Sunday, July 24, 2011

၂၀၀၈ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မျက်ခြေမပြတ်ကြနဲ့(ရဲဘော်ဖိုးသံချောင်း)

0 comments
၂၀၀၈ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုမျက်ခြေမပြတ်ကြနဲ့ (ရဲဘော်ဖိုးသံချောင်း)
နအဖအစိုးရဟာဖွဲ့စည်းပုံအခြေခံဥပဒေမရှိပဲအုပ်ချုပ်ခဲ့တယ်၊ ကြံ့ဖွတ်အစိုးရကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ အုပ်ချုပ်ခဲ့တယ်ဆိုတာဟုတ်ပါတယ်။ ဒါဖြင့်ဘာအပြောင်းအလဲတွေ တွေ့နေ ရပြီလဲ။ ဒီနေ့အချိန်ဟာကြံ့ဖွတ်စစ်အစိုးရအနေနဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အစိုးရ အသစ်တရပ် အသားကျအောင် လုံးပမ်းနေချိန်ဖြစ်ပါတယ်။ စစ်တပ်ကတိုက်ရိုက်လုပ်ဖို့မလိုတဲ့ လုပ်ငန်းတွေကို”အရပ်ဘက်” လွှဲပြောင်းပေးတယ်ဆိုတာဖြစ်အောင် အဖက်ဖက်မှာလုပ်နေ ရပါတယ်။ ပြောရရင်ဒီအလုပ်ဟာသူတို့အတွက်လွယ်တာတော့ မဟုတ်ပါဘူး။ အရင်ကတော့ စစ်တပ်က အားလုံးကိုလက်ဝါးကြီးအုပ်ထားတာဆိုတော့ အခြေအနေကိုစစ်တပ်က (နယ်တွေမှာ ဆိုရင် စစ်တိုင်းတွေက) တိုက်ရိုက်သိနေ၊ ချုပ်ကိုင်နေတာဖြစ်သလို စားပေါက်တွေကိုလည်းသူတို့ ကပဲအားလုံးချုပ်ထား၊ စားသုံးနေပါတယ်။ အခုကျတော့ တိုင်းအစိုးရ၊ ပြည်နယ်အစိုးရဆိုတာတွေလုပ်ထားတော့ ဒီအစိုးရတွေရဲ့အလုပ် ကိုလည်းပြနိုင်အောင်၊ တချိန်တည်းမှာ အခြေအနေတွေကို စစ်တပ်ကချုပ်ကိုင်မိနေနိုင်အောင် အဆင့်ဆင့်အစီရင်ခံရ၊ ခွင့်ပြုချက်ယူရတာတွေ၊ ညွှန်ကြားတာတွေ အဆင့်ဆင့်သွယ်သွယ်ဝိုက်ဝိုက်တွေ ဖြစ်လာပါတယ်။ တခါတလေမှာ တမြို့တည်း၊ တခရိုင်တည်းဖြစ်နေတဲ့ကိစ္စကို ထိပ်ဆုံး ကြပ်ပြေးနေပြည်တော်အထိတက်ပြီးမှ နေပြည်တော်ကနေ တမြို့တည်းနေတခြားဌာနတခုကိုပြန်ချပေးတာဖြစ်နေတော့ အချိန်တွေ အရမ်းကြန့်ကြာတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် လာဘ်ယူတော့လည်း အရင်ကစစ်တပ်ကိုတိုက်ရိုက်ပေးလို့ရပေမဲ့ အခုတော့ လမ်းကကွေ့ကောက်နေပါတယ်။ သေချာအောင်ပြောရရင် စစ်တပ်ကိုမခွံ့ရတော့တာ မဟုတ်ပါဘူး။ အခုလက်တွေ့မှာ ပါးစပ်တပေါက် ပိုခွံ့နေရပါတယ်။ ဒီလိုအခွင့်အာဏာရော စားပေါက်တွေပါ မျှမျှတတနဲ့သူတို့တွင်း win-win ဖြစ်တဲ့စနစ်တရပ် အခိုင်အမာအသားကျအောင် သူတို့အနေနဲ့အချိန်ယူပြီး အတော်ကိုလုပ်ရဦးမှာပါ။
