Monday, July 4, 2011

ဇူလိုင် (၇) ရက် ကျောင်းသားအရေးတော်ပုံကြီး
(ဒေါင်းလူငယ်)(ကိုဖိုးဇေဘလော့မှ)

0 comments

ဇူလိုင် (၇) ရက် ကျောင်းသားအရေးတော်ပုံကြီး
ဒေါင်းလူငယ်

၁၉၆၂ ခု၊ မတ်လ (၂)ရက်နေ့သည် မြန်မာ့သမိုင်းစာမျက်နှာ၌ ကံဆိုးမိုးမှောင်ကျသောနေ့တနေ့ဖြစ်သည်။ ထို့ပြင် ပါလီမန်ဒီမိုကရေစီ စနစ်ကိုနိဂုံးချုပ်၍ စစ်အာဏာရှင်အစိုးရစတင်ပေါ်ထွန်းခဲ့ပေါ်ထွန်းသည့် နေ့တနေ့လည်းဖြစ်လေသည်။ မှန်ပေသည်။ ထိုနေ့နံနက်တွင် ဗိုလ်ချုပ် ကြီးနေ၀င်းဦးဆောင်သော တော်လှန်ရေးကောင်စီ (၀ါ) စစ်အာဏာရှင်တို့သည် သမ္မတဦးဝင်းမောင်၊ ၀န် ကြီးချုပ်ဦးနု၊ ၀န်ကြီးများဖြစ်ကြသော သခင်တင်၊ ဒေါက်တာဦးဧမောင်၊ ဦးရာရှစ်၊ ဦးဘစော၊ သခင် တင်မောင်၊ ဦးသွင်၊ စ၀်ခွန်ချို၊ စ၀်ဝဏ္ဏ၊ဒေါက်တာ စောလှထွန်း၊ ဦးဇာရဲလျန်၊ ဦးဘမြိုင်၊ နိုင်အောင်ထွန်း၊ တရားဝန်ကြီးချုပ်ဦးမြင့်သိန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ မန်းဘဆိုင်၊ လူမျိုးစုလွှတ်တော်ဥက္ကဋ္ဌ စ၀်ခွန် ကြည်၊ ညောင်ရွှေစော်ဘွားစ၀်ရွှေသိုက်၊ မိုးနဲစော်ဘွားစ၀်ပြည့်၊ လဲချင်းစော်ဘွားစ၀်နွံ၊သာမိုင်းခမ်းစော် ဘွားစ၀်ထွန်းအေး၊ ကျိုင်းတုံစော်ဘွား စ၀်ဆိုင်းလုံ၊ မွန်းလွန်းစော်ဘွား စ၀်ခွန်ကိုး၊ မိုင်းခွန်စော်ဘွား စ၀် ကြည်၊ ကျေးသီးမန်းစံစော်ဘွားစ၀်ရွှေမှုံ၊ ဘော်စော်ဘွား စ၀်ခွန်အောင်၊လွိုင်လင်စော်ဘွားစ၀်မိုးကျော်၊ ပင်းတယစော်ဘွားစ၀်ဝင်းကြည်၊ ရွာငံစော်ဘွားစ၀်ခွန်ရီ၊ မိုင်းပန်စော်ဘွားစ၀်ရွှေကြည်၊ စကားစော်ဘွား စ၀်ခွန်ညွန့်၊ မိုင်းလုံစော်ဘွားစ၀်မန်လစ်၊ စ၀်ခွန်ထီး၊ စ၀်မန်ဖ (သိန္ဒီမြောက်ပိုင်းအမတ်)၊ စ၀်အောင်ပူး (လွိုင်လင်အရှေ့ပိုင်းအမတ်)၊ ဦးစံမြတ် (လွိုင်လင်အနောက်ပိုင်းအမတ်)၊ စ၀်ကျော်ခေါင် (လွိုင်လင် အလယ်ပိုင်းအမတ်)၊ ဦးချစ် (လွိုင်လင်တောင်ပိုင်းအမတ်)၊ ဦးရီရောင်း (ကျိုင်းတုံမြောက်ပိုင်း အမတ်)၊ဦးခွန် နော် (ကျိုင်းတုံအနောက်ပိုင်းအမတ်)၊ ဦးဖြူ (မိုင်းပွန်အမတ်)၊ ဦးကျော်စိန် (သာမိုင်းစမ်းအမတ်)၊ ဦးလွန်း (စကားအမတ်)၊ဦးအမ်ဇော်လ(ကွတ်ခိုင်အမတ်)၊ ဦးစိန်(ကယား)၊ ဦးထွန်းမြင့်(တောင်ကြီး)၊ ဦးကြာပု၊ ဦးမြတ်ဖူး၊ ဦးစိုးမောင်၊ ဦးချစ်ဦး၊ဦးသန်းတင်၊ဦးတင်အောင်တို့ကို ဖမ်းဆီး၍ နိုင်ငံတော်အာဏာ ကို သိမ်းယူလိုက်လေသည်။
 သို့ကလို စစ်တပ်မှအာဏာသိမ်းယူလိုက်ကြောင်း ကြေညာချက်များနှင့် အတူ ပြည်သူတို့အား စီတန်းလမ်းလျှောက်၍ဆန္ဒပြပွဲ
များမပြုလုပ်ကြရန် မေတ္တာရပ်ခံချက်များကို သတင်းစာများတွင် ထည့်သွင်းဖေါ်ပြခဲ့သည်။ ဆန္ဒပြလျှင် အရေးယူမည်ဟုလည်း
နောက်ဆက်တွဲ သတိပေးထား၏။ ကြေညာချက်များကိုဖတ်ရှုရုံဖြင့် စစ်တပ်ကအာဏာသိမ်းကြောင်း ကြေညာချက်ကို ဆန့်
ကျင်မှုများ ပေါ်ထွက်လာမည်ကို ဗိုလ်နေ၀င်းနှင့် စစ်အာဏာပိုင်တို့သည် ကြောက်ရွံ့နေသည်မှာ သိ သာထင်ရှားလှပေသည်။
အိမ်စောင့်အစိုးရခေတ် (၁၉၅၈-၆၀) တွင် ကိုကိုးကျွန်း အကျဉ်းထောင်ကြီးကို ဆောက်လုပ်ကာ ဒီမိုကရေစီလိုလားသူများနှင့် 
ကွန်မြူနစ်အရောင်အသွေးရှိသူများဟု ယူဆသူများကို ဒလကြမ်းဖမ်းဆီးနှိပ်စက်ခဲ့သည့် သင်ခန်းစာရှိသဖြင့် ကန့်ကွက်ဆန္ဒပြပွဲများ ဖြစ်ပေါ်ခြင်းမရှိစေကာမူ စစ် အစိုးရအလိုမရှိကြောင်း ကန့်ကွက်သောစာများ မတ်လ (၂) ရက်နေ့မှ စတင်ကာ ပလူပျံပေါ်ထွက် လာခဲ့သည်။ 
လူငယ်တပ်ဦးနှင့် မဟာမိတ်အဖွဲ့ (၁၀) ဖွဲ့၊ ရခိုင်သံဃာတပ်ဦး၊ ရခိုင်သောတုဇနအဖွဲ့ချုပ် စသောအဖွဲ့များ ဆန့်ကျင်ကန့်ကွက်ချက်များ ထုတ်ပြန်ကြသည်။
