Wednesday, July 13, 2011
အာဇာနည်နေ့ (တက္ကသိုလ်နေဝင်း) (ဗိုလ်ချုပ်၏အပါးတော်မြဲ ဗိုလ်ထွန်းလှ)
0 comments
“ပျောက်သောသူ ရှာလျှင်တွေ့ သေသောသူ ကြာလျှင်မေ့”
ဤကား မြန်မာလူမျိုးတို့ပြောနေကျ ဆိုရိုးစကားပင်ဖြစ်သည်။ ယျေဘူယျ အားဖြင့် မှန်ကန်သောဆိုရိုးစကားလည်းဖြစ်ပါ၏။ အထူးသဖြင့် အချိန်ကာ လ ကြာမြင့်လာသော် သေသောသူအား တဖြည်းဖြည်းမေ့လျော့ကာနောက်  ဆုံး လုံးလုံးသတိမရတော့သောအခြေ အနေမျိုး ဖြစ်လာတတ်သည်။ ဤသို့ လျှင် ယျေဘူယျအားဖြင့်မှန်ကန်သော ဆိုရိုးစကားနှင့် ပတ်သက်၍ ချွင်းချက်တော့ ရှိနေပါသည်။ ယင်းချွင်းချက်ကား လွန်ခဲ့သော (၆၃)နှစ် ၁၉၄၇-ခုနစ်၊ ဇူလိုင် (၁၉)ရက်၊ စနေနေ့က ဖြစ်ပွားခဲ့သော မြန်မာ့သမိုင်းတွင် အလွန်အရုပ်ဆိုး အကျည်းတန် ပြီး မည်သို့မှဖျောက်ဖျက်
ပစ်၍ မရနိုင်သည့် အစွန်းအထင်းအမည်းကွက်ကြီး (သို့မဟုတ်)
နိုင်ငံတော်လုပ်ကြံမှုကြီးဖြစ် ရာမှ အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွအပေါင်းပါ အာဇာနည်ခေါင်းဆောင်ကြီးများ
အတုံးအရုံးနှင့် ရေတိမ်နစ် ကျဆုံးခဲ့ရခြင်းသည် အချိန်ကာလမည်မျှပင်
ကြာမြင့်စေကာမူ မေ့ပျောက်၍မရနိုင်သည့် ချွင်းချက်ဖြစ်သည်ဟု ဆိုချင်ပါသတည်း။
အထူးသဖြင့် (၁၉-၇-၄၇)နေ့က ဖြစ်ရပ်နှင့်တကွ ယင်းဖြစ်ရပ်မတိုင်မီ တစ်လအတွင်းကဖြစ်ရပ်များကို အနီးကပ်သိရှိခဲ့ရသူ ကျွန်တော့်အဖို့ မမေ့နိုင်ရုံမက
ပြင်းစွာ နာကျည်းကြေကွဲခြင်း၊ ယူကြုံးမရဖြစ်ခြင်း၊ ဖြေ မဆည်နိုင်အောင်
ပူဆွေးဝမ်းနည်းခြင်း စသောစိတ်လှုပ်ရှားမှုဒဏ်ကိုနှစ်စဉ် ဇူလိုင်လ
နီးကပ်လာတိုင်း အလူးအလဲခံစားရတတ်ပါသည်။
ဘာကြောင့် ဤသို့ဆိုရကြောင်းကိုလည်း ယခု ဆက်လက်ဖော်ပြလတ္တံသော အကြောင်းအချက်များက အဖြေပေးနိုင်လိမ့်မည်ထင်ပါသည်။
၁၉၄၇ခုနစ်၊ ဇူလိုင်လဆန်းတွင် ‘ဘီအိုဒီ’ ခေါ် ဗြိတိသျှစစ်တပ်ပင်မ လက်နက်ခဲယမ်းသိုလှောင်ရေးတပ်မှ ဘရင်းဂန်း၊ တော်မီဂန်း၊ စတင်းဂန်းစသော
