Sunday, August 25, 2013

ရှစ်လေးလုံးငွေရတုဂယက်များနှင့် အမျိုးသားရင်ကြားစေ့ရေးအငြင်းအခုံ(ကျော်ကိုကို ဗကသများအဖွဲ့ချုပ်)

0 comments
ရှစ်လေးလုံးငွေရတုဂယက်များနှင့် အမျိုးသားရင်ကြားစေ့ရေး အငြင်းအခုံ(ကျော်ကိုကို ဗကသများအဖွဲ့ချုပ်) ရှစ်လေးလုံးငွေရတုအခမ်းအနားကို ကျွန်တော်တို့ဗကသများ အဖွဲ့ချုပ်က သွားရောက်မတက်ခဲ့ပါဘူး။ ဒီလိုမတက်ရတဲ့ အကြောင်းအရင်းကို အများပြည်သူကိုလည်း ပွင့်ပွင့်လင်းလင်း ချပြခဲ့ပါတယ်။ ပြီးတော့ “ပြည်သူကိုပစ်ခတ်သတ်ဖြတ် နှိမ်နင်းခဲ့သောအစိုးရအဖွဲ့ဝင်များအားဖိတ်ကြားခြင်း၊ ထိုသို့ ပစ်ခတ်သတ်ဖြတ်နှိမ်နင်းခဲ့ပြီး ယနေ့ထိဝန်ချတောင်းပန်ခြင်း၊ အမှားကိုတာဝန်ယူခြင်း၊ ပြန်လည်ဆေးကြောပြီး မတရားသေဆုံးနစ်နာသွားရသူများကို တရားဝင်ဂုဏ်ပြု အသိအမှတ်ပြုခြင်းမရှိသေးသောတာဝန်ရှိသူများအား ဖိတ်ခေါ်အသိအမှတ်ပြုခြင်းရှိသည့် မည်သည့်အခမ်းအနားကို မဆို” ဗကသအနေဖြင့်တက်ရောက်မည် မဟုတ်ကြောင်းလည်း ကျွန်တော်တို့နှင့်ချိတ်ဆက်ဖွဲ့စည်းထားသမျှ ခရိုင်ကျောင်းသားသမဂ္ဂတိုင်းကို အသိပေးအကြောင်းကြားခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ရဲ့နောက်ဆက်တွဲဂယက်ကတော့ ကျွန်တော်တို့ကို နောက်ကြောင်းပြန်လှည့်အောင်ဆောင်ရွက်မယ့်သူတွေ၊ အတိတ်သမိုင်းရဲ့ပြဌာန်းမှုအောက်က ဖောက်မထွက်နိုင်သူတွေ၊ သမိုင်းအဓိပ္ပာယ်ကို ကောင်းကောင်းမလေ့လာသူတွေ၊ အပြုသဘောမဆောင်တဲ့သမိုင်းသင်ခန်းစာ ယူသူတွေလို့ ဝေဖန်ကြတဲ့အသံတွေကို ကြားလိုက်ရတာဘဲဖြစ်ပါတယ်။ ဒီလို
ဝေဖန်မှုတွေကို ကျွန်တော်တို့အနေနဲ့ ရှင်းလင်းတုန့်ပြန်ဖို့လိုအပ်လာပါတယ်။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့ဟာ နောက်ကြောင်းပြန်လှည့်အောင် ဘာတစ်ခုမှမလုပ်ဆောင်ချင်တဲ့ကျောင်းသားတွေပါ။ ဒါပေမယ့် လက်ရှိနိုင်ငံရေးဖြစ်စဉ်က ဘယ်လောက်တောင် ရှေ့ကိုသွားနေပါသလဲဆိုတဲ့မေးခွန်းကိုလည်း တပြိုင်နက်တည်း မေးလေ့ရှိတဲ့ကျောင်းသားတွေပါ။

