Wednesday, July 20, 2011

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း ၂၀)မျိုးမြင့်ချို

0 comments
စစ်မြေပြင်မှပုံရိပ်များ (အပိုင်း ၂၀)ဇူလိုင် ၂၀ ရက် ၂ဝ၁၁ နေ့မှာ အာရ်အက်ဖ်အေက ထုတ်လွှင့်ပြီးဆောင်းပါးဖြစ်ပါတယ်။
အရင်တပတ်က စစ်သားချင်းလည်းတူ၊ ရာထူးချင်းလည်းတူ၊ စစ်သက်နဲ့ဖြတ် သန်းခဲ့တဲ့ခေတ်တွေလည်းတူပါရက်နဲ့ နိုင်ငံတော်၊ အစိုးရ၊ တပ်မတော်၊ စစ်သားနဲ့စစ်သား ရဲ့ တာဝန်ဆိုတာအပေါ်မှာ အမြင်မတူတဲ့အရာခံဗိုလ်၂ယောက်အကြောင်းကို တင်ပြခဲ့ပါ တယ်။ ဒီတပတ်တော့ တပ်တွင်းသုံးဝေါဟာရတွေထဲက “သောင်းကျန်းသူချေမှုန်းရေး နဲ့ပြည်တွင်းစစ်”ဆိုတဲ့စကား၂ခုရဲ့ မတူတဲ့အနက်အဓိပ္ပါယ်ကြောင့် စစ်သည်တွေခေါင်း ထဲက ဖွဲ့တည်နေတဲ့အတွေးတွေအကြောင်း ဆက်လက်တင်ပြပါ့မယ်။
တပ်ထဲမှာ လူမျိုးစုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်လမ်းစဉ်နဲ့သွားနေတဲ့အဖွဲ့အစည်းတွေကို လူမျိုးစုလက်နက် ကိုင်တွေလို့တောင်မပြောရပါဘူး။ အဲဒီအစား သောင်းကျန်းသူအဖျက်သမားတွေ၊ သူပုန်တွေလို့ပဲသုံးရပါတယ်။ သူပုန်တွေလို့ဆို လိုက်တာနဲ့ စစ်သည်တွေရဲ့မျက်စေ့ထဲမှာ  ဆံပင်ရှည်၊ မုတ်ဆိတ်ပါးသိုင်းဗလဗျစ်၊ သေနတ်ဖြစ်ကတတ်ဆန်းကိုင်ထားပြီး ယူနီဖေါင်း မဟုတ် ဘာမဟုတ်ညာမဟုတ် ကို့ရို့ကားယားဝတ်ထားသူတွေရဲ့ပုံမျိုး အလိုအလျောက်ပေါ်လာအောင် ဖေါ်ပေးထားပါတယ်။ တခါဆက်ပြီးတော့ အဲဒီပုံတွေနဲ့အတူ ဆက်ကြေးကောက်၊ ဒါးပြတိုက်၊ လူသတ်၊ မုဒိန်းကျင့်၊ ရွာမီးရှို၊ တံတားချိုး၊ မိုင်းခွဲ စတာတွေကို ပါတွဲပေးလိုက်ပြန်တော့ ဒီ သူပုန်ဆိုသူတွေဟာ တကယ့်လူဆိုးလူကြမ်း လူသရမ်းကြီးတွေ ဖြစ်သွားတော့တာပါပဲ။
 အဖွဲ့နာမည်တွေကိုလည်း ကေအန်ယူလို့ဆိုလိုက်တာနဲ့ ကရင်သူပုန်၊ ကေအိုင်အေလို့ဆိုလိုက်တာနဲ့ ကချင်သူပုန်၊ မွန်ပြည် သစ်လို့ ဆိုလိုက်တာနဲ့ မွန်သူပုန်ဆိုပြီး စစ်သည်တွေပါးစပ်က တန်းပြောတော့တာပါပဲ။ အမည်တွေရဲ့ တကယ့်အဓိပ္ပါယ်ကိုလည်းမသိ။ သူတို့ရဲ့ရည် ရွယ်ချက်တွေကိုလည်းနားမလည်အောင် မမြင်အောင်မသိနိုင်အောင်ကို လုပ်ထားတာဖြစ်ပါတယ်။ ဆိုတော့ တပ်ထဲမှာ ရှိနေတဲ့ မြန်မာတွေမှမဟုတ်ပါဘူး ကရင်တွေကိုယ်တိုင်ကလည်း ရှေ့တန်းမှာတိုက်နေရတဲ့ ကရင်အချင်းချင်းကိုပဲ ကရင်သူပုန်တွေ၊ ကချင်တွေကလည်း ကချင်အချင်းချင်းကို ကချင်သူပုန်တွေ၊ မွန်တွေကလည်း မွန်အချင်းချင်းကို မွန်သူပုန်တွေဆိုပြီး  ဖြစ်လာပါ တယ်။
 ဗ.က.ပ ကိုကျတော့ ဗ.က.ပ လို့ပဲ ခေါ်ရပါတယ်။ ဘယ်သူမှ ဗမာပြည်ကွန်မြူနစ်ပါတီလို့ အပြည့်အစုံသုံးစွဲခေါ်ခွင့်မရှိ ပါဘူး။  ဗ.က.ပနဲ့ ပတ်သက်လို့မှိုင်းတိုက်တာမှာတော့ အခုနလူမျိုးစုတွေကိုမှိုင်းတိုက်သလို ဆက်ကြေးကောက်၊ ဒါးပြတိုက်၊ လူ သတ်၊ မုဒိန်းကျင့်၊ ရွာမီးရှို၊ တံတားချိုး၊ မိုင်းခွဲစတာတွေနဲ့တင် မကတော့ပါဘူး။  သခင်သန်းထွန်းနောက်ဆုံးနေ့များစာအုပ်ထဲကလို အချင်းချင်းပြန် ဖြုတ်ထုတ်သတ်လုပ်တဲ့ ခေတ်သစ်အဇာတသတ်တွေ၊ ဘုရားမရှိတရားမရှိ မိစ္ဆာဒိဋ္ဌိတွေ၊ ဓမ္မန္တရာယ်တွေအဖြစ်ပါ စစ်သည်တွေစိတ်ထဲမြင်လာအောင် ပုံဖေါ်ပေးထားတာပါ။ အဲဒီအလုပ်ကို တပ်တိုင်းလိုလိုမှာရှိတတ်တဲ့ တပ်ကကိုးကွယ်ထောက်ပံ့ပေး ထားတဲ့ တပ်ဦးကျောင်းဆရာတော်တွေနဲ့အတူ တပ်မှူးတွေကတွဲဖက်ပြီး လုပ်ကြရတာဖြစ်ပါတယ်။
 ဒီတော့ တပ်ထဲကမြန်မာတွေတင်မက လူမျိုးစုစစ်သည်တွေရဲ့စိတ်ထဲမှာပါ အချင်းချင်းပြန်သတ်ဖြတ်နေရတယ်လို့မြင် ရမယ့်အစား သူပုန်တွေကိုနှိမ်နင်းနေတာဖြစ်တယ်၊ သောင်းကျန်းသူအဖျက်သမားတွေကို တိုက်နေတာဖြစ်တယ်၊ တိုင်းပြည်ရန်ကို ကာကွယ်နေတာဖြစ်တယ်ဆိုတဲ့ အသိအမြင်မှောက်မှားမှုတွေနဲ့ တလွဲဆံပင်ကောင်းအဖြစ်ကို ရောက်ရတော့တာပါပဲ။ ဒါကတော့ သူပုန်၊ သောင်းကျန်းသူအဖျက်သမားနဲ့သောင်းကျန်းသူချေမှုန်းရေးဆိုတဲ့ ဝေါဟာရတွေကြောင့် စစ်သည်တွေရဲ့စိတ်ထဲ အတွေးထဲ မှာပေါ်လာရတဲ့ပုံရိပ်တွေနဲ့ ခံစားတုန့်ပြန်ချက်တွေပါပဲ။  
 မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို မ.ဆ.လ လို့ သုံးနှုန်းတာကိုတော့ လုံးဝလက်မခံပါဘူး။ မ.ဆ.လ လို့ သုံးတာဟာ ပါတီ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်လို့ မြင်ဟန်တူပါတယ်။ အဲသလိုသုံးမိရင် မိုးမီးလောင်တော့မယ့်အတိုင်း ဖြစ်တော့တာပါပဲ။
 နောက်တချက်က “ပြည်တွင်းစစ်” ဆိုတဲ့ဝေါဟာရပါ။ တပ်ထဲမှာ ပြည်တွင်းစစ်ဆိုတဲ့စကားကို ဘယ်သူမှမသုံးရပါဘူး။ ပြည် တွင်းသောင်းကျန်းမှုတို့၊ ရောင်စုံသူပုန်တို့ပဲသုံးရပါတယ်။ တခါတုန်းက တပ်တွင်းပါတီစိတ်ဆွေးနွေးပွဲတခုမှာ ရဲဘော်တယောက်က “၁၉၄၈ ခုနှစ်မှာ ဗမာပြည်မှာပြည်တွင်းစစ်စခဲ့တယ်” လို့ ပြောလိုက်မိတဲ့အတွက် အဲဒီရဲဘော်ခမျာ နောက်နောင်ဒီစကားလုံး မသုံး ဖို့ ပြင်းပြင်းထန်ထန် သတိပေးတာခံလိုက်ရပါတယ်။ “စစ်” လို့ပြောလိုက်တာနဲ့ သူနဲ့ဆန့်ကျင်ဘက် “ငြိမ်းချမ်းရေး” ဆိုတာ ကပ်ပါ လာသလို၊ “ပြည်တွင်းစစ်”လို့ ဆိုလိုက်တာနဲ့ “ပြည်တွင်းငြိမ်းချမ်းရေး”ဆိုတာလည်း ကပ်ပါလာရမှာပါပဲ။ ဒါကို တပ်ကမလိုလားပါဘူး။ အဖြစ်မခံနိုင်ပါဘူး။ ဒါ့ကြောင့် “စစ်ဖြစ်နေ တယ်”လို့မသုံးပဲ “တိုက်ပွဲတွေဖြစ်နေတယ်” လို့ပဲသုံးရပါတယ်။ စစ်ဆိုတာက “တခုလုံးနဲ့ ဆိုင်ပြီးနိုင်ငံရေးရဲ့ အဓိကပြဿနာ”ဖြစ်ပါတယ်။ တိုက်ပွဲဆိုတာကတော့ “တခုချင်းနဲ့သာဆိုင်ပြီး နိုင်ငံရေးရဲ့လက်အောက်ခံကိစ္စ သာ” ဖြစ်ပါတယ်။
 မြန်မာပြည်မှာ အစိုးရတွေအဆက်ဆက်ပြောင်းသွားပါတယ်။ နိုင်ငံရေးကိစ္စတွေမှာသာ ကွဲကြပြဲကြတယ်။ ဒါပေမယ့်  ပြည် တွင်းစစ်နဲ့ပတ်သက်တဲ့  အမြင်၊ သဘောထား၊ ချဉ်းကပ်ပုံ၊ ဖြေရှင်းပုံတွေမှာတော့ တထပ်တည်းလိုလို ဖြစ်နေကြပြန်ပါတယ်။
 “ကမ္ဘာ့သက်တမ်းအရှည်ဆုံးပြည်တွင်းစစ်”လို့ဆိုနိုင်မဲ့ ဗမာပြည်ရဲ့ ပြည်တွင်းစစ်ပြဿနာကို အခုထိ ဘာလို့မဖြေရှင်းနိုင် ရသေးတာလဲဆိုတာနဲ့ “တပ်ဟာ နိုင်ငံရေးအာဏာကို ယူထိုက်တဲ့အဖွဲ့အစည်းဖြစ်တယ်” ဆိုတဲ့အယူအဆ ဘယ်လိုဆက်နွယ်မှု ရှိကြောင်း၊ တပ်တွင်းမှာ အဲဒီ အယူအဆပြန့်နှံ့နေအောင် ဘယ်လိုလုပ်ယူကြောင်းကို နောက်တပတ်မှာတင်ပြပါဦးမယ်။

ကျနော်မျိုးမြင့်ပါခင်ဗျား
မျိုးမြင့်

0 comments:

Post a Comment