Wednesday, July 27, 2011

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း၂၁) မျိုးမြင့်ချို

0 comments
စစ်မြေပြင်မှပုံရိပ်များ (အပိုင်း၂၁) ဇူလိုင် ၂၇ ရက် ၂ဝ၁၁ နေ့မှာ အာရ်အက်ဖ်အေ အပတ်စဉ်အသံလွှင့်အစီအစဉ်ကနေ ထုတ်လွှင့်ပြီးဖြစ်ပါတယ်။

          ဒီတပတ်တော့ စစ်တပ်က “နိုင်ငံရေးအာဏာယူခွင့်ရှိတယ်”ဆိုတဲ့အယူအဆကို ဘယ်လိုဘယ်ပုံပြင်ဆင်မှုရှိရှိနဲ့  တပ်တွင်းမှာရိုက် သွင်း ထားသလဲဆိုတာ တင်ပြချင်ပါတယ်။

            လူတယောက် တပ်ထဲဝင်လာတာမှာ အကြောင်းအမျိုးမျိုးရှိနိုင်ပါတယ်။ တိုင်းပြည်ချစ်လို့၊ ရာထူးမက်လို့၊ မမှန်ဝါဒဖြန့်ချိတာတွေကို အမှန်အကန်ထင်မိလို့၊ စားဝတ်နေရေးအဆင်မပြေလို့၊ စာမေးပွဲကျလို့၊ ရည်းစားနဲ့ကွဲလို့၊  အိမ်နဲ့အဆင်မပြေလို့၊ အရပ်ထဲမှာ ပြဿနာ တခုခုတက်လာလို့ စသည်ဖြင့် အမျိုးမျိုးရှိနိုင်ပါတယ်။ ဘယ်လို နောက်ခံအကြောင်းတွေနဲ့ပဲ ဝင်လာဝင်လာ တပ်ထဲရောက်ပြီဆိုတာနဲ့ “ကိုယ် ကျိုးရှာဖို့မဟုတ်” ဆိုတဲ့စကား တွင်တွင်ပြောပြီး လက်မထောင်ချင်စိတ် မပေါက်ပေါက်အောင် စလုပ်ပေးပါတယ်။

နောက်တဆင့်မှာ တိုင်းပြည်အတွက် အနစ်နာခံတယ်၊ စွန့်လွှတ်တယ်၊ ကိုယ်ကျိုးမဖက်ဆိုတဲ့ စကားလုံးတွေကို စစ်သည်တွေပါးစပ် ထဲခွံ့ပေးပါတယ်။ အဲဒီစကားလုံးတွေပြောရတာကိုလည်း ဂုဏ်ရှိတယ်၊ မာန်ဝင့်ချင်စရာကောင်းတယ်လို့ ထင်လာအောင် မပြတ်လုပ်ပေး ပါတယ်။ ကြာတော့ စကားအခွံ့ခံ၊ ခေါင်းအကိုင်ခံတွေကိုယ်၌က အဲဒါတွေကို အာတွေ့လာ၊ ကြိုက်လာ၊ တကယ်လည်း အဲဒီအတိုင်းပဲလို့ ထင်လာပြီး ကိုယ်တကယ် တပ်ထဲရောက်လာတဲ့အကြောင်းရင်းကို မေ့စပြုလာပါတယ်။ စိတ်ထဲမလည်း “ငါမှမလုပ်ရင် တိုင်းပြည်ကြီးပျက်စီး ရချေရဲ့”၊ “ငါတို့တွေရှိနေပေလို့သာပေါ့” ဆိုတာမျိုးတွေတွေးလာပြီး၊ ဆောင့်ကြွားကြွားနဲ့ သွေးနားထင်ရောက် ဖြစ်လာပါတော့တယ်။ အဲဒီ အချိန်မှာ “တိုင်းပြည်ချစ်လို့ဝင်တာ” လို့မပြောသေးရင်တောင် “တိုင်းပြည်အတွက်လုပ်ချင်လို့” ဆိုတာလောက်တော့ ပြောတတ်စပြုလာပါပြီ။ အားလုံးကိုမဆိုလိုပေမဲ့ အတော်များများကတော့ အဲဒီပုံစံအတိုင်းဝင်သွားကြတာများပါတယ်။

