Tuesday, July 5, 2011

စိတ်၏ လေချဉ်တက်သံများ(မောင်နန်းဝေ (ဗန်းမော်))

0 comments

သရုပ်ဖော်ပန်းချီ ချောအိသိမ်း

စိတ်၏ လေချဉ်တက်သံများ မောင်နန်းဝေ (ဗန်းမော်)
()
စကားထဲမှာကျ တောင်တွေ တစ်တောင်ပြီး တစ်တောင် ချီမနေသည်။ လက်ကတော့ မြေတဆုပ်တောင် သယ်ခဲ့ ဖူးသလား မသေချာ။ သစ်စေ့ကလေးတစ်စေ့ ကြဲဖူးရုံသာရှိ၏။ ဒါပေမယ့် မျက်နှာပေး  နှင့် အိုက်တင်ကတော့ တောကြီးတတောလုံး ကိုယ်ပဲစိုက်ထားခဲ့ သယောင်ယောင်။
တစ်လှိမ့်နှစ်လိမ့် လောက်သာသွားခဲ့ဘူးသော ဘီးက မိုင်ထောင်ချီ ခရီးအကြောင်း  ပြောလျက်။ ထိုဘီး၏ ပန်းများက ပွန်းပင် မပွန်းသေး။
စစ်ပြန် ဓါးမြှောင်က မိုးဖိုချောင်သုံးဓါးများကြား၌ လူတွင်ကျယ်လုပ်လွန်း၏။ တကယ့် တကယ်ကျ တိုက်ပွဲမှာ အမှန်တကယ်ပါခဲ့သလားဆိုတာ ဘယ်သူမှ မသိ။
အမှန်ပြောရလျှင်တော့ ဘာပန်းမှမပွင့်သည့် ဥယျာဉ်ထဲတွင် အရွက်လှနေရုံဖြင့် လူရာ ဝင်နေခြင်းဖြစ်၏။ နည်းနည်းပါးပါး စာတတ်လျှင်တော့ အရွက်အလှများကို အဆုပ်အခဲ  ပြုလျက် အပွင့်ပုံဖမ်းကာ စွာကျယ်စွာကျယ် လုပ်နိုင်ကြသေးသည် မဟုတ်လော။
()
အညံ့တွေချည်း လာစုနေသည့် နေရာတွင် အညံ့ပြိုင်ပွဲသာရှိလိမ့်မပေါ့။ အခွံအခေါင်း သက်သက် အနှစ်အသားမဲ့ အုန်းမောင်းအချင်းချင်း အသံအကျယ်ပြိုင်မည်။ ဖွတ်ဖွတ်ချင်း သူ့အမြီးရှည်သည် ငါ့အမြီးရှည်သည် ငြင်းခုံမည်။ ကုန်မပါသောလှေများ တစ်စီးနှင့်တစ်စီး အလူးပြိုင်မည်။ ရေကို ရေသန့်ဗူးထဲ ထည့်လိုက်ရုံမျှဖြင့် ရေသန့်ဖြစ် သွားပါမည်တဲ့လား။ ဒါပေမယ် PH7 အဆင့်မရှိပါပဲ ကိုယ့်ကိုယ်ကို ရေသန့်အဖြစ် ခံယူနေသူများလည်း အရောင်းအဝယ်တော့သွက်နေပါပြီ။
ခြင်္သေ့ထားသောလှောင်အိမ်ထဲ ထည့်မွေးခံရသော ဝံပုလွေသည် ခြင်္သေ့စိတ်ကလေး ဝင်ကောင်းဝင်လာနိုင်သည်။ သို့သော်လည်း ခြင်္သေ့လိုဟိန်း၍ ရမည်တော့မဟုတ်ပေ။ အချိန်ရင်တန်တော့ သူ့သဘာဝအတိုင်း မအူဘဲ ဘယ်နေနိုင်ပါမည်နည်း။ တစ်ခုရှိတာ က အနှီဝံပုလွေသည် ဒီပြင်ခွေးအုပ်ထဲမှာကျ ဗိုလ်လုပ်ချင်လည်း လုပ်ပေမပေါ့။
 ()
