Wednesday, August 21, 2013

ဖေ့စ်ဘွတ်ခ်မှာပြောတဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)

0 comments
ဖေ့စ်ဘွတ်ခ်မှာပြောတဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)
သူက မှားခဲ့မိပါတယ်..ခွင့်လွှတ်ပါဆိုရင်တောင် ခွင့်က ကိုယ့်သဘောနဲ့ကိုယ် တယောက်တည်းလွှတ်ရမယ့်ကိစ္စ 
မဟုတ်ဘူး။ လွှတ်လို့ရမယ့်ကိစ္စ မဟုတ်ဘူး။ တစ်ယောက်တည်းအပေါ် ကျူးလွန်ခဲ့တဲ့ပြစ်မှု မဟုတ်ဘူး။ အများနည်းတူခံရတာမှန်ပေမယ့် ကိုယ့်တစ်ယောက်တည်းအတွက် "ကွက်"လွှတ်တာပါဆိုရင်တော့ ဘာမှပြောစရာမရှိဘူး။ ခုဟာက ကိုယ့်တစ်ယောက်တည်းကိစ္စ မဟုတ်ဘူး။ နောက်တခုက သူက ခွင့်လွှတ်ပါလို့မပြောတဲ့အပြင် သူ"မှန်တာလုပ်ခဲ့တာ ဥပဒေနဲ့အညီလုပ်ခဲ့တာ လုပ်ထိုက်လို့လုပ်ခဲ့တာ"လို့ အတိအလင်းဆိုနေတဲ့ကြားက ခင်ဗျားက ခွင့်လွှတ်ပါတယ်ဆိုတော့ ဘာလဲ။ သူ့ ခွင့်အလွှတ်လိုချင်လို့ ခွင့်လွှတ်ပါရစေဆိုတာလား။ အသားလိုလို့အရိုးတောင်းတဲ့ ခွင့်လွှတ်မှုမျိုးလား။ သြဂုတ် ၂၁၊ ၂ဝ၁၃

”နိုင်ငံရေးဆိုတာ ရန်သူကိုမိတ်ဆွေလုပ်တာ”လို့ဆိုတဲ့ ရပ်ခံချက်နဲ့ သေသည်အထိရှင်သွားခဲ့သူက သူမိတ်ဆွေလုပ်ရေးတွေးတဲ့ ”ရန်သူ”ထံမှာ ဒူးထောက်ခဲ့တာ အညံ့ခံခဲ့တာ လက်နက်ချခဲ့တာမတွေ့ရပဲ တော်လှန်ရေးလို့အသံကောင်းဟစ်ခဲ့ပြီး မိမိတော်လှန်ရေးကိုအစောဆုံးစွန့်ခွာခဲ့သူ၊ သူတော်လှန်ခဲ့တယ်ဆိုတဲ့သူ့ရန်သူဆီဒူးထောက်အညံ့ခံရုံတင်မက အလုပ်အကြွေးပြုဖို့အရေး အသနားပါခံနေတဲ့သူရဲ့အဖြစ်ကိုတွေ့တော့ နည်းနည်းမင်သက်မိတယ်။ ပိုဆိုးတာက အဲ့ဒီတော်လှန်ရေးသမားဆိုသူက ဘယ်လိုမှ ပြန်ချေပ ဖြေရှင်းခွင့်မရှိတော့တဲ့လူကို ထိုးနှက်ပုတ်ခတ်နေတာပဲ။ ခေတ်ကိုက ထောင်ထဲမှာတန်းစီးလုပ်ပြီး သခင်အားရကျွန်ပါးဝလုပ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတို့၊ ကိုယ့်ကိုမတရားထောင်ချမယ့်တရားသူကြီးကို လက်အုပ်လေးချီအသနားခံသလို အပြစ်မရှိသူလိုအပြုအမူနဲ့ဦးတင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတို့လည်း ငြိမ်းချမ်းရေးတို့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ဆိုပြီး ခတ်တည်တည်နဲ့ ကြောင်သူတော်တရားဟောခွင့်ရထားကြတာကိုး။ သြဂုတ် ၂၀၊ ၂၀၁၃

