Thursday, August 29, 2013

ဗိုလ်သိန်းစိန်၏လက်သီးပုန်း သို့မဟုတ် “ဥပဒေပညာရှင်တစ်ဦး”တူမောင်ညို

0 comments
ဗိုလ်သိန်းစိန်၏လက်သီးပုန်း သို့မဟုတ် “ဥပဒေပညာရှင်တစ်ဦး”တူမောင်ညို (၂၉ သြဂုတ် ၂၀၁၃)
စစ်တပ်ပိုင် “မြဝတီသတင်းစာ” (၂၉ သြဂုတ်) မှာ “ဥပဒေပညာရှင်တစ်ဦး” အမည်နဲ့ “ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုသလိုသုံးဖို့ ထင်သလိုအဓိပ္ပါယ် ဖွင့်ဆိုကြမည်လား” ဆိုတဲ့ဆောင်းပါး  ပါရှိလာပါတယ်။
ဆောင်းပါးရဲ့ပင်မရည်ရွယ်ချက်က သြဂုတ်လ ၂၃ ရက်နေ့က အစိုးရပိုင်သတင်းစာတွေမှာဖေါ်ပြ ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်၊ “ဥပဒေကြမ်းပူးပေါင်းကော်မတီ၏လေ့လာတွေ့ရှိချက်နှင့်သုံးသပ်ချက်အစီရင်ခံစာ” ကို လက်တုန့်ပြန် တာဖြစ်ပါတယ်။
            ဗိုလ်ရွှေမန်းလွှတ်တော်ဂိုဏ်းကို ပီပီပြင်ပြင်အရေလှန်ပြီး ပညာပေးထားတဲ့ဆောင်းပါးတစ်ပုဒ် လို့ ပြောရင်လည်းရတယ်။ “၂၀၀၈အခြေခံဥပဒေ”ကို နားမလည်ဘဲ၊ စိတ်ကြိုက်ထင်သလိုမသုံးနဲ့လို့ (နသယ်ကိုဖြတ်ရိုက်ပြီး) ဟန့်လိုက်တာဖြစ်တယ်လို့ ပြောရင်လည်း မမှားပေဘူး။
            ဒီနေရာမှာ ကြိုပြောထားချင်တာက “ဥပဒေပညာရှင်တစ်ဦး” ဆိုသူဟာ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ”နဲ့  ဗိုလ်သိန်းစိန်တို့ သမ္မတဂိုဏ်းဘက်နေ ပြတ်ပြတ်သားသားရပ်တည်ကာကွယ်ပြီး  ဗိုလ်ရွှေမန်းလွှတ်တော်ဂိုဏ်းကို ချေပတာသာဖြစ်တယ်။
            တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်း ဥပဒေချိုးဖောက်တယ်လို့ အပြန်အလှန်နှုတ်လှန်ထိုးနေကြလေတော့ ကျနော်တို့ပြည်သူတွေအဖို့ အမြတ်ကတော့ “ဥပဒေဆိုတာ သူတို့စိတ်ကြိုက်ရေးနိုင်ပြီး သူတို့စိတ်ထင်သလို ချိုးဖောက်နိုင်အရာသာဖြစ်တယ်” အချက်ကို ထင်ထင်ရှားရှား သဘောပေါက်သွားရတာပေါ့။ ရှင်းသွားတာပေါ့။            
            ထူးခြားတာတစ်ခုက အစိုးရပိုင် (မြန်မာ့အလင်း၊ကြေးမုံ၊ NLM) သတင်းစာတွေမှာ မဖော်ပြဘဲ။ စစ်တပ်ပိုင်သတင်းစာထဲမှာ ဖော်ပြလာတဲ့အချက်ဖြစ်ပါတယ်။ စစ်တပ်ကလည်း သမ္မတဂိုဏ်းဘက်ကဖြစ်တယ်လို့ ယူဆနိုင်တယ်။ “ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သုံးသပ်ချက် အစီရင်ခံစာ”ဆိုတာကို အနည်းဆုံးတော့ စစ်တပ်ကသဘောမတွေ့ဘူးဆိုတာကို ဖော်ပြတာပဲဖြစ်တယ်။
