Wednesday, July 6, 2011

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း ၁၈)မျိုးမြင့်ချို

0 comments
စစ်မြေပြင်မှပုံရိပ်များ (အပိုင်း ၁၈) အာရ်အက်ဖ်အေ အပတ်စဉ်အသံလွှင့် အစီအစဉ်ကနေ ၇ လပိုင်း ၆ ရက် ၂ဝ၁၁ နေ့မှာ ထုတ်လွှင့်ပြီးဖြစ်ပါတယ်။ စစ်သား အင်မတန်ဖြစ်ချင်ခဲ့တဲ့ကျနော်၊ စစ်တပ်ထဲရောက်ပြီး စစ်အင်ဂျင်နီယာ သင်တန်း တက်ခဲ့ရပုံအကြောင်း၊ အင်ဂျင်နီယာသင်တန်းဆိုပေမယ့် မိုင်းနှင့်ထောင်ချောက်ဆိုတဲ့ ဘာသာရပ်ကိုသာ အဓိကဖိဖိစီးစီးသင်ယူခဲ့ရတဲ့အကြောင်းတွေ   ပြီးခဲ့တဲ့တပတ်က ပြောခဲ့ပါတယ်။ အချိန်တန်လို့ သင်တန်းဆင်းပြီးတော့ (၉၀၉) စစ်မြေပြင်တပ်ခွဲ (အင်္ဂျင် နီယာ)ကိုရောက်လာ၊ အဲဒီနောက် တပ်မ (၉၉)နဲ့တွဲပြီး ရှေ့တန်းထွက်ရပါတယ်။ ရှေ့တန်း တကယ်ထွက်ရပြီဆိုတော့မှ ကျနော့်အထင်ထဲကဗမာ့တပ်မတော်နဲ့ ကျနော့်အမြင်က ဗမာ့တပ်မတော်ဟာ တခြားစီပါလားဆိုတာကို သဘောပေါက်သွားတာပါ။ အဲဒီကစလို့ စစ်သားကွဆိုပြီး ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူနေတာကနေ စစ်ထဲလိုက်မိတာမှားပြီဆိုတဲ့အတွေးတွေ မသိမသာဝင်လာတော့တာပါပဲ။ဒါပေမယ့် လွန်သွားပါပြီ။ နောက်ကျသွားပါပြီ။ ကျနော်က မပျော်(၅)နှစ် ပျော်(၅)နှစ်ဆိုတဲ့ကတိနဲ့ အနှောင်အဖွဲ့ခံဖြစ်နေပြီ မဟုတ်လား။ စစ်သက်မပြည့်သေးပဲ တပ်ကထွက်လို့လည်းမရ။ ဖြစ်ချင်ရာဖြစ်ဆိုပြီး ပြေးရအောင်လည်း တပ်ပြေးကမဖြစ်ချင်။ ဆိုတော့ ဘယ်သူမပြုမိမိမှုလို့ပဲ ထားလိုက်ရတော့တာပါ။     


အဲလိုသာနေရပေမယ့် ရှေ့တန်းမှာဖြစ်ပျက်နေတာတွေကို တယောက်ယောက်ကို ပြန်ပြောပြချင်စိတ်ပေါက်မိတယ်။ ပြောလိုက်ရရင် ရင်ထဲနည်းနည်းပေါ့သွားမယ်လို့လည်း ထင်နေတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ ဘယ်သူ့ပြောရမလဲ၊ ဘယ်လိုပြောမလဲဆို တာက ပြဿနာပါ။ တပ်ထဲမှာ ထောက်လှမ်းရေးရန်လည်း ကြောက်ရသေးတာကိုး။  မဆလခေတ်က ရပ်ကွက်ထဲကို လူတယောက် (၃)ရက်လောက်ဆက်တိုက် ပလပ်စတစ်လာကောက်တယ်ဆိုရင်ပဲ ထောက်လှမ်းရေးဖြစ်မယ်ဆိုပြီး တစ္ဆေခြောက်ခံရသလိုမျိုး တပ်ထဲမှာလည်း စစ်ထောက်လှမ်းရေးတစ္ဆေက အမြဲခြောက်နေတာပါ။ သူတို့လည်းတခြားစစ်သည်တွေလို ခေါင်းအကိုင်ခံရ၊ ဦးနှောက်အဆေးခံကြရတယ်ဆိုပေမဲ့  သူတို့မှာက ဇာတ်တူသားစားခွင့်ရှိနေပါတယ်။