ခုတလော အဖတ်ဘက်လည်နေတာများတယ်ဗျ။ အရေးကျဲသွားတယ်ဗျာ။ မရေးဖြစ်တာပဲ ခတ်ကောင်းကောင်း ပြောရမလားထင်တာပဲ။ နဂိုကမှ မိတ်ဆွေကနည်းရတဲ့အထဲ။ ရှင်နည်းရာ လူထွက်တဲ့အဂ္ဂတွေကလည်း ခုတလော ပေါပေါလာသလိုပဲ။ ရှိစုမဲ့စုမိတ်ဆွေလေးတွေနဲ့ ငြင်းကြခုန်ကြ အကြိတ်အနယ် အသည်းအသန်တွေပြောကြဆိုကြ၊ ရန်လည်း ခဏခဏဖြစ်ကြတာမှန်ပေမယ့် ရန်သူတော့ဖြစ်မသွားကြဘူး။ ရန်ပဲဖြစ်တယ် ရန်သူမဖြစ်ကြဘူး။ ရန်သူကိုမိတ်ဆွေလုပ်လို့ရတာ/မရတာ ခဏထား။ မိတ်ဆွေကိုတော့ ရန်သူဘယ်တော့မှမလုပ်ဘူး။ ရန်သူနဲ့မိတ်ဆွေဖြစ်ဖို့ မိတ်ဆွေကိုရန်သူ မလုပ်ဘူး။ မဖြစ်ရင်နေ။ မိတ်ဆွေနဲ့ရန်သူဖြစ်ပေးမှ ရန်သူနဲ့မိတ်ဆွေဖြစ်ရမယ်ဆိုတာမျိုးကျ ဘဝကိုက လက်ခံလို့မရတာပါ။ ရန်ဖြစ်လို့မိတ်ဆွေနဲ့မိတ်ပျက်ရင်သာပျက်မယ် ရန်ဘက်တော့အဖြစ်မခံနိုင်ပါခင်ဗျား။ သြဂုတ် ၂၀၊ ၂၀၁၃

ဒီဘိတ်ကာလ်ချားရယ်၊ ခရစ်တစ်ကယ်လ်သင်းကင်းရယ်၊ ပွင့်လင်းမြင်သာမှုရယ်၊ ကက်ပယ်စတီရယ် စတာတွေအပါအဝင် ကာလပေါ်စကားလုံးတွေ ထည်လဲသုံးတတ်မှပဲ ကဗျာဆရာဖြစ်ရတာလိုလို၊ နိုင်ငံရေးသမားဖြစ်ရတာလိုလို၊ အန်ဂျီအိုခေါင်းဆောင် ဖြစ်ရတာလိုလို၊ ခေတ်မီမှာလိုလိုဖြစ်နေတဲ့ခေတ်မှာ ဘာကိုမှ မမှီလိုက်ရတဲ့ခေတ်၊ ဘာအမှီကိုမှ မခိုလိုက်ရတဲ့ခေတ်ကိုရောက်တဲ့အခါ ခေတ်မီရေးက ဘာဖြစ်မလဲ။ ခေတ်မီရေးကို ဘာအဓိပ္ပါယ်နဲ့ဖွင့်မှာလဲဗျာတို့။ အမှန်ကတော့ အဲ့စကားလုံးတွေက ဒီမှာ မဲပြာပုဆိုးဖြစ်သွားတာ၊ ဆီသည်မလက်သုတ်ဖြစ်သွားတာ ကြာပြီ။ ဒီမှာမှ မဟုတ်ပါဘူး မဲဆောက်မှာတောင် ခေတ်မရှိတော့တဲ့စကားလုံးတွေဖြစ်ကုန်ပါပြီ။
သြဂုတ် ၂၁၊ ၂၀၁၃