 ရဲဝံ့ပြတ်သားစွာကြေညာသော အဖွဲ့ အစည်းများမှာ ကျောင်းသားအဖွဲ့အစည်းများ ဖြစ်ကြသည်။ တက္ကသပ်ဦးသစ်၊ ရန်ကုန်ခရိုင်ကျောင်းသား များသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတို့က စစ်တပ်ကအာဏာသိမ်းခြင်ကို မည်သည့် နည်းနှင့်မျှလက်မခံနိုင်ကြောင်း ကြေညာခဲ့ကြသည်။ ကြေညာချက်နှင့်အညီ စစ်အစိုးရအား ပြင်းထန်စွာ ဆန့်ကျင်ကြသဖြင့် စစ်အာဏာပိုင်တို့နှင့်ထိပ်တိုက်တွေ့ကြရလေသည်။
 ထို့နောက် တော်လှန်ရေးကောင် စီသည် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့တွင် ကျောင်းစည်းကမ်းသစ်များကိုထုတ်ပြန် ကြေညာ ခဲ့သည်။ အဆိုပါစည်းကမ်းသစ်များကိုအကြောင်းပြု၍ ကျောင်းသားဆန္ဒပြလှုပ်ရှားမှုများ ပိုမိုကျယ်ပြန့် လာခဲ့သည်။ ဇူလိုင်လ (၅)ရက်နေ့တွင် ကမာရွတ်ရဲစခန်းရှေ့တွင် ငြိမ်းချမ်းစွာစီတန်းဆန္ဒပြကြသည့် ကျောင်းသားများကို ရဲတို့က သေနတ်နှင့်ပစ်ခတ် လူစုခွဲကြသည်။ ကျောင်းသားတဦး ဒဏ်ရာရရှိသဖြင့် ဆေးရုံသို့ပို့ရသောအခါတွင် လှုပ်ရှားမှုများပိုမိုပြင်းထန်လာသဖြင့် ရန်ကုန်ခရိုင်ရာဇ၀တ်တရားသူကြီးက ကမာရွတ်အ၀ိုင်းကြီးနယ်မြေအား ပုဒ်မ ၁၄၄ ထုတ်ပြန်ပြိး၊ တက္ကသိုလ်နယ်မြေအတွင်း နေ၀င်မီးငြိမ်း အမိန့်ထုတ်ပြန်လေသည်။
ထိုနေ့၌ပင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသည် တက္ကသိုလ်ပရိဝုဏ် တခုလုံး တံခါးများကိုသော့ခတ်ပိတ်ဆို့ပြီး ဒီမိုကရေစီခံတပ်ကြီးဟု ဆိုင်းဘုတ်များတင်ကာ ဒီမိုကရေစီ တရားပွဲများကို အသံချဲ့စက်ဖြင့်ဟောပြောကြသည်။ မကျေမနပ်ဖြစ်နေသော ကျောင်းသားများသည် စစ်တပ်ဆန့်ကျင်ရေးကို အမျိုးမျိုးဟောပြောနေကြရာ “တော်လှန်ရေးကောင်စီဝင် ဗိုလ်မှူးကြီးများသည် သုံးယောက်ပေါင်းမှ (၇) တန်းသာအောင်သူများဖြစ်ကြသည်” စသည်ဖြင့် စိတ်တွင်းရှိသမျှ ဟောပြော ကြသည်။ ကျောင်းသားများ၏ ဟောပြောချက်များသည် အနာပေါ်တုတ်ကျသည့်အလား နားမခံနိုင် သဖြင့် ဒေါသအမျက်ချောင်းချောင်းထွက်ကာ စစ်တပ်မှပစ်ခတ်သတ်ဖြတ်ရန် ဗိုလ်နေ၀င်းက ကြိုးမဲ့အသံ လွှင့်စကားပြောခွက်ဖြင့် ကိုယ်တိုင်အမိန့်ပေးခဲ့သည်။
ထိုစဉ်က တက္ကသိုလ်တ၀ိုက်တွင် တပ်စွဲထားသော စစ်တပ်များကို ကွပ်ကဲနေသူဒုတိယဗိုလ်မှူးကြီးစိန်လွင်က တပ်သားများအား 
အဆင့်ဆင့် အမိန့်ပေး သဖြင့် လက်နက်မပါဘဲ မိမိတို့အဆောင်တွင်း၌စုရုံးဆန္ဒပြနေသည့် ကျောင်းသားများကို အစုလိုက် ရက် စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ဆန္ဒပြရာတွင်ပါဝင်ခြင်းမရှိသည့် အဆောင်နေ ကျောင်းသားများကိုပါ တွေ့ရာသင်္ချိုင်းဓားမဆိုင်းဘဲ ပစ်ခတ်သတ်ဖြတ်ကြသည်။
 စစ်တပ်သည် ဂျီသရီးမောင်းပြန်သေနတ်သစ် များကို ပထမဆုံးစတင်အသုံးပြုကာ လက်တည့်စမ်းပစ်ခတ်ခဲ့ကြသည်။ ထိုသေနတ်သစ်များမှာ အနောက်ဂျာမဏီမှ ပစ္စည်းကိရိယာများကို ရန်ကုန်မြို့ရှိ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတွင် တပ်ဆင်ခဲ့သည်။
 ဂျီသရီးသေနတ်သစ်များကို အာဏာသိမ်းစဉ်က တပ်အချို့သို့ထုတ်ပေးခဲ့ရာ၌ ခုခံမှု မရှိသဖြင့်အသုံးမပြုခဲ့ရပေ။ ထိုလက်နက်သစ်များကို စမ်းသပ်ရန်လက်ယားနေသူ ဗိုလ်နေ၀င်းအဖို့ အခွင့် အရေးရရှိသွားတော့သည်။ ဇူလိုင် (၇) ရက်နေ့ ကျောင်းသားအရေးအခင်း၌ စစ်အာဏာရှင်အစိုးရက ကျောင်းသား (၁၅) ဦး သေဆုံးပြီး၊ (၂၇) ဦး ဒဏ်ရာရရှိသည်ဟု ကြေညာခဲ့သော်လည်း အမှန်တကယ် သေဆုံးခဲ့ရသူပေါင်းမှာ (၂၀၀) နီးပါးခန့်ရှိ၍ (၄၀၀) ခန့်ဒဏ်ရာရရှိခဲ့လေသည်။ သို့ကလို ကျောင်းဝင်း အတွင်းသို့ပစ်ခတ်တိုက်ခိုက်ပြီးနောက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)၏ အဆောက်အဦကို စစ်တပ်က၀ိုင်းထားပြန်၏။
