လူမိုက်အပြောင်းအလဲ(မျိုးမြင့်ချို) သြဂုတ် ၂၁၊ ၂ဝ၁၃
၁၉၈၀ တဝိုက်လောက်က
ကျနော်ကျောက်ဆည်ဘက်နေတုန်း အသက် (၇၀)ကျော် (၈၀)နီးပါး အဖိုးအိုတစ်ယောက်နဲ့
သိခဲ့ဖူးတယ်။ သာမန်လက်လုပ်လုပ်စားထဲကပါပဲ။ ကျန်းမာရေးကောင်းတုန်း၊ သန်တုန်းမြန်တုန်း၊
မှတ်ဉာဏ်လည်း တစက်မှမယွင်းသေးဘူး။ တစ်ကိုယ်လုံးလည်း
ထိုးကွင်းမင်ကြောင်တွေအပြည့်နဲ့။ တွဲရွဲကျနေတဲ့အရေပြားပေါ်မှာဆိုတော့
ကြည့်တော့မကောင်းတော့ဘူး။ ဒါပေမယ့် အိုမင်းတွင်းဆုံးကျချိန်လို့ပြောဖို့တော့
ခတ်ခက်ခက်။ ခုအရွယ်ထိ လက်မြန်ဇက်မြန် လက်ရဲဇက်ရဲ၊ ထစ်ကနဲရှိ ဒါးထထဆွဲတုန်း။
ညနေများစောင်းပလားဆို လေကလေးတအေ့အေ့နဲ့ အရက်ကလေးတမြမြနဲ့။ စကားပြောရင် တချက်တချက်
ဘုဘောက်ကျတတ်ပေမယ့် သူမှန်တယ်ထင်တဲ့ကိစ္စမျိုးဆို ချက်ခြင်း”အေး..ဒါလည်း
အဟုတ်သားဟ”ဆိုပြီး အမှတ်ပြုတတ်တယ်။
ဇနီးတော့ ဆုံးပြီ။
သားသမီးမြေးမြစ်တွေရှိတယ်။ များလည်း အတော်များတယ်။ အများစုက ”ဘာလုပ်စားကြလဲ
အဘ”ဆိုတော့ ”လူမိုက်”တဲ့။ ”အဘ ကျတော့ရော”ဆိုတော့”ငါလည်း အဲ့ဒါပဲလကွာ၊
ငါ့လက်ထက်ကစပြီး လူမိုက် စ လုပ်စားကြတာကွ။ ဒီ့အရင်ကတော့ ငါတို့ကနန်းတွင်းက
လက်မရွံ့ အာဏာပါးကွက်တွေကွ။ ငဒို့ကို မျိုးနဲ့ရိုးနဲ့လူသတ်သမားတွေလို့ပြောလည်း
ရတယ်ကွ။ ဒါပေမယ့် တူတော့မတူဘူး။ ပြီးတော့ ငါက တခြားဘာမှလည်း လုပ်မစားတတ်လေ”တဲ့။
အံ့ရောပဲ။ သူပြောမှ အသက်မွေးဝမ်းကြောင်းအတတ်ထဲမှာ ”လူမိုက်”လည်း
ပါသလိုဖြစ်နေပါလား။ ”အဘကလည်း မဟုတ်သေးပါဘူး၊ လူမိုက်က အလုပ်ကျနေတာပဲ
လုပ်စားရအောင်”ဆိုတော့ ”ဟကောင်ရ..အလုပ်ပေါ့ဟ၊ မင်းတို့စစ်သားတွေ၊ ရဲတွေလည်း
ထမင်းစားဖို့ အစိုးရအတွက် အငှားလူသတ်ပေးနေကြတာပဲကွ။ အဲ့ဒါအလုပ်မဟုတ်လို့ ဘာတုန်း။
ငါလည်း ငှားသူရှိ လိုက်သတ်ပေး။ မရှိတဲ့အခါလည်း ဒမြတိုက် လုယက်တာပေါ့ကွ။
ငါငယ်ငယ်ကဆို ခဏခဏအငှားခံရတာဟ၊ တခါတလေ လက်မလည်လို့ သူများတောင်
လှည့်ပေးရသေးတာဟ”တဲ့။ ဟုတ်တော့ဟုတ်သား။ ကြေးစားစစ်တပ်တို့၊ ကြေးစားလူသတ်သမားတို့၊
