Wednesday, August 28, 2013

ဒီမနက်(သြဂုတ် ၂၈၊ ၂ဝ၁၃)ရေးတဲ့တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)

0 comments
ဒီမနက်(သြဂုတ် ၂၈၊ ၂ဝ၁၃)ရေးတဲ့တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)
အာရှထဲကပဲ ဂျပန်မှာ အလုပ်သွားလုပ်သူ၊ မလေးမှာသွားလုပ်သူနဲ့ ထိုင်းမှာသွားလုပ်သူတွေတောင် မတူတဲ့လူမှုစီးပွားနောက်ခံတွေ ကဖြစ်ပြီး မတူတဲ့ပုံစံ(တရားဝင်နဲ့တရားမဝင်)တွေနဲ့သွားကြတာပါ။ မလေးသွားသူအများစုဟာ (တရားဝင်)ရှိစုမဲ့စုလေး ပေါင်နှံရောင်း ချပြီးသွားကြတာပါ။ ရေကြည်မြက်နုရာ အပြီးရွှေ့သွားကြတာမဟုတ်ပဲ ရနိုင်သမျှရေလေးမြက်လေး မိသားစုစာကဲ့ယူပေးဖို့ပါ။ ပြည်တွင်းက အစွန်းရောက်အကြမ်းဖက်မှုမီးကို မလေးအထိလှမ်းရှို့ပြီး မျိုးချစ်ပြလိုက်တာရဲ့ဂယက်နဲ့ အကျိုးဆက်ဘာတွေဖြစ်ခဲ့လဲ အားလုံးသိပြီးသားပါ။ ခု သူတို့ ဟိုနိုင်ငံတွေဆီပြန်ပြီး ဒုံရင်းကိုပြန်ဆင်းကြတော့မယ်ဆိုတော့ စိတ်မကောင်းပါ။ ဘယ်နိုင်ငံမှာဖြစ်ဖြစ် ပညာ၊ ဓန၊ အဆက်အသွယ်၊ အဝန်းအဝိုင်းမရှိပဲ ကာယအားနဲ့ထမင်းရှာစားရတာ လွယ်တဲ့ကိစ္စမဟုတ်ပါ။ နိုင်ငံခြားမှာ ပိုဆိုးပါတယ်။ ဒါပေမယ့် အပူသက်သာမလားလို့ မီးဖိုထဲခုန်ချမိသူတချို့ကတော့ ငရဲကလူတွေလို ပြာပူကမှတော်သေးဆိုတဲ့ လက်တွေ့ဘဝကပြဌာန်းတဲ့အသိပိုက်ပြီး ပြည်တော်ကနေ ”ပြန်”ကြတာလို့ပြောရင်ရမလားပဲ။ (မလေးပြန်ကိစ္စ)
အရင်တုန်းက တိုင်းပြည်တပြည်ပြည်ကို ဝင်တိုက်တော့မယ်ဆိုရင် မတိုက်ခင်ကတည်းက တိုင်းပြည်ပြန်လည်ထူထောင်ပေးရေး အစီအမံတွေပါချလေ့ရှိတယ်။ (ဝင်တတိုက်တယ်တို့ အစီအမံချတယ်တို့ စတာတွေကပြောရရင်အများသား။ ခုပြောမှာ အဲ့ဒါမဟုတ်လို့ ချန်ခဲ့ပါတယ်) ခုနောက်ပိုင်း(အထင်ရှားဆုံးက) အာဖဂန် အီရတ်နဲ့လစ်ဗျားစတာတွေ) ဝင်တိုက်ပြီးတာနဲ့ သူ့တပ်သူပြန်ဆွဲထုတ်ပြီး ဖုတ်ဖက်ခါထပြန်တာပဲ။ မတိုက်ခင်နဲ့တိုက်တုန်းက ဒလဟောရောင်းစား (ပေးခဲ့တာတွေလည်းပါပါတယ်)ခဲ့တဲ့ လက်နက်ကြီး/ငယ်တွေနဲ့ အကယ်တင်ခံရတယ်ဆိုတဲ့ နိုင်ငံတွေမှာ ပြည်တွင်းစစ်မီးတွေဟုန်းဟုန်းတောက်ကျန်ခဲ့လည်း အာဏာရှင်အောက်လွတ်သွားပြီတို့ ဒီမိုကရေစီပွင့်လင်းစပြုပြီတို့ဆိုကာဝါဒဖြန့်တာလည်း မြင်နေရတယ်။ ခု ကျနော်တို့ ဆီးရီးယားကို ဘယ်လိုပုံနဲ့မြင်ရလေဦးမလဲ။ အီဂျစ်လို(ဗမာပြည်လို) စစ်ကြီးစိုးတဲ့တိုင်းပြည်တပြည်ရဲ့ကြမ္မာမျိုး ငင်လေတော့မလား။
