Wednesday, July 13, 2011

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၁၉) မျိုးမြင့်ချို

0 comments
စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၁၉) ၇ လပိုင်း ၁၃ ရက် ၂ဝ၁၁ နေ့က 
အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီးဆောင်းပါးဖြစ်ပါတယ်။
“စစ်သားဆိုတာ..လုပ်ရဲရင်ခံရဲရတယ်”ဆိုတဲ့ အကောက်အယူအမှားကြီးကို စစ်တပ်က ခေါင်းထဲရိုက်ထည့်ပေးပြီး စစ်သည်တွေရဲ့ ဆင်ခြင်တုံတရားကို သင်းသတ်ပစ်လိုက်တဲ့အကြောင်း ကျနော် အရင်တပတ်ကတင်ပြခဲ့ပါတယ်။ ဒီတပတ်တော့ ကျနော်တပ်ထဲရှိတုန်းက ခွဲအရာခံဗိုလ် ၂ ယောက်ရဲ့ နိုင်ငံတော်နဲ့ အစိုးရဆိုတဲ့အပေါ်မှာ မတူတဲ့အမြင်အကြောင်း၊ စစ်သားချင်းတူပေမယ့် တိုင်းပြည်အပေါ်မှာခံယူကျင့်သုံးပုံတွေမတူတဲ့အကြောင်းနဲ့ တပ်ထဲမှာသုံးနေတဲ့ စကားလုံးဝေါဟာရတွေရဲ့ နောက်ကွယ်ကအဓိပ္ပါယ်တွေဟာ တပ်မတော်သားတွေအပေါ် ဘယ်လိုရိုက်ခတ်မှုရှိတယ်ဆိုတဲ့ အကြောင်းတွေကိုတင်ပြချင်ပါတယ်။
           
အဲဒီအချိန်က ကျနော်တို့တပ်ခွဲမှာ ခွဲအရာခံဗိုလ် ၂ဦးရှိနေပါတယ်။ ပုံမှန်ဆိုရင် ခွဲအရာခံဗိုလ်က တယောက်ပဲရှိရမှာဖြစ်ပါတယ်။ အခု ဟာက တခွဲတည်း အရာခံဗိုလ် ၂ ယောက်ဆိုတော့ တပ်က ခြင်္သေ့၂ကောင်အောင်းတဲ့ ဂူလိုဖြစ်နေတာပေါ့။ တယောက်က စကားပြောရင် လို ရင်းတိုရှင်းပြောတတ်သလို စစ်သားပိုဆန်ပြီး တပ်မှူးကအစတပ်သားအဆုံး လူကြိုက်များပါတယ်။ သူတို့ ၂ယောက်က အလှည့်ကျ ခွဲအရာ ဗိုလ်ကိုင်ရသလို ညမနက်တန်းစီအလေးပြုချိန်တွေမှာလည်း တန်းစီလူစစ်အလေးပြုတာတွေကို တလှည့်စီလုပ်ရပါတယ်။ ကျနော် ၉ဝ၉ စ.မ.အ ခွဲ ရောက်ပြီး သိပ်မကြာခင်မှာပဲ တန်းစီလူစစ်ချိန် အလေးပြုစာသားတိုင်ပေးတာမှာ ဒီ၂ယောက် မတူပါလားဆိုတာကို သတိထား မိလိုက်ပါတယ်။ တယောက်က “နိုင်ငံတော်အလံအား အလေးပြု”လို့တိုင်ပြီး နောက်တယောက်က “ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာ နိုင်ငံတော်အလံအား အလေးပြု” လို့ တိုင်ပါတယ်။