 မောင်းပြန်လက်နက်များနှင့်တကွ ခဲယမ်းကျည်ဆန် အမြောက်အများကို ပစ္စည်းထုတ်
ပုံစံအတုများဖြင့် မသမာသူတစ်စုက ထုတ်ယူသွားကြောင်းကို Special Branch ခေါ်
ရဲတပ်ဖွဲ့ဌာနချုပ်၏ ‘သတင်းတပ်ဖွဲ့’က သတင်းရသဖြင့်
ပြည်ထဲရေးဝန်ကြီးမှတဆင့် အစိုးရ အဖွဲ့ထံ သတင်းပို့အစီရင်ခံခဲ့ပါသည်။
ထိုအချိန်က ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းသည် နိုင်ငံခြားခရီးထွက်နေ၍ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ပျော်ဘွယ်ဦးမြက ခေတ္တပြည်ထဲရေးဝန်ကြီးအဖြစ်
တာဝန်ယူနေပါသည်။
ဖော်ပြပါ လက်နက်ခဲယမ်းများ လိမ်လည်ထုတ်ယူသွားခြင်းနှင့် ပက်သက်၍ အစိုးရအဖွဲ့က လိုအပ်သလို ဆောင်ရွက်ရန် ခေတ္တပြည်ထဲရေးဝန်ကြီးအား တာဝန်ပေးလိုက်ပါသည်။
ဝန်ကြီးဦးမြလည်း ပြည်ထဲရေးဝန်ကြီးဌာနက တိုက်ရိုက်ကွပ်ကဲသော (နောက်ပိုင်း ပြည်ထောင်စု စစ်ရဲ တပ် UMP ဖြစ်လာသည်။) သောင်းကျန်းမှုနှိမ်နင်းရေးတပ်မှ တပ်စိတ်
တစ်စိတ်ကို လက်နက်ခဲယမ်း အပြည့်အစုံ (မောင်းပြန်သေနတ်များအပါအ၀င်)နှင့်
ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းပြင်ဘက်တွင်လုံ ခြုံရေး တာဝန်ချထားလိုက်သည်။
ဗိုလ်ချုပ်အောင်ဆန်း၏သဘောထားကို သိထားသူ ၀န်ကြီးဦးမြသည် လက်နက်ကိုင်တပ်စိတ် လုံခြုံရေး အစောင့်ချထားခြင်းကို ဗိုလ်ချုပ်အားလုံးဝအသိမပေးခဲ့ချေ။
 ထို့ပြင် ကျွန်တော့်ကိုလည်း နှစ်ယောက် ချင်းတွေ့ ၍ ရုံးခန်းအပြင်ဘက်
လုံခြုံရေးတပ်စိတ်ချထားကြောင်းကို ဗိုလ်ချုပ်အား မပြောရန်
မေတ္တာရပ်ခံ ခဲ့ပါသည်။ ကျွန်တော်လည်း အလိုက်သိစွာနှင့်ပင် ဦးမြအား
ကတိပေးပြီး ဗိုလ်ချုပ်အားမပြောဘဲ နေလိုက် ပါသည်။
သို့ရာတွင် ကံဆိုးချင်တော့ တစ်နေ့ ဗိုလ်ချုပ်နှင့်ကျွန်တော်တို့ ရုံးဘက်လာပြီး ဗိုလ်အောင်ကျော်လမ်း ဘက် တံခါးပေါက်မှ ရုံးခန်းသို့အ၀င်တွင်
မလှမ်းမကမ်းရှိ ဘဏ္ဍာရေးဝန်ကြီးဌာနဘက်သို့ ချိုးကွေ့ သည့် ထောင့်နား
မောင်းပြန်သေနတ်ကိုင် ရဲဘော်သုံးလေးဦးကို ဗိုလ်ချုပ်ကလှမ်းမြင်သွားပါသည်။
