမိဘူး”လို့ ပြန်ဖြေတယ်။ ဒီတင် ကျနော်က ”ဘာလို့ မမေးမိတာလဲပြောပါဦး”ဆိုတော့ ”မသိဘူးလေ”တဲ့။  ”ဘာလို့”ကိုဘယ်အချိန်မှာ ဘယ်သူ့ကို ဘာလို့မေးရမလဲနဲ့မေးရသလဲဆိုတာ မသိသလိုဖြစ်နေတာလို့ထင်တာနဲ့ သူနဲ့ကျနော် အချိန်အတော်ကြာကြာ စကားတွေပြောဖြစ်သွားတယ်။ ကိစ္စက ဒါပါပဲ။ အဖြစ်အပျက်ကလည်းဒါပါပဲ။ ကလေးမလေးက သူ့လက်နုကလေးတွေနဲ့ မြက်နကလေးတွေတော့ နှုတ်ဖူးရင်နှုတ်ဖူးလိမ့်မယ်။ ကျနော် အသေအချာတော့ မပြောနိုင်ဘူး။ သူကဧည့်သည်လေ။ နောက်ပြီး တစ်ကြိမ်သာ အလည်လာဖူးသေးတဲ့ ကလေးပါ။ ဒါပေမယ့် စကားပြောဖြစ်သွားတာ သူ့အတွက်အကျိုးရှိ/မရှိတော့ မပြောတတ်ပေမယ့် ကျနော့်အတွက်တော့ စာတစ်ပုဒ်ရေးဖြစ်သွားလို့ အမြတ်ရှိတယ်ပေါ့ဗျာ။
ခင်ဗျားတို့အမြင်တွေလည်း သိချင်ကြားချင်ပါတယ်ဗျား။ နောက် အချိန်ရမယ့်အခါ ”ဘာလို့”အကြောင်း ရှည်ရှည်ရေးပါဦးမယ်။ ခု ဘာလို့ရှည်ရှည်မရေးလဲတော့ မမေးနဲ့ဗျာ..နော။ မျိုးမြင့်ချို သြဂုတ် ၂၅၊ ၂၀၁၃