၂၀၁၅ လွန် ဗမာ့နိုင်ငံရေးအခင်းအကျင်း ဘယ်လိုရှိမယ်တော့ မပြောတတ်ပါ။ ဘာလို့လဲဆို ၂၀၁၅ မတိုင်ခင် ဘာတွေဖြစ်မယ်ဆိုတာတောင် မမှန်းနိုင်သေးလို့ပါ။ သေချာတာကတော့ ခု ရွှေပြည်ကြီးထဲ သူ့ထက်ငါအလုအယက်ပွဲဝင်ခံနေကြတဲ့ ပြည်တွင်းကလူတွေခေါင်းတင်ပေးပြီး ပြည်ပအလှူရှင်ငွေတွေနဲ့
လည်ပတ်နေကြတဲ့အန်ဂျီအိုတွေက သူ့ငွေတွေကို သူ့လူတွေလက်ထဲပြန်ရောက်ဖို့ တနည်းပြောရရင် သူ့ ရင်းနှီးမြှုတ်နှံမှုကို အမြတ်နဲ့တကွပြန်ဖော်ရမယ့်အချိန်ဖြစ်မှာတော့မြင်နေရပါပြီ။ အဲ့ဒီအခါ ခု ပြည်တွင်းခေါင်းဆောင်လူတွေက အမြင့်ဆုံးရာထူးရုံးအုပ်ကြီးအမည်ခံ ဘုံကျွန်ဖြစ်မယ့်ကိန်းပါ။ အခုတွင်ကျယ်နေသူတချို့လည်း လူလျှော့တဲ့အထဲပါ၊ တချို့လည်း အရက်ဝယ်ကြက်ဖမ်းဖြစ်ကြမှာပဲ။ ဒါလည်း ဆန်းတဲ့ကိစ္စတော့ မဟုတ်ပါ။ လူချင်းဘယ်လောက်ရင်းနှီးရင်းနှီးရင်းနှီး ငွေကြေးမြှုတ်နှံမှုမှာ အရင်းအနှီးသာ အခရာဖြစ်တာကိုး။ အဲ့ဒီအချိန်ကျ ဝပ်ရှော့ပ်တို့၊ ဆီမီနာတို့၊ ထရိန်နင်တို့စတဲ့ဝေါဟာရတွေနေရာမှာ ဘာတွေ အစားထိုးလာမလဲ။ သြဂုတ် ၂၁၊ ၂၀၁၃

မသေခင်မှာ ငြိမ်းချမ်းရေးတွေ့သွားခဲ့ချင်သူလည်း သေတာကြာပြီ တွေ့မသွားရဘူး။ မသေမချင်း ငြိမ်းချမ်းရေးအတွက်ရှင်ခဲ့သူလည်း သေပြန်ပြီ တွေ့မသွားရဘူး။ ငြိမ်းချမ်းရေးစင်န်တာရောက် ငြိမ်းချမ်းရေးပွဲစားတွေကတော့ တွေ့တယ်ပြောတာပဲ။ ဘာလဲတော့ မသိဘူး။ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးရဲ့ဖိုးသက်ရှည်ငြိမ်းချမ်းရေးသမားကြီးက ကမ္ဘာ့အကြာဆုံးစစ်သက်ရှည်စစ်မက်သူတွေကို နှစ်သက်တယ်လို့၊ သဘောကျစရာကောင်းတယ်တို့၊ ယုံတယ်တို့ တစ်ခွန်းမှမပြောခဲ့တာဟာ ”မူ”မှာ ရေမျောကမ်းတင်မဖြစ်ဘူးဆိုတာရဲ့ပြယုဂ်ပဲလို့တွေးမိတယ်။ သြဂုတ် ၂၁၊ ၂၀၁၃

ရန်သူနဲ့စကားပြောခြင်းတို့ ရန်သူနဲ့လက်ဆွဲနှုတ်ဆက်ခြင်းတို့ စတဲ့စာမျိုးတွေဖတ်ဖူးတယ်ဗျ။ ရန်သူနဲ့ပရောပယီလုပ်ခြင်းတို့ ရန်သူနဲ့ပလီပလာ လုပ်ခြင်းတို့ မဖတ်ဖူးသေးဘူး။ ဖတ်တော့ ဖတ်ရမယ်ထင်တာပဲ တချိန်ချိန်တော့။ သြဂုတ် ၂၁၊ ၂၀၁၃

