ယခုဖေါ်ပြမည့် “ကြိတ်ဖတ်များ” ကဗျာသည် ၂၀၀၂ က မြောင်းမြ ကျောင်းတော်တွင် ကဗျာဆရာ စံမြန်းနေစဉ်အတွင်း ဘ၀တူ ကျောင်းတော်သားများ ဖတ်ဖို့ထုတ်ဝေခဲ့သော လက်ရေးလုံးချင်း ကဗျာရှည်စာအုပ်ငယ်မှ ပြန်လည်ကူးယူဖေါ်ပြခြင်း ဖြစ်ပါသည်။ ကဗျာဆရာ၏ သူ့မိသားစုသို့အလွမ်း၊ ရှေ့က ကဗျာဆရာများသို့အလွမ်း၊ ထိုအချိန်က လတ်တလော အရေးအခင်း ၉/၁၁ မောင်ချောနွယ် ကွယ်လွန်ခြင်း၊ ကဗျာဆရာ၏ အာနာပါဏတို့ကို စကားလုံး စူးဆောက်များအသွင်ပြောင်းကာ ကြိမ်ဖန်များစွာ ပစ်ပေါက်၊ ထွင်းဖေါက်ပြီး လွတ်မြောက်မှုအတွက် အား ထုတ်နေသော ကဗျာဆရာအား အထင်းသား တွေ့ရပေမည်။
ဤကား စာတည်းအဖွဲ့၏ ကဗျာရှေ့က စကားသာ ဖြစ်ပါကြောင်း .......။
(၁)
မှောင်ကြီး မည်းမည်းမှာ
လှေကားစောက် အမြင့်ကြီးပေါ်က
စမ်းပြီး ဆင်းရသလို တထိတ်ထိတ်နဲ့ ။
ငါတို့ဟာ အမြဲပဲ မမြင်မကန်း
ငါတို့ပင်ပန်းကြ ၊
ငါတို့မှာ အာယတန အတွက်
အပိုပစ္စည်းဆိုတာ မရှိ
ငါတို့အသိဥာဏ်ဟာ ကူလီပိန်ပိန်လို
သူ့ကျောပေါ် မမျှမတ ၊မနိုင်ဝန်ထုပ် ပိကျလို့
ငါတို့ဆင်းရဲ ခဲ့ပါတယ်
သို့ပေမယ့်အ ချိန်အားရင် လမ်းသလားဆဲ။
(၂)
မင်းမလာတော့လည်း
ငါ့မယ် မျှော်ရတာပေါ့
ငါ့လည်ပင်းဟာ အုတ်ရိုးပေါ် ကျော်ခဲ့
ငါ့စိတ်တွေပြေးကြ ။
ငါကိုယ်တိုင်
လိုက် မမီ အောင်ပဲ
ငါ့စိတ်တွေ ပြေးကြ ။
(၃)
နောက် တစက္ကန့်လောက်မှာ
ငါဟာ တခုခုနဲ့တိုက်ပြီး
လဲပြို သွားနိုင်တယ် ။
နောက်တစက္ကန့်လောက်မှာ
ငါဟာ ခေါက်ကနဲ စိတ်ဖေါက်သွားနိုင်ရဲ့။
တွေးရင်း
အတွေးမှာ
ငါ့စိတ်ဟာ ရှည်လျား ၊
တွေးရင်း
အတွေးမှာ
ငါ့စိတ်ဟာ လှုပ်ရှားပေါ့။
ပွက်ပွက်ဆူ
ယိမ်းထိုး
လှုပ်ရမ်းလို့။
ငါ့စိတ် လှုပ်ရမ်း နေပုံကို
ငါပြန်ကြည့်ရမယ်။
ငါ့စိတ် လှုပ်ရမ်းနေပုံကို
ငါပြန်မကြည့်မိရင်
နောက် တစက္ကန့်လောက်မှာ ..........။
(၄)
ညတုန်းက အိပ်မက်တော့
ငါဟာ
ဆုတ်ဖြဲ ခံရတဲ့စက္ကူလို
နာလွန်းတော့အော်မိတယ်။
အော်သံရဲ့လှိုင်းကြီးတွေ
အတိုင်းသား မြင်ရရဲ့။
တကယ်ပဲ
ဖွါလန် ကြဲလို့။
အသားတစ်တွေ
စိတ်တွေ