 ယုန်သူငယ်ပုံ ဖမ်းထားပေမယ့်လည်း ကျားငစဉ်းလဲ စိတ်ကိုကား မဖျောက်ဖျက်နိုင်  သေး။ ဘောလုံးစကားနှင့် ပြောရလျှင်တော့ လူလူချင်း ဆက်ဆံရေးတွင် အလိမ် အခေါက်တွေများသလောက် ခြေယောင်ပြလွန်း၏။ ပြီးတော့ နေရာတကာမှာ ဘာကြောင့်များ ကိုယ်တစ်ယောက်တည်း ဂိုးတက်သွင်းချင်နေရပါသနည်း။ နိုင်ငံရေး နယ်ပယ်၌သာမက အခြားဘယ်ကဏ္ဍတွင်မဆို ဇွတ်ရော၊ အတင်းရော အိမ်ဦးခန်းမှာ ဝင်ထိုင်မည်။ အမှန်တကယ်လိုအပ်နေသော ပန်းကန်ဆေး၊ ခွက်ဆေးသည့်နေရာများ သို့ တွန်းထိုးပို့၍ပင်မရ။
ုပ်သမျှဘယ်အလုပ်မှာမဆို ဗွီဒီယိုကင်မရာနှင့်တည့်တည့်မှာသာ ကိုယ့်ကိုယ်ကို နေ ရာချထားလေ့ရှိမြဲ။ ကင်မရာကိုကျာပေးပြီးတောင်မှ ဘယ်အခါမျှမထိုင်တတ်။ ပြီးတော့ နှစ်လိုဖွယ်အပြုံးတွေအောက်မှာ ဓါးသွားများကို မြှုပ်ထားလိုက်သေး၏။
ဖေါ်မြူလာကတော့ လောကတ္ထစရိယတံဆိပ်ကပ်ပြီး ကိုယ့်ကိုယ်ကို ဈေးကွက်ဝင် အောင်လုပ်မည်။ သူတပါးအား အကူအညီပေးရေးနည်းနာဖြင့် ကိုယ့်ကိုယ်ကို အရောင်းမြှင့်တင်မည်။ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် မိမိ၏လုပ်ဆောင်ချက်များအား ပါကင်လှလှထုတ်ပိုးဖို့ကိုတော့ မေ့လျော့သည်မရှိပေ။
တခါတရံ နိုင်ငံခြားဖြစ်မုန့်ထုတ်များလို အထဲမှာ မဖြစ်စလောက်မုန့်ကလေး ထည့် သွင်းလျက် လေအပြည့်ဖြည့်ကာ အရွယ်အစားကြီးအောင် တမင်လုပ်ထားတတ်၏။ တခါတရံမှာ နာမည်ရအလှကုန်လိုပစ္စည်းအား အပေါ်ယံပါသည်မျှထည့်၍ အောက်ခံ ဗူးကို ဗလာအခေါင်းအတိုင်း အပြင်ပန်းကြည့်လျှင် အပြည့်ရှိလေဟန် အသွင်ယူထား တတ်၏။ တခါတရံ ငပိနှင့်လဘက်လို အန္တရာယ်ရှိသော ဆေးဆိုးထားမှန်းမသိစေရဘဲ ဖောက်သည်ကိုဆွဲဆောင်ရန် ရည်ရွယ်ချက်ဖြင့် အရောင်အဆင်းကောင်းရုံ ကြိုးစား ထားတတ်။ တခါတရံ တရုတ် နို့မှုန့်ထုတ်လို အစစ်အမှန် နို့မှုန့် နည်းနည်း၌ ဥပါဒ် ဖြစ်စေမည့် ဈေးပေါပေါ မယ်လမင်းများများရောနှောလျက် လျော့ဈေးဖြင့် အစွံထုတ် သည်များလည်းရှိ၏။
မရိုးသားမှုဆိုသည်မှာ သွေးဖောက်စစ်ရုံမျှဖြင့် သိနိုင်သော A (H1 N1)လူတုတ်ကွေး  ရောဂါပိုးမဟုတ်။ မုန်တိုင်းသတင်းလို ကြိုတင်သတိပေးချက်လည်း မထုတ်ပြန်နိုင်။
မသေဆေးကတော့ တနေ့နေ့တချိန်ချိန် ပေါ်ကောင်း ပေါ်လာမည်။ မရိုးသားမှု အတွက် မှာမူ ဘယ်တော့မှဆေးမရှိ။
()
ယာညက်စေဖို့ အကြံဖြင့် အစာယက်ခွင့် ပေးခြင်းအပေါ် ကြက်က ကျေးဇူးတင်သင့်ပါရဲ့လား။
