၂ဝ၁၂
နိုဝင်ဘာလထုတ် ခေတ်မောင်း အတွဲ(၁)၊ အမှတ် (၇) အယ်ဒီတာ့အာဘော်
''လူ့အဖွဲ့အစည်းတခုထဲနေထိုင်တဲ့ ပုဂ္ဂလလူသားတယောက်ချင်းစီဟာ သူ့ရဲ့ ခွန်အားကို လူ့အဖွဲ့အစည်းတခုလုံးရဲ့ခွန်အားအဖြစ်စုစည်းနိုင်ပြီးသကာလ လူ့အဖွဲ့အစည်းတခုလုံးရဲ့ဆန္ဒ၊ ခွန်အားဟာ ဒီလူ့အဖွဲ့အစည်းထဲမှာရှိနေတဲ့ နိုင်ငံရေးစနစ်၊ နိုင်ငံရေးအာဏာနဲ့ ကတ္တားမခြားတော့မှသာ ပုဂ္ဂလလူသားတွေဟာ သူတို့ရဲ့လွတ်မြောက်မှုကိုအပြည့်အဝရရှိနိုင်ပေမယ်။'' (Karl Marx, 'On the Jewish Question) လွတ်လပ်မှု၊ လုံခြုံမှု၊ စည်းစနစ်ကျမှု၊ တရားမျှတမှုကို လိုလားပြီး တဘက်မှာတော့ ကိုယ့်အတ္တကိုရှေ့တန်းတင်တဲ့သဘာဝရှိတယ်လို့ ယူဆကြ၊ ယုံကြည်ကြတဲ့လူသားတွေအတွက် လွတ်လပ်တရားမျှတတဲ့ လူ့အဖွဲ့အစည်းတခုကို ဘယ်သို့တည်ဆောက်မလဲဆိုတဲ့မေးခွန်းဟာ ရီနေးဆင့်ကာလကနေ ကနေ့ထိ နိုင်ငံရေးသီအိုရီသမားတွေ မေးလာကြတဲ့မေးခွန်းပဲ။ Thomas Hobbes ကနေ Locke၊ ရူးဆိုးတို့ကနေ နှစ်ဆယ်ရာစုက လစ်ဘရယ်ဝါဒီဂျွန်ရော John Ralws တို့ဟာ ဒီမေးခွန်းကို သူတို့နည်းသူတို့ဟန့်နေဲ့ဖြေ ကြည့်ခဲ့ကြတယ်။ အဲ့သလို ရီနေးဆင့်ကာလကစပြီး ကနေ့ထိ ပညာရှင်အဆက်ဆက် ကြိုးစားဖြေလာကြရာမှာ နှစ်ပေါင်းသုံးလေးရာအကြာမှာ ဒီမေးခွန်းကို သူတို့ချဉ်းကပ်ပုံကို ပုံစံခွက်တခုထဲထည့်ကြည့်လို့ ရနိုင်တဲ့အနေအထားရောက်လာတယ်။ သူတို့အားလုံး ချဉ်းကပ်ပုံကို ခေါင်းစဉ်တခုအောက်မှာထားကြည့်ပြီးလေ့လာလို့ ဖြစ်နိုင်လာတယ်။ ဟော့ဘစ၊ လော့ခနဲ့ရူဆိုး၊ ကန့်၊ မီးလနဲ့ဂျွန်ရောတို့ကြားမှာ မတူတာတွေ အများကြီးရှိတာပေါ့။ ဒါပေမယ့် သူတို့အားလုံးမှာ တူတဲ့အချက်တချက်ကတော့ လွတ်လပ်တရားမျှတမှုကို နိုင်ငံတော် state ဆိုတဲ့အရာတခုကို ဖန်တီးပြီးပြောခဲ့တဲ့ လွတ်လပ်မှု၊ လုံခြုံမှု၊ စည်းစနစ်ကျမှု၊ တရားမျှတမှုတွေအတွက် နိုင်ငံတော်ကို တာဝန်ယူခိုင်းစေတာပဲ။ ဒီချဉ်းကပ်ပုံကို ကနေ့မှာတော့ လစ်ဘရယ်နည်းလို့ ယေဘုယျသတ်မှတ်ကြတယ်။ ဒီနည်းရဲ့အဓိကအကျဆုံးအချက်တခုက state နဲ့ society နိုင်ငံတော်နဲ့လူ့အဖွဲ့အစည်းဆိုတာကို ကတ္တားခြားထားခြင်းပဲ။