တပြိုင်တည်းမှာပဲ တပ်တွေကို (အထူးသဖြင့် အမာခံတပ်မကြီးတွေကို) ဆာပြီးမောနေအောင် လုပ်ပေးထားပါတယ်။ ငတ်ပြတ်ပြီး ခြေကုန်လက်ပမ်းကျတဲ့အထိတော့ မလုပ်ဘူးပေါ့။ အဲသလောက်လုပ်ရင် အန္တရာယ်အလွန်များလို့ပါ။  လူဟာ ကြပ်ကြပ်ဆာလာပြီ၊ မောနေပြီ ဆိုရင် ဒေါသကြီးလာတတ်သလို ကျိုးနွံအောင်လုပ်ရလည်းလွယ်လာပါတယ်။ ဒေါသစိတ်ကိုဦးချိုးနိုင်ပြီး အဆာပြေလောက်လေး ချချကျွေး နိုင်ရင် ခေါင်းကိုင်ရတာလွယ်ကူလာပါတယ်။ တောရိုင်းတိရိစ္ဆန်တွေကို ယဉ်ပါးပြီးပျပ်ဝပ်သွားအောင်လုပ်တဲ့နည်းမျိုး - အထူးသဖြင့် ဆင်ကို ကျုံးသွင်းပြီး ကျိုးနွံသွားအောင် လုပ်တဲ့နည်းမျိုး ဖြစ်ပါတယ်။

တပ်မကြီးလက်အောက်ခံ အမာခံတပ်ရင်းတွေကို ရှေ့တန်းမှာ ၆ လ ထားလိုက်ပါတယ်။ တခါတလေ ၇ လ ၈ လ အထိတောင် ထား လိုက်ပါတယ်။ ရှေ့တန်းဆိုတော့ မိသားစုနဲ့ကလည်း တကွဲတပြားဖြစ်နေ၊ အနေအစားက မချောင်၊ အလွန်လည်းပင်ပန်းပါတယ်။ ဆိုတော့ မိသားစုနဲ့လည်း အခွဲခံထားရတယ်၊ လူကလည်းပမ်းနေတယ်၊ ဆာကလည်း ဆာနေတယ်၊ အကျိုးဆက်က စစ်သည်တွေဟာ ဆာလောင်ပင် ပန်းပြီး မုန်ယိုနေတဲ့ဆင်တွေလို ဖြစ်လာတယ်။ မဲမဲမြင်ရာ အကုန်ထိုး အကုန်သတ်လုပ်ချင်တဲ့ စိတ်ရိုင်းတွေဝင်လာပါတော့တယ်။

ဒီတော့ ဘာတွေဖြစ်လာသလဲ။ ပြည်သူကိုရန်သူလို့ မြင်လာတယ်။ “ဒင်းတို့ကြောင့် ဒီလိုဖြစ်ရတာ” ဆိုပြီး လူထုအပေါ် ရမ်းကားလာ တယ်။ စစ်တိုက်တာမဟုတ်တော့ပဲ ဒါးပြတိုက်တာ၊ လူသတ်တာ၊ မုဒိန်းကျင့်တာ၊ ရွာမီးရှို့တာတွေဖြစ်လာတယ်။ အချင်းချင်းပြန်ပစ်တာခတ် တာတွေပါ ဖြစ်လာပါတယ်။ ဒီလိုဖြစ်လာတဲ့အခါမှာ တပ်တွင်းအရေးယူမှုတွေလုပ်လာရတယ်။ လုပ်တဲ့နေရာမှာလည်း ရဲဘော်ချင်း ပစ်ကြခတ် ကြတာတွေထက် အောက်ကအထက်ကိုပြန်ပစ်တာမျိုးကို ပိုပြီးပြင်းပြင်းထန် အရေးယူပြလိုက်ပါတယ်။ လူထုအပေါ်ကျူးလွန်မှုတွေ အတွက် ကိုတော့ အထက်အောက်အဆင့်လိုက် တတ်နိုင်သမျှကာကွယ်ပေးထားပါတယ်။ မဖုံးနိုင်မဖိနိုင်ဖြစ်လာမှ ဗန်းပြသဘောလောက် အရေးယူ လိုက်တယ်။  ဒါက ရှေ့တန်းအခြေအနေပါ။