ချက်ချင်းဘာမှမပြောဘဲ ဗိုလ်ချုပ်သည်ရုံးခန်းတွင်းသို့ရောက်တော့မှ ကျွန်တော့်အားနှစ်ယောက်ချင်း ခေါ်မေးပါသည်။
“ဟေ့ကောင်၊ ငါ့ရုံးခန်းရှေ့က လက်နက်ကိုင်ရဲဘော်တွေက ဘာလုပ်တာလဲ”
“ပြည်ထဲရေးဝန်ကြီးက လိုအပ်တယ်ထင်လို့ လုံခြုံရေးအစောင့်ချထားတာပါ”
ကျွန်တော်ကရှင်းပြသည်ကို ဗိုလ်ချုပ်သည် သဘောကျဟန်မတူပါ။
“မလိုပါဘူးကွာ။ ငါ့ကို ဘယ်သူကမှလည်း လုပ်ကြံမှာမဟုတ်ပါဘူး။ ငါကလည်း မစိုးရိမ်ဘူး။ ငါ့ရုံးခန်းရှေ့ မှာ လက်နက်ကိုင်ရဲဘော်တွေချထားတာကို ငါ မမြင်ချင်ဘူး။
 ဒီတော့ မင်းကိုယ်တိုင်ခုချက်ချင်း ပြည်ထဲ  ရေးဝန်ကြီး ဦးမြဆီသွားပြီး ငါက
ညွှန်ကြားတယ်လို့ပြော။ ငါ့ရုံးခန်းရှေ့က လက်နက်ကိုင်ရဲဘော်တွေကို
ချက်ချင်း ပြန်ရုပ်ခိုင်းလိုက်။ ကဲ…မင်း အခုပဲ သွားပြောပေတော့”
ဗိုလ်ချုပ်က တိကျပြတ်သားစွာပြောသဖြင့် ကျွန်တော်လည်း ပြည်ထဲရေးဝန်ကြီးဌာနသို့အမြန်သွားရောက် ၍ ၀န်ကြီးပျော်ဘွယ်ဦးမြအား ဗိုလ်ချုပ်က
အမိန့်ပေးလိုက်ပုံကို ပြောပြလိုက်ပါသည်။
ဝန်ကြီးဦးမြသည် အလွန်စိတ်မကောင်းဖြစ်သွားပုံရပါသည်။
“ခက်တော့တာပဲကွာ၊ ငါတို့က လုံခြုံရေးအတွက် လိုအပ်တယ်ထင်လို့ လက်နက်ကိုင်တပ်စိတ်ချထားတာ ကို ဗိုလ်ချုပ်ကမြင်သွားတာ ဆိုးတာပဲ။ ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ၊
 သူ့အမိန့်ကိုလည်း တို့က မနာခံ လို့ မဖြစ်ဘူး၊ ငါတော့ စိတ်မကောင်းဘူးကွာ”
ဤသို့ ငြီးငြူရင်းနှင့်ပင် ၀န်ကြီးဦးမြသည် သက်ဆိုင်ရာသို့ တယ်လီဖုန်းဆက်၍ ဗိုလ်ချုပ်ရုံးခန်းရှေ့မှ လက်နက်ကိုင် လုံခြုံရေးတပ်စိတ်ကို ချက်ချင်းရုပ်သိမ်းရန် အမိန့်ပေးလိုက်ရပါတော့သည်။
ထိုနေ့ ညနေဘက် ရုံးမှအိမ်သို့အပြန်တွင် ဗိုလ်ချုပ်သည်စကားများများမပြောဘဲ တစ်စုံတစ်ခုကို စဉ်း စားနေဟန်ဖြင့်ငြိမ်နေရင်းမှ ရုတ်တရက်ကောက်ခါငင်ခါ
ကျွန်တော့်အား မေးခွန်းထုတ်ပါသည်။
“ဟေ့ တို့အိမ်မှာနေတဲ့ ရဲဘော်တွေမှာ လက်နက်ရှိသလား”
