”ဘာလို့”ကို ဘာလို့မမေးကြ/မေးကြတာလဲ
(မျိုးမြင့်ချိုသြဂုတ် ၂၅၊ ၂၀၁၃)
ဒီက ကလေးတွေကို တစ်ခုခုပြောလိုက်ရင်
ဘာလို့ Why? ဆိုပြီး ပြန်မေးတတ်တာကို ဒီကမဟုတ်တဲ့လူအချို့က အတော်
နှစ်နှစ်ခြိုက်ခြိုက်လေးပြောကြတယ်။ ၈၈-ငြိမ်း/ပွင့်တွေလာတုန်းကဆို တယောက်က
တခုတ်တရတောင် ပြောသေးတယ်။ ဒါပေမယ့် ဒီကကလေးတွေ ”ဘာလို့”ကို ဘယ်လိုမေးကြတာ ကိုတော့
မပြောသွားကြဘူး။ မသိလို့လည်း ဖြစ်ရင်ဖြစ်မယ်၊ကောင်းမယ်ထင်ပြီးပြောတာလည်း
ဖြစ်ရင်ဖြစ်မယ်။ ဟိုက ကလေးတွေ မမေးတတ်တာကို အားမလိုအားမရလို့လည်း ဖြစ်ရင်ဖြစ်မယ်။
အဖြစ်နိုင်ဆုံးကတော့ ကိုယ်ကိုယ်တိုင် ”ဘာလို့”ဆိုတာကို မေးခွင့်မရခဲ့တာကြောင့်လို့ထင်တယ်။ သေတော့ မသေချာပါဘူး။ ဆိုတော့ သူတို့ မပြောတဲ့ ”ဘာလို့”အကြောင်းကျနော်
”တွေးမိနဲ့တွေ့မိ”သလောက် ချုပ်ပြီးပြောကြည့်ချင်ပါတယ်။
ကြိုပြောထားချင်တာက”ဘာလို့”မေးတတ်တာကိုနှစ်ခြိုက်သူတွေထဲ ကျနော်လည်းပါတယ်ဆိုတာပါ။
ဘာလို့နှစ်ခြိုက်ရသလဲလို့ မေးမနေနဲ့ဗျာ။ (ပြောရင်း ဇာတိက ပေါ်ရော မဟုတ်လား)
အဲ့ဒါကြောင့် နှစ်ခြိုက်တာပါ။
”ဘာလို့”ဆိုတာကို မမေးတတ်တဲ့၊
မေးတတ်အောင်အသွန်အသင်မရှိတဲ့၊ မေးရကောင်းမှန်း မသိတဲ့၊ မေးရကောင်းမှန်းသိအောင်အပဲ့ပြင်မခံရတဲ့ဘဝနဲ့ကြီးပြင်းရတဲ့ကျနော်တို့လိုလူတွေအတွက်တော့ ဘဘောကျစကြီးလို့ထင်မှတ်ရမှာပါပဲ။ အရင်ဆုံးပြောချင်တာက ဒီက ကလေးအများစုက ”ဘာလို့”ကို
သူတပါးကိုပဲ မေးကြတယ်ဆိုတာပါပဲ။ ကိုယ့်ကိုယ်ကို မေးရကောင်းမှန်းမသိတာပါပဲ။
သူတပါးကိုမေးရမယ့်အရာလို့ပဲ နားအလည်များနေကြတာပါပဲ။ ဒါက တချက်ပါ။ နောက်တချက်က
ကလေးက မေးသာမေးရတယ် ဘာမှန်းမသိပဲမေးလိုက်တာမျိုးပါ။ လူချင်းဆုံရင် ”ဟိုင်း”
”ဟဲလို” ”ဟာင်းအားရ်ယူ” သင့်ခ်ကျူးဆို ”ယူးဝဲလ်ကမ်း”စတာတွေပြောသလို
မေးရိုးမေးစဉ်ဖြစ်နေတဲ့သဘော (နှုတ်ကျိုးနေတဲ့သဘော)လည်းတွေ့ရပါတယ်။ မေးရမယ့်အရာလို့အပဲ့ပြင်ခံရတာဆိုတော့ ”ဒါဟာမေးကိုမေးရမယ့် ကိစ္စ/အရာ”ပဲလို့
နားလည်သွားတာထင်ပါတယ်။တစ်ချို့ကလေးတွေဆို အခြားတယောက်ယောက်က
တခုခုပြောတိုင်းလုပ်တိုင်း ”ဘာလို့”မမေးမိရင် တာဝန်ပဲမကျေတာလိုလို၊
အပြစ်ပဲလုပ်မိသလိုလိုဖြစ်ပြီး မလုံမလဲဖြစ်တာတောင်တွေ့ဖူးပါတယ်။
ဘာလို့ဆိုတာရဲ့အကြောင်းရင်းကို အတွေ့အကြုံအရ၊ဘဝအရ၊ အသက်အရွယ်အရ
ဘယ်လိုမှမသိနိုင် မတွေးယူနိုင်သေးလို့မေးတာက တကိစ္စဖြစ်ပါ။
ခန္ဓာနဲ့ဦးနှောက်ဖွံ့ဖြိုးမှုကလည်း ပုံမှန်၊ အတွေ့အကြုံ၊ အသက်၊ ဘဝတွေကလည်း
သိနိုင်တွေးနိုင်ရက်နဲ့မေးတယ်ဆိုတာက ကိစ္စတခုပါ။