စိတ်ထဲခံစားနေရတာ၊ တခုခုလုပ်သင့်တာသိပေမဲ့ မလုပ်တတ်မလုပ်ရဲ ဖြစ်နေပါတယ်။ နောက်တချက်က တပ်ထဲမှာ အရိုးစွဲအောင်ရိုက်ထည့်ထားတဲ့၊ ကျနော်ကိုယ်တိုင်လည်းမနှစ်မြို့တဲ့၊ အတွေးအခေါ်တခုနောက်ကို မလိုက်ချင်တာလည်း ပါပါတယ်။ အဲဒါကတော့ “ယောင်္ကျား၊ ယောင်္ကျားထဲမှာမှ စစ်သား။ စစ်သားဆိုတာ လုပ်ရဲရင်ခံရဲရတယ်” ဆိုတဲ့ အကောက်အယူဖြစ်ပါတယ်။


“ယောင်္ကျားဆိုတာ လုပ်ရဲရင်ခံရဲရတယ်” လို့ဆိုတော့ မိန်းမဆိုတာမလုပ်ရဲမခံရဲသူလို့ အလိုလိုအဓိပ္ပါယ်ပေါက်သွားပါတယ်။  တခါ “ယောင်္ကျားထဲမှာမှစစ်သားသာ” လုပ်ရဲခံရဲသူဖြစ်တယ်လို့ မွှမ်းပေးလိုက်ပြန်တော့ စစ်သားမဟုတ်တဲ့ အခြားမိန်းမယောင်္ကျားအား လုံးဟာ မလုပ်ရဲမခံရဲသူဆိုတဲ့ကိန်း ဆိုက်ကုန်တော့တာပေါ့။  ဒီအယူအဆကြောင့် စစ်သားဟာသူ့ကိုယ်သူ အခြားသူတွေထက်ပို သတ္တိရှိသယောင်၊ ပိုပြီးယောင်္ကျားပီသသယောင်၊ ပိုပြီး ကြီးကျယ်မြင့်မြတ်သယောင်တွေ ဖြစ်ကုန်တာပါပဲ။  ဒီစကားကိုပဲ အရသာခံပြီး ပြောတတ်တဲ့စစ်သားတွေလည်း တပ်ထဲမှာအများကြီးပါပဲ။ ဒီ အယူအဆကို ခေါင်းထဲရိုက်ထည့်လိုက်တာဟာ စစ်သည်တွေရဲ့ တွေးခေါ်မြော်မြင်မှုနဲ့ဆင်ခြင်တုံတရားကို သင်းသတ်လိုက်တာဖြစ်ပါတယ်။ နောက်တနည်းပြောရရင် ဦးနှောက်ကိုသင်းကွပ်ပြီး မမှန်တဲ့အယူအဆနဲ့ မိုက်ဂုဏ်မြှင့်ပေးဖို့လည်း ဖြစ်ပါတယ်။


တကယ်က ဒီ ခံယူမှုနဲ့စိတ်ဓါတ်ဟာ စစ်သားကိုမှညွှန်းတာမဟုတ်ပါဘူး။ ကိုယ်ယုံကြည်ရာကိုလုပ်မယ်လို့ ပိုင်းဖြတ်ချက်ချတယ်။ လုပ်လည်းလုပ်တယ်။ ဖြစ်လာတာမှန်သမျှကို ရဲရဲရင့်ရင့်ခံယူရင်ဆိုင်သူ ယောင်္ကျားမိန်းမ ဘယ်သူနဲ့မဆိုဆိုင်ပါတယ်။ အဲဒါကို ဒါလုပ်မှ စစ်သားဖြစ်တယ်။ စစ်သားမှသာ ဒါကိုလုပ်တယ်။ စစ်သားဆိုရင် ဒါလုပ်ရတယ်ဆိုတဲ့အမြင်မျိုးဟာ ယုတ္တိယုတ္တာလည်းမကျသလို ကျိုးကြောင်းဆက်နွယ်မှုလည်းမရှိပါဘူး။  