အခင်း၌ အရွက်ခူးခွင့် ပြုလိုက်ခြင်း၏ အဓိကအကြောင်းအရင်းသည် အပင်အညွန့် တက်စေချင်သည့် အဓိကအကြောင်းအရင်း မဟုတ်ပါလော။
တချို့ကိစ္စတွေမှာ ဖိနပ်အသစ်ကျပ်ချွတ်ဆိုလျှင် သဲကြိုးပေါက်မှာစိုးသဖြင့် သူတပါး အားပးစီးပြီး အသားကျသွားမှ ပြန်ယူတတ်သည့် သဘောတွေရှိ၏။
တချို့ကိစ္စတွေကျ အဆိပ်ပါမပါ သိချင်သောကြောင့် သူတပါးအား ဦးဦးဖျားဖျား ကျွေးမွေးလေဟန် အရင်စားခိုင်းပုံမျိုးတွေလည်းများလှပြီ။ အပေါ်သို့ ဆွဲတက်မည့် ငုတ်များအား မြဲမြံအောင်ရိုက်သွင်းနေသလိုမျိုး မိတ်ဆွေများကို အရေးတယူပြုမည်။ ခြေနင်းတတ်ရမည့်လှခါးထစ်များကို ခိုင်ခံအောင် နှီးတုတ်သလိုမျိုး သူငယ်ချင်းများ အားပြုစုမည်။ တခါတရံ ထို အပေါင်းအသင်းတို့၏ ဒုက္ခကို ကူညီဖြေရှင်းသည်မှာလည်း စီးရမည့်လှေ ဝမ်းထဲဝင်လာသည့်ရေများအား ခပ်ထုတ်လိုရင်းသာဖြစ်၍ အခြားဘာ အကြောင်းမှ မဟုတ်ချေ။
အရင်ဆုံး အစာကျွေးသည်။ ရေတိုက်သည်။ စကားအချိုကလေးတွေသုံး၍ ချော့သည်။ ခေါင်းပွတ်၊ ပခုံးပုတ်လုပ်လာလျှင် သတိထား။ နောက်တဆင့် ကျောပေါ်မှာ ကုန်းနှီး အတင်ခံလိုက်ရသည်နှင့် တပြိုင်နက်သွားပြီ။ မြင်းတကောင်အဖြစ် အသုံးချလိုခြင်းဖြစ် မှန်း တတကခွ အစီးခံလိုက်ရမှ သိလိုက်ကြတာမျိုး မဟုတ်လား။
()
 လျှာကလက်များထက် အလုပ်ချိန် မပိုသင့်ပါ။ မိမိ၏ ပါးစပ်ကို အသားမပေး သမျှ ကာလပတ်လုံး မိမိ၏ နားများအား မိမိဘာသာ အဆုံးစီရင်မိပြီးသား ဖြစ်သွားနိုင် ပါသည်။
ဘယ်ငှက်မဆို အခြားတပါးသောငှက်များ၏ တောင်ပံရိုက်သံကို မကြားချင်၍မရပါ။ ဘယ်ငါးမဆို အခြားတပါးသောငါး၏ အမြီးအလှကို မမြင်ချင်၍မရပါ။ ဘယ် ဓါးမဆို အခြား တပါးသော ဓါးများ၏ အသွားထက်မြတ်မှုကိုလည်း အသိအမှတ်ပြုရပါလိမ့် မည်။
အကယ်၍ ငှက်တောင်ပွတစုံက မုန်တိုင်းအပေါ် ထိန်းကွပ်ထားသည်ဟု လည်းကောင်း၊ ငါးအမြီး တစ်ချောင်းက လှိုင်းလုံးများအား ဖန်တီးခဲ့သည်ဟု လည်းကောင်း၊ ဓါးသွား တစ်ခုက စစ်ပွဲအနိုင်အရှုံးကို အဆုံးအဖြတ်ပးမည်ဟုလည်းကောင်း သွေးနားထင် ရောက် ဘဝင်ကိုင်နေကြသည် ဆိုလျှင်တော့ ရယ်သွမ်းသွေးနေမိရုံမှတပါး အခြားမရှိ။
မောင်နန်းဝေ (ဗန်းမော်)
၂၃ ဇူလိုင် ၂၀၀၉

0 comments:

Post a Comment