ကျွန်တော်တို့သိထားတဲ့သမိုင်းဟာ နည်းနည်းလေးမဟုတ်ပါဘူး။ ဗကသများအဖွဲ့ချုပ်က နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲစဉ်အဆက်ဆက် ကွင်းဆက်မပြတ်အားထုတ်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုပါ။ သမိုင်းကို ကောင်းစွာကျေကျေညက်ညက် လေ့လာနေတဲ့၊ လေ့လာခဲ့တဲ့၊ လေ့လာနေဦးမယ့် အင်အားစုတွေဖြစ်ပါတယ်။ စစ်အာဏာရှင်ရဲ့ဖိနှိပ်မှုကို အပြင်းထန်ဆုံးခံစားခဲ့ရတဲ့သမဂ္ဂဖြစ်သလို သူတို့ရဲ့ခြေလှမ်းတွေကိုလည်း အမြဲသတိရှိရှိစောင့်ကြည့်နေရတဲ့အတွေ့အကြုံလည်း ရှိပြီးသားပါ။ သမိုင်းသင်ခန်းစာယူတဲ့နေရာမှာ ဓမ္မဓိဌာန်ကျတဲ့ ယူပုံယူနည်းကိုသာကျင့်သုံးပါတယ်။ ဘယာဂတိလည်းမပါ၊ ဆန္ဒာဂတိလည်းမပါတဲ့ယူပုံ ယူနည်းကိုသာ သဘောကျပါတယ်။ လက်တွေ့အားဖြင့် အကောင်းဘက်ကိုရှေ့ရှုနေသလား၊ မနေဘူးလားဆိုတာ မကြာသေးခင်ကမှ ရှစ်လေးလုံးသတင်းစာရှင်းလင်းပွဲ တက်ရောက်မိလို့ ဆရာမအလုပ်ကထုတ်ပယ်ခံလိုက်ရတဲ့ ဒေါ်စိုးစိုးခိုင်ရဲ့အဖြစ်အပျက်က သက်သေပြနေပါတယ်။ ဒါ့ထက်မလုံလောက်သေးရင် မကြာခင်မှာပိုမို ပြည့်စုံတဲ့သရုပ်မှန်တွေကို ဆက်လက်မြင်ရဦးမှာဖြစ်တယ်လို့ အပြုသဘော အရမ်းဆောင်ချင်တဲ့သူတွေကို သတိပေးပါရစေခင်ဗျား။

ဗကသကို ဘယ်သူတွေချစ်ပြီး ဘယ်သူတွေမုန်းပါသလဲ။ ဆန်းစစ်လေ့လာကြည့်တဲ့အခါ ပြည်သူတွေက ဗကသကို ချစ်မြတ်နိုးပြီး၊ ပြည်သူကိုအုပ်ချုပ်တဲ့သူတွေက ဗကသကို တူးတူးခါးခါးမုန်းတီးပါတယ်။ ဗကသဟာ တလျှောက်လုံးပြည်သူ့ဘက်ကသာရပ်တည်ပေးခဲ့ပြီး ဖိနှိပ်သူလူတန်းစားကို အစဉ်သဖြင့်တော်လှန်ခဲ့ပါတယ်။ အဲဒီလိုတော်လှန်ခဲ့လို့လည်း သမိုင်းဝင် သမဂ္ဂအဆောက်အဦးကြီးကို အကြောင်းမရှိအကြောင်းရှာပြီး ဒိုင်းနမိုက်နဲ့ဖောက်ခွဲ ပစ်ခဲ့တာပါ။ ဆဲဗင်းဇူလိုင်အခမ်းအနားကျင်းပခွင့်ကို အနှစ်(၅၀)ကြာသည်အထိ နှောင့်ယှက်ဖျက်ဆီးနေခဲ့တာပါ ဒီအနေအထားတွေနဲ့တကွ ဒီကနေ့အထိပြည်သူတွေ ဖိနှိပ်ခံရမူရှိနေသေးတာကိုဖွင့်ချတဲ့အနေနဲ့ ဗကသဟာ ပြည်သူကို ဆန့်ကျင်တဲ့သူတွေနဲ့ တစ်တန်းတည်းမရပ်ခဲ့ပါဘူး။ အတိုက်အခံသဘောနဲ့ဘဲ ရပ်တည်နေခဲ့ပါတယ်။ ပြည်သူတွေနဲ့သာ တစ်သားတည်း ရပ်တည်နေခဲ့တာပါ။

