Tuesday, July 5, 2011

"ဒဏ်ရာရနေတဲ့အနမ်းများ"(တာကောဒီ)

0 comments

"ဒဏ်ရာရနေတဲ့အနမ်းများ"(တာကောဒီ)

"ဒဏ်ရာရနေတဲ့အနမ်းများ"

ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲဘို့ ကြိုးစားရင်း
ကမ္ဘာကြီးက . .
ပြုပြင်ပြောင်းလဲခြင်းခံခဲ့ရသူ လူမမာတဦးရဲ့
ချူချာမှူ အယ်လ်ဘမ် တချပ်ဖြစ်တယ် . . ။
ဒါမှမဟုတ် . .
စာအုပ်တွေကိုယုံလို့ 
စုံလုံးကန်းခဲ့ရတဲ့ညမှာ . .
အားလုံးရရင်ရ ..
မရရင် တခုမှ မရချင်ဘူးလို့ကြွေးကြော်ရင်း
အားလုံးလဲမရ . .
တခုမှလည်း မရခဲ့သေးသူတဦးရဲ့
မနက်ဖန်အတွက်
လက်ကျန် တောအရက်တချိုးမျှသာ ဖြစ်ပါတယ် . . ။

(၁)
အေဒီ ၁၉၅၃
နှင်းခဲပျော်စ ၊ စတော်ဘယ်၇ီ
သရဖီပွင့်ဝေ
နွေဦးပေါက် သစ်သီးတို့ချိုမြိန်တဲ့
လိမ္မော်ရောင် မတ်လ . . တလမှာ
ရေဦး . .
မူးမြစ်ကမ်းက
လွမ်းစရာ့ မြို့ကလေးရဲ့
ကျေးလက်ဆန်တဲ့
ပျံကျ . . အရှေ့တောသယ် . . ကုန်စိမ်းသယ်
ယာသမား ကိုင်းသမား
လှေထိုးသား
ဝါးဖောင်သမားတို့ရဲ့
ကမ်းပါးပြိုတဲ့ ရပ်ကွက်ကလေးမှာ
မွေးဖွါးခဲ့ . . . ။

. .
မူးမြစ်ရဲ့ ..
ရေစစ်စ နုံးသောင်ခုံပေါ်
ဂျုံပင်ရိုင်းခင်းတွေထဲ
တဒိုင်းဒိုင်းအော်ဟစ်
ရွှံ့စစ်တိုက်ခဲ့ကြ . .
လိုက်တန်း ပြေးတမ်းကစားခဲ့ကြ
'မကျီးတော'
'ဗေါဓိ' 'ရွာမြိတ်သာ'
ယာနီးချုပ်စပ် ..
အရပ်တကာ အလှူ . . အပူအပင်မဲ့ဝင်စား
ပျော်ပါးခဲ့ကြနဲ့
လသာည အရွယ်ဦးအချိန်တွေ
ဆေးမှိန်နေတဲ့ရေဆေး ပန်းချီကားလို
မှုံဝါးခဲ့ပါပေါ့ . . . ။
. .

ပထမ ပိတောက်
၁၉၆၆ . .၆၇
ငယ်ရွယ်နုသစ် ..
အချစ်ဟာ တလောကလုံးဖြစ်ခဲ့
နောင်တော့လဲ . . တလောကလုံးဟာ အချစ်ဖြစ်လာခဲ့ရ
မှော်ဝင်နှုတ်ခမ်းများရဲ့
အနမ်းတွေဟာနွေးညက်
သွေးခုံနှုံးတို့ တဒိတ်ဒိတ်
တိတ်ဆိတ်စွာ စီးဆင်းရစ်
မြစ်တမြစ် ဖြစ်ခဲ့ကြ . . .
စစ် . .
ငြိမ်းချမ်းရေး
အေးခဲမှူ . .
ငတ်မွတ်မှူများစွာနဲ့
ဆာလောင်နေတဲ့ ဒဿနရဲ့
ထွန်ယက်ခြင်း မခံရသေးခင်ပါ့လေ . . . ။
. .