အငှားလူမိုက်တို့ ခေတ်အဆက်ဆက်မှာရှိနေတာ သူပြောမှသွားသတိရတယ်။
ဒါနဲ့ ”ထားပါတော့ အဘရာ
လူမိုက်လုပ်စားတယ်လည်းပြောသေး ခုချိန်ထိ ဘာလို့အသက်ရှည်နေသေးသတုန်း”ဆိုတော့
”ငါ့ထက်မိုက်တဲ့ကောင် မပေါ်သေးလို့ပေါ့ကွ”တဲ့။ ကျနော်
နည်းနည်းမျက်စေ့လည်သလိုဖြစ်သွားမှန်းသိလို့လားမသိဘူး ”မှတ်ထား ကောင်ရ၊
လောကမှာတကယ်တော့ လူမိုက်ဆိုတာမရှိဘူးကွ၊ သူ့ထက်မိုက်တဲ့ကောင်မပေါ်သေးလို့ အဲ့ကောင်
လူမိုက်လုပ်နေတာ၊ သူ့ထက် မိုက်တဲ့ကောင်များပေါ်ပလားဆို အဲ့ကောင်
အမိုက်ဖျောက်ရင်လည်းဖျောက် မဖျောက်ရင်အသက်ပျောက်ကရောပဲ။ ကိစ္စချောကရောပဲ။
လူမိုက်ဆိုတာ သူ့ထက်မိုက်တဲ့ကောင် မပေါ်ခင်အထိပဲခံတာကွ၊ နောက်တခုက
စကားပုံအတိုင်းပဲ။ လူမိုက်ကံကောင်းလေကွာ။ ငါ ကံ ခဏခဏကောင်းဖူးတယ်ကွ”တဲ့။
ဒီတစ်ကြိမ် ”အင်း..ဒါလည်း အဟုတ်သား”လို့ ပြောမိတာက ကျနော်ပဲ။ ”ဒါနဲ့ ခုရော အဘကို
ငှားကြသေးလားဗျ”ဆိုတော့ ”မငှားကြတော့ဘူးကွ၊ ငှားလည်း လိုက်ဖို့မလွယ်တော့
ဘူးလကွာ”တဲ့။ ”ဒါဆို အဘကခု ကလေးတွေလုပ်စာ ထိုင်စားနေတာပေါ့”ဆိုတော့ ”အေးပေါ့ကွာ
ဒါပေမယ့် ငါ့လည်း အိုစာနာစာထောက်မယ့်သူရှိပါတယ်ကွ၊ ပြီးတော့ ကလေးတွေဆိုတာကလည်း
ငါ့ဂုဏ်မှီပြီး လူမိုက်လုပ်ကြတာဆိုတော့ သိတတ်ရမယ်လကွာ”တဲ့။ ”အဘကလည်းဗျာ၊ မိုက်တာပဲ
ဂုဏ်ရယ်လို့ပြောရသေးတယ်”ဆိုတော့ ”အေးလကွာ နေရာတိုင်းမှာ ဂုဏ်ရှိတယ်လကွာ။
မိုက်တာလည်း မိုက်ဂုဏ်ရှိတာပေါ့ကွ။ ဂုဏ်ရှိရှိမိုက်မှလည်း နောက်ပေါက်တွေ ဖြုံတာကွ။
နို့မို့ဆို လူမလေးခွေးမခန့်ပဲမောင်”တဲ့။
သူပြောမှ ”မိုက်ဂုဏ်”ဆိုတာကို နည်းနည်းရိပ်မိသွားတယ်။
ဒါနဲ့ ”အဘ ပြောပါဦး မိုက်ဂုဏ်ဆိုတာ ဘယ်လိုဟာမျိုးလဲ”ဆိုတော့ ”ငါ
သူများပစ္စည်းခုချိန်ထိ မခိုးဖူးဘူး၊ သူများကို မလိမ်ဖူးဘူး။ ဒမြတိုက်ရင်၊ လုရင်၊
အနုကြမ်းစီးရင်ပစ္စည်းပဲယူတယ်၊ ဖြစ်နိုင်သရွေ့ လူမသတ်ဘူး၊ မုဒိန်း ဘယ်တော့မှ
မကျင့်ဘူး၊ ဖြစ်နိုင်ရင် ရိုက်တောင်မရိုက်ဘူးကွာ။ သူများ ငှားသတ်ခိုင်းရင်လည်း