ရှစ်လေးလုံးငွေရတုရဲ့ နောက်ဆက်တွဲဂယက်တွေထဲကတစ်ခုကို ဒီနေရာမှာဆွဲထုတ်ပြချင်ပါတယ်။ ဒါကတော့ ဗကသများအဖွဲ့ချုပ်က အစိုးရဆန့်ကျင်ဖို့သက်သက် ရန်ကုန်ကလွဲပြီး အခြားဒေသကအင်အားစုတွေနဲ့လက်တွဲပြီး ရှစ်လေးလုံးပွဲကျင်းပတယ်။ ဗကသအဖွဲ့ချုပ်နောက်မှာ ကြိုးကိုင်တဲ့လက်ဝဲနိုင်ငံရေးအင်အားစုတွေရှိတယ်လို့ မကြားတကြား ဝေဖန်နေတဲ့အချက်ကို တုန့်ပြန်ဖြေရှင်းချင်ပါတယ်။ ဒီလေသံဟာ ၁၉၆၂ ခုနှစ်ကတည်းက ကြားခဲ့ရတဲ့လေသံဖြစ်တဲ့အတွက် ကျွန်တော့်အဖို့အဆန်းတကြယ် မဟုတ်ပါ။ ဒါပေမယ့် ဒီနေ့ထိ ကြားနေရသေးတာ၊ ဒီကနေ့ နိုင်ငံရေးအသိုင်းအ၀ိုင်းကြားမှာ ကြားနေရသေးတာတော့ ဆန်းနေပါတယ်။ တခါတလေ ရှင်းတဲ့အရာကို ရှုပ်အောင်လုပ်တာဟာ လုပ်တဲ့သူတွေကိုယ်တိုင် မရှင်းလို့ဘဲဖြစ်ပါလိမ့်မယ်။

ဗကသများအဖွဲ့ချုပ်ဟာ လွတ်လပ်ပြီးအမှီအခိုကင်းတဲ့ ကျောင်းသားသမဂ္ဂဖြစ်ပါတယ်။ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းရဲ့ လက်အောက်ခံမှ မဟုတ်ပါဘူး။ ဘယ်အယူဝါဒကိုမှ တရားဝင်လက်ခံထားတဲ့ ကျောင်းသားသမဂ္ဂမဟုတ်ပါဘူး။ အဖွဲ့ဝင်တိုင်း မိမိကြိုက်နှစ်သက်ရာအယူအဆကို လေ့လာပိုင်ခွင့်ရတဲ့ ဒီမိုကရေစီအခြေခံပေါ်မှာ တည်ဆောက်ထားတဲ့ သမဂ္ဂပါ။ ပြည်သူ့မျက်နှာ၊ ကျောင်းသားထုမျက်နှာကလွဲပြီး ဘယ်သူ့မျက်နှာမှ ထောက်စရာမလိုတဲ့အတွက် လွတ်လပ်စွာ ဆုံးဖြတ်နိုင်စွမ်းလည်း ရှိပါတယ်။ ပြည်သူကိုသစ္စာဖောက်ခဲ့တဲ့လုပ်ရပ်မျိုးလုပ်မိမှာကို စိတ်ပူစရာလိုပါတယ်။ ကျောင်းသားလူထုနဲ့ တစ်ထပ်တည်းမကျဘဲ အခွင့်အရေးယူမိတာမျိုးတွေဖြစ်မှာကိုဘဲ စိုးရိမ်စရာလိုပါတယ်။ ဒီတော့ တိတိကျကျထပ်ပြောပါရစေ။ ကျွန်တော်တို့ ဗကသများအဖွဲ့ချုပ်ဟာ မ၀င်းမော်ဦးတို့လို ဒီမိုကရေစီရေးအသက်ပေးသွားသူတွေကိုချစ်ပြီး သူမကိုသတ်ဖြတ်ခဲ့ပြီး ဒီကနေ့ထိ မသိကျိုးကျွံပြုနေသူတွေကိုသာ မုန်းတီးရွံရှာပါတယ်။ ဒါဟာကျွန်တော်တို့ရဲ့ အပြတ်သားဆုံးရပ်တည်ချက်ဘဲဖြစ်တယ်။