ကျနော်က Army Reform ဆိုပြီး ဘိုလို အလွယ်ပြောမိတာဗျာ။ ဗမာလိုဆို တပ်ပြုပြင်ရေးလို့သုံးတာ ပိုကောင်းမယ်ထင်တယ်။ ပြန်လည်ပြင်ဆင်တာတို့ဘာတို့ဆိုပြီး စကားလုံးရှည်နေတာထက် တပ်ပြုပြင်ရေးဆိုတာကို ပိုနှစ်သက်ပါတယ်။ တခုခု တနေရာရာမှာယွင်းနေတာကို ပြန်တည့်တာ ပြင်တာ ပြန်ပုံစံချတာ စတဲ့သဘောတွေပါ ပါမယ်ထင်တာပါပဲ။ ထားပါတော့။ အဲ့သလိုပြောတော့ တယောက်ကမေးတယ် "တပ်ပြုပြင်ရေးဆိုတာ ဘာလဲ"တဲ့။ "စစ်တပ်ကို စစ်တပ်နေရာပြန်ပို့တာလို့ပဲ ဆိုပါတော့ဗျာ"ဆိုတော့ သူက "စစ်တပ်နေရာဆိုတာက ဘာလဲ" တဲ့ဗျ။ ကျနော်က "တိုင်းပြည်အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးစတာတွေဟာ စစ်တပ်နေရာ မဟုတ်ဘူးဗျာ၊ ဆိုတော့ စစ်တပ်နေရာဘာလဲ ခင်ဗျားဘာသာမေးကြည့် ဖြေကြည့်ပါလား" လို့ ပြန်ပြောလိုက်တော့ Unfriend လုပ်လိုက်တယ်ဗျို့။ ကဲ..ခင်ဗျားရော မေးမကြည့် ဖြေမကြည့်ချင်ဘူးလားဗျာ။ Unfriend အလုပ်ခံရမှာ Block အလုပ်ခံရမှာစိုးဘူးဆိုရင်တော့။

ခုပဲ မိတ်ဆွေတယောက်က လှမ်းပြောတယ်။ ”ဆရာ (ဒဂုန်)တာရာ စိုးရိမ်ရတယ်”တဲ့။ လွတ်လပ်ရေးခေတ်မျိုးဆက် ဖိုးသက်ရှည်၊ သက်ရှိသမိုင်း၊ အဘိဓမ္မာနဲ့ဘဝ တစ်သားတည်းကျအောင်နေသူ။ ခုထိ ရှည်သမျှအသက်မှာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လောကအမွန်ဝါဒ စသည်တို့ဖြင့်သာ မွေ့လျော်သူ။ မဆုံးပါးစေချင်တာမှန်ပေမယ့် ပြန်ကျန်းမာလာပါစေလို့ ဆုမတောင်းလိုပါ။ အနာအကျင်ဝေဒနာ အသက်သာဆုံးနဲ့၊ နောက်ဆုံးဝင်သက်နဲ့ ထွက်သက်အထိ သတိရှိရှိနဲ့၊ ချစ်သူတွေအနားမှာထားပြီး အေးအေးငြိမ်းငြိမ်း ထွက်သွားနိုင်ပါစေ။ (ဆရာ တာရာနဲ့ပတ်သက်လို့) သြဂုတ် ၁၆၊ ၂ဝ၁၃

ယောဂီတဘက်လေးပတ်လို့ လက်အုပ်လေးချီလို့ မျက်လုံးလေးမှိတ်လို့ ကျုံ့ကျုံ့ယုံ့ယုံ့လေးထိုင်လို့ (တခြားလည်းရှိဦးမှာပါ) စတာတွေနဲ့ မယ်ယဉ်ကျေးလေးတွေလို့တင်စားပြီး ဗိုင်းကောင်းကျောက်ဖိ လိုက်ကြတာ ကျနော်တို့ခေတ်မှာ သူငယ်ချင်းတချို့ ပြားသွားတာ ”သားကိုသခင် လင်ကိုဘုရား” ထိဖြစ်ကရောပဲ။ အဲဒီအထိ ပြဿနာမရှိဘူးပဲထား။ ဘယ်ကျတော့ရှိလာသလဲဆို သခင်က ဘိန်းစားဖြစ် ထောင်ကျ၊ ဘုရားက အရက်မူးပြီးမယားရိုက်တဲ့အိမ်ဦးနတ်၊ တပေပေ တဖါးဖါးနဲ့ အဲ့ဒီအမေ အဲ့ဒီမယား ငယ်ငယ်ရွယ်ရွယ်နဲ့ ဒဏ်ပိသေတော့ အသုဘမှာ သူ့အဖေက ”မိုက်လုံးကြီးတဲ့သမီးပေမယ့် မိခင်ကောင်း မယားကောင်းတော့ ပီသပေရဲ့”လို့ မှတ်ချက်ပေးတာကြားရတယ်။ ဒီလိုနဲ့နောက်သမီးတစ်ယောက်လည်း ကျောက်အဖိခံရပြန်တယ်။ အမှန်က ကျောက်ပိသေတဲ့ မိန်းမသားတွေ မိခင်တွေပါ။ (မယ်ယဉ်ကျေးလေးတွေနဲ့ စပ်လို့) သြဂုတ် ၁၆၊ ၂ဝ၁၃

