Thursday, August 15, 2013

ဗကပ အသက် (၇၄) နှစ် ပြည့်ခဲ့ပြီ (ဗကပ (ဗဟို) ထုတ်ပြန်ချက်)

1 comments
ဗကပ အသက် (၇၄) နှစ် ပြည့်ခဲ့ပြီ (ဗကပ (ဗဟို) ထုတ်ပြန်ချက်)

(၁) (၁၉၃၉) ရောက်မှ ဗမာပြည်ကွန်မြူနစ်ပါတီကို ထူထောင်နိုင်ခဲ့သည်။ မိမိပတ်ဝန်းကျင်တိုင်းပြည်များက ၁၉၂၁ဝ-၂၁ တွင် ကွန်မြူနစ်ပါတီ ထူထောင်နိုင်ခဲ့ကြသော်လည်း မိမိက (၁၉)နှစ် နောက်ကျပြီးမှ ထူထောင်နိုင်ခဲ့သည်။ မာ့က်စ်လီနင်ဝါဒကို သူများနည်းတူ မိမိတို့သည် စောစောကတည်းက လေ့လာခဲ့ကြပါသည်။ ရုရှားအောက်တိုဘာတော်လှန်ရေးအောင်ပွဲခံပြီးကတည်းက မိမိတို့သည် လေ့လာရေးအစုအဖွဲ့များ ဖွဲ့စည်းပြီးလေ့လာခဲ့ကြသည်။ သို့သော် အကြောင်းအချက်(၂)ခုကြောင့် မထူထောင်နိုင်ခဲ့ပါ။

(၂) ထိုအကြောင်းအချက်(၂) ခုမှာ…
(က) ဗမာပြည်သည် (၁၉၃၇)ကျမှ သီးခြားတိုင်းပြည် ဖြစ်ခဲ့ရသည်။ အရင်ကတော့ အိန္ဒိယ(ကုလားပြည်)၏ လက်အောက်ခံ “ပြည်နယ်ခွဲ” အဖြစ် အင်္ဂလိပ်က ထည့်ထားတာ ခံနေရသည်။ ဘင်္ဂလားပြည်နယ်၏လက်အောက်ခံ “ပြည်နယ်ခွဲ”ဖြစ်သည်။ တိုင်းပြည်တပြည်မှာ ကွန်မြူနစ်ပါတီတစ်ခုပဲရှိရမည့် “မူ”အရ ဗမာပြည်က “ကွန်မြူနစ်ပါတီ” မထူထောင်နိုင်ခဲ့ပါ။
(ခ) နောက်အကြောင်းတခုက မိမိတို့၏ပထဝီတည်နေရာကြောင့်ဖြစ်၏။ ကွန်မြူနစ်အင်တာနေရှင်နယ်က ဗမာပြည်ကို အင်ဒိုချိုင်းနား (ကုလားနဲ့တရုတ်)ကျွန်းဆွယ်အတွင်းလို့သတ်မှတ်ကာ ဗမာပြည်ကွန်မြူနစ်ပါတီထူထောင်ပေးဖို့ စင်္ကာပူအခြေစိုက်ဌာနခွဲ(ဗျူရို)သို့ တာဝန်ပေးခဲ့သည်။ ဌာနခွဲတာဝန်ခံက “ဟိုချီမင်း”ဖြစ်သည်။ သူက ဗမာပြည်ကွန်မြူနစ်ပါတီထူထောင်ဖို့ အဆက်အသွယ်ရှာတော့ ရန်ကုန်ရောက်တရုတ်များနဲ့ပဲ အဆက်ရသည်။ ထိုတရုတ်များမှာ ရှန်ဟဲလူသတ်ပွဲ(ချန်ကေရှိတ်ရန်)မှ ထွက်ပြေးလာသူတွေဖြစ်သည်။ ဗမာပြည်တိုင်းရင်းသားများ မဟုတ်ပါ။ သူတို့က ဗမာပြည်မှာ မာ့က်စ်ဝါဒလေ့လာရေးအစုများနဲ့လည်း အဆက်အသွယ်မရှိကြ။ ထို့ကြောင့် တရုတ်ကွန်မြူနစ်များနဲ့ပဲ “ရန်ကုန်ကော်မတီ” ဖွဲ့ဖြစ်သည်။ (ထို “ရန်ကုန်ကော်မတီ”ကို တရုတ်ပြည်ကွန်မြူနစ်ပါတီ၏လက်အောက်ခံအဖြစ်ပဲ တလျှောက်လုံးသတ်မှတ်ခဲ့ပါသည်။ “အိုဗာဆီးပါတီ” “ဝှာချောင်ပါတီ”အဖြစ်ပဲ သူတို့ရပ်တည်ခဲ့ကြပါသည်။