(ဆီးရီးယားကိစ္စ)
အမတ်မင်းတစ်ပါးက ဆုံတုန်းဆုံခိုက်လေးမှာ ဆုံးမချေချွတ်သွားတယ်ဗျာ။ နိုင်ငံရေးလုပ်တာ စာဖတ်ဖို့မလိုဘူး လက်တွေ့ကျကျစဉ်းစားတတ် လုပ်တတ်ဖို့သာလိုတယ်..တဲ့။ ဒါက တစ်ခု။ နောက်တစ်ခုက ထောင်ကျတာညံ့လို့တဲ့ ထွက်ပြေးလွတ်ရဲ့သားနဲ့ ပြေးမှမပြေးတာ..တဲ့။ ကျနော်လည်း ရီနေလိုက်တယ်။ ကျနော် ဘာမှပြန်မပြောတော့ သူက အားတက်သွားပုံရတယ်။ ဒီတင် စကားတွေ ဒလကြမ်းလွှတ်တော့တာပဲ။ ၅ မိနစ်လောက်တောက်လျှောက်ပြောသွားတာမှာ အကြိမ် ၂ဝ ထက်မက ထပ်နေတဲ့စကားလုံးက ဒေါ်အောင်ဆန်းစုကြည်ဖြစ်နေပြီး ပွင့်လင်းမြင်သာမှုနဲ့ တရားဥပဒေစိုးမိုးရေးကလည်း မနည်းဘူး။ ကျနော်လည်း နားမထောင်ချင်တော့တာနဲ့ လှည့်ထွက်မလို့လုပ်တော့ သူက အေးဗျာ ခုလိုစကားပြောခွင့်ကြုံကြရတာ ဝမ်းသာစရာပါ၊ သမ္မတကြီးဦးသိန်းစိန်တို့ကျေးဇူးပဲဗျ..တဲ့။ ကျနော်လည်း အင်း..အင်း..လုပ်ပြီး အဲ့အမတ်ကိုထားခဲ့တယ်။ အိမ်ပြန်ရောက်တော့မှ အလုပ်တွေများနေလို့ မအားလို့ပါပြောရမယ့်သူစာရင်းထဲထည့်လိုက်တယ်။ (မောင်မင်းကြီးသားအမတ်မင်းကိစ္စ)
အရှေ့အလယ်ပိုင်းသတင်းတွေဖတ်ရင်း ဆီးရီးယားကို အမေရိကန်နဲ့ဗြိတိန်က တိုမဟော့ခ်ဒုံးကျည်နဲ့ပစ်တော့မှာ..တဲ့။ အစ္စရေးလ်ကလည်း ဆီးရီးယားကပြန်ပစ်လို့ သူ့ဘက်သာလာကျလို့တော့ ဆီးရီးယားနိုင်ငံကိုယ့်ဘဝကိုယ်တွေးထား ပွဲပြတ်ပြီသာမှတ်ဆိုပြီး ဒုံးကျည်ကာကွယ်ရေးစနစ်တွေနဲ့ ကြိမ်းမောင်းနေတာတွေ။ ရုရှားနဲ့ ဆော်ဒီကလည်း လက်တပြင်ပြင်ဖြစ်နေတာ။ တူရကီက လှမ်းသတိပေးနေတာ ဘာညာတွေနဲ့စိတ်လက် ဆင်းရဲနေတုန်း ဘယ်ကမှန်းမသိတဲ့လူတစ်ယောက်က ဖေ့စ်ဘွတ်ခ်ပေါ်မှာ (ဗမာတိုင်းသိုင်းတတ်ရမည်)ဆိုတာကို ဘယ်လိုမြင်သလဲဗျ ဆိုပြီး လာမေးတယ်ဗျာ။ ပြန်မဖြေချင်တာတနဲ့ အသာငြိမ်နေတာ မရဘူး ၃-၄ ခါထပ်မေးလာတယ်။ ဘယ်လိုမှ မမြင်ပါဘူးခင်ဗျလည်းဆိုရော..မအေ-ိုးခွေးမသားကုလား မျိုးမစစ် မျိုးချစ်စိတ်မရှိတဲ့ကောင် တွေ့မယ်ဆိုပြီး ကြိမ်းလည်းကြိမ်း Block လည်း Block လိုက်တာဗျ။ တော်သေးတာပေါ့ နို့မို့ဆို ကိုယ့်ဘက်က စ Block နေရဦးမှာ။ (သိုင်းဆရာကိစ္စ)