[ခုတော့ဝေးခဲ့ပြီမေ . . x .
ခုတော့ x ဝေးကြပြီ ဒို့နှစ်ဦးသား x x]
"ထူးအိမ်သင်" တေးသွားနဲ့
လက်ဖျားများ အေးစက် . .
ရက်စက်တဲ့ ခွဲခွါချိန်ဟာ
ကျိန်စာတခုလိုရောက်လာပေါ့ . . . ။
ဒဏ်ရာရနေတဲ့
အနမ်းတွေခမျာ . . .
လမ်းလျှောက်ထွက်ရင်း မျက်စိလည်ခဲ့ကြ
လွမ်းမက်ခဲ့တဲ့
နှုတ်ခမ်းတောအုပ်တို့ . . ရိတ်သိမ်းခုတ်လှဲခံကြရ
ငါ့ပါးပြင်မှာလဲ စိုလို့ . .
ချစ်သူကလဲ ငိုလို့ . . .
အို . . ဒို့နောက်ကို မလည်ကြတော့ဘူးကွယ်တဲ့
နယ်ခြားမျဉ်းသစ်ဆွဲခဲ့ရပေါ့ . . .။
. .

ဒုတိယ ပိတောက်
၁၉၇၃ . .
ပျောက်ဆုံးသောမြို့ကိုတွေ့ . . .
နေ့ရက်တို့ကို ပွေ့ဖက်ခဲ့ချိန်
"အိမ်ထောင်မှု ၊ ပုဂ္ဂလိကကျမ်း" ကို
စမ်းသပ်ခန်းထဲက ဆွဲထုတ်
တဲကုပ်ထဲမှာ ထုဆစ်မိ . . . ။

၁၉၇၄ . .
'စိန်သရဖူကို . .လမ်းဘေး ဘယ်သူဆွဲချခဲ့သလဲ' (အိန်ဂျယ်)
တူများရဲ့တရား
လက်များရဲ့ နရီနဲ့ . .'ဒီရေမြင့်သစ်'' ကိုခံစားမိ
၁၉၇၅ . .
 နှင်းဆီ မိုးတိမ်တို့
တိမ်ဖြူမြို့ကို သိမ်းပိုက် . . တိုက်ပွဲတို့ ချုန်းထစ်စဉ်
ချစ်သမီးလေး မွေးဖွါးခဲ့ . . . ။

၁၉၇၆ . .
"နေ၀င်စ . . x ချိုးမရယ်ကူ"
. .
ချစ်သူဇနီးနဲ့
သမီးလေးရဲ့ . . စောင့်မျှော်ခြင်းတေးဟာ
အဝေးတနေရာမှာ တိမ်းမှောက်ခဲ့ရ
"ခလေးတွေ အဖေပျောက်တဲ့ည" ကပေါ့ . . . ။
အဲသလိုနဲ့
လောကဟာ . .
ဒေါသနဲ့ 'အမွှာမျှော်စင်' ဖြစ်ခဲ့ပါသတဲ့ . . . ။

(၂ )

[ဤသူတို့သည် ကြီးစွာသော ဆင်းရဲခြင်းကထွက်၍. . မိမိဝတ်လုံကိုသိုးသူငယ်
အသွေး၌လျှော်၍ ဖြူစေသောသူဖြစ်ကြသတည်း . .(သမ္မာကျမ်း . .ဗျာ- ၇း၁၄)
အင်းဝ လက်မရွံ့ထောင် ယုဒဿန်ကျောက်စာ]

မိတ်ဆွေတို့ရေ . .
ဟောဒီကမ္ဘာကြီးမှာ . .
လျှပ်စီးနေတဲ့ ကွိုင် တချောင်းဖြစ်ခဲ့ပါသလား . .
ဘိနပ်တရံချူပ်ဖို့
အပုတ်ရည်စိမ်ပြီး ..
အကြိမ်ကြိမ် ထုတေထားတဲ့
သားရေပြား တချပ်ဖြစ်ခဲ့ပါသလား . .
ချုပ်ရိုးကြောင်းထဲက
ခေါင်းမဖော်ဝံ့တဲ့ သန်းကြီးမတကောင်အဖြစ်
နေရောင်ခြည်မှာအတုပ် ခံခဲ့ဘူးသလား . .
လေရိုင်းတို့ ထန်နေစဉ် . .
ည မှန်ချပ်များကွဲရှ . . အိပ်ပျက်လှချေရဲ့
'၀ံပုလွေများနဲ့ကခုန်' . .
အားကုန်နေတဲ့ ဘက်ထရီတလုံးဖြစ်ခဲ့ပါသလား . . ။

