အမေ့မွေးနေ့မှာပြောတဲ့ ကျနော့်အကြောင်း
(မျိုးမြင့်ချို-သြဂုတ် ၁၈၊ ၂ဝ၁၃)
ကျနော့်တွင် မွေးနေ့နှင့်စပ်၍တကူးတကန့်
သိပ်မရှိလှ။ ကျနော့်ဘဝတွင် မွေးနေ့သည် အခြားနေ့များနှင့်မခြား
ကုန်လွန်ဖြတ်သန်းသွား၏။ (၅ဝ)မြောက်မွေးနေ့တွင် လူမှန်းသိတတ်စမှစကာ မဆုံးခင်အထိ
တွေးမိမြင်မိကြုံမိဖြတ်မိသမျှ လူတွေ၊ အဖြစ်အပျက်တွေ၊ အတွေးတွေကိုရေးမည်ဟု အားခဲကာရေးသော်လည်း
တစ်ပုဒ်နှင့် ထန်ကုန်သွား၏။ ဆက်မရေးဖြစ်တော့။ စိတ်သွားပြီးကိုယ်မပါလို့ပဲ
သဘောထားရမှာလိုလို။ နောက်တခုက ကိုယ့်မွေးနေ့မှာ သူများမွေးနေ့အကြောင်း
နည်းနည်းပါးပါးရေးဖူး၏။ သိတ်မည်မည်ရရတော့မဟုတ်။ ခုတော့ အမေ့မွေးနေ့မှာ
ကျနော့်မွေးနေ့အကြောင်းရေးချင်လာ၏။
ကျနော့်မွေးနေ့သည် ၁၉၆၃ ခု၊ ဖေဖော်ဝါရီလ
၁ဝ ရက် (တနင်္ဂနွေနေ့)။ ဗမာလူမျိုးတို့တွင် မွေးနေ့နှင့်မွေးရက်ကို
တွဲမှတ်သည့်အလေ့ရှိရုံမက မွေးနေ့ပေါ်တည်ကာ လူ၏စိတ်သဘောမနော၊ စရိုက်နှင့်ကံကြမ္မာတစိတ်တပိုင်းပါ
ပေါ်နိုင်ဖော်နိုင်သည်ဟု ”ယုံကြည်စွဲ”ရှိတတ်ကြ၏။ ဥပမာ သောကြာသား စကားများ၊
သားဦးစနေမီးလိုမွှေ စသည်များဖြစ်၏။ တခါ အချိန်။ ဘယ်အချိန်လဲ
နေတက်ရေတက်လားဆိုသည်ကရှိသေး၏။ ထို အချိန်အပိုင်းအခြားတို့ကလည်း မွေးနေရှင်၏စရိုက်အပေါ်ထင်ဟပ်သည်ဟု
ယုံကြသည်မဟုတ်လား။ ထိုကိစ္စတို့ကို “နေ့စွဲ” စွဲသည်ဟု ဆိုရမည်လားမပြောတတ်။
အမေရိကန်တွေကျတော့ တမျိုး။ မွေးရက်ကိုသာမှတ်၏။ မွေးနေ့ကို မမှတ်။
ရေတက်နေတက်တွေလည်း မရှိ။ ဘာနေ့မွေးလဲမေးလျှင် မသိသူများ၏။ ကိစ္စမရှိ။
ခရစ်သက္ကရာဇ်ကျသည့်အတိုင်း တနှစ်တကြိမ် မပျက်မကွက်နွဲကြ၏။ အကုန်အကျလည်း
နိုင်သလောက်ခံတတ်ကြ၏။ ကျနော်ကျတော့ အသက် (၄ဝ)မှာ ပထမဆုံးအကြိမ်မွေးနေ့ကို
ထောင်ထဲတွင်လုပ်ဖူး၏။ သည့်အရင်က မလုပ်စဖူး။ ခုလည်း မလုပ်ဖြစ်။ နောင်လည်း
လုပ်ဖြစ်စရာအကြောင်း သိတ်မရှိလှ။ အမေလည်း ဒီရောက်မှ နှစ်တိုင်းမပျက်