သတ်ပဲသတ်ခဲ့တာ ဘာတစ်ခုမှ ယူမလာဘူး။ ပြီးတော့ လူမိုက်လူမိုက်ချင်း မမှန်တာလုပ်ရင်
ကလိန်ကကျစ်ကျရင် ကိုင်ထည့်လိုက်တာပဲ၊ လုံးဝ မညှာဘူး။ ဘယ့်နှယ်ကွာ လူမိုက်လုပ်ပြီး
လူလိမ်လူညာ ကလိန်ခြုံအောက်တန်းစားအကျင့် ကျင့်လို့ရမလားကွ၊
နောက်ဆုံးနဲ့အရေးအကြီးဆုံးတစ်ခုက ဘာလဲဆိုတော့ ကိုယ့်ကို ပြန်မလုပ်နိုင်တဲ့လူကို
ဘယ်တော့မှ မနိုင်စားဘူးကွ။ အဲ့ဒါ မကောင်းဘူးကွ။ ဘယ့်နှယ်ကွာ
ကိုယ့်ပြန်မလုပ်နိုင်မယ့်လူကို သတ်တာဖြတ်တာအနိုင်ကျင့်တာ လူကောင်းတွေ မလုပ်ဘူးကွ။
လူမိုက်ထဲမှာ အဲ့အလုပ်မျိုးလုပ်ပလားဆို အဲ့အကောင် လူကောင်းမဟုတ်တော့ဘူးကွ။ ငါက
အဲ့သလို ကောင်တွေဆို ဆော်ထည့်လိုက်တာပဲ။
လုံးတူဒေါက်တူပြန်လည်းလုပ်နိုင်မယ့်သူဆိုလို့ကတော့ ဟေ့ကောင်... အိမ်ပေါ်အထိ
လိုက်သတ်တယ်။ တစ်ခုတော့ရှိတယ် င်းမသေမချင်းမှတ်ထား လူသတ်တယ်ဆိုတာ လွယ်တဲ့အလုပ်တော့မဟုတ်ဘူး။ လူတစ်ယောက်ကို ကြက်ကလေးငှက်ကလေးလိုသတ်တယ်ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။
လူမသတ်ရဲပဲနဲ့ လူမိုက်လုပ်လို့တော့ မရဘူး။ အေး..ငါထင်တာတော့
အဲ့ဒါမိုက်ဂုဏ်ပဲကွ”တဲ့။ သူပြောတာလည်းအဟုတ်သား ဖြစ်မိတာလည်း ဒီတစ်ခါ
ကျနော်ပဲ။
ဒါနဲ့ ကျနော်က”အဘ ခုနပြောတဲ့အထဲမှာ
အဘတို့က မျိုးနဲ့ရိုးနဲ့လူသတ်လာတာဆိုတာ ပါတယ်နော် ပြောပြပါဦး” ဆိုတော့
ငါ့အဖိုးအဖေများက အမရပူရနဲ့မန္တလေးနန်းတွင်းအထိ အာဏာပါးကွက်ကွ။
ကြေးတိုက်လက်မရွံ့ပဲ။ ဘုရင့်ပုန်ကန်တဲ့ကောင်တွေကို သတ်ရတာကွ။ အဖေပြောဖူးတာပဲ။
သီပေါဘုရင်ကိုပုန်ကန်တဲ့မင်းသားတွေ၊ သူပုန်တွေကို ကတ္တီပါအိပ်စွပ်ပြီး လည်မြိုကို
တုတ်တိုနဲ့ရိုက်သတ်ရတာတဲ့ကွ။ မင်းသွေးဆိုတာ မြေမကျကောင်းဘူးလကွာ။ ဒါ့ကြောင့်
လူသတ်သမားမျိုးလို့ပြောတာ“တဲ့။ ကျနော်က ”အတော်တော့ရက်ရက်စက်စက်
လူမဆန်အောင် လုပ်ရတာပဲနော် အဘ၊ ဒါပေမယ့် အဘလို လူမိုက်လုပ်စားတာမဟုတ်တော့ သူတို့ကို
လူမိုက်တွေလို့ပြောလို့မရဘူးနဲ့တူတယ်”ဆိုတော့ ”လက်သည် ကလေးမွေးပေးတာလည်း