ဆရာဒဂုန်တာရာက နိုင်ငံရေးယဉ်ကျေးမှုကို သူ့ဘဝပြဌာန်းချက်ကပေးတဲ့အသိအတိုင်း၊ သူ့ယုံကြည်ရပ်ခံချက်အတိုင်း၊ သူ့မူအတိုင်း သူဖွင့်တယ်။ အဲ့ဒီအတိုင်းလည်း တသဝေမတိမ်းနေတယ်။ ယိမ်းယိုင်မသွားဘူး သေတဲ့အထိပဲ။ သူ့နေရာ ဘာဆိုတာ အသေအချာသိသလို တိတိကျကျရွေးချယ်ပြီး တည့်တည့်မတ်မတ် ပြတ်ပြတ်သားသားလျှောက်တယ်။ သူပြောတဲ့ငြိမ်းချမ်းရေးမှာ “စစ်အာဏာရှင်ဆန့်ကျင်ရေးအနှစ်သာရ” အပြည့်ပါသလို “လူမျိုးစုံချစ်ကြည်ရေး၊ တန်းတူရေး၊ ညီညွတ်ရေး”တွေနဲ့ထုံမွှမ်းထားတာ။ ဒါ့အပြင် သူမြတ်နိုးယုံကြည်တဲ့ ငြိမ်းချမ်းရေးနဲ့ သူ့နိုင်ငံရေးမူအတွက် ထောင်တန်းအကျခံလုပ်ခဲ့သူပဲ။ သူ မိတ်ဆွေဖြစ်ဖို့ကြိုးစားသူတွေနဲ့ မိတ်ဆွေဖြစ်/မဖြစ်မသေချာပေမယ့် အဲ့လူတွေဆီမှာ ဒူးမထောက်ဘူး။ လက်နက်မချဘူး။ သူ့ငြိမ်းချမ်းရေးမူနဲ့ သူ့နိုင်ငံရေးအယူ(ရန်သူကိုမိတ်ဆွေလုပ်ခြင်း)ကြိုက်/မကြိုက်၊ လက်ခံ/မခံကိစ္စက တပိုင်းပြောရမှာဖြစ်တယ်။ ခုနောက်ဆုံး သူပြောတယ်လို့ ဧရာဝတီမှာတင်ထားတဲ့ ”စာရေးဆရာကြီးဒဂုန်တာရာ၏ အာဇာနည်နေ့အမှတ်တရပြောကြားချက်”မှာ ”ငြိမ်းချမ်းရေးသာလျှင် ဒီမိုကရေစီပန်းတိုင်ဖြစ်တယ်၊ ငြိမ်းချမ်းရေးနည်းနဲ့သာမိတ်ဆွေဖြစ်နိုင်မယ်”ဆိုတာကလည်း(သူတကယ်ပြောတာဆိုရင်) သူ့မူကနေ တပြားသားမှမရွေ့သွားဘူးဆိုတာရဲ့ ဖော်ထုတ်ချက်ပဲ။ ဒီမိုကရေစီရဲ့ပန်းတိုင်ဟာ ငြိမ်းချမ်းရေးပဲလို့ အတိအလင်းဆိုတာပဲ။ ကိုယ့်ဘာသာကိုယ် အညံ့ခံချင်အရှူံးပေးချင် လက်နက်ချချင်တာနဲ့ပဲ ဒဂုန်တာရာကို မမှန်ကိုးကားရရောလား။ လိုရာဆွဲကောက်ချက်နဲ့ အလွဲသုံးစားပြုရရောလား။ ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်တာနဲ့ရန်သူကိုမိတ်ဆွေလုပ်တာ မတူဘူး။ ပိုဆိုးတာက ရန်သူကိုမိတ်ဆွေလုပ်မယ်ဆိုပြီး မိတ်ဆွေတွေကိုရန်သူလုပ်သွားကြတာပဲ။ သတင်းသမား မသမာရင် လီဆယ်လုပ်ကြံရင် ”မီဒီယာစာရိတ္တပျက်တယ်”လို့ပြောတယ်ဆိုရင် နိုင်ငံရေးသမားကျတော့ နိုင်ငံရေးအကျင့်တန်တာ ”နိုင်ငံရေးစာရိတ္တမခိုင်ကျည်တာ”ပဲဖြစ်တယ်လို့ မှတ်တယ်။ (ရန်သူနဲ့မိတ်လိုက်သူကိစ္စ)မျိုးမြင့်ချို