တခါ နောက်တန်းပြန်ရောက်လာပြီ ဆိုတော့ကော။ ရှေ့တန်းက အဲသလိုစိတ်တွေနဲ့ပြန်ရောက်လာတဲ့ စစ်သည်တွေကို နောက်တန်း မှာ တလပဲပေးနားပါတယ်။ တလဆိုတာ ဘာမှမကြာတဲ့အချိန်လေးပါ။ အဲဒီအချိန်လေးအတွင်းမှာလည်း စစ်သည်တွေကို အလကားမထား အအားမထားပါဘူး။ မွမ်းမံသင်တန်း၊ ဘာသင်တန်း ညာသင်တန်းတွေတက်ခိုင်း၊ ဖက်ထိပ် (Fatigue) လို့ခေါ်ကြတဲ့ စစ်ရေး နဲ့မဆိုင်တဲ့ အလုပ်တွေအလုပ်ခိုင်း၊ ကောက်စိုက်ခိုင်း၊ ပျိုးနှုတ်ခိုင်း၊ စပါးရိတ်ခိုင်း၊ ကင်းစောင့်ခိုင်း မနားရအောင်ကို အလုပ်ပေးထားပြန်ပါတယ်။ ၃ ပတ်လောက် အဲသလိုမောင်းထားပြီးတော့ နောက်တကြိမ် ရှေ့တန်းပြန်ထွက်ဖို့ စပြင်ခိုင်းလိုက်ပြန်ပါတယ်။ လက်နက်ထုတ်ကြ၊ စစ်ဝတ် ထုတ်ကြ၊ တိုက်ကြချွတ်ကြ၊ တပ်တွေပြန်ဖွဲ့စည်းပုံလုပ်ကြ၊ ပြင်ကြဆင်ကြနဲ့ ပြန်နားရတဲ့တလရဲ့ နောက်ဆုံးတပတ်ကိုလည်း ဖပ်ဖပ်မောအောင် မောင်းပေးလိုက်ပြန်ပါတယ်။ ဒါက နောက်တန်းမှာရှိနေတဲ့အခြေအနေပါ။

 ဒီလိုနဲ့ နောက်တခေါက် ရှေ့တန်းပြန်ထွက်၊ ပြန်ဆာ ပြန်မောသံသရာထဲ ပြန်ဝင်သွားတော့တာပါပဲ။ ဆိုတော့ ဘာတွေဖြစ်လာသလဲ။ စစ်သည်တွေစိတ်ထဲမှာ “ငါတို့သာ အပင်ပမ်း၊ အနစ်နာ၊ ဆင်းရဲခံ၊ ကိုယ်ကျိုးတွေစွန့်နေရတယ်။ တိုင်းပြည်အတွက်လုပ်နေရတယ်” ဆိုတဲ့ အတွေးတွေ ဝင်လာပါတော့တယ်။ တပြိုင်တည်းမှာ အရပ်သူအရပ်သား၊ လက်လုပ်လက်စား၊ ကုန်သည်ပွဲစား၊ အစိုးရအမှုထမ်းတွေကိုတော့ “ဒီလူတွေက သူတို့အလုပ်သူတို့လုပ်၊ မိသားစုနဲ့အတူနေ၊  ပညာသင်၊ ကိုယ်ကျိုးရှာသမားတွေ” လို့မြင်လာပါတယ်။ စစ်သားမဟုတ်ရင် တိုင်းပြည်မချစ်ဘူးလို့ ထင်လာပါတယ်။ တိုင်းပြည်ချစ်ခွင့်ဆိုတာလည်း စစ်သားနဲ့စစ်တပ်မှာပဲရှိတယ်လို့ ထပ်မြင်လာပြန်ပါတယ်။ လွတ်လပ် ရေးအတွက် နယ်ချဲ့နဲ့ဖက်ဆစ်ကို တပ်တခုတည်းကပဲတိုက်ခဲ့ရတာတို့၊ တိုင်းပြည်ကြီးချောက်ထဲကျခါနီးတိုင်းတို့ ဆိုတာတွေကို အမှန်ထင်ပြီး “တပ်မတော်ဟာ တိုင်းပြည်အာဏာကိုယူသင့်တယ်၊ ယူခွင့်ရှိတယ်၊ ယူရမယ်၊ ယူတာမှန်တယ်” ဆိုတဲ့အမြင်တွေ တပ်ထဲမှာ ခိုင်မာလာတာ ဖြစ်ပါတယ်။

နောက်တပတ်ဆက်လက်တင်ပြပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား
မျိုးမြင့်

0 comments:

Post a Comment