သူ့အလုပ်သူလုပ်စားလေကွာ။ အဲ့ဒါကို မင်းက လက်သည်ကြီး
မေတ္တာတရားကြီးလှချည်ရဲ့ပြောလို့ ရမလားကွ။ အေး အဲ့ဒလိုပဲ လက်မရွံ့အာဏာပါးကွက်လည်း
လူသတ်တာ သူ့အလုပ်ပဲဟာ။ ရက်စက်လှချည်လားတွေဘာတွေ သွားမပြောနဲ့။ သူ့အလုပ်ပဲဟာ။
လူသတ်ပေးရတာကိုက သူ့အလုပ်လေကွာ၊ လူသတ်ပြီးထမင်းစားရတာ မဟုတ်လားကွ။
တခုတော့ရှိတာပေါ့ကွာ၊ လူတွေကို အဲ့သလိုသတ်လို့ သူတို့ကို လူသတ်သမားလို့ခေါ်တာတော့
မဟုတ်သေးဘူးနဲ့တူတယ်ကွ။ ဒီကောင်တွေက လူသတ်တာတော့ဟုတ်တယ်။ ဒါပေမယ့် လူသတ်သမားတော့
မဟုတ်ဘူးကွ။ လူမိုက်လို့တော့ လုံးဝမခေါ်နဲ့ကွာ ရွာနာတယ်။ မှားတယ်။ အဲ့ဒီလူတွေဟာ
လူမိုက်ထက်မိုက်မဲတဲ့အကောင်တွေကွ၊ ကိုယ့်ကိုဘာမှ မလုပ်နိုင်တဲ့လူကို
သတ်ရတာများကွာ။ ဘယ်လောက် ရှက်စရာကောင်းလဲတွေးကြည့်စမ်း။ လဲသေလိုက်ဖို့ပဲ
ကောင်းတယ်။ ဒါ့ကြောင့် ငါ့လက်ထက်ကစပြီး အဲ့ဒီလက်မရွံ့အလုပ်ကိုမလုပ်တော့ပဲ
လူမိုက်ပြောင်းလုပ်တာကွ၊ ရွံလွန်းလို့”တဲ့။
သူ့အသက်နဲ့ တွက်ကြည့်ပြီး ”အဘကလည်း
အဘလုပ်ချင်တောင်မရခဲ့ပါဘူး။ အဘ လူလားမြောက်ချိန်မှာ ဗမာပြည်မှာ ရှင်ဘုရင်စနစ်မှ
မရှိတော့တာလေ”ဆိုတော့”ဟေ့ကောင် ဘုရင်မရှိလည်း အစိုးရရှိတယ်။ အရင် အင်္ဂလိပ်ကွာ၊
နောက် ဂျပန်ကွာ။ နောက် လွတ်လပ်ရေးအစိုးရကွာ။ နောက် တော်လှန်ရေးအစိုးရ ကွာ။ ခု
အစိုးရကွာ။ အဲ့ဒီအစိုးရတွေလက်ထက်မှာလည်း ထောင်ရှိတာပဲ။ ကြိုးပေးတာပဲ။
သေဒဏ်ချတာပဲဟာ။ ငါလုပ်ချင်ရင် ထောင်ဝါဒါလုပ်လို့ရခဲ့တာပဲ။
ကံကောင်းရင် ထောင်မှူးထောင်ပိုင်တောင်ဖြစ်သေး။ ဒီအလုပ်လျှောက်တာ ဘာခက်တာမှတ်လို့
အလွယ်လေးပဲဟာ။ ငါ့အဖိုးဘယ်သူ ငါ့အဖေဘယ်ဝါပြောလိုက်တာနဲ့တင် တန်းခန့်မှာပဲ၊
ငါကိုယ်က မလုပ်ချင်လို့မလုပ်တာကွ”တဲ့။ ”အဘကလည်း တူတော့မတူတော့ပါဘူး
ဘုရင်တွေတုန်းကတော့ တမျိုးပေါ့။ ခုက ခေတ်တွေစနစ်တွေပြောင်းလဲသွားပြီလေ။
ထောင်အမှုထမ်းဆိုတာ အစိုးရအမှုထမ်း ပြည်သူ့ဝန်ထမ်းတွေမဟုတ်လား။