မွေးနေ့အလုပ်ခံရတော့၏။ အရင်က သည်လိုမဟုတ်။ ခုလုပ်ပေးသည့် သူ့မွေးနေ့တွေမှာ
သူ့မြေးလေးနှင့် ပြုံးပြုံးပျော်ပျော်မြင်တော့ ကျနော်တို့လည်း စိတ်ချမ်းသာ၏။
မြန်မာတွင် နေ့နမ်အလိုက်အမည်မှည့်သည့်
စနစ်ရှိ၏။ နံမည်ကြည့်ပြီး ဘာနေ့သားလဲမှန်းလို့ရသလို ရဟန်းတွေကြတော့ ဘွဲ့အမည်ကြည့်တာနှင့်
ဘာနေ့ဖွားမှန်း တန်းကနဲပြောနိုင်၏။ ခုတော့ နောက်မျိုးဆက်မြန်မာတို့က
အမည်လှရေးနှင့်ကြီးပွားအောင်မြင်ရေး ရှေ့တန်းအတင် များတော့
နေ့နမ်အလိုက်အမည်ပေးစနစ်ကို ဘယ်နှရာခိုင်နှုန်းအထိဆက်သုံးနေသေးလဲမပြောတတ်။
ကျနော်တို့မောင်နှမတွေက အမည်နေ့ကိုက်နမ်ကိုက် တစ်ယောက်မှမရှိသလို
အမေကိုယ်တိုင်လည်း နေ့ကိုက်နမ်ကိုက်မဟုတ်။ အမေ့အမည်က ဒေါ်ကြည်။ လူက ဗုဒ္ဒဟူးသမီး။
ကျနော်တို့လည်း မိဘတို့ မှဲ့တတ်သလိုမှဲ့ခဲ့ကြသည့်အမည်များနှင့် ယခုအထိ။ ကျနော်
အမေရိကန်နိုင်ငံသားဖြေတာ အောင်တော့ အင်တာဗျူးလုပ်သည့်အရာရှိက
အမည်ပြောင်းချင်သလား ဟုမေး၏။ ကျနော်က မပြောင်းချင်သဖြင့် မပြောင်းခဲ့။
မိဘတို့မှဲ့ခဲ့သည့် အမည်ဖြင့်သာ နေချင်သေချင်၏။ နေ့နမ် မကိုက်လည်း ကိစ္စမရှိ။
မပြောင်းချင်၊ ရှေ့မှာလည်း ထပ်မဆက်ချင်။ တခြားနိုင်ငံသားဖြစ်သွားလည်း
ဒီအတိုင်းပဲနေချင်၏။ အမေရိကန်တွေမှာတော့ နေ့နမ်ကိုက်တာမကိုက်တာ မသိ။ ရှိလည်း မရှိ။
သူတို့မှာ (ဖခင်နှင့်လင်သား) မျိုးရိုးအမည်ဖြင့်အမည်မှဲ့သည့်စနစ်၊ ဆက်ခံသည့်စနစ်
မဟုတ်လား။ ကျနော်တို့လက်ထပ်စာချုပ် ချုပ်တော့ လက်ထပ်ထိမ်းမြားရေးအရာရှိက
ကျနော့်ဇနီးအား အမည်ပြောင်းမလားပြောတော့ မပြောင်းပါဘူးဟုပြန်ဖြေ၏။ သည်တွင် အရာရှိက
ပြုံးပြုံးရွှင်ရွှင်နှင့်မျက်ခုံးပင့်ကာ ပခုန်းတွန့်၏။ ကျနော်တို့ ကလည်း
ပြန်ပြုံးပြဖြစ်၏။ ရှင်းတော့ ပြမနေချင်။ ပြဖို့လည်းမလိုဟု ထင်၏။ အမှန်က ကျနော်လည်း
မိဘပေးခဲ့သည့်အမည်ကို မပြောင်းချင်သလို ဇနီးကိုလည်း သူ့အမည်ဖြင့်သာနေစေ့ချင်၏။