ထားပါတော့ ကျနော် ဥပမာပြပါ့မယ်။
တစ်နေ့တော့ အိမ်လာလည်တဲ့ကလေးမလေးတစ်ယောက်က (၁၂-နှစ်အရွယ်၊ စိတ်နဲ့လူလည်းပုံမှန်ရှိတဲ့) ကွန်ကရိကြမ်းခင်းတွေကြားမှာ ကပ်သီးကပ်သပ်ပေါက်နေတဲ့ အမြစ်ရှည်မြက်ကြမ်းကြီးတွေကို
လက်နုနုဖတ်ဖတ်ကလေးနဲ့ တစ်ပင်ခြင်းတစ်စခြင်း လိုက်နှုတ်နေတော့ ကျနော်က ” ကလေး
အဲ့လိုမလုပ်နဲ့” ဆိုတော့ ဘာလို့ Why? လို့ ပြန်မေးတယ်။ အဲ့ဒီအချိန်မှာ
လက်ချောင်းလေးတွေနဲ့သူ့လက်တပြင်လုံး မြက်ရှလို့ရဲတွတ်နေပြီ။ ကျနော်
ခတ်တိုတို ရှင်းပြပြီး မြက်ကြမ်းနှုတ်(ပလာယာလိုဟာ)ကိရိယာ ပေးလိုက်တယ်။ ”ဆက်လုပ်ကွ”
လို့ပြောပြီး ထားခဲ့တယ်။ အတော်လေးကြာတော့ ပြန်လာတယ်။ မြက်တွေအကုန်နီးနီး သူ
နှုတ်ပြီးနေပြီ။ ဒီတော့ကျနော်က ”အဲ့လိုမလုပ်နဲ့လို့ပြောတာ သဘောပေါက်ပြီလား”ဆိုတော့
”ဟုတ်”တဲ့။ ဒါနဲ့ ”ကဲ ပြောပါဦး၊ ဘယ်လို သဘောပေါက်သလဲ”လို့ ဆက်မေးကြည့်တယ်။
”လက်လည်း မနာဘူး။ နောက်ပြီး ခနလေးနဲ့ မြက်တွေအကုန်ပြောင်သွားတယ်”လို့ဖြေတယ်။
ဒီတော့ ဘာလို့ဆိုတာရဲ့အဖြေကို သူကိုယ်တိုင် သိသွားပြီ။
ဒါဆိုပြီးရောပေါ့လို့မထင်သေးပဲ ကျနော်က ”မင်းလက်လေးနဲ့ အဲ့မြက်ကြမ်းတွေကို
အဲ့လို လိုက်နှုတ်ရင် လက်တွေပွန်းပဲ့ကုန်မှာ၊ နာမှာ၊ တော်တော်နဲ့မပြီးမှာကို အစက
မတွေးမိဘူးလား” လို့ မေးကြည့်တယ်။”တွေးတော့ မတွေးမိဘူး၊ ဒါပေမယ့် လုပ်နေရင်း
လက်တွေနာလာတော့ ဘာနဲ့လုပ်ရင်ကောင်းမလဲတော့ စဉ်းစားမိတယ်။ ဒါပေမယ့် မမေးမိဘူး”လို့
ပြန်ဖြေတယ်။ ဒီတင် ကျနော်က ”ဘာလို့ မမေးမိတာလဲပြောပါဦး”ဆိုတော့ ”မသိဘူးလေ”တဲ့။
”ဘာလို့”ကိုဘယ်အချိန်မှာ ဘယ်သူ့ကို ဘာလို့မေးရမလဲနဲ့မေးရသလဲဆိုတာ
မသိသလိုဖြစ်နေတာလို့ထင်တာနဲ့ သူနဲ့ကျနော် အချိန်အတော်ကြာကြာ
စကားတွေပြောဖြစ်သွားတယ်။ ကိစ္စက ဒါပါပဲ။ အဖြစ်အပျက်ကလည်းဒါပါပဲ။ ကလေးမလေးက
သူ့လက်နုကလေးတွေနဲ့ မြက်နကလေးတွေတော့ နှုတ်ဖူးရင်နှုတ်ဖူးလိမ့်မယ်။ ကျနော်
အသေအချာတော့ မပြောနိုင်ဘူး။ သူကဧည့်သည်လေ။ နောက်ပြီး တစ်ကြိမ်သာ
အလည်လာဖူးသေးတဲ့ ကလေးပါ။ ဒါပေမယ့် စကားပြောဖြစ်သွားတာ သူ့အတွက်အကျိုးရှိ/မရှိတော့
မပြောတတ်ပေမယ့် ကျနော့်အတွက်တော့ စာတစ်ပုဒ်ရေးဖြစ်သွားလို့ အမြတ်ရှိတယ်ပေါ့ဗျာ။
ခင်ဗျားတို့အမြင်တွေလည်း
သိချင်ကြားချင်ပါတယ်ဗျား။ နောက် အချိန်ရမယ့်အခါ ”ဘာလို့”အကြောင်း
ရှည်ရှည်ရေးပါဦးမယ်။ ခု ဘာလို့ရှည်ရှည်မရေးလဲတော့ မမေးနဲ့ဗျာ..နော။
မျိုးမြင့်ချို သြဂုတ် ၂၅၊
၂၀၁၃
0 comments:
Post a Comment