            နောက်တစ်ချက် ဒီရေးသားချက်နဲ့ဖော်ပြချက်က ဗိုလ်သိန်းစိန်သမ္မတဂိုဏ်းနဲ့  ဗိုလ်ရွှေမန်းလွှတ်တော်ဂိုဏ်းကြားက ပြဿနာရဲ့ထုထည်နဲ့ စုဖွဲ့မှုကိုလည်း ရောင်ပြန်ဟပ်ပြန်နေတယ်လို့ ယူဆတယ်။
ဒီပြဿနာဟာ အခြေခံဥပဒေခုံရုံးဥက္ကဋ္ဌဟောင်း (ဗိုလ်) ဦးသိန်းစိုးတို့ (၉)ယောက်ကို ထုတ်ပယ်လိုက်တဲ့ကိစ္စရဲ့ မပြီးဆုံးနိုင်သေးတဲ့ နောက်ဆက်တွဲပြဿနာပဲဖြစ်တယ်။
            ခုံရုံးပြဿနာပေါ်လာတော့  ကျနော့်ရဲ့ (၂၁ - ၈ - ၂၀၁၂) ရက်စွဲနဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့ “ခုံရုံးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ရဲ့ကံကြမ္မာ”  ဆိုတာထဲမှာ အခုလိုရေးသားဖော်ပြခဲ့ပါတယ်။
“အခုကတော့ အရင်နဲ့မတူ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရေကိုခြုံထားရလေတော့ အာဏာစားခွက်လုမှုတွေဟာ “ဥပဒေ ဆိုင်ရာအငြင်းပွားမှုပုံစံ”နဲ့ပေါ်ထွက်လာတာကို ကျနော်တို့ပြည်သူများ ရှုစားကြရတာဖြစ်ပါတယ်။ ဒါဟာပွဲဦးထွက်ပါ။ ပွဲကြီးပွဲကောင်းလည်း ဖြစ်ပါတယ်။ နောက်ထပ်“ဥပဒေအရ၊ဥပဒေနဲ့အညီ” အကျိုးစီးပွားအငြင်းပွားမှုတွေလာဦးမှာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို မဖျက် သိမ်းနိုင်သေးသမျှပေါ်ထွက်နေဦးမှာပါ ” လို့ ရေးသားခဲ့ပါတယ်။
ပြဿနာတွေပေါ်ထွက်နေတာ မဆန်းပေမယ့် ဆန်းနေတာတစ်ခုကတော့ ဒီချုပ်ဥက္ကဋ္ဌအမှူးပြုတဲ့လွှတ်တော်အမတ်များဟာ ဗိုလ်ရွှေမန်းလွှတ်တော်ဂိုဏ်းနဲ့ အလိုတူအလိုပါလှုပ်ရှားနေတဲ့ကိစ္စဖြစ်ပါတယ်။
 အနိမ့်ဆုံးအားဖြင့်တော့ ဒီချုပ်ဥက္ကဋ္ဌနဲ့ လွှတ်တော်အမတ်များဟာ ဖြစ်သင့်တဲ့အနေအထားတစ်ရပ်ကိုတင်ပြပြီး မိမိတို့ ရပ်တည်ချက်ကို အများသိအောင်ဖော်ပြသင့်ပါလျက် မဖော်ပြတဲ့အပြင်၊ ဗိုလ်ရွှေမန်းလွှတ်တော်ဂိုဏ်းဘက်ကနေ မဲပေးနေတာပဲဖြစ်ပါတယ်။ အခြေခံဥပဒေခုံရုံးကိစ္စမှာ “ဥပဒေအရ မှန်တဲ့ဘက်ကရပ်ခဲ့တာ” လို့ ဒီချုပ်အမတ်တစ်ဦးက ထုတ်ပြောဖူးပါတယ်။
ကျနော့်အမြင်နဲ့သဘောထားကတော့ နိုင်ငံရေးဆိုင်ရာရှုဒေါင့်၊ ဥပဒေပညာရပ်ဆိုင်ရာရှုဒေါင့်နေရပ်တည်ပြီး ပေါ်ပေါက်နေတဲ့ပြဿနာရဲ့ မူလဇစ်မြစ်၊ ဖြေရှင်းရမယ့်နည်းလမ်းနဲ့ အကျိုးဆက်တွေကို စနစ်တကျလေ့လာသုံးသပ်ပြီး တင်ပြသင့်တယ်လို့ ယူဆတာပါ။