            တရက် ကျနော်က စစ်သားပိုဆန်တဲ့တယောက်ကို “ဆရာကြီးတို့နှစ်ယောက် အလံတော်အလေးပြုတိုင်တာမှာ မတူဘူးနော်” လို့ မေးကြည့်ဖြစ်ပါတယ်။ သူက “ဟေ့ကောင်ရာ..စစ်သားဆိုတာ နိုင်ငံတော်အလံကိုအလေးပြုဖို့ပဲကွ၊ အလံကိုနံမည်ပေးတာ အလံလုပ်တာက စစ်သားအလုပ် မဟုတ်ဘူးကွ၊ စစ်သားဆိုတာက ဘယ်အစိုးရတက်တက်၊ တိုင်းပြည်ကပြောတဲ့အတိုင်း ခိုင်းတဲ့အတိုင်းလုပ်ရုံပဲရှိတာ၊ မလုပ် ချင်ရင် ထွက်ပေါ့ကွ”တဲ့။ ဒါနဲ့ နောက်တယောက်ကို ဒီမေးခွန်းပဲထပ်မေးကြည့်ဖြစ်ပြန်ပါတယ်။ သူက “နိုင်ငံတော်ကိုအခု အုပ်ချုပ်နေတာက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလေကွာ၊ နိုင်ငံတော်အစိုးရကို ပါတီကဦးဆောင်တယ်၊ တိုင်းပြည်ကို အစိုးရကအုပ်ချုပ်တယ်ကွာ၊  အလံက ဆိုရှယ်လစ်စနစ်နဲ့ တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ပြည်ထောင်စုအလံ၊ ဒါကြောင့် အလံတော်ကိုအလေးပြုတယ်ဆိုတာ နိုင်ငံတော်နဲ့နိုင်ငံ တော်အစိုးရကိုအလေးပြုတာပဲကွ၊ နိုင်ငံတော်ကတည်ဆောက်နေတဲ့စနစ်ကို အလေးပြုတာပဲကွ” လို့ပြန်ဖြေပါတယ်။ ၂ ယောက်ရဲ့ မတူတဲ့ အမြင်နဲ့ဖြေစကားက ကျနော့်အတွက် အပြည့်အဝဘဝင်ကျစရာမဟုတ်ပေမယ့် ပထမတယောက်ရဲ့စကားကို ပိုနှစ်သက်မိတာကတော့ အမှန်ပါပဲ။

            သူတို့ ၂ယောက်မှာ မတူတဲ့နောက်တချက်လည်း ရှိပါသေးတယ်။ အဲဒါကတော့ နိုင်ငံတော်အလံအလေးပြုပြီးတဲ့နောက် တပ်မတော် သားတွေကိုအလေးပြုတဲ့အခါ သုံးတဲ့တိုင်တဲ့စကားလုံးပါပဲ။ တယောက်က “ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသောတပ်မတော် သားအပေါင်းအား အလေးပြု” လို့တိုင်ပြီး နောက်တယောက်ကတော့  “ကျဆုံးလေပြီးသော တပ်မတော်သားအပေါင်းအားအလေးပြု” လို့ ဆိုပြီး တိုင်ပါတယ်။ ကျနော့်စိတ်ထဲ ဒါလည်းထူးခြားတယ်ထင်ပြီး မေးကြည့်ဖြစ်ပါသေးတယ်။

            ဗိုလ်ချုပ်အမည်မထည့်ပဲတိုင်ပေးတဲ့ ဆရာကြီးက “ဗိုလ်ချုပ်က စစ်သားဖြစ်ခဲ့ဖူးတာရယ်၊ တပ်မတော်ခေါင်းဆောင် ဖြစ်ခဲ့တယ်ဆို တာကတော့ဟုတ်ပါတယ်ကွာ။ ဒါပေမယ့် သူက နိုင်ငံတော်အတွက်တိုက်ရင်း၊ တပ်မတော်အတွက်တိုက်ရင်း ရှေ့တန်းမှာကျဆုံးသွားတာမှ မဟုတ်တာ၊ တိုင်းပြည်ခေါင်းဆောင်ဖြစ်နေတုန်းမှာ လုပ်ကြံခံရလို့သေဆုံးသွားတာပဲ၊ သေတဲ့အချိန်မှာလည်း သူကစစ်သားမှ မဟုတ်တော့ တာပဲကွ၊ ဆိုတော့ တိုင်းပြည်အတွက် အသက်စွန့်သွားတယ်လို့ ပြောရင်မှန်ပေမယ့်၊ တပ်မတော်အတွက် အသက်ပေးသွားတယ်လို့တော့ ပြောလို့မရဘူးကွ၊ ငါတို့က တပ်မတော်အတွက် အသက်စွန့်တိုက်ရင်းကျဆုံးသွားတဲ့ တပ်မတော်သားတွေကိုပဲ အလေးပြုရမှာပဲ” လို့ပြောပါ တယ်။ ကျနော် တခုခု ပြန်ပြောချင်ပေမယ့် မပြောရဲတာနဲ့ အသာပဲနေလိုက်ပါတယ်။