လူဟာ သူ့ရဲ့ ကာယ၊ ဉာဏအားကိုအမှီပြုပြီး သူနေထိုင်တဲ့ပတ်ဝန်းကျင်ရဲ့အဟန့်အတားတွေကိုကျော်လွှား နိုင်ရင် ကျော်လွှားနိုင်သလောက် လွတ်လပ်တယ်၊ အမှီအခိုကင်းတယ်လို့ပြောနိုင်တယ်။ လွတ်လပ်မှုဆိုတာ တနည်းအားဖြင့် အမှီအခိုကင်းမှုပဲ။ သဘာဝပတ်ဝန်းကျင်ရဲ့၊ ထုံးတမ်းစဉ်လာတွေရဲ့၊ နိုင်ငံရေးစနစ်ရဲ့ အတားအဆီးတွေကိုကျော်လွှားနိုင်စေမယ့် စူးဆောက်ကိရိယာတန်ဆာပလာတွေရှိမှသာ (accessories of freedom လို့ ခေါ်မှာပေါ့) လူတိုင်းဟာ အမှီအခိုကင်းဖို့ကို ကြိုးပမ်းလုပ်ဆာင်နိုင်မယ်။ လူတွေအနေနဲ့ လွတ်လပ်မှုအတွက် လိုအပ်တဲ့စူးဆောက်ကိရိယာတွေကို ပြည့်ပြည့်ဝဝအသုံးချနိုင်ပါမှ လွတ်လပ်နိုင်မယ်။ အဲဒိအတွက် တယောက်နဲ့တယောက် အထုံ၊ ဝါသနာ၊ ကျွမ်းကျင်တဲ့အပိုင်း မတူညီသူတွေ သူတို့ရဲ့ ကျွမ်းကျင်မှုကိုအသုံးချပြီး အမှီအခိုကင်းကင်းနေနိုင်အောင် လူ့အဖွဲ့အစည်းရဲ့ရေးရာတွေကို စီမံခန့်ခွဲသူတွေက စီစဉ်ပေးသင့်တယ်။ လူ့အဖွဲ့အစည်းတခုရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ဒီလူ့အဖွဲ့အစည်းထဲက လူသားတွေ ဘယ်လောက်လွတ်လပ်ခွင့်ရကြသလဲဆိုတာနဲ့ တိုင်းတာကြည့်မယ်ဆိုရင် ဒီလူ့အဖွဲ့အစည်းတခုရဲ့ဖွံ့ဖြိုးတိုးတက်မှုကို လွတ်လပ်မှုအတွက်လိုအပ်တဲ့ စူးဆောက်ကိရိယာ တန်ဆာပလာတွေ ဘယ်လောက်အတိုင်းအတာထိ ဖွံ့ဖြိုးမှုရှိသလဲဆိုတဲ့အချက်ကိုကြည့်ပြီး တိုင်းတာလို့ရတယ်။ လူမှုဖူလုံရေးစနစ်၊ ကောင်းမွန်တဲ့ပညာရေးစနစ် စတာတွေဟာ လွတ်မြောက်မှုအတွက်လိုအပ်တဲ့ တန်ဆာပလာတွေပဲ။ ကနေ့ခေတ်မှာ တိုးတက်နေတဲ့ လူ့အဖွဲ့အစည်းတွေကိုကြည့်ရင် သူတို့နိုင်ငံရေးစနစ်မှာ မသန်မစွမ်းတွေတောင် ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်နိုင်အောင် စီစဉ်ပေးထားတာတွေ့ရမယ်။ အကျိုးဆက်အားဖြင့် ဒီနိုင်ငံတွေက ဒီလို နိုင်ငံရေးစနစ်မျိုးတွေကို သူတို့တိုင်းသူပြည်သားတွေက ယုံကြည် ကိုးစားကြတယ်။