အော်သံတွေ
စိတ်ဗို့အား မမှန်တော့
နံရံရှေ့မှာ
ဒူးထောက်ကျခဲ့ပါတယ်။
(၅)
တစ်စစီ
ဆုတ်ဖြဲဖို့
ငါဟာ ပါးပါးလေးပဲ ။
(၆)
ခင် ဗျားတို့စာ ဖတ်ရ
ခေမာသီဝံ သတိရ။
ခင်ဗျားတို့စာ ဖတ်ရ
ပန်းဆိုးတန်း သတိရ
ခင်ဗျားတို့စာ ဖတ်ရ
ရန်ကုန် ကြေးအိုး သတိရ
ခင်ဗျားတို့စာ ဖတ်ရ
ကျွန်တော့်မှာ အသက်ရှည်ရ ။
အခု
ကျွန်တော်တို့ဆီမှာ
ညနေဟာ
တိမ်တောက်ခဲ့ပါပြီ ။
ကွန်တော်တို့ခေါင်းပေါ် ကျော်လျက်
ငှက်များ
အိပ်တန်း ပျံခဲ့ပါပြီ ။
လရောင်ကို စောင့်ကြည့်ဖို့
ကျွန်တော်ဟာ
အခန်း(၅) ကိုရွှေ့ခဲ့
ဘ၀ တဏှာနဲ့
ကျွန်တော်ဟာ
ခင်ဗျားတို့စာတွေ
အကြိမ်ကြိမ် ဖတ်တယ်။
(၇)
သူငယ်ချင်း လင်မယား
ကလေးတစ်ယောက် ထားပြီး
ထွက်ခွါ သွားကြပြီ ။
ဇော် (ပျဉ်းမနား)လည်း
ထွက်ခွါ သွားခဲ့ပြီ
ငါတို့ကော
အချစ်ရေ
ဘယ်တော့လဲ ။
(၈)
ကျွန်တော့်
မောင်သင်းခိုင် များ
ကျန်းမာပါစေ။
(၉)
ငါတို့မှာ
တန်းစီ ဇယား တွေများတယ်။
ဝင်ဖို့၊ ထွက်ဖို့
ပစ္စည်း သွင်းဖို့၊ ပစ္စည်းထုတ်ဖို့
နေဖို့၊ သေဖို့
အချူပ်သားတစ်ယောက်
ထိပ်တုံး အဖြုတ် စောင့်သလို
မီးလောင်နေတဲ့ အိမ်များ
မီးသတ်ကား စောင့်သလို
ကိုယ့်အလှည့်ကျအောင်
စောင့်ရတယ်။
ကျွန်တော်တို့ကိုယ်ပေါ်မှာလည်း
အသားတံဆိပ် ကိုယ်စီနဲ့
၉၄၃၅ / c
ကျွန်တော်ဟာ ကျွန်တော် စစ်မစစ်
ခင်ဗျားဟာ ခင်ဗျား စစ်မစစ်
နံပတ်နဲ့တိုက်ကြည့်ရတယ်။
(၁၀)
''ကိုယ်မမေ့တာ ယုံစေချင် ....''
ကျွန်တော် သီချင်း ညည်းမိတယ်။
ရေမိုးချိုးရင်း
ခြေလက် ဆန့်ထုတ်ရင်း
စားသောက်ရင်း
မျှော်ရင်း
ဒီလိုနဲ့နေ့တာတို
ဒီလိုနဲ့နေ့တာရှည်
ကျွန်တော်တို့ရဲ့နေ့ရှိသ၍ ဖြစ်ပါတယ်။
ကြောင်တွေကို ဖြန်ဖြေဖို့
အန်းရေ လိုတွေးဖို့
မကြာခဏ
ဆေးလိပ်ဖြတ်ဖို့
ကျွန်တ်ာတို့ရဲ့ညရှိသ၍ ဖြစ်ပါတယ်.။
(၁၁)
ငါဟာ
သစ်ရွက် ၀ါးရွက်လို
စိတ်ကစား ခဲ့ပါတယ်။
ငါဟာ
သိကြားမင်း ဆင်းသလို
မိုးကို မော့ကြည့်ခဲ့ပါတယ်။
ငါဟာ
လိပ်ပြာဖမ်းသလို
ခြေဖေါ့နင်းခဲ့ပါတယ်။
ငါဟာ ခလုတ်တိုက်လဲသလို
အုပ်ကွဲ ကျန်ရစ်ပါတယ်။
ငါဟာ.......