“မရှိပါဘူး။ ဗိုလ်ချုပ် သူတို့က ပြည်သူ့ရဲဘော်တွေဆိုတော့ တရားဝင်လက်နက်ကိုင်တပ်ဖွဲ့ဝင် မဟုတ်တဲ့ အတွက် လက်နက်မရှိကြပါဘူး”
ကျွန်တော်က အမှန်အတိုင်းပြောလိုက်ပါသည်။ သည်တော့မှ ဗိုလ်ချုပ်သည် သူ၏စိတ်ထဲဖြစ်ပေါ်ခံစားမိ ပုံကို ပြောပါသည်။
“ငါကိုယ်တိုင်ကတော့ သေရမှာလည်း မကြောက်ဘူး။ ဘယ်သူကမှလည်း ငါ့ကို လုပ်ကြံမယ်မထင်ဘူး။ ဒါပေမယ့်ကွာ အိမ်မှာရှိတဲ့ကလေးတွေအတွက်တော့ ငါစိုးရိမ်သလို ဖြစ်မိတယ်။
 ဒီတော့ လိုလိုမယ် မယ်ပေါ့ကွာ။ သက်ဆိုင်ရာကို ဒီနေ့ပဲ
မင်းကိုယ်တိုင်သွားပြီး ငါကခိုင်းတယ်လို့ပြော။ သင့်တော်မယ့် လက် နက်
နည်းနည်းပါးပါးထုတ်ယူပြီး အိမ်က ရဲဘော်တွေကိုပေးထားလိုက် ဒါပဲ”
ဤသို့အမိန့်ပေးသဖြင့် ကျွန်တော်လည်း အိမ်ပြန်ရောက်သောအခါ သက်ဆိုင်ရာနှင့်ဆက်သွယ် အစီ အစဉ်လုပ်ပြီး တော်မီဂန်းတစ်လက်၊ စတင်းဂန်းတစ်လက်၊ ခြောက်လုံးပြူး
နှစ်လက်တို့ကိုကျည်ဆံများ  နှင့်တကွ ထုတ်ယူကာ တာဝါလိန်းလမ်း
ဗိုလ်ချုပ်အိမ်တွင်နေသော ရဲဘော်များအား ပေးထားလိုက်ပါ သည်။
နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ပွားခဲ့သည်မှာ ၁၉၄၇-ခုနစ်၊ ဇူလိုင်လ (၁၉)ရက် စနေနေ့ ဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ (ကက်ဘိနက်) အစည်းအဝေးကျင်းပနေ ခိုက် မသမာသူလူသတ်သမားအဖွဲ့က ၀င်ရောက်လုပ်ကြံ ပစ်ခတ်ခြင်းဖြစ်သည်။
အမှန်တော့ ယင်းဝန်ကြီးအစည်းအဝေးသည် ဇူလိုင် (၁၉) ရက် စနေနေ့တွင်ကျင်းပရန်မဟုတ်ပဲ“ဇူလိုင် (၁၆)ရက် ဗုဒ္ဓဟူးနေ့” တွင် လုပ်ရမည်ဖြစ်သည်။
ဤနေရာတွင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ အစည်းအဝေးအကြောင်း အနည်းငယ်ရှင်းပြ ရန်လိုပေလိမ့် မည်။
၁၉၄၆-ခု၊ စက်တင်ဘာလ (၂၆) ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း အစိုးရအဖွဲ့အာဏာကို လက်ခံရယူပြီး ချိန်မှစ၍ ၀န်ကြီးအဖွဲ့အစည်းအဝေးကို အပတ်စဉ် စနေနေ့နံနက်
(၁၀) နာရီ ကျင်းပနေကျဖြစ်သည်။ ထိုအချိန်က ဂဠုန်ဦးစောသည် ဘုရင်ခံက
