Thursday, August 8, 2013

၁၉၈၈ သြဂုတ်လအရေးတော်ပုံကို ပြန်လည်သုံးသပ်ခြင်း ဗကပ (ဗဟို)(၁ - ၈ - ၂ဝ၁၃)

0 comments
၁၉၈၈ သြဂုတ်လအရေးတော်ပုံကို ပြန်လည်သုံးသပ်ခြင်း ဗကပ (ဗဟို)(၁ - ၈ - ၂ဝ၁၃)
(၁) ၈၈ အရေးတော်ပုံ ငွေရတုတိုင်တော့မည်။ ယခု ပြန်လည်သုံးသပ်ခြင်းသည် လာလတ္တံ့သော လူထုအရေးတော်ပုံအတွင်း ဆောင်ရန်နှင့်ရှောင်ရန်ကို (ဗကပ အနေဖြင့်) တင်ပြလိုသောကြောင့်ဖြစ်သည်။

(၂) အရေးတော်ပုံတိုင်းသည် အခြေအနေအရပ်ရပ်ရင့်မှည့်နေမှ ဖြစ်ပေါ်လေ့ရှိသည်။ အခြေအနေရင့်မှည့်သလား၊ မရင့်မှည့်သလားဆိုတာကို အကဲဖြတ်ဖို့အကြောင်းအချက် (၂) ခုရှိသည်။
(တစ်) အုပ်စိုးသူအာဏာရများက ပုံစံဟောင်းအတိုင်းအုပ်စိုးရန် (လုံးဝ)မဖြစ်နိုင်တော့သည့်အခါ
(နှစ်) အုပ်စိုးခံပြည်သူလူထုက အာဏာဟောင်း၏အုပ်စိုးမှုကို ဆက်လက်ပြီး သည်းမခံနိုင်တော့တဲ့အခါ ဤ (၂) ချက် ပြည့်စုံရပါမည်။
(၃) ၁၉၈၈ က အုပ်စိုးသူဘက်ကိုကြည့်ပါ။ ၁၉၆၂ ကစပြီး ၁၉၇၄ - ၇၅ - ၇၆ တို့အထိ သူတို့၏အုပ်စိုးမှုကို အကြမ်းပတမ်းနည်းဖြင့် ထိန်းသိမ်း ခဲ့သည်။ “ဆိုရှယ်လစ်မှိုင်း”တိုက်ခဲ့သည်။ တစုံတရာအောင်မြင်ခဲ့သည်။ ‘အကူးအပြောင်းကာလ’ မို့ သည်းခံကြဖို့ပြောသည်။ ဒါလည်း တစုံတရာအောင်မြင်ခဲ့သည်။ သို့သော် နောက်တော့ ပွင့်ကျသည်။

(က) ပြည်သူလူထုဘက်က ကြည့်လျှင် -
• ၁၉၆၂ ကတည်းက တတပ်ချင်းထွက်ပြီး စီးချင်းထိုးသည်။ သွေးချောင်းစီးမျှ နှိပ်ကွပ်ခံခဲ့ရသည်။ တတပ်ချင်းထွက်ပြီး စီးချင်းထိုးတိုင်း နှိပ်ကွပ်ခံရတာနဲ့ နိဂုံးချုပ်သည်။ (ကျောင်းသားတပ်၊ ကျောင်းသားနဲ့ပညာတတ်လူငယ်များတပ်၊ အလုပ်သမားတပ်၊ မြို့နေအလယ်အလတ် အလွှာနဲ့ ကျောင်းသားစုပေါင်းတပ်တို့ စီးချင်းထိုးခဲ့သည်)
• နိုင်ငံရေးဝါရင့်များနှင့်တောင်သူလယ်သမားများက ပွဲကြည့်ပရိသတ်လို ဖြစ်နေခဲ့သည်။