တာဝန်အရသဘောပဲရှိတော့တာပါ”ဆိုတော့ ”ဘာကွ..မတူတော့ဘူး ဟုတ်လား။ ပြောပါဦး
ဘာမတူတာလဲ။ ဘာအပြောင်းလဲသွားတာလဲ။ ပုဆိုးခါးတောင်းကျိုက်နေရာမှာ
ယူနီဖေါင်းပြောင်းဝတ်တာ၊ ဇက်ကိုဓါးနဲ့ပိုင်း၊ လည်မျြိုကိုတုတ်နဲ့ရိုက်တဲ့နေရာမှာ
ကြိုးစင်တင်တာ၊ ထိုးကွင်းမင်ကြောင်နေရာမှာ ရာထူးရာခံတံဆိပ်တွေပြောင်းတာ၊ဓါးကြီးထမ်းတဲ့နေရာမှာ သေနတ်ပြောင်းကိုင်တာတွေကို
ပြောင်းတာလို့ပြောရင်တော့ ပြောင်းလဲသွားတာဟုတ်တယ်ကွ။ ကျန်တာတော့ အကုန်အတူတူပဲ။ အရင်ကအတိုင်းပဲ။ ဘာပြောင်းတာမှ မရှိဘူး။ မင်းလည်း လည်မလိုနဲ့အတော် နတဲ့ကောင်ပဲ။ လဒူပဲ”လို့ပြောရင်း မေးကြောကြီးတွေထောင်၊ မျက်ထောင့်ကြီးတွေနီလာတာနဲ့ ကျနော်လည်း ကမန်းကတမ်း စကားစဖြတ်လိုက်ရတယ်။ နို့မို့ဆို ကိုယ့် ထမသတ်ဘူး ဘယ်သူပြောနိုင်တာမှတ်လို့။ မျိုးမြင့်ချို သြဂုတ် ၂၁၊ ၂၀၁၃
(စာကြွင်း) ဒီဘိုးတော်ရဲ့ ဘဝဇာတ်သိမ်းကို မပြောတော့ဘူးလို့နေမလို့ပဲ၊ လိုလည်းမလိုဘူးလေ။ ဒါပေမယ့် တယောက်ကပြောတယ် ”ပြောပေါ့ဗျ ဘာဖြစ်လဲ အမှန်ပဲဟာ”ဆိုတာကလည်းတကြောင်း ကိုယ်တိုင်ကလည်း ပြောချင်ချင်ဖြစ်လာတာကလည်းတကြောင်းမို့ ပြောပါမယ်။ ဒီဘိုးတော် မသေခင်မှာ ဘုန်းကြီးဝတ်လိုက်သေးတယ်။ ၂ နှစ်နီးပါးကြာတယ်။ လူပြန်ထွက်ပြီး သိတ်မကြာလိုက်ဘူး။ လူကြီးရောဂါနဲ့ သေတယ်။ သေတော့ သူ့သားတစ်ယောက်ကပြောတယ် ”အဖေက ဘုန်းကြီးဝတ်နဲ့သေလိုက်ရမှာဗျ။ ဒါမှ နတ်ပြည်တွေ ဘာတွေရောက်မှာ”တဲ့။ သင်္ကန်းစည်းတုန်းကလည်း အရပ်ထဲကလူတွေတင်မက ဘုန်းကြီးကျောင်းက ကျောင်းသားအစ ကျောင်းထိုင်အဆုံး ကြောက်ရွံ့ရိုသေလိုက်သမှ မပြောနဲ့။ ပစ္စည်းက (၈)ပါးပဲရှိလို့သာ တော်တော့တယ်။ နောက်အပါးတွေရှိရင် ရှိသမျှအပါးအားလုံး ပြည့်စုံရုံမက ပိုပါပိုလျှံနေမှာလို့တောင်ပြောကြတယ်။ တချို့ကဆို နန်းတွင်းအာဏာပါးကွက်လက်မရွံ့မျိုးကို ”တော်ဝင်မျိုးလိုလို မဟာဆီမဟာသွေးလိုလို ကုန်းဘောက်ဆက်ကပဲ ဆင်းသက်လာသလိုလို)တွေ ထိအောင်တောင်ပြောကြတာပါ။ ဘုန်းကြီးဝတ်ထားချိန်ကတော့ ”မိုက်ဂုဏ်”အပြင်အခြား ဂုဏ်တွေပါတိုးခဲ့တယ်။ ပြန်ထွက်တော့တည်း ”နှုတ်ကျိုး”သွားကြသလိုလိုနဲ့ သေတဲ့အထိ လူတွေက သူ့ကို ”ဦးဇင်းကြီး ဦးဇင်းကြီး”နဲ့ခေါ်ကြတာပါ။