(၁၂)
လင်းနို့ရဲ့ ကျွမ်းကျင်မှုနဲ့ ညရောက်လာ
ဒီည ငါဟာ
သစ်ပင်များ တိုက်တာအိမ်ခြေများ နံရံ မြင့်မြင့်များကို
ရှောင်တိမ်းလျက်
ငါဟာ ကျွမ်းကျင်စွာ ၊ အကန့်အသတ်မဲ့စွာ
ညမှာ ပျံသန်းနေပါတယ်။
(၁၃)
ခြောက်လ ဆိုတာ
လူတွေ
တစ်ယောက်ကို တစ်ယောက်
မေ့လျော့ပစ်ဖို့
လုံလောက်တဲ့အချိန်ပဲ ။
မင်း ရောက်မလာနိုင်တာလည်း
မင်းအကြောင်း နဲ့မင်း ရှိမယ်။
(၁၄)
ဒီည
ငါဟာ
ဟိုရောက်ဒီရောက်ဖြစ်နေတယ် ။
တစ်ဘ၀လုံး ပြန်ရှာတောင်
ငါတို့အစ
ငါတို့ ပြန်ရှာတွေ့နိုင်ပါ့မလား ။
သို့ပေမယ့်
ငါတို့အဆုံး
ငါတို့(သိလိုရင်) သိခွင့် ရှိပါရဲ့။
ငါတို့အဆုံး
ငါတို့ ခံစား ကြည့်နိုင်ရဲ့။
အဆုံးကို ဆုံးဖြတ်ဖို့မှာ
ငါတို့
တွန့်တို ဆုတ်နစ်ကြ ။
ငါ ရှေ့က
ကဗျာဆရာတစ်ယောက်က ပြောတယ်
သေခြင်းတရားဆိုတာ
လေယာဉ်ပျံ တစ်စီးက တစ်စီး
ပြောင်းစီးသလိုပဲ တဲ့။
သူ
လေယာဉ်ပျံ ပြောင်းတုန်းက
လက်ပြသွားခဲ့သေးသလားကွာ ။
ငါ
သူ့ကို
ဦးညွတ်ရဲ့။
(၁၇)
ငါတို့ဟာ
တွဲပျက် ရထားကြီးပါကွာ
ဘီးက ပူသနဲ့
မိးခိုး တွေဟာ
အူထွက်လို့။
(၁၈)
ငါတို့ ဟာ
အဖြူ အမဲ ဓာတ်ပုံလို
အဖြူအမဲ ခေတ်မှာ
ကျန်ခဲ့ပြီ ။
ငါတို့ဟာ
လမ်းဘေး ဓာတ်တိုင်လို
လမ်းဘေးမှာ
ကျန်ခဲ့ပြီ။
သို့ပေမယ့်
ငါတို့အကျောပေးလိုက်ပါပေရဲ့
ငါတို့ထက်
လက်ရည် ညံ့တဲ့
ကမ္ဘာကြီး ။
(၁၉)
ဒီလိုပဲ
ကိုယ့်ကိုယ်ကိုယ်
ရေပတ်တိုက်ရ ။
ငါတို့ဟာ
သေချာမှု တခုဆီ
ဦးတည် သွားနေလေရဲ့။
ကိုယ့်ဘွိုင်လာ
ကိုယ် ကိုယ်တိုင်
မီးထိုးရ ။
ငါတို့ ဖင့်နွှဲ့ခဲ့သော်လည်း
ငါတို့သေချာရဲ့
ပြိုကွဲရာက
ပြန်စု မိတဲ့အခါ
ပြဒါးလို တစ်လုံးတစ်စည်းတည်း ဖြစ်သွားပြန်တယ်။
(၂၀)
ငါမကြားဝံ့တဲ့အသံ
ငါ့ဆီပျံသန်းလာသလား
လမ်းတ၀က် ရောက်ပြီလား
နောက်တစ်ရက် ရောက်မှာလား
အနေအထိုင်မတတ်
မိမိ ကိုယ်ကို
မီး ရှို့မှုများ
ငါဟာ
တစ်ချက်ချင်း
အသက်ရှင်နေတယ်။