 တက္ကသိုလ်သမဂ္ဂ အဆောက်အဦကြီးသည် ရန်ကုန် တက္ကသိုလ်၏ ဂုဏ်ထူးဆောင်အဆောက်အဦဖြစ်သည်သာမက မြန်မာ့
နိုင်ငံရေးသမိုင်းတွင် နယ်ချဲ့ဆန့် ကျင်ရေးခံတပ်ကြီးအဖြစ်လူထုက အမွန်အမြတ်အသိအမှတ်ပြုထားသည့် ဗိမာန်ဖြစ်သည်။
၁၉၂၀ ခု၊ ဒီဇင် ဘာ (၅) ရက်နေ့ တက္ကသိုလ်ကျောင်းသားများ၏သပိတ်မှ စတင်ကာနိုးကြားလာသည့် မြန်မာလူထုကို ကျောင်း
သားခေါင်းဆောင်များက နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများဆီသို့ ခေါင်းဆောင်ခဲ့သည်။ တက္က သိုလ်ကျောင်းသားများသမဂ္ဂ 
(တကသ) ကို ၁၉၂၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည်။ သမဂ္ဂ၏ရုံး အဆောက်အဦကို ၀ံသာနုမြန်မာသူဌေးကြီးဦးညိုက တည်
ဆောက်လှူဒါန်းခဲ့သည်။ 
အဆောက်အဦကို ကျောင်းသားများ၏ပညာရေး၊ လူမှုရေးနှင့် ကျန်းမာရေးကိစ္စများကို အသုံးပြုရန်ရည်ရွယ်ခဲ့သဖြင့် အင်္ဂ လိပ်
 တက္ကသိုလ်အာဏာပိုင်များကပင် အားပေးခဲ့ကြသည်။ ကျောင်းသားများက စကားရည်လုပွဲများ ကျင်းပလေ့ရှိရာတွင် မြန်မာနိုင်ငံအဖို့ အိန္ဒိယပြည်နှင့်ခွဲရေး၊ တွဲရေးပြဿနာ ပေါ်လာသောအခါ သမဂ္ဂ ခန်းမဆောင်မှာ နိုင်ငံရေးခေါင်းဆောင်များ၏ စကားစစ်ထိုးရာဗိမာန်ဖြစ်လာခဲ့ပေသည်။ ဦးဘစော၊ ဒေါက် တာဘမော် … စသောခေါင်းဆောင်များသည် တကသခန်းမမှာ ဟောပြောကြရင်းစည်းရုံးရေးလုပ်ငန်း များ လုပ်ဆောင်ခဲ့ကြသည်။
နောက်ပိုင်း တကသအသင်းကို ကျောင်းသားခေါင်းဆောင်အဖြစ် ကိုနု၊ကိုအောင်ဆန်း၊ကိုကျော်ငြိမ်း၊ကိုသိန်းဖေနှင့် ကိုရာရှစ်တို့
တက်လာချိန်မှစတင်ပြီး နယ်ချဲ့တိုက်ပွဲ၊ နယ်ချဲ့ခံ တပ်အဆောက်အဦကြီး ဖြစ်လာခဲ့သည်။ ၁၃၀၀ ပြည့်နှစ်အရေးတော်ပုံမှ
 အင်္ဂလိပ်တို့အား လက်နက်နှင့် တိုက်ခိုက်နှင်ထုတ်မှုအထိ အရှိန်အဟုန်ပြင်းထန်ခဲ့သဖြင့် လွတ်လပ်ရေးတိုက်ပွဲများ၏ အောင်
ဗိမာန်ကြီး အဖြစ် မြန်မာတမျိုးသားလုံးက ဂုဏ်ယူခဲ့ကြသည်။ ဗိုလ်နေ၀င်းခေါင်းဆောင်သော စစ်အာဏာရှင်အစိုးရ အများစုသည် 
တက္ကသိုလ်ကျောင်းသားဘ၀က တကသလှုပ်ရှားမှုများတွင် ပါဝင်ခြင်းမရှိခဲ့သလို၊ ပြည်သူ လူထုက ကိုးစားသော ကျောင်းသား
ခေါင်းဆောင်များကို အမြဲမနာလိုဖြစ်နေခဲ့သည်။ 
ထို့ကြောင့် တကသကျောင်းသားလှုပ်ရှားရာ ဘူမိနက်သန် တကသ အဆောက်အဦကြီးကို ဖြိုဖျက်ရန် အမြဲဆင် ကြံကြံရွယ်လျက်ရှိသည်။
ထို့နောက် ဇူလိုင်လ(၇)ရက်နေ့က ကျောင်းသားများကို ပစ်ခတ်သတ်ဖြတ်စဉ် က ကျောင်းသားခေါင်းဆောင်များသေဆုံးခြင်းမရှိ၊
 အချို့မှာ ဖမ်းဆီး၍ပင်မမိသေးဘဲ တကသ အဆောက် အဦမျက်နှာကြက်တွင် ပုန်းအောင်းနေသည်ဟုသတင်းကို ဗိုလ်နေ၀င်း
သိရှိသောအခါ တကသခေါင်း  ဆောင်မှန်သမျှကိုသတ်ဖြတ်ရန်နှင့် တကသ အဆောက်အဦကြီးကိုပါ ဇူလိုင်လ(၈)ရက်နေ့တွင် 
အပြီး အပြတ်ဖျက်ဆီးရန် အမိန့်ပေးခဲ့လေသည်။ သမဂ္ဂရုံးကိုဖြိုဖျက်ပြီးနောက် ဗိုလ်နေ၀င်းဥက္ကဋ္ဌအဖြစ် ဆောင် ရွက်နေသော 
တော်လှန်ရေးကောင်စီက “စည်းမဲ့ကမ်းမဲ့ဘ၀ကို ပြင်ရမည့်တာဝန်သည် မိမိတို့အပေါ် ကျရောက်နေသဖြင့် တပ်မတော်၏အား 
တစိတ်တဒေသကိုသုံး၍ ဖြေရှင်းလိုက်ရခြင်းဖြစ်သည်”ဟု ကြေ ညာခဲ့၏။ထိုကြေညာချက်မှာ စစ်တပ်ကိုအံတုလျှင် ယခုထက်
ကြီးမားသော လက်နက်အင်အားနှင့် ဖြေ ရှင်းမည်ဟု ရာဇသံပေးသည့်သဘော သက်ဝင်၏။
 ထို့ပြင် တကသအဆောက်အဦကို ဖျက်ဆီးပြီးနောက် ပြည်သူတို့အား အသံလွှင့်မိန့်ခွန်းပြောရာတွင် သူကသတ်ဖြတ်လိုက်သော 
ကျောင်းသားငယ်ကလေးများ သည် လက်နက်ဟူ၍ အပ်တိုတချောင်းမှမရှိကြသည်ကိုသိပါလျက်နှင့် လက်နက်ကိုင်သူပုန်