တိုက်ရိုက်ခန့်အပ်ထားသောဝန်ကြီးတစ်ဦးဖြစ်နေရာ သူသည် လည်း အပတ်စဉ်
စနေနေ့တိုင်းကျင်းပသော ၀န်ကြီးအဖွဲ့အစည်းအဝေးသို့ တက်ရသည်။ သို့ရာတွင်
၁၉၄၇-ခုနစ်၊ ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်
ဗြိတိသျှအစိုးရတို့ သဘောတူချုပ်ဆို  သော “အောင်ဆန်းအက်တလီစာချုပ်” ကို
ဂဠုန်ဦးစောနှင့်သခင်ဗစိန်တို့ သဘောမတူဘဲကန့်ကွက်ကြ သဖြင့် မြန်မာပြည်
ပြန်ရောက်လာသောအခါ ဦးစောနှင့်သခင်ဗစိန်တို့သည် အစိုးရအဖွဲ့ဝင်
ဝန်ကြီးအဖြစ်မှ နှုတ်ထွက်သွားကြရသည်။
ထို့ကြောင့်သူတို့နှစ်ဦးသည် နောက်ပိုင်း ဗိုလ်ချုပ်ဦးဆောင်သောအစိုးရအဖွဲ့ အစည်းအဝေးများသို့ မတက်ကြရတော့ချေ။
ဗြိတိန်နိုင်ငံမှပြန်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် အပတ်စဉ် ၀န်ကြီးအဖွဲ့(ကက်ဘိနက်) အစည်းအဝေးကို စနေနေ့မလုပ်တော့ဘဲ ဗုဒ္ဓဟူးနေ့ကျင်းပရန် ပြောင်းရွှေ့
သတ်မှတ်လိုက်သည်။
ယင်းအကြောင်းကို ဂဠုန်ဦးစောကမသိ။ ၀န်ကြီးအဖွဲ့အစည်းအဝေးသည် စနေနေ့ (၁၀) နာရီကျင်းပမြဲ ကျင်းပနေသည်ဟု ထင်မှတ်နေသည်။
၁၉၄၇-ခုနစ်၊ ဇူလိုင်လ၏ တတိယမြောက် အစည်းအဝေးကို ဇူလိုင် (၁၆) ရက် ဗုဒ္ဓဟူးနေ့တွင် ကျင်းပရန် သတ်မှတ်ထားပြီး ဖြစ်ရုံမက အစည်းအဝေးဖိတ်စာများကိုဝန်ကြီး
အသီးသီးထံသို့ ဖြန့်ဝေထားပြီး ဖြစ် သည်။
သို့သော် ဇူလိုင် (၁၆) ရက်၊ ဗုဒ္ဒဟူးနေ့တွင် တိုင်းပြည်ပြုလွှတ်တော်၏ ဆပ်ကော်မတီတစ်ခုဖြစ်သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီ
အစည်းအဝေးကျင်းပရန် ကြိုတင်သတ်မှတ်ထားပြီး ဖြစ်နေသည်။
အစည်းအဝေးနှစ်ခုတိုက်နေကြောင်းကို ကျွန်တော်က ဗိုလ်ချုပ်ထံ
သတင်းပို့တင်ပြသော အခါ ဗိုလ်ချုပ်က “လွှတ်တော်ကော်မတီ အစည်းအဝေးက အရေးကြီးတယ်၊ လူကြီးတွေလည်း ပါနေ တယ်။ ဒါကြောင့် အဲ့ဒီအစည်းအဝေးကို ဒီတိုင်းပဲထား၊ ကက်ဘိနက်အစည်းအဝေးကိုတော့
စနေ  နေ့ပြောင်းလုပ်လိုက်၊ ၀န်ကြီးတွေဆီကိုလည်း ဖိတ်စာအသစ်ရိုက်ပြီး