ဤအခြေအနေကို ‘ဗကပ’ က သုံးသပ်ပြီး
• ၁၉၈ဝ တွင် လမ်းစဉ်ပြောင်းသည်။‘၁၃ဝဝ ပြည့်အရေးတော်ပုံတပ်သားဟောင်းကြီးများ’ကို လှုံ့ဆော်သည်။ စည်းရုံးသည်။
• လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့စဉ်က မိမိတို့မျှော်မှန်းခဲ့တာနဲ့ အခုဖြစ်နေတာကို နှိုင်းယှဉ်ပြသည်။ ဗိုလ်နေဝင်း စစ်အာဏာရှင်စနစ်ကို မတိုက်ဖျက်နိုင်လျှင် မိမိတို့တာဝန်မကျေသေး၊ မိမိတို့မသေခင်မှာ ဗိုလ်နေဝင်းစစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်ဖို့လုံးပန်းကြစို့ဟု ဆော်သြသည်။
• ၁၃ဝဝ ပြည့်၏ ရွှေရတုနှစ်တွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအရေးတော်ပုံတခု ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်း သည်။
• အားလုံးလောက်က သဘောတူကြသည်။ တချို့က တက်တက်ကြွကြွတုံ့ပြန်သည်။ တချို့က သာမန်ပဲ တုံ့ပြန်သည်။ ဦးနုကတော့ သူ့ထုံးစံအတိုင်း “အရေးကြုံလာလျှင် မောင်နုကို ရှေ့ဆုံးက တွေ့စေရမည်”ဟု နှုတ်ဖြင့် ပြန်ကြားသည်။ ဦးကျော်ငြိမ်းက ဒီတခါတော့ သခင်ဗသိန်းတင်တို့နဲ့ သဘောထားချင်းကိုက်ညီသည်ဟု သူ့အတွင်းပိုင်းမှာပြောတာကို တဆင့်စကားကြားရသည်။ ပမညတ တွေက ဘာမှမတုံ့ပြန်။ ဗိုလ်အောင်ကြီးကတော့ ဗိုလ်နေဝင်းဆီသွားပြီး ‘အကြံပေးတာ လုပ်သည်’ဟု သိရသည်။ နောက်တော့ ဗိုလ်အောင်ကြီး အိတ်ဖွင့်ပေးစာများပေါ်လာသည်။

(ခ) အုပ်စိုးသူဘက်ကိုကြည့်လျှင်
• သူတို့‘လှော်ရင်းနစ်နေပြီ’ဆိုတာ သိလာသည်။ ဘာတခုမှ မအောင်မြင်ဘဲ ကျရှူံးနေတာကိုမြင်လာသည်။ အကြီးဆုံးမြီရှင်ဂျပန်ကလည်း ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံ (LDC) လျှောက်မှ ကြွေးမြီဝန်ထုပ်ဝန်ပိုးကသက်သာမည်ဟု အကြံပေးသည်။ LDC လျှောက်ရသည်။
• သို့သော် LDC ဖြစ်လို့ ကြွေးဝန်ထုပ်ဝန်ပိုးလျော့ရုံသာ ရှိသည်။ ပြည်တွင်းစီးပွားရေးနဲ့ငွေကြေးဘဏ္ဍာအကျပ်အတည်းက ရှိမြဲ၊ ဒုက္ခပေးဆဲ ဖြစ်သည်။ ထုတ်ထားတဲ့ငွေတွေ တရားမဝင်ကြေညာရပြန်သည်။ ဤသို့ဖြင့် ဗိုလ်နေဝင်း၏ ပြင်သင့်ပြင်ရမှာပဲဆိုသောစကား ထွက်လာသည်။ သူ့မှာ အိမ်တော်ပါ ငယ်ကျွန်တွေပဲအားကိုးစရာရှိသည်။ (ဒေါက်တာမောင်မောင်ရဲ့စာအုပ် ဖတ်ကြည့်ပါ)
• ၁၉၈၈ မတ်လ၊ ဇွန်လကကိစ္စတွေ မရေးတော့ပါ။
• သြဂုတ်လရောက်တော့ အခြေအနေရင့်မှည့်ခဲ့ပြီ။ ဒါကြောင့် ပြည်လုံးကျွတ်အုံကြွမှုကြီးပေါ်တော့သည်။ လူထုလူတန်းစား၊ လူ့အလွှာစုံ ပါလာသည်။ တောင်သူလယ်သမားတွေပါလာတာက အခရာကျသည်။ နယ်မြို့တွေကလှုပ်ရှားမှုတိုင်းမှာ တောင်သူလယ်သမားတွေ ပါလာခဲ့ပြီ။

(၄) ဤနေရာတွင် ဗကပ ၏ အမြင်ကိုပြောပါမည်။
• တတပ်ချင်းထွက်တိုက်တာတွေ မရှိလျှင် ‘၈၈ သြဂုတ်အရေးတော်ပုံ’ မရှိနိုင်ပါ။
• မုချနိုင်မည့်တိုက်ပွဲကိုမှ တိုက်မည်ဆိုလျှင် ဘယ်တော့မှအရေးတော်ပုံကြီး ဖြစ်မလာနိုင်ပါ။
• သမိုင်းကို လူထုကဖန်တီးသည်ဆိုတာမှာ လွယ်လွယ်ဖန်တီးလို့မရပါ။ ရှူံးပွဲအလီလီကိုဖြတ်သန်းပြီး ဘာတွေကြိုတင်ပြင်ရမလဲဆိုတာကို နိဂုံးချုပ်ချက်လုပ်ပြီး ရှာကြံရတာချည်းဖြစ်သည်။
• မုချနိုင်မည့်တိုက်ပွဲ (ရာနှုန်းပြည့်နိုင်တဲ့တိုက်ပွဲ)ကို ဘယ်သူမှလည်း ကြိုကတင်ပြီး မတွက်ချက်နိုင်ပါ။

(၅) ၈၈ သြဂုတ်လအရေးတော်ပုံ ‘အမြတ်နဲ့အရှူံး’ကို စာရင်းချုပ်သော် -
အမြတ် -
• ဒီမိုကရေစီပါတီများ ပေါ်လာသည်။
• ယေဘုယျဒီမိုကရေစီတော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲလမ်းစဉ် ပေါ်လာသည်။
• ပြည်သူလူထုအတွင်း ဒီမိုကရေစီအတွေးအခေါ်သွတ်သွင်းပေးနိုင်သည်။
အရှူံး-
• စစ်အာဏာရှင်စနစ်ကို အစတုံးအောင်မသုတ်သင်နိုင်ခဲ့။ ယခုအထိ ရှင်သန်ဆဲဖြစ်သည်။ ‘တော်လှန်ရေးကောင်စီ’ ‘နဝတ’‘နအဖ’ စစ်ကောင်စီများနေရာတွင် ကာ/လုံ ကောင်စီက ‘၂ဝဝ၈ အခြေခံဥပဒေ’အရ ဆက်လက်တည်ရှိနေသည်။ ‘ြုပပြင်ပြောင်းလဲရေးမှိုင်း’ မိသူတွေ များနေသည်။
• ‘၁၉၇၄ အခြေခံဥပဒေ’တုန်းက ၇၄ - ၇၅ - ၇၆ ခုနှစ်များတွင် ချက်ချင်းအန်တုနိုင်ခဲ့သော်လည်း အခုတော့ ‘၂ဝဝ၈ အခြေခံဥပဒေ’ကို (ခြွင်းချက်ဖြင့်) လက်ခံနေကြပြီ။ ၂ဝ၁၅ - ၂ဝ၂ဝ ကို မျှော်နေကြပြီ။ (ဤသို့ဖြစ်လာရသည်မှာ နိုင်ငံတကာ့အခြေအနေပြောင်းလဲလို့လည်း ဖြစ်ပါသည်။ ဒီနေရာမှာ ဒီကိစ္စရေးဖို့မရည်ရွယ်ပါ။)
• ဘာကြောင့်ရှူံးသလဲ။ နိုင်ငံရေးခေါင်းဆောင်သူ မကြံ့ခိုင်လို့ (သို့မဟုတ်)မရှိလို့ဖြစ်သည်။
• အောင်ပွဲရလျှင် မိဘတွေများတတ်သည်။ မိဘတွေမှာကလည်း ဘုံလုပ်ငန်းစဉ်မရှိ။ မညီညွတ်ကြ။
• ရှူံးပွဲဆိုလျှင် မိဘမဲ့ဖြစ်တတ်သည်။ မည်သူကမှ တာဝန်မယူ။