မူမမှန်တဲ့ “၂၀၀၈ အခြေခံဥပဒေ”ရဲ့ သန္ဓေပါအားနည်းချက်၊ လက်တွေ့အကောင်အထည်ဖော်နေသူတွေရဲ့ အုပ်စုစွဲ၊ ဂိုဏ်းဂဏအစွဲ၊ အတ္တနောမတိ စတဲ့အချက်တွေကို ဖော်ထုတ်ဆန်းစစ် လေ့လာသုံးသပ်ဖို့မသင့်ပေဘူးလား။ ဒီချုပ်ထဲမှာ ဥပဒေဘာသာရပ်နဲ့ကျွမ်းဝင်တဲ့ ရှေ့နေတွေ၊ ပညာရှင်တွေအများကြီးရှိပါတယ်။ “ဆယ်ခါလျှောက်လဲနိုင်တယ်”ဆိုတဲ့ ပညာရှင်တွေဟာ ဘာကြောင့်ဒီလို မှိန်းနေသလဲဆိုတာ ကျနော် မတွေးတတ်ပါဘူး။
(၂ - ၉ - ၂၀၁၂ ) ရက်နေ့၊ မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ (၆) မှာဖေါ်ပြထားတဲ့(ဒေါက်တာမာလာအောင် - ဒုတိယ ပါမောက္ခချုပ်- ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်)ရဲ့  “union level ဒွိဟ သို့မဟုတ် ပြည်ထောင်စုအဓိပ္ပာယ်ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲ ဆန်းစစ်ချက် ” ဆောင်းပါးနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ထဲမှာ မေးခွန်းမေးပါတယ်။
ဒီမေးခွန်းကို ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးဘရှိန် က ပြန်လည်ဖြေကြား  ရာမှာ “နိုင်ငံပိုင်သတင်းစာနှစ်စောင်တွင် ဤဆောင်းပါး ပါရှိလာသည့်အတွက် ဆောင်းပါး၏နောက်ကွယ်၌ ပရောဂတစ်စုံတစ်ရာရှိနေ သလားဟု မေးခွန်းထုတ်စရာရှိနေပါကြောင်း၊ ယခုအချိန်အခါတွင် မီးလောင်ရာလေပင့်ခြင်း မပြုလုပ်သင့်ပါကြောင်း” ဖြေကြားခဲ့ဖူးပါတယ်။
“ဥပဒေပညာရှင်တစ်ဦး”ရဲ့ ယခုဆောင်းပါးကိုလည်း  ဦးဘရှိန် သို့မဟုတ် အခြားသော ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် တစ်ဦးဦးသို့မဟုတ်၊ လွှတ်တော်အမတ်တစ်ဦးဦးက “နောက်ကွယ်၌ ပရောဂတစ်စုံတစ်ရာ ရှိနေသလား၊ မီးလောင်ရာလေပင့် မလုပ်သင့်ကြောင်း” ထပ်မံပြောဆိုလေဦးမည်လား။
ဦးဘရှိန်ဟာ ထိုစဉ်က ဒေါက်တာမာလာအောင်ရဲ့“ဆောင်းပါး”ကို အချက်အလက်တိတိကျကျနဲ့ တုန့်ပြန်နိုင်ခြင်းမရှိပါဘူး။
 “တစ်ဖက်သတ်အမြင်၊ မှန်ကန်မှုမရှိသောအမြင်”တွေနဲ့ တင်ပြထားတာလို့သာ စွပ်စွဲအပြစ်တင်သွားပါတယ်။ “နိုင်ငံတော်ပိုင် သတင်းစာများတွင်ပါရှိလာသင့်သည့် ဥပဒေဆောင်းပါး အဆင့်အတန်း မဟုတ်ပါကြောင်း”လို့လည်း အကဲဖြတ်ခဲ့ပါတယ်။