အဖွဲ့ကြီးကို ရင်ဆိုင်နေသည့်သဖွယ်ပုံကြီးချဲ့၍ ‘ဓားကိုဓားချင်း၊ လှံကိုလှံချင်း ရင်ဆိုင်ဖို့အသင့်ရှိပါတယ်’ ဟု ဒေါသပုန် သံနှင့် 
အသံလွှင့်ပြောကြားခဲ့ပြန်သည်။ ဗိုလ်နေ၀င်းနှင့် စစ်ဗိုလ်တစုသည် ဇူလိုင်လ (၇) ရက်နေ့က ကျောင်းသားများကို သတ်ဖြတ်
မှုကြီးနှင့်နိုင်ငံက အမွန်အမြတ်ထားသည့် တကသအဆောက်အဦကြီးကို ဗုံးခွဲဖျက်ဆီးမှုကြီးတို့ကို ဒေါသမွှန်ကာစိတ်လိုက်
မာန်ပါ ကျူးလွန်ခဲ့ခြင်းသည် သူ့အဖို့ကြီးလေးသော ရာဇ ၀တ်မှုကြီးဖြစ်သလို၊ စစ်တပ်အဖို့လည်း အမည်းစက်ကြီးဖြစ်နေသည်
်ကို စဉ်းစားမိလေသည်။ 
‘နှံပြည်စုတ်ကို အမြောက်နှင့်ပစ်’သလို ရာဇ၀င်ရိုင်းလုပ်ဆောင်ချက်ကို တနေ့နေ့တွင် လူထု၏ ဒဏ်ခတ် မည်ကို ကြောက်သွေး
ဖြာလာကြသည်။
 မတရားကျူးလွန်ခဲ့သော ရာဇ၀တ်မှုကြီးအတွက် တစိမ့်စိမ့် ကြောက်ဒူးတုန်လာကြသောအခါ တရားခံသည် မိမိမဟုတ်ပါ။ 
တဦးကိုတဦးက လက်ညှိုးထိုး၍ အပြစ် ဖို့ရင်း မိမိ၌အပြစ်မရှိကြောင်း ထုချေမှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြသည်။ တော်
လှန်ရေးကောင်စီ ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးချုပ်အောင်ကြီးတို့သည် တဦးကိုတဦး တရား ခံဖြစ်
လေဟန် ဖော်ကောင်လုပ်ကြသည်မှာ ဗမာ့တပ်မတော်ကြီး၏ ထိပ်သီး စစ်သားရင့်မာကြီးများဖြစ် ကြသော်လည်း သာမန်ဓားပြ
လူဆိုးဂိုဏ်း တခုမျှလောက်ပင် ညီညွတ်မှုမရှိ။ အမှားကို ၀န်ခံရဲသည့် သတ္တိမရှိ၊ သူရဲဘောကြောင်သူများသာ ဖြစ်ကြောင်းပေါ်လွင
်နေပေသည်။
 ထိုစဉ်က ဒုတိယကာကွယ်ရေး ဦးစီးချုပ်ဖြစ်သူ ဗိုလ်အောင်ကြီးက “တကယ်အမိန့်ပေးတဲ့စာ ယူလာပြီး၊ မရမ်းကုန်းကို ပေးလာ
သူက ဗိုလ်သန်းစိန်ဖြစ်ပါတယ်။ သမဂ္ဂဖြိုဖို့ ဒိုင်းနမိုက်တွေကို အင်ဂျင်နီယာတပ်ခွဲကို မှာယူခဲ့ပါတယ်။ အဲဒီမှာမ လုံလောက်လို့ 
ပင်မစစ်ပစ္စည်းသိုလှောင်ရေးမှာသွားယူခိုင်းသူဟာ ဗိုလ်ကျော်စိုးပါ။ စီအိုဒီတပ်မှူး ဗိုလ်ဝင်းကိုလိုက်ရှာပြီး၊ အင်းတိုင်ကိုသွား
ရောက်ယူရတာပါ။ ခွဲဖို့အမိန့်ပေးသူတွေကတော့ ပြည်ထဲရေး ၀န်ကြီးနဲ့ လုံခြုံရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ကျော်စိုးဖြစ်ပါတယ်။ 
တကယ်ဒိုင်းနမိုက်တွေ ဆင်ရတဲ့သူက အင် ဂျင်နီယာတပ်ကဗိုလ်မှူးထွန်းရီ ဖြစ်ပါတယ်။ အားလုံးဒိုင်းနမိုက်တွေ ဆင်ရတာဟာ
ဇူလိုင်လ (၈) ရက်နေ့ နံနက်လင်းအားကြီးမှဖြစ်ပါတယ်။ လက်မှတ်ထိုးမည့်သူ အရာရှိကြီးကြီးမားမားမရှိလို့ ပြဿနာတက်
နေ တုန်း လမ်းလျှောက်ရင်း ရောက်လာတာက ဗိုလ်မှူးကြီးသူရမင်းသိန်း ဖြစ်ပါတယ်။ သူက၀င်ပြီး ခွဲဖို့အမိန့် လက်မှတ်ရေး ထိုးပေးဖို့ ဗိုလ်ထွန်းရီကပြောလို့ သူက လက်မှတ်ရေးထိုးပြီး ဒိုင်းနမိုက်ခွဲတာဖြစ်ပါတယ်။”
“ကျွန်တော်ဟာ ဗိုလ်မှူးကြီးလှဟန်နဲ့ ဗိုလ်ချုပ် (နေ၀င်း) အိမ်လိုက်အသွား ပါမောက္ခဆရာကြီး ဦးကာကို ဗိုလ်လှဟန်က 
သမဂ္ဂဖြိုဖို့အမိန့်ရတယ်လို့ပြောတာထပ်ကြားရတော့ အရဲစွန့်ပြီး ဗိုလ်ကျော်စိုးရှိရာ အသံ လွှင့်ရုံကို တယ်လီဖုန်းဆက်ပြီး၊
 အဲဒီကိစ္စကို ရပ်ထားပေးပါ။ ဗိုလ်ချုပ်ကို ကျွန်တော်ပြောပါ့မယ်ဆိုပြီး၊ ဟိုရောက်တော့လည်း ဘာမှမပြောဘဲ မလိမ့်တပတ်နည်း
နဲ့ထားခဲ့ပါတယ်” လို့ ဗိုလ်မှူးအောင်ကြီးသည် သူ၏စာတမ်းတွင် ဝေ့လည်ကြောင်ပတ် ရေးသားဖြေရှင်းထားလေသည်။

 ဗိုလ်နေ၀င်းကလည်း တဖန် အကြိမ်ကြိမ် ထိုကိစ္စကိုဖြေရှင်းပြသည်။ သူ၏ နောက်ဆုံးနေ့ လူထုကလက်မခံတော့သဖြင့် 
မဆလ ဥက္ကဋ္ဌကြီးရာထူးမှ ထွက်ပေးရသော ၁၉၈၈ ခု၊ ဇူလိုင်လ (၂၃) ရက် အရေးပေါ်ပါတီညီလာခံတွင် “အခု ပြည်မှာဖြစ်
ပျက်ခဲ့တဲ့ အရေးအခင်းဟာ (၁၆) ရက်နေ့ကစပြီး (၁၇) ရက်နေ့မှာ ကျွန်တော်တို့သိရ ပါတယ်။ (၁၇) ရက်နေ့သိပြီးတဲ့နောက်