ဘာကို
ကြိုပြီး
မျှော်လင့်မလဲ။
(၂၁)
တစ်ခါတစ်ရံ
ကျွန်တော်ဟာ
ကျွန်တော့်ကဗျာပေါ်
သံသယရှိပါတယ်။
တစ်ခါတစ်ရံ
ကျွန်တော်ဟာ လွန်သွားခဲ့။
တစ်ခါတစ်ရံ
ကျွန်တော်ဟာ ရောက်မလာဘူး။
တစ်ခါတစ်ရံ
ကျွန်တော်ဟာ မြင်းကပ်တစ်ကောင်လို
ဘယ်လောက်ပဲ ရိုက်ရိုက်
မလှုပ်တော့ဘူး။
သို့ပေမယ့်
ကျောက်ခဲလည်း ကျောက်ခဲအလျောက်
ရွံ့စေးလည်းရွံ့စေးအလျောက်
လိုအပ်မှူရှိတယ်။
ပိုတယ်ဆိုပြီး သွန်ပစ်စရာ
ဘာတစ်ခုမှ မမြင်မိဘူး။
ကျွန်တော်ဟာ
ကိုယ့်ကိုယ် ကို
သွန်မပစ်ခဲ့ပါဘူး။
(၂၂)
ကျွန်တော် တို့ခေါင်းထဲ
ခြင် မအောင်းအောင်
အဖုံး ဖုံးထားရုံ ။
(၂၃)
တစ်ခါတစ်ရံ
စိတ်ဟာ ဂူအောင်းရင်း
သူ့ဒဏ်ရာ ကထွက်တဲ့
သူ့သွေး သူပြန်လျက်ရင်း
အနာကျက်ချိန်ကို စောင့်ရတယ်။
အမှားလည်း
အမှားကြာရင်
အမြစ်ထွက်လာတတ်တယ်။
ကြိးကောင်ကြီးမားမှ
နေရာရွှေ့စိုက်ရရင်
ခက်ပြီ။
မိမိအား
ဟို ဖက်ကမ်းပို့ဖို့အရေး
မိမိကိုယ်တိုင် '' ဖေါင် '' ပဲ ။
ငါတို့ မိမိကိုယ်ကိုယ်
ရွေးနုတ်ကြစို့။
(၂၄)
အချစ်ရေ
ကမ္ဘာကြီးဟာ
မြေမြုပ်မိုင်းတွေပေါတဲ့
ကမ္ဘာကြီးပါကွာ။
ကမ္ဘာကြီးဟာ
သူကိုယ်တိုင်
ပေါင်တိုကြီးပါကွာ ။
နေရာတိုင်းမှာ
အကြမ်းဖက်သမားတွေ
ချောင်းမြောင်းနေတဲ့
ကမ္ဘာကြီးပဲ။
ငါတို့တိုက်ထဲ
ဘယ်အချိန် လေယာဉ်ပျံကြီးဝင်လာမလဲလို့
တွေးနေရတဲ့ ကမ္ဘာကြီးပါကွာ။
(အရေးထဲ
ငါတို့မြို့က
လေယာဉ်လမ်းကြောင်းကျတယ်)
ဒါနဲ့တောင်
လူတွေ မျော့တွေ
အတူတကွ
ကမ္ဘာကြီးကို သွေးစုပ်တုန်း ။
(၂၅)
တကယ်တော့
ကမ္ဘာကြီးပေါ်မှာ
ငါတို့ခြေထောက်တွေဟာ တန်းလန်းကြီး
သုတ်ကိုင်းမိနေကြပေါ့။
ရုန်းလည်းမလွတ်သာ
ငါတို့ခြေထောက်တွေသာ
ပြတ်ထွက်သွားမှာ။
(၂၆)
တစ်ခါတစ်ရံ
ကျွန်တော်ဟာ
ရေငတ်သလို
နေမထိထိုင်မသာ ဖြစ်ခဲ့။
သွေးဆုတ်သလို
ဖြူဖတ်ဖြူယော်နဲ့
စိတ်အစည်းပြေကာ
ဦးတည်ရာ သွားနေခဲ့။
သြော် ..