တဘက်မှာ ဒီလိုစနစ်တွေ မရှိသလောက်အနေအထားမှာဘဲရှိနေသေးတဲ့မြန်မာနိုင်ငံ မှာတော့ ပြည်သူလူထုဟာ ကိုယ့်လွတ်လပ်မှု၊ အသက်အိုးအိမ်စည်းစိမ် လုံခြုံစိတ်ချရမှု၊ အာမခံပေးနိုင်မှုတွေအတွက် စနစ်ထက် လူပုဂ္ဂိုလ်တွေကိုသာအားကိုးအားထားပြုနိုင်ကြရှာတယ်။ ဒါကလည်း သမိုင်းပြန်ကြည့်ရင် ပေါ်ခဲ့သမျှအစိုးရစနစ်အဖုံဖုံကို အားကိုးလို့မရတာကို မြန်မာပြည်သူ လူထုက ကိုယ်တွေ့သိမြင်ပြီးသားဖြစ်သလို လောလောဆယ်ဖော်ဆောင်နေတဲ့ လွှတ်တော်နိုင်ငံရေးဟာလည်း ပြည်သူလူထုရဲ့လိုအပ်ချက်ကို တကယ်ဖြည့်ဆည်းပေးနိုင်မှာမဟုတ်တာ ပြည်သူလူထုကမြင်တဲ့အလျောက် ဒီနိုင်ငံရေးသမားတွေ ချပေးတဲ့ပုံစံကိုအယုံအကြည်မရှိတာသဘာဝကျတယ်။ နောက်ပြီးဒါဟာ မှန်ကန်တဲ့အမြင် တိုးတက်တဲ့အမြင်လို့လည်း ခေတ်မောင်းကယူဆတယ်။ ကနေ့ခေတ်မှာ ၂ဝဝ၈ဖွဲ့စည်းပုံနဲ့ ပြည်သူတွေလိုချင်တာကို ရအောင်ယူပေးနိုင်မယ်လို့ယုံကြည်ပြီး (ယုံကြည်တယ် ဆိုတာထက် ယုံချင်ယောင်ဆောင်သူတွေဆို ပိုမှန်မယ်) လွှတ်တော်နိုင်ငံရေးလမ်း လိုက်သူတွေဟာ အင်္ဂလိပ်ခေတ်က (၉၁)ဌာနအုပ်ချုပ်ရေးနဲ့ ပြည်သူတွေလိုချင်တဲ့လွတ်လပ်ရေးကို ရအောင်ယူပေးနိုင်မယ်လို့ယူဆသူတွေနဲ့ ရပ်တည်ပုံချင်းမကွာဘူး။ (၉၁)ဌာနအုပ်ချုပ်ရေး လက်ခံသူတွေကို ခေတ်နောက်ပြန်ဆွဲသူတွေလို့ သတ်မှတ်လို့ရနိုင်သလို (၂ဝဝ၈)လွှတ်တော် နိုင်ငံရေးကိုလက်ခံသူတွေဟာလည်း အလားတူခေတ်နောက်ပြန်ဆွဲသူတွေပဲ။ အခု လွှတ်တော်ထဲဝင်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုယ်တိုင် လွှတ်တော်ထဲမှာ ဘာများ မယ်မယ်ရရလုပ်နိုင်တာရှိလို့လဲ။