ကျွန်တော့်အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကိုလေ့လာတဲ့အခါ တောင်အာဖရိကဖြစ်စဉ်ကို သေချာလေ့လာ ကြည့်ပါတယ်။ အဲဒီဖြစ်စဉ်မှာ တောင်အာဖရိကလူဖြူအစိုးရက အာဖရိကအမျိုးသားကွန်ဂရက်အပါအ၀င် အခြားနိုင်ငံရေး အဖွဲ့အစည်းအားလုံးကို ပိတ်ပင်တားမြစ်မှုရုပ်သိမ်းပေးပြီးမှ စေ့စပ်ညှိနှိုင်းရေးလုပ်ခဲ့တာပါ။ အတင်းအကျပ် လွှတ်တော်ထဲဝင်ဖို့ ဖိအားပေးခဲ့ခြင်းမျိုး မရှိပါဘူး။ ဆွေးနွေးပွဲပြုလုပ်စဉ်အတွင်းမှာလည်း အစိုးရဘက်က လိုက်လျောသင့်တာကို လိုက်လျောခဲ့တာမျိုးတွေရှိပါတယ်။ အကယ်၍မလိုက်လျောဘဲ တင်းမာနေတာမျိုး၊ သဘောထားမမှန်တာမျိုး ရှိနေရင်လည်း တိုင်းပြည်အနှံ့ လူထုလှုပ်ရှားမှုတွေနဲ့ဖိအားပေးပြီး သဘောတူဆုံးဖြတ်ချက်ရတဲ့အထိ လုပ်ဆောင်ခဲ့တာတွေရှိပါတယ်။ လူထုအပေါ် အကြမ်းဖက်တိုက်ခိုက်တာတွေနဲ့ ပုလိပ်တွေရဲ့မတရားမှုတွေကို တရားဝင်စစ်ဆေးပြီး အပြစ်ပေးခဲ့တဲ့သာဓကတွေလည်း ရှိခဲ့ပါတယ်။ ပထမဦးဆုံးအကြိမ်ကျင်းပပြုလုပ်ခဲ့တဲ့ ဒီမိုကရေစီရွေးကောက်ပွဲကိုလည်းအသိအမှတ်ပြုပြီး အနိုင်ရပါတီ (အေအန်န်စီ)ကို အစိုးရဖွဲ့ခွင့်ပေးခဲ့ပါတယ်။ ဆိုလိုတာက နယ်ဆင်မင်ဒဲလားလိုရော်ဘင်ကျွန်းမှာအချုပ်ချခံရတဲ့ အတိုက်အခံခေါင်းဆောင်ကို သမ္မတဖြစ်ခွင့်ကိစ္စကိုလစ်လျူရှုပေးခဲ့တာပါ။

တောင်အာဖရိကသင်ခန်းစာကို ယူကြည့်တဲ့အခါ ကျွန်တော်တို့ဆီမှာ အများကြီးဆန့်ကျင်ကွဲလွဲနေတာကိုတွေ့ရပါတယ်။ ထင်ထင်ရှားရှားတွေ့ရတာကတော့ အစိုးရက ဒီကလပ်ထက်ပိုအကင်းပါးပြီး၊ အတိုက်အခံတွေက မင်ဒဲလားထက် ပိုသဘောကောင်းနေတာကို ဖြစ်ပါတယ်။ ကျွန်တော်တို့ပြည်သူတွေကတော့ ဒီနေ့ထက်ထိ တောင်အာဖရိကပြည်သူတွေထက် ပိုဆင်းရဲပြီး ပိုဖိနှိပ်ခံနေရဆဲပါ။ နောက်တစ်ချက်က တောင်အာဖရိကမှာ နိုင်ငံရေးနယ်ပယ်ထဲက မထွက်သွားချင်တဲ့စစ်တပ်မျိုး လုံးဝမရှိတာပါ။ ကျွန်တော်တို့ဆီမှာ နိုင်ငံရေးကိုဦးဆောင်စီမံခန့်ခွဲမှုပေးချင်တဲ့စစ်အင်အား ကြီးကြီးမားမားရှိနေတာဟာ တိုင်းပြည်ရဲ့ကံကြမ္မာအတွက်ရော၊ စစ်မှန်ပြီးပြည်သူ့အကျိုးကို အာမခံပေးမယ့်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုဖြစ်လာဖို့အတွက်ရော မရေရာမသေချာမှုပင်လယ်ထဲမှာ နစ်မြုပ်နေရသလိုပါဘဲ။ ဒါကြောင့်မို့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုငြင်းခုံကြတဲ့အခါ ကိုယ့်ပြည်သူတွေ အရင်ဦးဆုံး ညီညွတ်ရေး၊ တစ်ခုတည်းသော  အမျိုးသားတပ်ပေါင်းစုရှိရေး၊ တူညီသောသဘောထားများ ညှိနှိုင်းရေး၊ တောင်းဆိုမည့်အချက်များနှင့် လိုက်လျောမည့်အချက်အလက်များကို ကြိုတင်ဆုံးဖြတ်သတ်မှတ်ရေးများ အရင်ဦးဆုံးပြုလုပ်သင့်ကြောင်း ကျွန်တော်တို့ ကောင်းကောင်းနားလည်သဘောပေါက်ထားကြောင်းပါခင်ဗျာ။
ကျော်ကိုကို
(သမဂ္ဂဂျာနယ်အတွဲ ၁၊အမှတ် ၃၄တွင်ပါရှိသော “ရှစ်လေးလုံးငွေရတုဂယက်များနှင့်အမျိုးသားရင်ကြားစေ့ရေးအငြင်းအခုံ”မှ ထုတ်နုတ်ပါသည်။

0 comments:

Post a Comment