ကြံ့ဖွတ်စစ်အစိုးရဟာ ဒီလိုလုပ်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂံဘုရားဖူးခွင့်ပြုတာ၊ အာဇာနည်နေ့မှာ တက်ရောက်စေတာ၊ ဗိုလ်အောင်ကြည်နဲ့စကားပြောခိုင်းထားတာ စတဲ့အပေါ်ယံကိစ္စတွေခွင့်ပြုပြီး ပြည်တွင်းပြည်ပ အာဘော်တွေမှာ အမှတ်ယူနေပါတယ်။ ဒါတွေကို သူတို့ဆင်ကွက်ထဲဝင်ပြီး အမှတ်ပေးချင်သူတွေကအမှတ်ပေးနေတဲ့အပြင် တချို့ကဆိုရင် အစကငါမပြောဘူးလားဆိုတာမျိုးအထိ ပြောနေကြပါ တယ်။ တခါ နိုင်ငံရေးလောကမှာကြုံရလေ့ရှိတဲ့ နောက်တက်တဲ့အစိုးရဒို့အစိုးရဆိုသူတွေလည်း လက်မထောင်လာကြတာတွေ့ရပါတယ်။ တကယ်ကတော့  စစ်အစိုးရတရပ်ဟာ သက်တမ်းရှည်လာတာနဲ့အမျှ သူတို့မှာအတွေ့အကြုံတွလည်း များပြားကြွယ်ဝလာတယ်ဆိုတာကို မမေ့သင့်ပါဘူး။ သူတို့အနေနဲ့ သူတို့အာဏာကို အန္တရာယ်မပေးရေးဆိုတဲ့မူအောက်မှာ ဘယ်ဟာလောက်ကိုတော့လိုက်လျော၊ ဘယ်ဟာကိုတော့ အလျှော့မပေးနဲ့ဆိုတာကို ကောင်းကောင်းခွဲခြားတတ်ပါတယ်။ သေချာပြန်ကြည့်လိုက်ရင် စစ်အစိုးရတွေဟာ မူကျတဲ့ကိစ္စတွေအပေါ်မှာ ဘယ်တော့မှအလျှော့မပေးဘူးဆိုတာ အားလုံးအသိပါပဲ။ အလွယ်ဆုံးနဲ့ အမြင်သာဆုံးပြရရင် နိုင်ငံရေးအကျဉ်းသားကိစ္စ၊ တိုင်းရင်းလက်နက် ကိုင်ကိစ္စတို့မှာ တလက်မတောင်အလျှော့မပေးရေး၊ တိုင်းပြည်ရဲ့စီးပွားရေးကို သူတို့နဲ့သူတို့ရဲ့ ပုလင်းတူဗူးဆို့ကတွေချည်း ချုပ်ကိုင်ထားရေးတို့ဟာ ဘယ်သူနဲ့မှညှိနှိုင်းမှာ၊ အပေးအယူလုပ်မှာမဟုတ်တဲ့ သူတို့ရဲ့အခြေ ခံမူတွေပဲမဟုတ်ပါလား။
ပြန်စဉ်းစားလိုက်ရင် ၁၉၆၂ခုနှစ် ဦး/ဗိုလ်နေ၀င်းကစလို့ ဗိုလ်စောမောင်-ဗိုလ်သန်းရွှေအလယ် ဦး/ဗိုလ်သိန်းစိန်အဆုံး စစ်အာဏာရှင်တွေမှာ တူညီ တဲ့မူအချက်တွေအများကြီးရှိတယ်ဆိုတာတွေ့ရပါမယ်။ အဲဒါတွေကတော့ (မဆလနာမည်ခံလို့ပဲဖြစ်ဖြစ်၊ ကြံ့ဖွတ်နာမည်ခံလို့ပဲဖြစ်ဖြစ်၊ အာဏာကို ယာယီသိမ်းထားသူအနေနဲ့ဖြစ်ဖြစ်) အာဏာကို သူတို့ချည်းလက်ဝါးကြီးအုပ်ထားတာ၊ ပြည်တွင်းစစ်ကိုအပေါ်မှာထားရှိတဲ့သဘောထား၊ ကျောင်းသားသမဂ္ဂတွေအပေါ် ထားရှိတဲ့သဘောထား၊ စီးပွားရေးကိုသူတို့ချည်းလက်ဝါးချည်းအုပ်ထားလိုတဲ့သဘောထား၊ တိုင်းရင်းသား ပြည်သူတွေ အပေါ်ထားရှိတဲ့သဘောထား စတာတွေပါပဲ။ ဒါတွေဟာ နှစ်ပေါင်း၆၀နီးပါး ၏-သည် မကွဲပဲ စစ်အာဏာရှင်အဆက်ဆက် ကိုင်စွဲခဲ့တဲ့ ပေါ်လစီတွေလို့ဆိုရပါမယ်။
တကယ်ကအစိုးရတရပ်ရဲ့လက္ခဏာကိုဖြစ်စေ၊ အဲဒီအစိုးရဦးတည်နေတာကိုဖြစ်စေ သိချင်ရင်သူတို့ရဲ့ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံဥပဒေကို စောကြော ရပါတယ်။ စစ်အစိုးရရဲ့ ၂၀၀၈ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ စပေါ်ထွက်လာကတည်းက လူတိုင်းရဲ့ဆန့်ကျင်ခြင်းကို ခံခဲ့ရပါတယ်။ ပြောရရင် ၂၀၁၀ရွေးကောက်ပွဲကြံ့ဖွတ်ကမဟုတ်ပဲဝင်ခဲ့သူတွေ၊ အခုအမတ်ဖြစ်နေသူတွေတောင်မှ ဒ်ီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ ဘယ်လောက်ဆိုးတယ်၊ စစ်တပ်အာဏာလက် မလွတ်ရေးကိုအာမခံပေးတဲ့ ဥပဒေဖြစ်တယ်ဆိုတာကို မြင်ခဲ့၊ အသိအမှတ်ပြုခဲ့ကြပါတယ်။ အခု ကြံ့ဖွတ်စစ်အစိုးရလုပ်နေတာတွေဟာ အဲဒ်ီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ ရည်မှန်းချက်တွေကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ အကောင်အထည်ဖော် နေတာဖြစ်တယ်ဆိုတာကို မမေ့သင့်ပါဘူး။
ဒီအစိုးရတက်လာတာ လေးလကျော်ခဲ့တဲ့နောက်မှာ တိုင်းပြည်ကို(ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါသတ်မှတ်ချက်အတိုင်း) အချိန်မရွေးအာဏာ သိမ်းမယ့်အန္တရာယ်က ကွာလှမ်းသွားစေခဲ့တယ်လို့ ဘယ်သူပြောနိုင်ပါသလဲ။ ကြပ်ပြေးကလွှတ်တော်ထဲမှာ ကြံ့ဖွတ်အစိုးရကချမှတ်ချင်တာကို ကြံ့ဖွတ်မဟုတ်တဲ့ကိုယ်စားလှယ်တွေကဆန့်ကျင်လို့ ပျက်သွားတယ်၊ ရပ်ဆိုင်းထားရတယ်ဆိုတာမျိုးကော ဘယ်နှကြိမ်များရှိသွားပြီလဲ။ ကိစ္စတွေကို ကိုယ့်ကိုယ်ကိုမညာစတမ်း၊ မလိမ်စတမ်းကြည့်ကြစမ်းပါ။ သမိုင်းမှာ စစ်အစိုးရရဲ့အလိမ်အညာကို အကာအကွယ်ပေးသူ၊ ဖုံးဖိပေးသူ၊ အောက်စောင့်လုပ်ပေးသူအဖြစ် နာမည်မပျက်ဖို့လိုပါတယ်။
ဗမာပြည်သမိုင်းမှာရှိခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသုံးခုထဲက တခုတည်းသောအများလက္ခဏာဆောင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ လို့ပြောရမယ့် ၁၉၄၇ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုတောင်မှ ဖဆပလအစိုးရဟာ သူတို့ထင်သလိုဆွဲဆန့်ပြီး အတိုက်အခံတွေကို ဖိနှိပ် သတ်ဖြတ်တာတွေလုပ်ခဲ့ပါသေးတယ်။ လက်ရှိ၂၀၀၈ခုနှစ်ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ကတော့ ကြံ့ဖွတ်စစ်အစိုးရဘယ့်ကလောက်အထိ ရမ်းနိုင်တယ်ဆိုတာ လူတိုင်းခန့်မှန်းနိုင်ပါတယ်။
ဗမာပြည်ရဲ့အခြေအနေတွေကိုပြောင်းဖို့ဆိုရင် ၂၀၀၈ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြောင်းလဲပစ်တာက စရပါမယ်။ ဒီမိုကရေစီရေးအတွက် အရေးဆိုနေသူတွေအားလုံး ဒ်ီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုးကြီးကို မျက်ခြေမပြတ်ကြဖို့လိုသလို မိမိတို့ရဲ့လုပ်ငန်းစဉ်တိုင်းမှာလည်း ဒ်ီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖျက်သိမ်းရေးကို ထိပ်တန်းထားကြရပါလိမ့်မယ်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဦးတည်တိုက်ရတဲ့တိုက်ပွဲဆိုတာဟာ လွယ်လွယ်မဟုတ်ဘူးဆိုတာလည်း မမေ့ဖို့ လိုပါတယ်။
ရဲဘော်ဖိုးသံချောင်း

0 comments:

Post a Comment