၁၃' x ၃' သံဇကာကြားက
ဒန်ပန်းကန်ပြား အပိန်ထဲမှာ
"ရေတိမ်နစ်တဲ့လမင်း"
ဖန်ဆင်းခဲ့ဘူးသလား . . ။

သွားပွတ်တံ
ဖန် ကွဲ . .
မီးခြစ်ကျောက် . .
ချည်မျှင်စ . .
စတူဇ ရူပ ရုပ်ကို . .
"ဘူတ ခလုတ်" အဖြစ်ပေါင်းစပ်
မီးခတ်ခဲ့ဘူးသလား . . ။

ကြွပ်ကြွပ်အိတ်နဲ့ မီးဖို
သင် . .
ရေနွေးကြို ခဲ့ဘူးသလား . .

'နံပြားဖို' ထဲမှာ
နွေခိုရင်း ရေနစ် . .
(ဆပ်ပြာခွက်အဖုံးထဲ)
မကျီးစေ့များနဲ့ ကြွေပစ်ခဲ့ဘူးသလား . .. .

အဲဒီနေရာမှာ
အချိန်ဟာ..
'ဥတု လာနေတဲ့' ထမီတထည်မျှသာ ဖြစ်တယ်
တခါတလေ . .
အချိန်ဟာ . .
'ဟေမာနေ၀င်း' ဖြစ်တယ် . ..
အချိန်ဟာ . .
အိမ်မပြန်နိုင်တဲ့ သင်္ဘောတစင်း ဖြစ်တယ်
အချိန်ဟာ . .
မျှော်လင့်ခြင်းများစွာရဲ့ 'ပါဆယ်' တထုပ်ဖြစ်တယ်
အချိန်ဟာ . .
ဂရမ္မာ စာအုပ် ဖြစ်တယ် . ..
အချိန်ဟာ . .
ကက်စပါရော့ဗ် (kasparov) ဖြစ်တယ်
အချိန်ဟာ ..
ရှုမှတ်သူလည်း မရှိ
ရှုမှတ်ခံရသူ လည်း မရှိ
ရှုမှတ်မှူ ဖြစ်စဉ်ချည်းသာ ရှိတဲ့
'၀ီထိ' စိတ်အချို့ ဖြစ်တယ် . . .
အချိန်ဟာ . .
အကြိမ်ကြိမ်ကိုက်မရတဲ့
ရွတ်တွတွ အမဲသားတတုံးနဲ့
'စပါးလုံး'များစွာ ဖြစ်ခဲ့ပါသတဲ့ . . . ။

အဲသလိုနဲ့ဘဲ ..
ဟောဒီ 'မိုက်တွင်းနက်ကြီး' ရှေ့ . .
အကြိမ်ကြိမ် ခြေချော်လဲခဲ့ရ
အလင်းနှစ်တချို့ . .
တဖြစ်ဖြစ် ကျိုးကြေ . .
စေတန်နတ်ဆိုးရဲ့ အံသွားနဲ့
အံကြိတ်ဝါး ခံခဲ့ရ . . . ။
. .
" ကျောက်ဆောင်ကို ခေါင်းနဲ့တိုက်
နင့်ထက်မိုက်သူတောင် နင်လောက်မမိုက်ဘူးတဲ့ "
ချစ်ဦးသူရဲ့စကား
တူးခါးစွာကြားယောင် . ..
"ငါတို့၏ ဦးခေါင်းများသည် x သွေးချင်းချင်းနီသည် xx သို့သော်
ညွတ်ကားမညွတ်နိုင်ပြီ"
အို . .နော်မန်ဒီ ကမ်းခြေက လေယူတိမ်း သစ်တော်ပင်တို့
ရှင်သန်ဆဲရှိပါစ . . . ။

