Monday, July 18, 2011

စာချူပ်ဖေါက်ဖျက်ခြင်း(မောင်ရှင်စော)

0 comments
စာချူပ်ဖေါက်ဖျက်ခြင်း(မောင်ရှင်စော) ကောင်းကင်နိုင်ငံပြုအနုပညာမဂ္ဂဇင်းမှ။
စာချူပ်ဖေါက်ဖျက်ခြင်း(မောင်ရှင်စော)

ငါတို့
နောက်ထပ်မတွေ့ကြရတော့ဘူး ……………ကလေးရေ..
ကူးစက်ရောဂါ မရှိစေရ
ဘယ်တော့မှ ပြန်မဆက်သွယ်ရ
တရားရုံးမှတဆင့် တောင်းဆိုခြင်းမပြုရ
မီဒီယာများအား သတင်းရောင်းချခြင်းမပြုရ

စာရွက်ထပ်ကြီးရဲ့အောက်ခြေက ပလူပျံနေတဲ့လက်မှတ်တွေ
ကျွန်မ အနာဂတ်ကို လက်ထိပ်ခတ်လိုက်ကြတယ်
ကျွန်မဟာ…….အနုတ်ခံထားရတဲ့ပျိုးခင်း
ကျွန်မဟာ…….ကျောင်းအထုတ်ခံလိုက်ရတဲ့ အတန်းပိုင်ဆရာ
ကျွန်မဟာ……ဥသြငှက်ဥပေါ် ဆောင့်ကြောင့်ထိုင်နေတဲ့ကျီးကန်းမ

အမေရိကမှာ
နေရာတိုင်း အခကြေးငွေပဲ
အချိန်တိုင်း တရားဥပဒေပဲ
ကျွန်မ  အခကြေးငွေနဲ့ ဒါကိုလုပ်ခဲ့တယ်
ကျွန်မ  အခကြေးငွေနဲ့ ဒါကိုမလုပ်နိုင်တော့ဘူး
ကျွန်မတို့ဟာ
ခွန်အားတွေကို ခွဲဝေသုံးစွဲကြတဲ့ အင်္ဂါအစိတ်အပိုင်း နှစ်ခုပဲ
ကျွန်မတို့ဟာ
နှလုံးသားချင်းဆက်သွယ်ထားတဲ့ ရေလှောင်ကန်တွေပဲ
ကျွန်မတို့အတူလျှောက်ခဲ့ကြ  လမ်းတစ်လမ်းပေါ်မှာ
ကျွန်မတို့အတူရေချိုးခဲ့ကြ အခန်းတစ်ခန်းထဲမှာ
ကျွန်မတို့အတူအိပ်စက်ခဲ့ကြ  ခန္ဓာကိုယ်တစ်ခုထဲမှာ
တစ်ယောက်နဲ့တစ်ယောက် ဒီထက်နီးကပ်စရာမရှိတဲ့တော့တဲ့တစ်နှစ်တာ
နောက်တော့လည်း
ဝပ်ရှော့ဆရာတွေ ကားအင်ဂျင်တစ်လုံးကို
ဘောနက်ထဲက ဆွဲထုတ်လိုက်ကြသလိုပေါ့
ကျွန်မသားအိမ်ကို လက်သီးပုန်းထိုးခဲ့သူ
ကျွန်မကလီစာတွေကို ကန်ကျောက်ခဲ့သူ
ကျွန်မအစာအိမ်ကို ကျွမ်းထိုးမှောက်ခုံလှန်ခဲ့သူ
ကျွန်မသွေးကြောပေါင်းတစ်ထောင်က စိမ့်ထွက်လာတဲ့မေတ္တာဒြပ်စင်
အဲဒါနဲ့လုပ်ထားတဲ့သက်ရှိပန်းပု
တခြားမိန်းမတစ်ယောက်ကို အမေလို့ခေါ်နေမယ့်
အဲဒီ ကလေးဟာ……….
…………….
တော်ပြီ
အငှါးကိုယ်ဝန်ဆောင်ဖို့ကိစ္စ
ကျွန်မ နောက်ထပ်ဘယ်သူ့ကိုမှ လက်ခံမှာမဟုတ်တော့        

                                                မောင်ရှင်စော

0 comments:

Post a Comment