သူနဲ့ကျနော် ၁၉၈၉-၉၁ တုန်းက အင်းစိန်တောရမှာဆုံခဲ့တယ်။ ”ခင်ဗျား ကျနော်နဲ့ ကျနော်တို့အဖွဲ့အပေါ်ဘယ်လိုမြင်သလဲ”လို့ သူ့နိုင်ငံရေးဆောင်ရွက်မှုနဲ့ သူတို့ချည်းသက်သက်ဖွဲ့ထားတဲ့ သူတို့အဖွဲ့အစည်းအကြောင်း ကျနော့်သဘောထား မေးဖူးတယ်။ ”စစ်အာဏာရှင်စနစ်အပေါ် ခင်ဗျားနဲ့ ခင်ဗျားအဖွဲ့အစည်းက ဘယ်လိုသဘောထားသလဲ ဆိုတဲ့အပေါ်ပဲ တည်မယ်ထင်တယ်ဗျ” လို့ ဝေဝေဝါးဝါး ပြန်ဖြေမိတယ်။ သူနဲ့သူ့အဖွဲ့ရဲ့ နိုင်ငံရေးရပ်ခံချက်ကိုမကြိုက်တာမှန်ပေမယ့် ထောင်ထဲရောက်နေသူတွေဆိုတော့ ပြောရမှာ အားနာမိတာလည်း ပါမလားပဲ။ ခုတခါပြန်ဆုံတယ်။ ဟိုတုန်းမေးခွန်းကိုပဲ ခုလည်းပြန်မေးတယ်။ ထူးခြားတာက အဖွဲ့အစည်းအမည်ပြောင်းသုံးလိုက်တာပါပဲ။ သူတို့အဖွဲ့အစည်းအမည်မဟုတ်တော့ပဲ သူတို့နဲ့တဇောင်းစေးနဲ့မျက်ချေးဖြစ်ခဲ့တဲ့အဖွဲ့ကလူတွေနဲ့ပြန်ပေါင်းပြီးဖွဲ့ထားတဲ့အဖွဲ့အမည်ကို တင်ပြီးမေးတာပါ။ အဲ့ဒီအဖွဲ့က နှစ်ဖွဲ့ပေါင်းသွားတယ်ဆိုဆို တွဲသွားတယ်ပြောပြော ပြောလို့ရတဲ့အဖွဲ့ဖြစ်နေပါပြီ။ ရေပန်းလည်း အတော်စားဟန်ရှိပါတယ်။ခုဆို သူလည်း အဲ့ဒီအဖွဲ့မှာ အရေးပါ အရာရောက်သူဖြစ်နေပြီ။ ကျနော်ကလည်း ပြန်ဖြေတယ်။ ”တည်မယ်ထင်တယ်ဗျ” နေရာမှာ ”တည်ပါတယ်”လို့
တိတိလင်းလင်းပြောဖြစ်ပါတယ်။ ဒီတခါတော့ အားမနာမိဘူး။ သူက နိုင်ငံရေးနဲ့အသက်မွေးဝမ်းကြောင်း တထပ်တည်းကျသူဖြစ်သွားလို့ပါ။ ခေတ်စကားနဲ့ အင်္ဂလိပ်လိုပြောရရင် Professional Politician ဖြစ်သွားသူဆိုပါတော့။ ကျနော့်အဖြေ တူနေတာသွားတွေ့တော့ နှစ်ယောက်လုံး ပြုံးမိကြတယ်။ သူကတော့ပြောတယ် ”နိုင်ငံရေးဆိုတာ ဒီလိုပါပဲဗျာ”တဲ့။ သူ့စကားသူ နားလည်/မလည်တော့ မပြောတတ်။ ကျနော်တော့ နားအလှည့်မခံရအေင် မနည်းကြိုးစားယူရတာပါပဲ။ သြဂုတ် ၁၆၊ ၂ဝ၁၃