တကယ်တမ်း ပြောကြကြေးဆိုရင် စစ်သားဆိုတာမှာလည်း သတ္တိရှိတဲ့စစ်သားနဲ့၊ မိုက်ဂုဏ်ကြီးတဲ့စစ်သားဆိုပြီး ရှိပြန်ပါသေးတယ်။ သတ္တိရှိတာပဲဖြစ်ဖြစ်၊ မိုက်ဂုဏ်ကြီးတာပဲဖြစ်ဖြစ်ပါ။ စစ်သားဟာ လက်ထဲသေနတ်မရှိရင် မိုက်ဂုဏ်ရောသတ္တိပါ မရှိပါဘူး။ လက်နက် ကိုင်ပြီး မိုက်ဂုဏ်အားကိုးနဲ့ လက်နက်မဲ့သူအပေါ် နိုင့်ထက်စီးနင်းလုပ်ဝံ့/လုပ်ရက်တာဟာ လုပ်ရဲတယ်ဆိုတဲ့စကားနဲ့ လားလားမှ မဆိုင်ပါဘူး။


အဲသလိုမျိုး လက်နက်အားကိုး မိုက်ဂုဏ်ကြီးသူတွေကိုပဲ ရှေ့တန်းပြန်တွေဆိုပြီး လူတွေကပန်းကုံးတွေစွပ်ကြ ကြိုကြဆိုကြတာတွေ မြင်တိုင်းကြုံတိုင်း ကျနော် စိတ်မသန့်တာနဲ့လိပ်ပြာမလုံတာ ဖြစ်ရပါတယ်။ “ငါတို့ကိုအခုလိုလာကြိုကြတာ တကယ်ပဲသူတို့ စိတ်က ကြိုချင်လို့ လာကြိုကြတာလား။ ဒါမှမဟုတ် မကြိုမနေရဆိုပြီး ခေါ်လာတာတွေများလား” လို့တွေးမိရင် စိတ်ထဲသိတ်မသန့်ပါဘူး။   တခါ “ရှေ့တန်းမှာ ငါတို့ ဘာတွေလုပ်ခဲ့ကြတယ်ဆိုတာ ဒီလူတွေ ဘယ်လိုလုပ်သိနိုင်မှာလဲ။ သူတို့ကတော့ ငါတို့ကို ရှေ့တန်းကမသေ လို့ပြန်လာတဲ့ သူရဲကောင်းကြီးတွေလို့ ထင်ချင်ထင်နေမှာပဲ” လို့ တွေးမိပြန်ရင် ကိုယ့်လိပ်ပြာကိုယ်မလုံသလို ဖြစ်ရပြန်ပါတယ်။


လိပ်ပြာမလုံတိုင်း “စစ်သားဆိုတာလုပ်ရဲရင် ခံရဲရတယ်ကွ” ဆိုတာကြီးကလည်း ခေါင်းထဲရောက်ရောက်လာပါတယ်။ အဲဒါကြီး ခေါင်းထဲရောက်လာတိုင်း စိတ်မသက်မသာဖြစ်ရပါတယ်။။ စိတ်မသက်မသာဖြစ်တိုင်း ဗမာ့တပ်မတော်ကို ဦးစီးပဲ့ကိုင်ပြုနေသူတွေ ကရော တကယ်ပဲလုပ်ရဲခံရဲသတ္တိနဲ့လူတွေလား၊  မိုက်ဂုဏ်ကြီးလွန်းနေသူတွေလားဆိုပြီး တွေးမိပါတယ်။ သူတို့လက်ထဲမှာ တပ်မရှိ သေနတ်မရှိရင်ကော ဘယ်လိုနေမလဲလို့တွေးမိပါတယ်။ ဒါပေမယ့် ဟိုတုန်းကတော့ ဒီအတွေးတွေဟာ အတွေးအဖြစ်နဲ့ပဲရှိနေခဲ့ရ တာဖြစ်ပါတယ်။
အဲဒီ ခံစားချက်တွေ အတွေးတွေရဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေကို ပြောပြချင်ပါသေးတယ်။

ကျနော်မျိုးမြင့်ပါခင်ဗျား
မျိုးမြင့်

0 comments:

Post a Comment