ပေးလိုက်”ဟု အမိန့်ပေးလိုက်ရာ “မမေ့နိုင်သော ဇူလိုင် ၁၉ ရက်နေ့” တွင် အစိုးရအဖွဲ့အစည်းအဝေးကျင်းပဖြစ်သွားကာ နိုင်ငံတော်လုပ် ကြံမှုကြီးလည်း
ဖြစ်ပွားခဲ့ရပါတော့သည်။
ဤသည်တို့ကား ၁၉၄၇-ခုနစ်၊ ဇူလိုင်လဆန်းက အမှန်တကယ်ဖြစ်ခဲ့သောဖြစ်ရပ်များဖြစ်ရာ နေ့လယ်ပိုင်း ပြန်လည်သုံးသပ်ကြည့်သောအခါ အလွန်ဝမ်းနည်းယူကြုံးမရ ဖြစ်စရာ
ကောင်းလောက်အောင် ကံကြမ္မာ ၏လှည့်စားမှု သို့မဟုတ် အလှည့်အပြောင်းများကို
တွေ့ရပါသည်။
ပထမအချက်အနေဖြင့် အကယ်၍သာ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ရုံးခန်းရှေ့မှ လက်နက်ကိုင်လုံခြုံရေး တပ်စိတ်ကို ရုပ်သိမ်းရန်အမိန့်မပေးခဲ့လျှင်။
ဇူလိုင် ၁၉ ရက်နေ့ကျတော့ လူသတ်သမားအဖွဲ့ ဗိုလ်ချုပ်တို့အား လုပ်ကြံရန်လာသောအခါ လုံခြုံရေးတပ် စိတ်နှင့် တိုက်ပွဲဖြစ်ရုံသာရှိမည်။ လုပ်ကြံမှုကြီးတော့
မဖြစ်နိုင်။
တိုက်ပွဲဖြစ်လျှင်လည်း လုံခြုံရေးတပ်စိတ်က လူအင်အား၊ လက်နက်အင်အားပိုကောင်းသဖြင့် လူသတ် သမားအဖွဲ့အား တစ်ယောက်မကျန်သုတ်သင်ခြေမှုန်းပစ်နိုင်မည်မှာ သေချာသည်။
အကယ်၍သာ တိုင်းပြည်ပြုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီက ဇူလိုင် (၁၆) ရက်နေ့တွင် အစည်းအဝေးကျင်းပရန် ချိန်းမထားခဲ့လျှင်
ဝန်ကြီးအဖွဲ့ (ကက်ဘိနက်) အစည်းအဝေးကို ခါတိုင်းအပတ်စဉ် ကျင်းပနေကျ
ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၆)တွင် ကျင်းပဖြစ်မည်။ ဗုဒ္ဓဟူးနေ့တိုင်းကျင်းပသော
လူသတ်သမားအဖွဲ့အား ဇူလိုင်လ ၁၉ ရက် စနေနေ့တွင် လွှတ်မည်ဖြစ်သည်။
သို့ဖြစ်လျှင် ၀န်ကြီးအစည်းအဝေးမရှိ၍ လုပ်ကြံမှုကြီးလည်း ဖြစ်ပွားမည်
မဟုတ်ချေ။
အကယ်၍သာ လူသတ်သမားအဖွဲ့သည် ဗိုလ်ချုပ်အား အတွင်းဝန်ရုံးတွင်မလုပ်ကြံပဲ ဗိုလ်ချုပ်၏နေအိမ် (ဗဟန်းတာဝါလိန်းလမ်း ယခု ဗိုလ်ချုပ်တည်ရှိရာ)တွင်
လာရောက်လုပ်ကြံပါက သူတို့သည် ဗိုလ်ချုပ်ရှိရာ အိမ်ပေါ်ထပ်သို့ပင်
တက်နိုင်မည်မဟုတ်။ ဗိုလ်ချုပ်၏ အမိန့်ဖြင့် ကျွန်တော်ကိုယ်တိုင်