ဘယ်သူတော့ သမ္မတဖြစ်လောက်ရဲ့။ ဘယ်သူဖြစ်ရင် တိုင်းပြည်တော့ ဘယ်လိုဖြစ်လာမှာပဲ ဘာညာနဲ့ ၂၀၁၅ ကြို နဲ့ ၂၀၁၅ လွန် ကို မျှော်တွေးပြီး ဗမာ့နိုင်ငံရေးသုခမိန်တွေရဲ့ ဟောကိန်းထုတ်သံတွေ ပိုပိုကျယ်လောင်လာတာ သတိထားမိပါတယ်။ ကျနော့်အမြင်ကတော့ ဘယ်သူ သမ္မတဖြစ်ဖြစ်ပါ စစ်တပ်ကို(သေနတ်ပြောင်းကို)အမိန့်မပေးနိုင်သရွေ့ စစ်အုပ်စုရဲ့နာခံတော်အဖြစ်နဲ့ နိုင်ငံရေးအရိုးထုတ်ရမှာလို့ထင်ပါတယ်။ (သမ္မတနဲ့စပ်လို့) သြဂုတ် ၁၆၊ ၂ဝ၁၃

မတရားသင်းဥပဒေကို ကိုလိုနီခေတ်ဦး ၁၉၀၈ ခုနှစ်က စပြဌာန်းခဲ့တာ။ အဲ့ဒီနောက် အနှစ် (၄၀) အကြာမှာ တိုင်းပြည်လွတ်လပ်ရေးရတယ်။ ရှေ့ နှစ်(၄၀)အတွင်း အဲ့ ဥပဒေပြဌာန်းခဲ့သူက အဲ့ဥပဒေကိုင်ပြီး ဘယ်တစ်သင်းတစ်ဖွဲ့ကိုမှ မတရားသင်းအဖြစ် မကြေငြာခဲ့ဘူး။ အဲ့ဥပဒေ ပုဒ်မနဲ့အရေးယူခံခဲ့သူ အရေအတွက်ဟာလည်း ဒီဘက်ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်တွေနဲ့ယှဉ်လိုက်ရင် ပြောပလောက်အောင် မရှိဘူး။ အမျိုးသားအစိုးရတွေတက်လာပြီးမှ အကြေငြာခံလိုက်ရတဲ့မတရားအသင်းတွေနဲ့ အဖမ်းခံလိုက်ရတဲ့လူပုဂ္ဂိုလ်တွေဆိုတာ ကြောက်ခမန်းလိလိပဲ။ ဆိုတော့ အဲ့ဥပဒေဟာ လွတ်လပ်တဲ့တိုင်းပြည်တခုမှာ ရှိကိုမရှိသင့်တဲ့ မရှိရမယ့်ဥပဒေပဲ။ ဖျက်ပစ်ရမယ့်ဥပဒေပဲ။ ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးကို တကယ်သွားချင်ရင် အာဏာရသူက အဲ့ဥပဒေကိုဖျက်ပေးရမှာဖြစ်သလို မဖျက်ပေးဘူးဆိုရင် ဖျက်ပေးဖို့ပဲတောင်းဆိုရမယ်လို့မြင်တယ်။ လွှတ်တော်တွင်းနည်းထက် လွှတ်တော်ပြင်ပလူထုနည်းနာနဲ့သာ ကြိုးပမ်းလုပ်ဆောင်ရမယ့်ကိစ္စ လုပ်မှရမယ့်အရေးလို့မြင်တယ်။ ”ကျနော်တို့ကို မတရားသင်းကနေဖျက်ပေးပါ”လို့ ဆိုတဲ့နေရာမှာ ”မတရားသင်းဥပဒေကို ဖျက်ပေးပါ”လို့ တောင်းဆိုသံတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေ မကြာခင်မှာ မျက်ဝါးထင်ထင်မြင်ရတော့မယ်လို့ တွေးနေမိတယ်။ သြဂုတ် ၁၀၊၂၀၁၃