အဲဒီ့အတွက် လွှတ်တော်နိုင်ငံရေးကိုအယုံအကြည်မရှိမှုကသာတိုးတက်တဲ့အမြင်ဖြစ်ပြီး လွှတ်တော်နိုင်ငံရေးကိုအယုံအကြည်မရှိမှုကို အထင်သေးရှုံ့ချတာဟာ ခေတ်နောက်ပြန်ဆွဲတဲ့ အမြင်၊ ဖောက်ပြန်တဲ့အမြင်ပဲ။ ရိုဟင်ဂျာအရေးလို စစ်အုပ်စုရဲ့စီးပွားရေးအကျိုးအမြတ်နဲ့ တိုက်ရိုက်မဆက်စပ်တဲ့ကိစ္စတွေမှာတောင် ဖိနှိပ်ခံရသူတွေကိုတားဆီးဖို့ ထိထိရောက်ရောက်မလုပ်နိုင်ရင် စစ်အုပ်စုရဲ့အကျိုးစီးပွားနဲ့တိုက်ရိုက် ဆက်စပ်တဲ့ဦးပိုင်ကုမ္ပဏီကို တိုက်ရိုက်စိန်ခေါ်နေတဲ့ အခုလို လူထုရဲ့ဆန္ဒထုတ်ဖော်မှုတိုက်ပွဲမှာ လူထုဆန္ဒကိုမျက်ရည်ခံထိုးပြီးရမယ်လို့ စိတ်ကူးယဉ်တာလောက် ဖောက်ပြန်တဲ့အယူမျိုး ရှိပါ့အုံးမလား။ ပိုဆိုးတာက ကိုယ့်ဆန္ဒကိုထုတ်ဖော်ပြသဖို့ လမ်းပေါ်ထွက်ရုံမှတပါး ဘာမှလုပ်စရာမရှိတဲ့ပြည်သူလူထုရဲ့လုပ်ရပ်ကို နိုင်ငံရေးအသိခေါက်ခက်အဝင်နက်မှုအဖြစ်၊ မရင့်ကျက်မှုသက်သက်အဖြစ်မြင်တာ၊ ပြောတာဟာ လက်လွတ်စပါယ်နိုင်လွန်း၊ တာဝန်မဲ့ရာရောက်လွန်းတယ်။
ပြောခဲ့သလို ဖွံဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာ တိုင်းသူပြည်သားတွေ လွတ်လပ်မှု၊ လုံခြုံမှုတွေကိုခံစားရရှိနိုင်ဖို့ နိုင်ငံရေးအပိုင်းကနေ တနည်းအားဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံပိုင်းကလမ်းကြောင်းတွေ ရှိတယ်။ ဒါပေမယ့် နိုင်ငံရေးစနစ်တွေဖွံ့ဖြိုးမှုအားနည်းနေသေးတဲ့မြန်မာနိုင်ငံမှာ ရန်သူမျိုးငါးပါးအန္တရယ်က လွတ်ကင်းဖို့ရာ ပြည်သူလူထုဟာ ဘယ်သူ့ကိုမဆို အားကိုးရှာမိမှာဘဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အားကိုးရာမဲ့၊ နွံနစ်နေတဲ့ပြည်သူလူထုရဲ့ ဆွဲမိဆွဲရာလှမ်းဆွဲတာခံလိုက်ရတဲ့ ကောက်ရိုးမျှင်တမျှင်ဘဲ။ ဒါပေမယ့် သူဟာ သူ့ကိုကိုးစားယုံကြည်မှုကို နိုင်ငံတကာလှည့်ပြီး ဓာတ်ပုံရိုက်ခံ၊ ဆုယူဖို့ အချောင်ရလိုက်တဲ့ကြေးအဖြစ်သာ အသုံးချကုန်တခုအဖြစ်သာမြင်တယ်။ ပြည်သူလူထုရဲ့ အားကိုးသံမှာ တလွဲသာယာပြီး ရေပန်းစားမှုမှာ မီးကုန်ယမ်းကုန် ယစ်မူးသွားပုံရတယ်။ ပြည်သူလူထုရဲ့ မျက်စိမှိတ်ပစ်ယုံမိတာကို သူ့မွေးရာပါအခွင့်အရေးအဖြစ်ဘဲ တကိုယ်ကောင်းဆန်စွာအသုံးချပြီး၊ ဒီထောက်ခံမှုကိုရင်း ရလာတဲ့ဆုလာဘ်တွေကိုအားပါးတရလက်ခံပြီး တဘက်မှာ ကိုယ့်ဘက်ကအတုံ့အလှည့် ဘယ်လိုတာဝန်ယူပေးမလဲဆိုတာကိုတော့ စဉ်းစားတဲ့အရိပ်အယောင်တောင် မတွေ့ရဘူး။ အမေစုလို့ခေါ်တာကိုက မိဘမဲ့ဘဝရောက်နေရှာတဲ့ပြည်သူလူထုဟာ လုံခြုံမှုကိုဘယ်လောက်တမ်းတနေသလဲဆိုတာ တွေ့နိုင်တယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေစုဆိုတာ သူ့ကိုအားကိုးသံနဲ့ခေါ်တာပါလားဆိုတာကို သိသိနဲ့ငြင်းနေတာ၊ ငြင်းဝံ့တာ၊ မသိကျိုးကျွန်ပြုရက်တယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ရဲ့ဒီမိုကရေစီအလံတော်ကို ဆက်ပြီးသယ်ဆောင်နိုင်မယ့် အစွမ်းအစရော၊ သတ္တိဗျတ္တိပါကင်းမဲ့တာကို အခွင့်အရေးကြုံတိုင်းပြသ ခဲ့ပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့ဒီမိုကရေစီရေးအတွက် ဆက်မျှော်လင့်အားကိုးနေလို့ မရဘူးလို့ ခေတ်မောင်းကမှတ်ချက်ပေးချင်တယ်။ ဒီလို ဆက်မျှော်လင့်အားကိုးနေဖို့ကို အားပေးထောက်ခံနေတာတွေဟာ ခေတ်နောက်ပြန်ဆွဲနေမှုတွေသာဖြစ်တယ်။ ဒီတော့ ဘာဆက်လုပ်ရမလဲလို့ မေးကောင်းမေးမယ်။ အဲဒိအတွက် လောလောဆယ် စိတ်တိုင်းကျဖွယ်အဖြေ မပေးနိုင်သေးပေမယ့် လက်ရှိ status quo အတိုင်း အိမ်ဖြည့်အတိုက်အခံကို တိုင်းပြည်ဒီမိုကရေစီရေး၊ လွတ်လပ်ရေးအတွက် အားကိုးမနေသင့်ဘူးဆိုတာကိုတော့ ပြတ်ပြတ်သားသားပြောနိုင်တယ်။
နောက်ကျိန်းသေပြောလို့ရတာကတော့ ကြေးနီသပိတ်စခန်းကို အကြမ်းဖက်ဖြိုခွင်းမှုဟာ အင်မတန်မှကိုဗြောင်ကျတဲ့မတရားမှုကြီးဆိုတာ ဘယ်သူမှငြင်းမယ်မထင်ဘူး။ ဒီမတရားမှုကြီးကို ဘယ်သူကမှ တာဝန်သိသိနဲ့မရင်ဆိုင်ရင် မတရားမှုကို မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ လောကရဲ့အရှိတရားတခုအဖြစ်နဲ့ သဘောထားလက်ခံလာကြဖွယ်ရှိတယ်။ မတရားမှုကြီးတွေကိုလက်ပိုက်ကြည့်ဖို့တိုက်တွန်းတာဟာ လူ့ရဲ့စိတ်ဓာတ်ကို အညွန့်ချိုးပစ်တာပဲ။ လူ့အသိုက်အမြုံကို မတရားမှုကြီးစိုးတဲ့တိရိစ္ဆာန်လောကအဖြစ် ပြောင်းပစ်တာပဲ။ ဒါဟာ လူမှုအဆောက်အဦကြီးတခုလုံး ပျက်စီးခြင်းရဲ့လမ်းစပဲ။
