Friday, August 9, 2013

၈၈မိုင်ရှူခင်း (သစ်ကောင်းအိမ်)

0 comments
၈၈မိုင်ရှူခင်း

မြင်ကွင်းကို
နတ်သံနဲ့
ရီမစ်လုပ်ထားတဲ့
စစ်ချီသီချင်းနဲ့စဖွင့်တယ်

မြင်ကွင်းက
လက်ဖျံရိုးထဲကဖောက်ထွက်လာတဲ့
လောက်တကောင်နဲ့စဖွင့်တယ်

မြင်ကွင်းက
မင်းနန္ဒာကြိမ်လံးသံကြားရင်
ချစ်သူ့ရင်ခွင်ထဲကတောင်
အလန့်တကြားနိုးထ
အရှင့်ခြေတော်ရင်းဆီဦးခိုက်ဖို့အရောက်သွားတဲ့
ငမိုးရိပ်ရဲ့သစ္စာစောင့်သိမှုနဲ့စဖွင့်တယ်

၈၈မိုင်င်ရှူခင်းမှာ
ခံစစ်ကုန်းတွေတလုံးပြီးတလုံး
အပေါင်ဆုံးလု့

၈၈မိုင်ရှူခင်းမှာ
နာယကပလ္လင်ထက်
အောင်နက်တောင်နတ်လမ်းဂွေ့ခ်ျနဲ့ဟောင်လို့
၈၈မိုင်ရှူခင်းမှာ
ကွင်းပြင်ထဲ
ငြိမ်းချမ်းရေးလင်းတတွေဝဲလို့

၈၈မိုင်ရှူခင်းမှာ
ကျီးကန်းတအုပ်
ခွေးသေကောင်ပုပ်ကို
ရေစုန်မှာဖောင်လုပ်စီးလို့

၈၈မိုင်ရှူခင်းမှာ
ရန်သူကဝါရှင်တန်ဒီစီအထိတက်သိမ်းထားပြီး
သူရဲကောင်းတွေကကမ္ဘာလှည့်လို့
သူတော်ကောင်းတွေကရွှေတိဂုံဘုရားဖူးထွက်လို့


၈၈မိုင်ရှူခင်းမှာ
တောင်ကွယ်နေစွယ်ချိန်တိမ်အိုတိမ်မင်းတွေ
လူသတ်ကုန်းကို ပြခန်းစောင့်လုပ်လို့

ဂျော့ဆိုးရောစ်နဲ့သားများကုမဏ္ဍီမှာ
သုမနကျောကအရေပြားကို
တလက်မချင်းလှီးဖြတ်
ဆယ်လီဗျစ်တီတွေကလက်မှတ်ထိုးရောင်းလို့

ဆိုင်းသံဗုံသံတွေအောက်မှာ
အတိတ်ကိုလူသတ်အလောင်းဖျောက်လို့
ပစ္စုပ္ဗန်ငရဲပျက်ကိုတိတ်တိတ်ပုန်းကိုယ်ဝန်ဖျက်လို့
အနာဂတ်ကိုလက်ပြန်ကြိုးတုပ်
အနောက်မုခ်ကထုတ်လို့

၈၈မိုင်ရှူခင်းကနေ
တပ်တော်ဦးဆီမျှော်ကြည့်တော့
ဖက်ဆစ်တော်လှန်ရေးသမားတွေကနေ
ဖက်ဆစ်တပ်မတော်ကြီး
အများပြည်သူသဘောမတူ
အမိန့်အာဏာဟူသမျှဖီဆန်ကြကနေ
မီးလောင်ဗုံးမဟုတ်ဘူးမီးခိုးဗုံး

၈၈မိုင်ရှူခင်းကနေ
တပ်တော်ဦးဆီမျှော်ကြည့်တော့
မျှော်ရလှချည်လား
ညောင်ရမ်းမင်းမှသည်
ဒေါ်အောင်ဆန်းစုကြည်
မျှော်ရလှချည်လား
ရေနန်းယာဉ်သာသင်္ဘောပြီးတော့
စကြာဝတေးဘုရင်ရဲ့ဗုံးကြဲလေယာဉ်
မျှော်ရလှချည်လား
၁၉၉ဝ မှသည်
၂၀၁၅
မျှော်ရလှချည်လား


စုတ်ဖြဲထားတဲ့လက်ထပ်စာချုပ်တစောင်လို
ကျကွဲသွားတဲ့ထွေးခံတလုံးလို
အစိတ်စိတ်အမွှာမွှာ
၈၈မိုင်ရှူခင်းရဲ့အနာတရမြေပုံကို
တစချင်းဆက်စပ်ကြည့်မိတော့
သမိုင်းပါမက
ပထဝီဝင်ပါကွေးလို့


သစ်ကောင်းအိမ်

(၃။ သြဂတ်စ်။ ၂၀၁၃)

0 comments:

Post a Comment