မနက် အိပ်ယာကအထမှာ ထူးထူးဆန်းဆန်း ဂျိုးကူသံလိုလိုကြားတယ်။ ဒါနဲ့ အပြင်ထွက်ပြီးကြည့်တော့ ဘေးအိမ်ခြံစပ်ကသစ်ပင်ပေါ်မှာ ကူနေတဲ့ငှက်ကလေးတွေ့တယ်။ ဂျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် အသံက ဗမာဂျိုးနဲ့အတော့်ကိုဆင်တယ်။ အံ့ရောပဲ။ ဘေးအိမ်က အမျိုးသမီးကလည်း ကျနော်မော့ကြည့်နေတဲ့ သူတို့သစ်ပင်ပေါ်ကြည့်ရင်း ”ဟိုနေ့က ဒေါင်း (၂) ကောင် လာသွားသေးတယ်။ ခြံထဲလျှောက်တောင်သွားနေသေးတာ”လို့ပြောတယ်။ ကိုယ်ကလည်း ဒေါင်းတို့ ဂျိုးတို့ဆို ကိုယ့်သင်္ကေတရုပ်တွေနဲ့ကိုယ် အလိုလိုနေရင်း စိတ်ကစွဲပြီးသားဆိုတော့ သူ့ကို ပြောမိတယ် ”ငါက ဒေါင်းဆိုလည်း ခွပ်ဒေါင်းမှ ဂျိုးဆိုလည်း ဖြူမှ ပိုကြိုက်တယ်”လို့။ သူမျက်ခုံးပင့်သွားတယ်။ ဂျိုးဖြူဆိုတာ သူနားလည်ပေမယ့် ခွပ်ဒေါင်းတော့ သူမသိဘူး။ ကျနော်ထင်တာက အမေရိကန်ဒေါင်းတွေ မခွပ်ကြလို့လား ဒါမှမဟုတ် ဒေါင်းတွေ အမေရိကန်မှာ မခွပ်ကြတာလား ဒါမှမဟုတ် အမေရိကန်မှာ ခွပ်ဒေါင်းမရှိတာလား။ တွေးစရာတွေနဲ့။ သြဂုတ် ၁၀၊ ၂၀၁၃

အခု ရှစ်လေးလုံးငွေရတုမှာ စစ်ခေါင်းဆောင်ဟောင်းတွေကိုဖိတ်တယ်။ တက်တယ်။ တက်ညီလက်ညီ ဆင်နွှဲတယ်။ စက်တင်ဘာ (၁၈)ရက် တတိယအကြိမ်မြောက် စစ်အာဏာသိမ်းငွေရတုပွဲကြီး ချိမ်ု့ချိမ့်သဲ လုပ်များလုပ်ခဲ့ပြီး (စစ်ဗိုလ်တွေ အဲ့သလိုပွဲကို လူထုကြားချ ကျင်းပရလောက်အောင်တော့မညံ့တာသေချာသည်) ဖိတ်များဖိတ်လို့ကတော့ ဘယ်သူတွေတက်မလဲ။ တခါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ (အဲ့အချိန်ထိ ခံများခံခဲ့လို့) ငွေရတုကျတော့ ဘယ်သူက ဘယ်သူ့ကိုဖိတ်မလဲ။ ဘယ်သူတွေတက်မလဲ။ မဖြစ်နိုင်တာတွေတွေးတယ်လို့ မထင်ပါ။ ခု ရှစ်လေးလုံးငွေရတုဆိုပြီး ခုလို ကျင်းပဖို့ဖြစ်လာလိမ့်မယ်လို့ ဘယ်သူတွေးမိကြပါသလဲ။ ဖြစ်နိုင်မယ်လို့ ဘယ်သူထင်ခဲ့ကြပါသလဲ။ သြဂုတ် ၁၀၊ ၂၀၁၃



0 comments:

Post a Comment