            ဗိုလ်ချုပ်အမည်နဲ့တိုင်ပြီးအလေးပြုခိုင်းတဲ့ ဆရာကြီးကတော့ “ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ရဲ့ဖခင်ပဲကွ၊ တပ်ကလည်း သူဖွဲ့ခဲ့တဲ့တပ်ပဲကွ၊ အဲဒီတပ်နဲ့ပဲ ဂျပန်ရောအင်္ဂလိပ်ကိုပါ ချရတာပဲကွ၊ ဗိုလ်ချုပ်က ကိုယ်တိုင်လည်းရှေ့တန်းထွက်ပြီး စစ်တိုက်ခဲ့တဲ့ကောင် လေကွာ၊ လူကြီးဆိုပြီး နောက်တန်းမှာချန်နေခဲ့တာမှမဟုတ်တာ၊  သူ တပ်ကထွက်ပြီး တိုင်းပြည်အတွက်လုပ်နေချိန်မှာလည်း တပ်ကိုပစ်ထား ခဲ့တာမှ မဟုတ်တာ၊ အလုပ်ကြံခံရချိန်မှာ စစ်သားမဟုတ်တော့ပေမယ့် သူ့ကိုလူတိုင်းက ဗိုလ်ချုပ်လို့ပဲခေါ်တာကွ၊ ယူနီဖေါင်းတော့ မဝတ် တော့ ဘူးပေါ့ကွာ၊ ဒါပေမယ့် သူက စစ်သားပဲကွ၊ ငါကတော့ သူ့ကို စစ်သားလို့ပဲမြင်တယ်ကွ” လို့ပြောပါတယ်။

တကယ်ဆိုရင် သူတို့ ၂ ဦးဟာ စစ်သားချင်းလည်းအတူတူ၊ ရာထူးချင်းလည်းအတူတူ၊ ထမ်းခဲ့တဲ့စစ်သက်နဲ့ ဖြတ်သန်းခဲ့တဲ့ခေတ် တွေလည်းတူနေပါလျက်နဲ့ ဘာ့ကြောင့် အမြင်နဲ့ခံယူမှုတွေ မတူကြတာလဲ။ တယောက်ချင်းစီရဲ့ နိုင်ငံတော်၊ အစိုးရ၊ စစ်တပ်၊ စစ်သားနဲ့ စစ်သားရဲ့တာဝန်ဆိုတာတွေအပေါ်မှာ အမြင်နဲ့ခံယူကျင့်သုံးပုံချင်း ဘာ့ကြောင့်ကွဲလွဲနေကြရတာလဲဆိုတာကတော့ တွေးကြည့်ချင်စရာ ကောင်းလှပါတယ်။

ကျနော့်စိတ်ထဲမတော့ ဒီနေ့ခေတ် တပ်ခေါင်းဆောင်တွေပြောနေတဲ့ “အမျိုးသားနိုင်ငံရေးတွင် တပ်မတော်ကဦးဆောင်ရမည့် အခန်းကဏ္ဍ” ဆိုတာကြားတိုင်း တပ်တွင်းသုံးစကားလုံးတွေနောက်ကွယ်က အဓိပ္ပါယ်တွေအကြောင်း တွေးနေမိပါတယ်။ ရှေ့တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်

0 comments:

Post a Comment