ထိုစဉ်က ဦးဘရှိန်၏ထိုသို့ပြောဆိုခဲ့မှုတွေကို “ဥပဒေလေ့လာသူတစ်ဦး”အခုလို ထိထိမိမိထိုးနှက်ပြီး ပညာပေးသွားခဲ့ပါတယ်။
“ဥပဒေပညာနဲ့ဒေါက်တာဘွဲ့ရရှိထားသူ ဥပဒေပညာရှင်တစ်ဦးရဲ့ ဥပဒေနဲ့စပ်လျဉ်းသည့်အမြင်တွေ၊ ဥပဒေဆိုင်ရာအယူအဆတွေကို ရေးသားထားတဲ့ဒီလိုဆောင်းပါးမျိုးကို ဝေဖန်သုံးသပ်နေခြင်းဟာလည်း လွန်စွာနားလည်ရခက်လှသလို တန်ဖိုးရှိလှတဲ့ ဥပဒေထောက်ပြချက်တွေကို တန်ဖိုးမထားခဲ့တာဟာလည်း စိတ်မကောင်းဖွယ်ရာ တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ပညာရှင်ကို ပညာပိုင်းအရသာ ဝေဖန်တုံ့ပြန်နိုင်ရင်တုံ့ပြန်၊ မတုံ့ပြန်နိုင်ရင်တော့ နမူနာယူသင့်တယ်လို့ ယူဆမိတယ်”
“ဥပဒေပညာရှင်တစ်ဦး”ဆိုသူက “နမူနာယူသင့်တယ်”လို့ ဦးဘရှိန် တစ်ဦးတည်းကို ပုဂ္ဂလဓိဋ္ဌာန်ဝေဖန်သွားတာ မဟုတ်ဘဲ၊ ဗိုလ်ရွှေမန်းလွှတ်တော်ဂိုဏ်းတစ်ခုလုံးကိုပါ တတ်ယောင်ကားတော့မလုပ်နဲ့ဆိုပြီး စိန်ခေါ်လိုက်တာဖြစ်မယ်လို့ ယူဆပါတယ်။
 “အမှောင်ထဲကနေ ခဲနဲ့ပေါက်နေတာ”တော့ ဟုတ်ဟန်မတူပါဘူး။
ကျနော်ကတော့ “ဥပဒေပညာရှင်တစ်ဦး”ဆိုသူဟာ “ထူးခြားတဲ့ စွမ်းရည်သတ္တိတစ်မျိုး လက်ဝယ်ရှိထားသူ” မြဝတီသတင်းစာ ပေါ်မှာ ကိုယ်ထင်ပြလာတဲ့ “ဒေါက်တာဆိတ်ဖွား” များဖြစ်နေမလားဆိုပြီး အတွေးသံသယပွားနေမိပါတယ်။
အကယ်၍ အခဲမကျေနိုင်တဲ့ဗိုလ်ရွှေမန်းလွှတ်တော်ဂိုဏ်းက“ဥပဒေပညာရှင်တစ်ဦး”ဘယ်သူလဲ၊ စစ်တပ်ပိုင် “မြဝတီသတင်းစာ”က ဒီဆောင်းပါးကို ဘာကြောင့်ထည့်သွင်းဖော်ပြရသလဲဆိုတာနဲ့ပတ်သက်ပြီး လေ့လာစုံစမ်းဖော်ထုတ်မယ်ဆိုရင်တော့ ယနေ့လွှတ်တော် နိုင်ငံရေးဟာ သဲထိတ်ရင်ဖိုဇာတ်ကားတစ်ခုလို စိတ်ဝင်စားဖွယ်ဖြစ်လိမ့်မယ်လို့ ထင်မြင်ယူဆမိပါကြောင်းနှင့် “၂၀၀၈ အခြေခံဥပဒေ“ မဖျက်သိမ်းနိုင်သမျှ ဇာတ်ထုတ်တွေဇာတ်ရှုပ်တွေကို ရှုစားကြရပါဦးမယ်ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။
-   ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုသလိုသုံးဖို့ ထင်သလို အဓိပ္ပါယ်ဖွင့်ဆိုကြမည်လား” (ဥပဒေလေ့ လာသူတစ်ဦး) မြဝတီသတင်းစာ၊ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်၊ စာမျက်နှာ (၁၈ - ၁၉)
-မြန်မာ့အလင်းသတင်းစာ၊ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၆ ရက်


0 comments:

Post a Comment