ပြည်တော်ပြန်က နှစ်ပြန်ရှိမယ်ထင်တယ်။ တပြန်က ၈၈ နောက်ပိုင်း နိုင်ငံရေးအကြောင်းခံတွေနဲ့ ပြည်ပနိုင်ငံတွေရောက်ပြီး အခု အထဲပြန်ဝင်ကြသူတွေ။ နောက် တပြန်က ဟိုတလောက မလေးရှားမှာ ပြည်တွင်းကမျိုးချစ်တွေရှို့လိုက်တဲ့မီးသွားလောင်လို့ ဗမာပြည်ပြန်ခေါ်ယူပြီး ကယ်တင်ခြင်းခံလိုက်ရတဲ့ ဗမာပြည်သားအလုပ်သမားတချို့ဖြစ်မယ်။ ပြည်တော်(မွေးရပ်)ကိုပြန်လာတာ ဟန်မကျတာနဲ့ ပြည်တော်(မလေး) ကိုပြန်ကြတာပဲ။ သူတို့လည်း ပြည်တော်ပြန်လို့ခေါ်ရမယ်ထင်တယ်။ ဒါပေမယ့် မတူတာက သူတို့က ချွေးနှဲစာနဲ့ နဖူးကချွေးခြေမကျတဲ့အထိ ကြက်လိုယက်ပြီး ရှာစားနေရသူတွေမို့ ကိုယ်ချင်းစာသလို ပြန်တော်ပြန်လို့မခေါ်ရက်ဘူး။ (ပြန် ၂ ပြန်ကိစ္စ)

လူဆိုတာ လက်ထဲမှာသေနတ်မရှိရင် ကြက်ငှက်ထက် ဖမ်းရလွယ်တယ်။ ကြက်ငှက်ကမှ ပျံပြေးလို့ရသေးတယ်...တဲ့။ ဘယ်သူပြောမှန်းမသိတဲ့စကားပဲ။ လက်တွေ့အရမှန်လို့ ကြိုက်တယ်။ လက်နက်ကိုင်တော်လှန်ရေးတော့ ကိုယ်တိုင်မလုပ်ချင်ဘူး။ လုပ်လည်းမလုပ်ခဲ့ဖူးဘူး။ လုပ်နေသူတွေဘာ့ကြောင့်လုပ်ရတယ်ဆိုတာ အပြည့်အဝနားလည်တယ်၊ စာနာတယ်။ လက်နက်ကိုင်ဖိနှိပ်နေသူကို လက်နက်နဲ့ပြန်ချတာ မတရားတာမဟုတ်ဘူး။ တရားတယ်။ ဒါပေမယ့် အဖမ်းမခံရအောင်တိမ်းရှောင်ရင်း မတော်တဆလက်နက်ကိုင်မိသွားတဲ့(အတွေးအခေါ်အရ သိမြင်ပြင်တည်ဆောက်ပြီးမှ လက်နက်ကိုင်တော်လှန်ရေးထဲရောက်ခြင်းမျိုး မဟုတ်ပဲ) ခြေချော်လက်ချော်တော်လှန်ရေးသမားဖြစ်ဖူးသူတချို့ လက်နက်နဲ့ ဟိုဟာနဲ့လဲလိုက် ဒီဟာနဲ့လဲလိုက်လုပ်နေတာမြင်တော့ ကြက်ငှက်လိုပျံမပြေးနိုင်တဲ့အဖြစ်၊ သေနတ်မရှိတဲ့ဘဝနဲ့ အကျဉ်းထောင်တွေထဲက နိုင်ငံရေးလူအစစ်တွေကို ပိုလို့သာ ရိုကျိုးမိတယ်။ (ခြေချော်လက်ချောတော်လှန်ရေးကိစ္စ)


0 comments:

Post a Comment