ပြောင်းတာလို့ပြောရင်တော့ ပြောင်းလဲသွားတာဟုတ်တယ်ကွ။ ကျန်တာတော့ အကုန်အတူတူပဲ။ အရင်ကအတိုင်းပဲ။ ဘာပြောင်းတာမှ မရှိဘူး။ မင်းလည်း လည်မလိုနဲ့အတော် နတဲ့ကောင်ပဲ။ လဒူပဲ”လို့ပြောရင်း မေးကြောကြီးတွေထောင်၊ မျက်ထောင့်ကြီးတွေနီလာတာနဲ့ ကျနော်လည်း ကမန်းကတမ်း စကားစဖြတ်လိုက်ရတယ်။ နို့မို့ဆို ကိုယ့် ထမသတ်ဘူး ဘယ်သူပြောနိုင်တာမှတ်လို့။ မျိုးမြင့်ချို သြဂုတ် ၂၁၊ ၂၀၁၃
(စာကြွင်း) ဒီဘိုးတော်ရဲ့ ဘဝဇာတ်သိမ်းကို မပြောတော့ဘူးလို့နေမလို့ပဲ၊ လိုလည်းမလိုဘူးလေ။ ဒါပေမယ့် တယောက်ကပြောတယ် ”ပြောပေါ့ဗျ ဘာဖြစ်လဲ အမှန်ပဲဟာ”ဆိုတာကလည်းတကြောင်း ကိုယ်တိုင်ကလည်း ပြောချင်ချင်ဖြစ်လာတာကလည်းတကြောင်းမို့ ပြောပါမယ်။ ဒီဘိုးတော် မသေခင်မှာ ဘုန်းကြီးဝတ်လိုက်သေးတယ်။ ၂ နှစ်နီးပါးကြာတယ်။ လူပြန်ထွက်ပြီး သိတ်မကြာလိုက်ဘူး။ လူကြီးရောဂါနဲ့ သေတယ်။ သေတော့ သူ့သားတစ်ယောက်ကပြောတယ် ”အဖေက ဘုန်းကြီးဝတ်နဲ့သေလိုက်ရမှာဗျ။ ဒါမှ နတ်ပြည်တွေ ဘာတွေရောက်မှာ”တဲ့။ သင်္ကန်းစည်းတုန်းကလည်း အရပ်ထဲကလူတွေတင်မက ဘုန်းကြီးကျောင်းက ကျောင်းသားအစ ကျောင်းထိုင်အဆုံး ကြောက်ရွံ့ရိုသေလိုက်သမှ မပြောနဲ့။ ပစ္စည်းက (၈)ပါးပဲရှိလို့သာ တော်တော့တယ်။ နောက်အပါးတွေရှိရင် ရှိသမျှအပါးအားလုံး ပြည့်စုံရုံမက ပိုပါပိုလျှံနေမှာလို့တောင်ပြောကြတယ်။ တချို့ကဆို နန်းတွင်းအာဏာပါးကွက်လက်မရွံ့မျိုးကို ”တော်ဝင်မျိုးလိုလို မဟာဆီမဟာသွေးလိုလို ကုန်းဘောက်ဆက်ကပဲ ဆင်းသက်လာသလိုလို)တွေ ထိအောင်တောင်ပြောကြတာပါ။ ဘုန်းကြီးဝတ်ထားချိန်ကတော့ ”မိုက်ဂုဏ်”အပြင်အခြား ဂုဏ်တွေပါတိုးခဲ့တယ်။ ပြန်ထွက်တော့တည်း ”နှုတ်ကျိုး”သွားကြသလိုလိုနဲ့ သေတဲ့အထိ လူတွေက သူ့ကို ”ဦးဇင်းကြီး ဦးဇင်းကြီး”နဲ့ခေါ်ကြတာပါ။
0 comments:
Post a Comment