(၆) ဗကပ ၏ ကိုယ့်ကိုယ်ကိုယ်ဝေဖန်ရေး။
• အတက်ရောက်ကာမှ လှည်းစည်းကုံးပြတ်ပြီး ဗကပ နောက်လန်ကျသည်။ ဗကပ ကိုယ်တိုင်၏အပြစ် ဖြစ်သည်။ ပြင်ပကို လွှဲမချ။
• ဗိုလ်အောင်ကြီး၊ ဗိုလ်ခင်ညွန့်တို့ အူမြူးကြသည်။ ဗိုလ်ခင်ညွန့်က စာအုပ်နီထုတ်ပြီး ဗိုလ်အောင်ကြီးက NLD ကို ကွန်မြူနစ်စီးနေပြီ၊ ထုတ်ပစ်ရမည်ဟု လုပ်သည်။ တိုက်ဆိုင်မှု မဟုတ်ပါ။ သူတို့‘၂’ ဦးပေါင်းပြီး လော်စစ်ဟန်အကူအညီနဲ့ ဗကပ ဖြိုခွဲရေးလုပ်ခဲ့စဉ်က အစီအမံဖြစ်သည်။ (လော်စစ်ဟန်ကို ဆိုရှယ်လစ်စစ်အုပ်စုက မွေးမြူခဲ့တာဖြစ်သည်)

(၇)ဘာ့ကြောင့်ပြန်လည်သုံးသပ်သလဲ။
• စစ်အာဏာရှင်စနစ်ရှိနေသမျှ လူထုအုံကြွမှုနဲ့အရေးတော်ပုံ ပေါ်နေမှာဖြစ်သည်။ ဘယ်တော့၊ ဘယ်လိုပေါ်မည်ဆိုတာကိုကား မပြောတတ်ပါ။
• ခန့်မှန်းတွက်ချက်ကြည့်ရလျှင် (၂ဝ၁၅)နောက်ပိုင်းကျမှ တတပ်ချင်းထွက်တိုက်တဲ့ စီးချင်းထိုးတိုက်ပွဲတွေ ပေါ်မည်ထင်သည်။
• တောင်သူလယ်သမားတိုက်ပွဲတွေပေါ်မည်ဟု တွက်သည်။ အခုတော့ သူတို့လည်း စုစုစည်းစည်းလှုပ်ရှားတာတွေ တွေ့ရလို့ဖြစ်သည်။ နဝတ/နအဖ က ကျောင်းတွေကိုဖြန့်ခွဲပစ်လိုက်လို့ ကျောင်းသားကို အတော်စုစည်းရဦးမည်ဖြစ်သည်။
• တော်လှန်ရေးအတွေးအခေါ်က ဒီရေနိမ့်ဖြစ်နေသည်။ ဓနရှင်လစ်ဘရယ်ဝါဒအတွေးအခေါ်က ရေပန်းစားနေသည်။ ဒါကြောင့် ကြာလိမ့်မည်။
• သို့သော် ပြန်လည်သုံးသပ်ထားတာ မမှားပါ။ ကြိုတင်ပြင်ဆင်မထားလျှင် (၁၉၈၈)သြဂုတ်လတုန်းကလို ဖြစ်လိမ့်မည်။ အထူးသဖြင့် ဘုံနိုင်ငံရေးလုပ်ငန်းစဉ်မရှိလျှင် မိဘတွေများပြီး ဦးနင်းပဲ့ထောင်ဖြစ်လိမ့်မည်။
• ၁၉၄၆ စက်တင်ဘာအုံကြမှုမှာ နိုင်ငံရေးခေါင်းဆောင်မှုရှိသည်။ ဒါကြောင့် နိုင်သည်။ အဲဒီလိုဖြစ်ဖို့ အများကြီးလုပ်ကြရမည်။
• ပြုပြင်ပြောင်းလဲရေးမှိုင်း’ ရှိနေသမျှ မှန်ကန်တဲ့ခေါင်းဆောင်မှု မတည်ဆောက်နိုင်ပါ။
• စစ်အာဏာရှင်စနစ်ကို ‘မဲဆန္ဒ’နဲ့ တစတစြုပပြင်ပြောင်းလဲယူလို့ မရနိုင်ပါ။ မှန်ကန်တဲ့အတွေးအခေါ်ကို လူထုကြီးကလက်ခံအောင် အတော်ကြာကြာလုပ်ရလိမ့်မည်ဟု ဗကပ က မြော်မြင်ပါသည်။ဗကပ (ဗဟို)
(၁ - ၈ - ၂ဝ၁၃)

0 comments:

Post a Comment