အဲ့ဒီအကြောင်း အမေ့ကိုပြောပြတော့ လက်ကနဲတချက်ပြုံး၏။ အမေ့စိတ်ထဲ
ဘယ်လိုရှိမည်မဆိုနိုင်သော်လည်း မျက်နှာကြည့်ရသည်ကတော့ စိတ်ချမ်းသာစရာပင်။
နောက်တခုက အမေရိကန်ရောက်
မြန်မာလူကြီးများအတွက် သားသမီးတွေက မွေးနေ့လုပ်ပေးတော့ ဘယ်နှစ်နဲ့လုပ်ရမည်လဲကလည်း
ခေါင်းစားစရာ။ လူကြီးတချို့က သူတို့မွေးနေ့ကို ဗမာနှစ်နဲ့မှတ်ကြ၍ဖြစ်၏။
အင်္ဂလိပ်နှစ်နှင့်ဗမာနှစ်က ဘယ်လောက်ကြာမှတစ်ခါထပ်သလဲ ကျနော်လည်း မပြောတတ်။
လူငယ်တွေကတော့ လွယ်လွယ်ပဲ အင်္ဂလိပ်နှစ်ဖြင့်လုပ်ပေးလိုက်၏။ လူကြီးတွေစိတ်ထဲ
ထိုနေ့သည် သူတို့အမှန်တကယ်မွေးဖွားခဲ့သည့်နေ့ဟုလက်ခံဖို့ အင်တင်တင်ဖြစ်သလား
မပြောတတ်။ အမေ ဒီ စရောက်သည့်နှစ်က အမေ့မွေးနေ့ကို အင်္ဂလိပ်နှစ်ဖြင့် လုပ်ပေး၏။
ဘာမှတော့မပြော။ သို့သော် သူ့မွေးနေ့အပြီး တနေ့ ကျနော်နှင့်နှစ်ယောက်ထဲရှိခိုက်
“ဒီနေ့အမေ့မွေးနေ့လေ” ဆိုတော့ ကျနော့်စိတ်ထဲကျင်ကနဲဖြစ်ကာ ထိခိုက်ရ၏။
သူ့မွေးနေ့ကို ဗမာလိုပဲလုပ်ပေးစေချင်သလားဟုတွေးမိကာ မျက်ရည်လည်မိ၏။ တခါတလေ တချို့က
မွေးနေ့မေးလျှင် အမေ ဗမာလိုပြန်ပြန်ဖြေတတ်ကို ခုမှသဘောပေါက်ပြီး
စိတ်ထဲမကောင်းသလိုဖြစ်၏။
ခု အမေ့အသက် (၈၁)နှစ်ရှိပြီ။
အမေ့မွေးနေ့သည် (၁၂၉၄)ပြာသိုလဆုတ်(၁)ရက်။ တခါတလေကျ အမေက “ပြာသိုလပြည့်ကျော်
(၁)ရက်လို့ပြောလည်း ရတယ်”ဟု ဒီက ကလေးတွေကိုပြောပြတတ်၏။ ဒီက ကလေးတချို့က
ပြာသိုလလည်းမသိ။ လဆုတ်(၁)ရက်ကို လပြည့်ကျော်(၁)ရက်ဟု ခေါ်ရကောင်းမှန်းလည်း မသိ။
မသိလို့လည်း ဘာမှမဖြစ်။ အပြစ်လည်းဆိုစရာမရှိ။ လောလောဆယ်မှာ ကိစ္စက အကြီး ကြီး
မရှိသေး။ ကျနော်ကသာ “ဒီနှစ်တော့ အမေ့မွေးနေ့ကို ဗမာလိုပါလုပ်ပေးဦးမှ”ဆိုကာ
တွေးနေမိ၏။ အမေလည်း နှစ်သက်မည်ထင်၏။ အမေ့ဘဝလက်ကျန်နှစ်တို့တွင်
တနှစ်(၂)ကြိမ်မွေးနေ့လုပ်ပေးရန် မောင်နှမတွေတိုင်ပင်ရမည်။ မျိုးမြင့်ချို (သြဂုတ်
၁၈ ရက် ၂ဝ၁၃)
0 comments:
Post a Comment