လက်နက်တပ် ဆင်ပေးထားသော အိမ်ရှိရဲဘော်များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်မည်။
ယင်းသို့ တိုက်ပွဲဖြစ်လျှင် အိမ်မှ ပြည် သူ့ရဲဘော်များသည် ဘီဒီအေ
တပ်မတော်နှင့် ဖက်ဆစ်တော်လှန်ရေး တပ်သားရဲဘော်များဖြစ်၍
လက် နက်ကိုင်တွယ်မှုကျွမ်းကျင်သည့်ပြင် တိုက်ပွဲအတွေ့အကြုံလည်း
ရှိသောကြောင့် လူသတ်အဖွဲ့အား အလွယ်တကူပင် တွန်းလှန် တိုက်ခိုက်ပစ်နိုင်မည်
ဖြစ်သည်။
သို့ရာတွင် လူသတ်အဖွဲ့သည် ဗိုလ်ချုပ်အိမ်သို့မလာဘဲ လက်နက်ကိုင်အစောင့်မရှိသော အတွင်းဝန်ရုံးသို့ သွားရောက်လုပ်ကြံခဲ့သည်။
ထို့ကြောင့်လည်း လုပ်ကြံမှုကြီး ဖြစ်မြောက်ခဲ့ရသည်။
ဗိုလ်ချုပ်ခမျာ ဖခင်တို့၏ ကြီးမားသောမေတ္တာအဟုန်ကြောင့် လူမမယ်ရင်သွေးငယ်များအတွက် စိုးရိမ်မ ကင်းဖြစ်ကာ “လိုလိုမယ်မယ်ပေါ့ကွာ”ဟုဆိုပြီး ကျွန်တော့်အား
အိမ်မှ ရဲဘော်များအား လက်နက် တပ် ဆင်ခိုင်းခဲ့သည်။ သူ့ကိုယ်သူ အတွက်တော့
လုံးဝမစိုးရိမ်ဘဲ “ငါက သေရမှာလည်း မကြောက်ဘူး။ ဘယ် သူမှလည်း ငါ့ကို
လုပ်ကြံမှာ မဟုတ်ပါဘူး”ဟု ပြောခဲ့ရှာသည်။ သို့သော် တကယ်ကျတော့ သူထင်သလို
မဖြစ်ခဲ့။ သူချစ်မြတ်နိုးသောရင်သွေးငယ်များ ဘာမှမဖြစ်ပဲ သူကိုယ်တိုင်ကသာ
(၁၉-၇-၄၇)နေ့က မရှုမလှ “ရေတိမ်နစ်” ကျဆုံးခဲ့ရရှာသည်။
ကံတရားက ဗိုလ်ချုပ်နှင့်တကွ ကျွန်တော်တို့နိုင်ငံသားအားလုံးကို ဒဏ်ခတ်သလို ပျက်ရယ်ပြုလှည့်စား လိုက်ခြင်းပေလား။
ဗုဒ္ဓရှင်တော်ဘုရား၏ အဆုံးအမအရ ကံ၊ ကံ၏အကျိုးကို ယုံကြည်ရမည်ဟု ညွှန်ပြထားပါသည်။ ထို့ကြောင့် မည်သို့မှ မမေ့နိုင်သော ဇူလိုင် ၁၉ ရက်၊ စနေနေ့က ဖြစ်ရပ်အကြောင်းပြန်ပြောင်းသတိရမိ တိုင်း“သတ္တ၀ါမှန်သမျှ ကံစီမံ ဖန်တီးရာသာ လိုက်နာ၊ နာခံနေကြရသည်ပါတကား”ဟူသော အဂုင်္တ္တရနိကယ် အဘိဏှသုတ်တော်လာ တရားသဘောအတိုင်း ဆင်ခြင်နှလုံးသွင်း၍ သံဝေဂဥာဏ်ပွားများကြရန်သာ ရှိပါတော့သတည်း။
တက္ကသိုလ်နေဝင်း...... စတိုင်သစ်မဂ္ဂဇင်း(၁၉၉၅)
0 comments:
Post a Comment