မှာ ရဲတို့၊ ကောင်စီတို့နဲ့ပဲ ထိန်းလို့နိုင်လိမ့်မယ်လို့ထင်တယ်။ မျှော်လင့်ခဲ့တယ်။ စောစောက ကျွန်တော်ပြောခဲ့တဲ့ သွေးထွက်
သံယိုတွေ မဖြစ်အောင်ဆိုတဲ့အထဲမှာ တပ် မတော်ကို ဟို အသေးအဖွဲကလေးလည်းသုံး၊ ဒီအသေးအဖွဲကလေးလည်းသုံး 
ဆိုတာမျိုးမဖြစ်ရအောင် တကယ်လိုတဲ့အခါမှာသုံးဆိုပြီးတော့ ကျွန်တော်မသိဘဲနဲ့ တပ်မတော်ကိုမသုံးပါနဲ့၊ ကျွန်တော်ပြော
ထား တယ်၊ အဲဒါကြောင့်မို့လို့ ပြည်မြို့ကိစ္စဟာ အေးမသွားဘဲနဲ့ ရောင့်တက်လာကြတယ်။ ဒါကြောင့်မို့လို့ မနေ့ ကတော့ 
ကိုင်း ... စစ်တပ်ဝင်ပေတော့ဆိုပြီးတော့ ကျွန်တော်ခွင့်ပြုလိုက်တယ်။ အဲဒီတော့ စောစောက ကျွန်တော် ပြောထားတာရှိ
တယ်။ ကျွန်တော်နိုင်ငံရေးက အနားယူတော့မယ်။ အနားယူတော့မယ် ဆိုပေ မယ့်လို့ နောင်အဖွဲ့အစည်းတွေ တာဝန်အပြည့် 
ကွပ်ကဲနိုင်တဲ့အထိတော့ ကျွန်တော်တို့နိုင်ငံကို မပျက်စီး ရအောင်၊ ကသောင်းကနင်းမဖြစ်ရအောင် ဆက်ထိန်းရပါလိမ့်မယ်။ 
အဲဒီထိန်းတဲ့အထဲမှာ တိုင်းပြည် တပြည်လုံး လူထုကိုကျွန်တော်သိစေချင်တယ်။ နောင်ကို လူစုလူဝေးနဲ့ဆူဆူပူပူလုပ်လို့ရှိရင်
တော့ စစ် တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး။ အဲဒီတော့ နောင်ကို ဆူဆူ ပူပူလုပ်
မယ်ဆိုရင်တော့ စစ်တပ်ကိုသုံးလို့ရှိရင်တော့ အဲဒါဆူတဲ့လူတွေ မသက်သာဘူးသာ မှတ်ပေတော့ လို့ ကျွန်တော် ဒီကနေပြော
ပါတယ်”လူစုလူဝေးရှေ့မှာ ကျွန်တော်စကားပြောတာ ယခုအကြိမ်ဟာ နောက် ဆုံးအကြိမ်ဖြစ်နိုင်တာမို့ ညီလာခံနှင့်ပတ်သက်သည့် အချက်လက်တွေတင်ပြပြီးတဲ့နောက် ကျောင်းသား များ ကျွန်တော်နှင့်တော်လှန်ရေးကောင်စီတဖွဲ့လုံးအပေါ် 
အထင်လွဲနေသည့်အဖြစ်အပျက်တခုကို တင်ပြ ပါရစေ။

 တက္ကသိုလ်သမဂ္ဂအဆောက်အဦကို ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့ နံနက်တွင် ဖောက်ခွဲ ဖျက်ဆီးခဲ့သည်ကို အများသိပြီးဖြစ်
ပါတယ်။ပထမ ဇူလိုင်လ(၇)ရက်နေ့ညနေ ကျွန်တော်ဆောင်ရွက် သည့်အပိုင်းကိုဖေါ်ပြမှ ထိုနေ့က အဖြစ်အပျက်များအကြောင်း
 ပြည့်စုံမည်ဖြစ်၍ဖော်ပြပါမည်။ ထိုနေ့ညနေ (၅) နာရီခန့်တွင် သေနတ်ပစ်သံကြား၍ ကျွန်တော်ကတယ်လီဖုန်းဖြင့် ဗိုလ်ကျော်စိုး
ကို အခြေအနေမေး ရာ ဆရာကြီးဦးကာတို့ မိသားစုအား ဘေးကင်းသည့်နေရာသို့ ပို့ထားပြီးဖြစ်ကြောင်း၊ ကျောင်းသားအချို့ နဲ့ 
ရဲ (၈) ဦး၊ (၉) ဦးခန့် ဒဏ်ရာရကြောင်း ပြန်ပြောပါတယ်။
 ဆူပူသူကျောင်းသားခေါင်းဆောင်များကို မမိသေးကြောင်း၊ သမဂ္ဂအဆောက်အဦအတွင်းတွင်အချို့ရှိကြောင်းပြောသဖြင့် ကျွန်
တော်က ရဲများ၊ တပ် မတော်သားများ နောက်ထပ် အနာတရမရှိရအောင် အောက်ပါအတိုင်းဆောင်ရွက်ရန် အကြံပေးညွှန် ကြား
ပါသည်။
(က) သမဂ္ဂအဆောက်အဦအတွင်းရှိသူများကို အဆောက်အဦမှထွက်ကာ အဖမ်းခံရန် အသံချဲ့စက်ဖြင့် ပြောရန်၊ ထွက်မလာပါကလက်နက်ကြီးများသုံးမည်ဆိုသည့်အချက် ထည့်ပြောရန်။
 (ခ) အသာတကြည်ထွက်၍အဖမ်းမခံပါက (ရီကွိုင်းလက်ဂန်း) ဖြင့် ပစ်ဖမ်းရန်၊ လိုအပ်ပါ(ရီကွိုင်းလက်ဂန်း)သုံးရန်။ အထက်ပါ
အချက်တို့ကို မမှောင်ခင်ပြီးအောင်ဆောင်ရွက်ရန်လို့ ဖြစ်ပါတယ်။
 ဒီနေရာမှာ အရေး ကြီးတာကို ကျွန်တော်ပြောပါ့မယ်။ ထိုဖောက်ခွဲဖျက်ဆီးရန်အတွက် ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းတို့တွင် ကျွန်တော်
နဲ့ တော်လှန်ရေးကောင်စီဝင်အချို့တို့ မပါခဲ့ပါ။ ဇူလိုင်လ (၈) ရက်နေ့ နံနက်တွင် ဗုံးကြီး ကြီး တလုံးပေါက်ကွဲသကဲ့သို့ အလွန်ပြင်း