(၃) ထိုအကြောင်း အချက်(၂)ခုက “၁၉၃၇”ရောက်မှ ပျက်ပျယ်သည်။ ဗမာပြည်က ကုလားပြည်နဲ့ “၁၉၃၇” ကျမှ ခွဲသည်။ ကွန်မြူနစ်အင်တာနေရှင်နေနယ်ကလည်း ဗမာပြည်ကို  “စင်္ကာပူဗျူရို” လက်အောက်မှ ထုတ်ပြီး  “ဗြိတိသျှအင်ပါယာဗျူရို”အတွင်းသို့ ထည့်သွင်းလိုက်သည်။ ထိုသို့ဖြင့်  “ဗကပ”ထူထောင်ဖို့ လမ်းပွင့်သွားသည်။ (၁၉၃၉)တွင် ဗကပထူထောင်နိုင်ခဲ့သည်။

(၄) ထိုသို့ ပါတီထူထောင်ရေးနောက်ကျခဲ့ခြင်းကြောင့် “အကျိုးကျေးဇူးကြီး(၂)ခု”ကို ရရှိခဲ့ပါသည်။
(က) ကွန်မြူနစ်ပါတီအင်တာနေရှင်နယ်၏ ကိုလိုနီနဲ့ကိုလိုနီတပိုင်းတိုင်းပြည်များ၏တော်လှန်ရေး လမ်းကြောင်းကိုချမှတ်ပေးသည့် ဆဌမကွန်မြူနစ်အင်တာနေရှင်နယ်အမှုဆောင်အဖွဲ့၏ဆုံးဖြတ်ချက်ကို မိမိတို့ လေ့လာနိုင်ခဲ့သည်။ “6th C.I ဆုံးဖြတ်ချက်များ ဟုခေါ်သည်”
(ခ) ကွန်မြူနစ်အင်တာနေရှင်နယ်၏ အထေထွေအတွင်းရေးမှူး၏ ဖက်ဆစ်ဆန့်ကျင်ရေးအတွေးအခေါ်နဲ့ လမ်းညွှန်ချက်ကို လေ့လာနိုင်ခဲ့သည်။ (ဤအချက်က ပိုပြီးအကျိုးပြုခဲ့ပါသည်။ မထင်မရှား အစုအဖွဲ့လေးဘဝကနေပြီး “ဗကပ”ကို နိုင်ငံရေးအဆင့်မြှင့်တင်ပေးခဲ့သည်)

(၅) (၁၉၈၉)တုန်းက တွင်း(၁)ဗိုလ်ခင်ညွန့်က “ကိုးကန့်-ဝ” ခွဲထွက်တွေကို “ကွန်မြူနစ်ဆိုတာ ကင်ဆာကလပ်စည်းနဲ့တူတယ်၊ အမြစ်ပြတ်အောင်ရှင်းရမယ်၊ အမြစ်မပြတ်ရင် ပြန်ပြီးပွားလာလိမ့်မယ်” လို့ ပြောခဲ့ဖူးသည်။ ယခု  ပါတီ (၇၄)နှစ် ပြည့်ခဲ့ပြီ။  “ဗကပ”ကို “လက်ကျန်”ဟု ဘယ်သူပြောကြဦးမလဲ။

ဗကပ (ဗဟို)

1 comments:

Post a Comment