လူ့အဖွဲ့အစည်းကိုထိန်းကျောင်းပေးထားတဲ့အရာတွေဟာ ဥပဒေတွေ၊ ဖွဲ့စည်းအုပ်ချုပ်ပုံတွေဆိုတာထက် တရားမျှတမှုကသာ လူ့အဖွဲ့အစည်းကိုထိန်းကျောင်းပဲ့ပြင်နေတဲ့အရေးကြီးဆုံးအရာဖြစ်တယ်။ တရားမျှတမှု justice ဟာ လူ့အဖွဲ့အစည်းတခုရဲ့အခြေခံအကျဆုံး လိုအပ်ချက်၊ အရည်အသွေးပဲ။ ဒီတရားမျှတမှုကို အခြေခံပြီးမှ အပေါ်ကအဆောက်အအုံတွေဖြစ်တဲ့ စီးပွားရေး၊ နိုင်ငံရေး၊ ဖွဲ့စည်းအုပ်ချုပ်ပုံ စတာတွေမှာ တရားမျှတမှုရောင်ပြန်ဟပ်နေအောင်၊ ကိန်းဝင်နေအောင်တည်ဆောက်ဖန်တီးရတာဖြစ်တယ်။ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ထောင့်ခုနှစ်ရာလောက်က အလယ်ခေတ်ရဲ့တွေးခေါ်ပညာရှင် Augustine က - ''If justice be absent, what is a kingdom but a crowd of gangsters'' ''တရားမျှတမှုကင်းမဲ့နေရင် တိုင်းပြည်ဆိုတာ လူဆိုးလူမိုက်တွေအုပ်စုဖွဲ့နေတဲ့အစုအဝေးပဲဖြစ်မှာပဲ''လို့ရေးခဲ့တယ်။ သြဂတ်စတင်းရဲ့ အပေါ်ကဝါကျကို ကနေ့ထိ အကြိမ်ကြိမ်ကိုးကားနေကြတာကိုက ဒီဝါကျကဖော်ပြနေတဲ့အမှန်တရားဟာ အလယ်ခေတ်တုန်းကလို ကနေ့ခေတ်နဲ့လည်းဆီလျော်မှုရှိတာကိုပြနေတယ်လို့ ယူဆမိတယ်။ လူမိုက်ဂိုဏ်းထဲမှာ ကျုပ်တို့၊ ခင်ဗျားတို့တွေ ဒီမိုကရေစီတို့၊ လွတ်လပ်မှုတို့၊ လူ့အခွင့်အရေးတို့ကို စိတ်ကူးတောင်ယဉ်နိုင်ကြမှာမဟုတ်ဖူး။ ဒီတော့ ကိုယ့်တိုင်းကိုယ့်ပြည်၊ ကိုယ့်လူ့အဖွဲ့အစည်းကို လူမိုက်ဂိုဏ်းဘဝ လျှောမကျရလေအောင် (၂ဝဝ၈)ဖွဲ့စည်းအုပ်ချုပ်ပုံကနေ အသက်သွင်းပေးလိုက်တဲ့ စစ်အရေခြုံအစိုးရနဲ့ ဒင်းအစိုးရကို ဆန့်ကျင်ရုံမက လူမိုက်ဂိုဏ်းအစိုးရကိုတရားဝင်အောင်လုပ်ပေးနေတဲ့ အိမ်ဖြည့်အတိုက်အခံတွေနဲ့ပါ ပြတ်ပြတ်သားသားလမ်းခွဲသင့်ပြီလို့ ခေတ်မောင်းက ယူဆတယ်။

0 comments:
Post a Comment