ထန်သော မြည်ဟည်းသံကြီးကြားသဖြင့်စုံစမ်းတော့မှ သမဂ္ဂအ ဆောက်အဦကို ဒိုင်းနမိုက်တို့နဲ့ဖျက်ဆီးလိုက်ကြောင်း ကျွန်တော်သိရပါတယ်။ အခြားတော်လှန်ရေး  ကောင်စီဝင် အတော်များများလည်း ထိုပေါက်ကွဲသံကြားပြီးမှ သိကြရပါတယ်။ သို့သော်အသံလွှင့်ရုံတွင် တော်လှန်ရေးကောင်စီဝင်အချို့တို့ဖြင့်ဖွဲ့စည်းထားသော လုံခြုံရေးကောင်စီဝင်အားလုံးနှင့် လုံခြုံရေးတာ ၀န်ယူရသော လုံခြုံရေးကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးကြီးကျော်စိုး ကောင်စီဝင်အားလုံးနှင့် လုံခြုံရေးတာဝန်ယူ ရသောအရာထမ်းများ ရောက်နေကြပါတယ်။
ထိုသူများမှာ လုံခြုံရေးကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးကြီးကျော်စိုး၊ ဗိုလ်မှူးကြီးလှဟန်၊ ဗိုလ်မှူးကြီးစောမြင့် (မှူး သမိန်)၊ ဗိုလ်မှူးကြီးဘနီ၊
 အရာရှိများထဲမှ ထောက်လှမ်းရေးဗိုလ်မှူးကြီး မောင်လွင်၊ ရဲမင်းကြီးဦးဘအေး တို့ဖြစ်ပါတယ်။ ထိုသူတို့အပြင် အခြားလူတော်တော်များများလည်း ရှိကြပါတယ်။ ထို ဇူလိုင်လ (၈) ရက်နေ့ သမဂ္ဂအဆောက်အဦကို ဖြိုလိုက်ကြောင်းသိပြီးနောက် ဗိုလ်ကျော်စိုးကို ခေါ်၍မေးရာ (၇) ရက်နေ့ညနေက ကျွန်တော်က သမဂ္ဂအတွင်းဝင်ရောက်နေသည့် ဆူပူသူခေါင်းဆောင်များကို ဖမ်းဆီးရာ တွင် 
လိုအပ်လျှင် (ရီကွိုင်းလက်ဂန်း)ကို သုံးနိုင်သည်ဆိုသည့်အချက်ကို သမဂ္ဂအဆောက်အဦ အဖျက် ခိုင်းသည်ဟုယူဆသဖြင့် ဖျက်
လိုက်သည်ဟုဖြေပါတယ်။ ဒီလိုဆိုရင်လည်း စုပေါင်းခေါင်းဆောင်မှု ကျင့်သုံးတယ်လို့ လက်ခံထားခြင်းကြောင့် တော်လှန်ရေးခေါင်းဆောင်အနေဖြင့်ဟု ဓားဓားချင်း လှံလှံ ချင်းဆိုတဲ့ စကားလုံးများပါတဲ့ ကြေညာချက်ကိုအသံလွှင့်လိုက်ပါတယ်။
 နောက်သုံးလေးလကြာပြီးသော် ကျွန်တော်က အရက်မူးမူးနဲ့သမဂ္ဂအဆောက်အဦကိုဖျက်ဖို့အမိန့်ပေးတယ်ဟု နိုင်ငံခြားသတင်း
စာ ဆရာတို့ အသိုင်းအ၀ိုင်းတွင် ပြောဆိုနေတာကြားရလို့ ဗိုလ်ကျော်စိုးကို ကျွန်တော်အရက်မူးပြီး ဖျက်ဖို့ အမိန့်ပေးတယ်လို့ ကျွန်
တော်တယောက်တည်းကို တရားခံလုပ်ထားတယ်။ အဲဒါကြောင့် ဇူ လိုင်လ (၇) ရက်က အဖြစ်အပျက်ကို ပြောပြခိုင်းပါတယ်။
 အဲဒီတော့မှ ဗိုလ်ကျော်စိုးက အဖြစ်အပျက်အမှန်ကို ပြောပြ ပါတော့မယ်။အရင်ကတော်လှန်ရေးကောင်စီတက်ခါစတွင် စိတ်ဝမ်းကွဲနေကြတာမပေါ်အောင်လို့ ဖုံးဖုံးဖိဖိ ဖြေခဲ့ခြင်းဖြစ်ပါတယ်။ အဖြစ်အပျက်အမှန်မှာ ထို (၇) ရက်နေ့က အသံလွှင့်ရုံရှိလူစုထဲမှ တဦးတယောက် က ဒီသမဂ္ဂအဆောက်အဦကြီးဟာ သူပုန်ဌာနချုပ်ဖြစ်နေတယ်။ ဖျက်ပစ်လျှင်ကောင်းမယ်လို့ စပြောရာမှ ဖျက်သင့်၊ မဖျက်သင့်ဆွေးနွေးကြပါတယ်။ နောက်ဆုံး ဗိုလ်ချုပ် (နေ၀င်း)ကို အသိပေးပြီး၊ ဗိုလ်ချုပ် သဘောတူလျှင် ဖျက်မယ်လို့ဆုံးဖြတ်ကြပါတယ်။
ထိုစဉ် ဗိုလ်အောင်ကြီးက ဗိုလ်ချုပ်ထံ သူသွားပြီးတင်ပြမယ်။ သဘောတူမတူ အဖြေယူခဲ့မယ်ပြောပြီး၊ ကိုလှဟန်ကိုခေါ်၍ ကားဖြင့်ထွက်သွားပါတယ်။ ထို့နောက် ဗိုလ်အောင်ကြီး အသံလွှင့်ရုံသို့ပြန်လာပြီး၊ ဗိုလ်ချုပ်က သဘောတူလိုက်ပြီဟုပြောသဖြင့် အသံလွှင့်ရုံရှိလူသိုက်တို့ သမဂ္ဂအဆောက်အဦကို ဖျက်ဖို့ ပစ္စည်းများစုပြီး ဖျက်လိုက်ပါတယ်။ ထိုအဖြေကိုရပြီးနောက် ဗိုလ်
အောင်ကြီးမပါဘဲ ကျန်တော်လှန်ရေး  ကောင်စီဝင်များကိုခေါ်၍ ဗိုလ်အောင်ကြီး ကျွန်တော့်ကိုမတင်ပြဘဲ အသံလွှင်ရုံရှိလူသိုက်
ကို ကျွန်တော် သဘောတူလိုက်ပြီလို့ ပြောတဲ့အကြောင်းကို တင်ပြခဲ့ပါတယ်။
ထိုအကြောင်းမှန်ကို သိပြီးနောက် ဗိုလ်  အောင်ကြီးကို ကျွန်တော့်ရဲ့ရုံးခန်းသို့ခေါ်၍ သမဂ္ဂအဆောက်အဦဖျက်ရန် ကျွန်တော်သ
ဘောတူတယ်လို့ ပြောတာကို ကိုယ်သိပြီးပြီ၊ အဲဒီတော့ ကိုယ့်လူ ခေါင်းဆောင်လုပ်ချင်ရင်၊ ခေါင်းဆောင်နိုင်မယ်ထင်ရင် ကိုယ်