ငါလို့ထင်နေတုန်း
ငါ့အဆင်မပြေမှုလို့ထင်နေတုန်း
တကယ်တော့
သဘောမျှသာပဲ
အဆင်မပြေမှုဟာ
အဆင်မပြေမှုမျှသာပဲ။
(၂၇)
(တရားကို သိမြင်နိုင်သောသူ
ဖြစ်ရစေသား)
(၂၈)
ပန်းကလေးရေ
ခွင့်လွှတ်ပါတယ်ကွယ် ။
နေမင်းအား
ခွင့်လွှတ်ပါတယ်ကွယ်။
ကိုယ့်ကိုကိုယ်လည်း
ခွင့်လွှတ်ရမှာပဲ။
(ခွင့်မလွတ်ရင်
ဘယ်လို ရှေ့ဆက်သွားမလဲ)
အညစ်အကြေးဟာ
အညစ်အကြေးမျှသာ ....။
(၂၉)
ဘယ်လိုအကြောင်းကြောင့်မှ
လူတွေ
တစ်ယောက်ကိုတစ်ယောက်
သတ်ဖြတ်ဖို့
အားပေးအားမြောက်မပြုနိုင်။
ဒါဟာ
ငါ့အသံပဲ
ငါ့ကိုယ်ပိုင် အသံ ။
တော်လောက်ပြီ
ငါတို့တွေ
တစ်ယောက်ကိုတစ်ယောက်
ဆင်းရဲ အောင်
ထပ်မလုပ်ကြနဲ့။
သံဇကာခြားတဲ့မျက်ရည်
ငါ ဘယ့်နှယ်သုတ်ပေးမလဲ။
(၃၀)
တစ်ချက်ချင်း
အသက်ရှင်နေဖို့
သံပတ်
ခြေလက်လှုပ်ရှားမှု
ဓာတ်ခဲ
နေရောင်ခြည်
သင်္ခါရ မျှသာပဲ။
ငါတို့ဟာ တဲတဲလေးပဲ။
(၃၁)
များသောအားဖြင့်
ငါတို့ဟာ
ကိုယ်လာတဲ့လမ်း
ကိုယ်ပြန်မမှတ်မိ သူတွေပေါ့။
(၃၂)
ဘယ်က
အစပြန်ကောက်မလဲ
ငါတို့လည်း
ငါတို့ရှေ့ရထားဆိုက်လို့
တက်ခဲ့ကြရတယ်။
ဒီရထား
ဘယ်က စထွက်သလဲ
ငါတို့
မသိကြဘူး မဟုတ်လား။
ငါတို့ဟာ
ဘယ်နှစ်ဘူတာမြောက်လဲ ။
နောက်ထပ် ဘယ်လောက်ကြာ
သွားဦးမှာလဲ။
ဘာတစ်ခုမှ
အပ်ချမတ်ချ
ငါတို့မသိကြဘူး မဟုတ်လား ။
နောက်တစ်စင်းမှ စီးမယ်လို့ကော
ငါတို့မှာ
ရွေးခွင့်ရှိခဲ့ပါသလား။
ကဲ
ကျားမြီးဆွဲသလို
ရထားပေါ် (ငါတို့)
စီးမိပြီ။
(၃၃)
ငါတို့ ခရီး
ငါတို့ သွားရမှာပါလား။
ငါတို့ ခရီး
ငါတို့ ငြင်းမရပါလား။
လောကရဲ့
အစိတ်အပိုင်း တော်တော်များများကို
ငါတို့ ချစ်နိုင်ခဲ့ပါတယ်။
ဘယ်လောက် ဝေးဝေး
ချစ်တဲ့အရာများအပေါ်
မေတ္တာမပျက်ရှိခဲ့ပါတယ်။
ငါတို့၏ အချစ်များ
သဘောမျှသာတကား။
(၃၄)
လမ်းလည်ခေါင်မှာ
ကုလားထိုင်တစ်လုံးဟာ ထိုင်လို့
ငါချင်း မိုးမွန်နေသောအခါ
ငါတို့ဟာ
ပြူတင်းပေါက်တွေပိတ်ပြီး
အိပ်ယာဝင်ကြတယ်။
မနက်ဖြန်ဖြစ်ဖြစ်
တစ်နေ့နေ့ဆက်ရန်ပေါ့
ဒီကဗျာက
မဆုံးဘူး။ ။
ရည်မွန်
(၁.၁၁.၂၀၀၂ - မှ ၆.၁၁.၂၀၀၂ အတွင်း)
0 comments:
Post a Comment