ထွက်ပေးမယ်။ ကိုယ်ထွက်ရမလား၊ ကိုယ်လူထွက်ရမလား၊ ဆုံးဖြတ်ပေတော့ဟု ကျွန်တော်ကြေ ပာရာ သူထွက်ပါမယ်ဆိုပြီး သူ့
အခန်းပြန်သွားကာ ထွက်စာတင်ခဲ့ပါတယ်။
 ကျွန်တော်တင်ပြတာကို မှန်ကြောင်း သက်သေအထောက်အထားများ တင်ပြပါမယ်။ ပထမအထောက်အထား ဗိုလ်ချုပ်အောင် ကြီး 
၁၉၈၈ ခု၊ မေလ (၉) ရက် နေ့စွဲဖြင့်ရေးသည့် စာတမ်းစာမျက်နှာ (၂၄) ဒုတိယစာကြောင်း မှစ၍ ပါသော တရားခံဖြစ်ရတဲ့
ဗိုလ်အောင်ကြီးဆိုသူဟာ ဗိုလ်မှူးကြီးလှဟန်နဲ့ ဗိုလ်ချုပ်အိမ်လိုက်အသွား ပါ မောက္ခချုပ်ဆရာကြီးဦးကာ ခေတ္တရွှေ့နေတဲ့အင်းလျားကန်ဟိုတယ်နားက တထပ်တိုက်ကလေးမှာ ဆရာ ကြီးဦးကာကို ဦးလှဟန်က သမဂ္ဂကိုလည်းဖြိုဖို့အမိန့်ရတယ်လို့ 
ပြောတာထပ်ကြားရတော့ အရဲစွန့်ပြီး ဗိုလ်ကျော်စိုးရှိရာ အသံလွင့်ရုံကိုတယ်လီဖုန်းဆက်ပြီး အဲဒီကိစ္စကို ရပ်ထားပေးပါ။
 ဗိုလ်ချုပ်ကို ကျွန်တော်ပြောပါ့မယ်ဆိုပြီး၊ ဟိုရောက်တော့လည်း ဗိုလ်ချုပ်ကိုဘာမှမပြောဘဲ မလိမ့်တပတ်နည်းနဲ့ ထား ခဲ့သူဖြစ်
ပါတယ်ဆိုတဲ့အချက်၊ ဒါ သူရေးထားတဲ့အထဲက ဒါပထမအချက်။ သက်သေခံ ဒုတိယ သက်သေ အထောက်အထားက ဒီကိစ္စနဲ့ 
ပတ်သက်ပြီးတော့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကိုခေါ်ပြီ၊ သူတို့သိတာတွေကို အမှန်အတိုင်းရေးကြပါလို့ ပြောတဲ့အခါကျတော့ 
ဗိုလ်မှူးကြီးလှဟန်တင်ပြတဲ့ စာတမ်းထဲမှာ အဲဒီ သူ့စာလေး ကျွန်တော့်ဆီမှာရှိပါတယ်။ အဲ သူတင်တဲ့စာတမ်း၊ စာမျက်နှာ (၅) 
စာကြောင်းရေ (၄) မှာ ထိုအချိန် ဗိုလ်ချုပ်အောင်ကြီးလည်း ရောက်လာပါတယ်။ သမဂ္ဂကိစ္စပြောတဲ့အခါ နေကြဦး၊ ကျွန်တော် 
ဗိုလ်ချုပ်ကြီးဆီသွားပြီး တင်ပြအမိန့်တောင်းမယ်လို့ပြောပြီး၊ ကျွန်တော့်အားခေါ်ပြီး ထွက်လာခဲ့ပါတယ်။ လမ်းတွင် ဗိုလ်မှူးကြီး
တင်စိုးအိမ်တွင်ရှိသော ဆရာကြီးဦးကာထံဝင်၍ သတင်းမေးပါတယ်။ သေဆုံးသူ၊ ဒဏ်ရာရသူ ကျောင်းသားများအရေအတွက်
လည်း ပြောခဲ့ပါတယ်။


အဲဒီအချိန်မှာ ကျွန်တော်က ဆရာကြီးကို သမဂ္ဂအဆောက်အဦကို ဖျက်မယ်ဆိုတဲ့အကြောင်း ပြောခဲ့ ပါသေးတယ်။ ထို့နောက် 
ကျွန်တော်တို့နှစ်ဦး ဗိုလ်ချုပ်ကြီးထံ ဆက်လက်သွားပါတယ်။ ဗိုလ်ချုပ်နဲ့တွေ့တဲ့ အခါ ဗိုလ်ချုပ်အောင်ကြီး က အခြေအနေများတင်ပြပါတယ်။ တင်ပြရာတွင် သမဂ္ဂအဆောက်အဦကိစ္စ မပါပါ။ ပြန်ရန်ကားပေါ်တက်ပါတယ်။ ကားပေါ်ရောက်တော့ ကျွန်တော်
က ဗိုလ်ချုပ်ဟိုကိစ္စမပြောရသေး ဘူးလို့ သတိပေးပါတယ်။ ဗိုလ်ချုပ်အောင်ကြီးက နေပါစေလို့ပြောသဖြင့် ကျွန်တော်လည်း 
ဘာမှမပြော ဘဲ ဆိတ်ဆိတ်နေလိုက်ပါတယ်။ အသံလွှင့်ရုံသို့ ပြန်ရောက်သောအခါ ဗိုလ်ချုပ်အောင်ကြီးက ဗိုလ်မှူြး  ကြီးကျော်စိုး
အား (အိုကေ)ဟု ပြောလိုက်သည်ကို ကြားရပါတယ် ဆိုတဲ့အချက်တို့ဖြစ်ပါတယ်။ အဲဒီတော့ ဒီအချက်အလက်တွေဟာ ကျွန်
တော်စောစောကပြောခဲ့တဲ့ ကျွန်တော်မသိဘဲနဲ့ ကျွန်တော်သိလေဟန်၊ ကျွန်တော်ခိုင်းလေဟန်၊ တခြားလူတွေကိုပြောလို့ 
ကျွန်တော်သဘောတူပြီဆိုပြီး၊ တခြားလူတွေက ဖျက် လိုက်တာ အဲဒီတော့အထက်က အချက်တွေကိုလေ့လာပြီးတော့ သမဂ္ဂ
အဆောက်အဦကို ဖျက်တဲ့ကိစ္စ မှာ မည်သူတရာခံအစစ်ဖြစ်တယ်ဆိုတာကို လူထုတရပ်လုံးက မိမိတို့ဘာသာဆုံးဖြတ်ကြပါတော့
လို့ တင်ပြရင်း စကားပြောခြင်းကို ဆုံးသတ်လိုက်ပါတယ်ဟု ဗိုလ်နေ၀င်းက တိုင်းပြည်သို့ရှင်းပြခဲ့လေသည်။
ဗိုလ်နေ၀င်း၏နောက်ဆုံးနေ့ မျက်ဖြေလင်္ကာစာတမ်းကြီးမှာ ကာရန်မညီ၊ စာသားမချော မုသာဝါဒ လိမ်လုံးများသာဖြစ်လေသည်။
 ဇူလိုင်လ (၇) ရက်နေ့ သွေးချောင်းစီးလူသတ်ပွဲကြီးနှင့်ပတ်သက်၍ ...

(က) ဗိုလ်နေ၀င်းက စောစောကမသိ သေနတ်သံကြားမှသိရသည်ဟု ဖြေရှင်းခြင်းသည်လိမ်ညာသော မု သားသာဖြစ်သည်။ 
ကျောင်းသားတို့ ဟောပြောချက်ကိုသူ့ထံသို့ ကြိုးမဲ့အသံဖမ်းစက်ဖြင့် လွှင့်ပေးနေေ  သောကြောင့် ကျောင်းသားများ၏အသံကို 
စိတ်ဆိုးကာသတ်ဖြတ်ခွင့်အမိန့်ထုတ်ခဲ့သည်မှာ ဗိုလ်နေ၀င်း ကိုယ်တိုင်ပင်ဖြစ် သည်။
(ခ) ထိုစဉ်က တပ်ဦးမှပစ်မိန့်ပေးရသူ ဗိုလ်စိန်လွင်(နောင်သမ္မတပြုတ်) က မိမိသည် ဗိုလ်နေ၀င်း၏အမိန့်အရ ပစ်မိန့်ပေးခဲ့ပါ
သည်ဟု မဆလပါတီပျက်သောအခါတွင် ဖြေရှင်း ထုတ်ဖေါ်ခဲ့သည်။
 (ဂ) ကျောင်းသားများလက်ချက်နှင့် ရဲ (၇) ဦး၊ (၈) ဦးဒဏ်ရာရရှိသည်ဟု ဗိုလ်နေ ၀င်းက ပြောသည်မှာလည်း လိမ်ညာသောမုသားသာဖြစ်သည်။ အဆောင်ဝင်းတံခါးမှန်သမျှကို ကျောင်း သားများကပိတ်ထားခိုက် ပြင်ပရှိစစ်တပ်ကပစ်ခတ်သတ်ဖြတ်
ချိန်တွင် တက္ကသိုလ်ပတ်ဝန်းကျင်တွင် ရဲ တယောက်မှမရှိ။ ကျောင်းသားတို့က ရဲတို့အားရန်ပြုရန်မဖြစ်နိုင်ချေ။
 (ဃ) တကသဆောက်အဦ မျက်နှာ ကြက်တွင် ကျောင်းသားခေါင်းဆောင်များကို သတ်ဖြတ်ရန်ဦးတည်ချက်ဖြင့် အဆောက်အဦး
ကြီးကို ဖျက်စေအမိန့်ပေးသူမှာ ဗိုလ်နေ၀င်းဖြစ်သည်။ မဖျက်ရန် ဟန့်တားလေဟန်ပြောသော ဒုတိယကာ ကွယ်ရေးဦးစီးချုပ် 
ဗိုလ်မှူးချုပ်အောင်ကြီးလည်း တာဝန်ရှိပေသည်။
 (င) တသကကို ဖျက်ဆီးပြီး နောက် တနေ့နံနက်တွင် ဘာကြောင့်ဖျက်ရသည်ဟု တော်လှန်ရေးကောင်စီ၏ကြေညာချက်တွင် 
တော် လှန်ရေးကောင်စီသည် စည်းမဲ့ကမ်းမဲ့ဘ၀ကိုပြင်ရမည့်တာဝန်သည် မိမိတို့အပေါ်တွင် ကျရောက်နေ သဖြင့် တပ်မတော်၏
အား တစ်စိတ်တဒေသကိုသုံး၍ ဖြေရှင်းလိုက်ရခြင်းသည်ဟု သတင်းစာတို့မှ ရေး သားထုတ်ပြန်ချက်တို့ကို လေ့လာကြည့်ပါက
 တော်လှန်ရေးကောင်စီဥက္ကဋ္ဌဗိုလ်နေ၀င်းက မိမိမသိပါ။ မိမိပါဝင်ခြင်းမရှိပါဟုပြောသည်မှာ လယ်ပြင်တွင်ဆင်သွားသကဲ့သို့ 
ထင်ရှားနေသော မုသားသာဖြစ်ပါ သည်။
 (စ) ယခုဖြစ်ပျက်သည့်ကိစ္စသည် ကျောင်းသားကိစ္စတခုတည်းမဟုတ်ဘဲ၊ နိုင်ငံရေးအမှောင့် ပယောဂများ ဖမ်းစားတယ်ဆိုတာ
 ကျွန်တော်တို့ရိပ်စားမိပါတယ်ဟု ဗိုလ်နေ၀င်း၏ သမဂ္ဂဖျက်ရကြောင်း ကိုယ်တိုင်အသံလွှင့်ချက်၌ ကျောင်းသားများနောက်
ကွယ်မှ ဗကပတို့ပါလေဟန်ပြောသည်မှာလည်း လိမ် ညာလီဆယ်ချက်ပင်ဖြစ်သည်။ ထိုအချိန်က ဗိုလ်နေ၀င်းက မြို့ပေါ်ရှိလက်နက်ချ ဗကပများကို သိမ်း သွင်းကာ တောတွင်းရှိဗကပများအလင်းဝင်ရန် စကားကမ်းလှမ်းနေချိန်ဖြစ်သည်။ ကျောင်း
သားတို့ လှုပ်ရှားမှုသည် ပြင်ပ ပယောဂမပါသည်ကိုသိပါလျက် သတ်ဖြတ်မှုကြီးနှင့် ဖျက်ဆီးမှုကြီးကို လူထုက လက်ခံအောင် 
လီဆယ်ပြောဆိုချက်သာဖြစ်သည်။
 (ဆ) ကျောင်းသားများအား သတ်ဖြတ်ပြီးနောက်၊ ကျွန်တော်တို့ကို အပြောဘ၀မှာနစ်မွန်းစေခြင်းအားဖြင့် အလုပ်ပျက်ကွက်
အောင်ရည်စူးပြီး တမင်လုပ်  နေကြတယ်ဆိုလျှင်တော့ ကျွန်တော် နောက်ထပ်ဘာမှ မပြောလိုတော့ပါဘူး။ အနည်းဆုံး ဓားကို
ဓားချင်း၊ လှံကိုလှံချင်း ရင်ဆိုင်ဖို့သာ ရှိပါတော့တယ်ဟု ပြောသည်မှာ ဒေါသသံနှင့် တုန်ရီနေသည်ကို ကြားရ သူလူထုက သိရှိ
နားလည်ကြသည်။ ဗိုလ်နေ၀င်းရာထူးမှဆင်းပေးရသော ၈၈ ခုနစ်က “စစ်တပ် ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး
ခြောက်တာမပါဘူး၊ နောင်ကို ဆူဆူပူပူလုပ်တဲ့ သူတွေတော့ မသက်သာဘူးလို့သာ မှတ်ပေတော့” ဟု ပြောသောမိန့်ခွန်းနှင့် 
တသံတည်းဖြစ်သည်ကို လူထုက နောကြေနေပြီဖြစ်သည်။
 (ည) ထိုစဉ်က လက်တွေ့သတ်ဖြတ်ရုံမျှသာမက နှုတ်မှလည်း စစ်ကြေညာခဲ့ပါလျက် နောက်ပိုင်းမှ သူသတ်သည် ငါသတ်သည်၊
 သူဖျက်သည် ငါဖျက်သည်ဟု တဦးအပေါ်တဦး လက်ညှိုးထိုး၍ ဖေါ်ကောင်လုပ်ကြစေကာမူ၊ ခေါင်းရှောင်စေကာမူ၊ ဗိုလ်နေ၀င်း
သည် အဓိကတရားခံသာဖြစ်သည်ကို လူထုကမေ့မရနိုင်ပေ။
 မည်သို့ဆိုစေ ယခုအခါ ‘ဆဲဗင်းဂျူလိုင်’ ခေါ် ဇူလိုင်လ (၇) ရက်  နေ့ သွေးမြေကျခဲ့ရသော ကျောင်းသားအရေးတော်ပုံကြီးသည် 
ယခုအခါ ၄၇နှစ်သို့တိုင်ခြဲ့  ပြီးဖြစ်သော်လည်း လူထုတရပ်လုံးသည် ထိုသွေးစွန်းခဲ့ရသော ဇူလိုင်လ (၇) ရက်နေ့ကို ဦးနှောက်က
မေ့ပျောက်သွားသည့်တိုင် နှလုံးသားက ဥဒါန်းမကျေအစဉ်သတိရလျက် ရှိနေမည်မှာ မလွဲဧကန်ပင် တည်း။ ယခုအခါ၌လည်း 
ဗိုလ်နေ၀င်း၏မျိုးဆက်သစ်လက်ပါးစေ စစ်အာဏာရှင်တို့သည် ဒီမိုကရေစီ အရေးတော်ပုံကြီးအောင်မြင်ရေးအတွက် ရုန်းကန်
တိုက်ပွဲနေသော ရဟန်းရှင်လူ၊ ကျောင်း သားများပါဝင်သည့် ပြည်သူလူထုတရပ်လုံးအား နည်းမျိုးစုံဖြင့်ဖြိုခွင်းရန် ဆင်ကြံကြံ
လျက်ရှိရာ တော်လှန်ရေးသတိ အစဉ်ရှိစေရန် တပ်လှန့်နှိုးဆော်လိုက်ရပါသည်။
 ဒီမိုကရေစီအရေးတော်ပုံးကြီး လုံးဝ (လုံးဝ) အောင်ရမည်။

(ကိုဖိုးဇေဘလော့မှ …)

0 comments:

Post a Comment