(၃)
ဒုတိယတန်း ဖတ်စာထဲက
ဟင်္သာကိုးသောင်းဇာတ်

ခုချိန်ထိ . . ဖတ်ပြီးရင်း ဖတ်ခဲ့ရ
၅ိ/-တန် ကွမ်းယာတထုပ်
ဗြစ် သူရာ ယဇ် ရည် တမှုတ်နဲ့ . .
"ဒီလိုပုံဖြင့် . . ရာဇ၀င် မိုးကြီးချုပ်လိမ့်"
အို . . ဖော်ချင်းတို့ရဲ့

ကျွန်ုပ် အိမ်သို့ မပြန်နိုင် . . . ။
. .
ဒီလိုနဲ့
ဘုရားသခင်ကို
ကားစင်တင်ခဲ့ကြပါပြီ . .
ထရိုဂျင်မြင်း တို့
"အအုပ်အသင်း" ကောင်းလှချည့်. .

ဝစ်လစ်စလစ်. .
စကားလုံးတွေနဲ့
စုံးတောက်စားနေတဲ့ 'မုသား' ဟာ
ခရီးသွား အေဂျင်စီထောင်ခဲ့သတဲ့ . . .။
ဟေတီ မှာ . .
ဘီဟခ်ျ မှာ . .
ရ၀မ်ဒါ မှာ . .
ဆူဒန် မှာ . .
တိန်အန်မင် မှာ . .
ပန်းဈေးတန်း မှာ . .
ငါ့အိပ်ကတ်ထဲ မှာ . .. .

တစက်ရုံထဲ ထွက်သမို့
Side Effect (ဘေးထွက်ဆိုးကျိုး) အတူတူနဲ့
အူကြောင်ကြောင်. .
အဆံချောင်နေတဲ့ 'လျှာ' တွေ
'ဆာဖာရီ' ကုတ်ဝတ်ကြ
အောင်မောင်းခြေထိုး ကကြ . .
အံဖတ်ပုံပေါ် လမ်းသလားကြ . .

သေနေတဲ့ လက်ပတ်နာရီတွေနဲ့
ယာယီ မဟာမိတ်ဖွဲ့ကြနဲ့ပေါ့
ငါ့သူငယ်အိမ်ကိုလည်း
ကျင်ငယ်ရည်နဲ့ ချိန်ပန်းခဲ့ချေသေးရဲ့ . .
မျှော်လင့်ခြင်းရထားဟာ
အခြားတနေရာမှာ လမ်းချော်ခဲ့ပါသတဲ့ . . ။

. .
စိန်ပီတာ စဘုဂ်
စတာလင်ဂရက်
လီနင်ဂရက်
စိန်ပီတာစဘုဂ် .. .

ဘာစဘုဂ် ဘဲဖြစ်ဖြစ်
ဘာဂရက် ဘဲဖြစ်ဖြစ်
'ရက်ကိုးရာတိုက်ပွဲ' ရဲ့
သေရဲသူတို့မော်ကွန်း . . ဥဒါန်းတွင်နေဆဲပါ . . .။

အမွေခွဲခဲ့ရတဲ့
'သူရဲကောင်းတို့ တိုင်းပြည်ကြီးရေ . .'
'ဇိုယာ' နဲ့ 'ရှုရာ' မောင်နှမ အသေခံခဲ့တာဟာ
'ရေလျှံမှုကြီး' တခုအတွက်ဖြစ်သတဲ့
"အနေကနံ" တရားကို
'ဧကန်' အမှားလို့ဆိုတဲ့
သဂြိုလ် ဆရာလက်သစ်တွေက . . တစ်ကြိုဟောကိန်း အမျိုးမျိုးထုတ်ကြ

အစွန်းနှစ်ဖက်က
တက္ကဗေဒင်ကြမ်းပိုးတို့ . .တဖြိုးဖြိုး တဖျောင်းဖျောင်း
လက်ခံမောင်းခတ်နေကြလေရဲ့ . . ။

. .
အိုဇုံးလွှာ တို့ပေါက်ကွဲ
'ဆင်းရဲခြင်းကင်ဆာ' စွဲနေတဲ့
'စစ်ပွဲ'
'စာမတတ်မှု . .' 'ငတ်မွတ်မှု'
အကြမ်းဖတ်မှု ငရဲခွေးတို့
အလုအယက် ကိုက်အခွဲခံရတဲ့
'အမဲရိုးတချောင်းမျှသာဖြစ်တဲ့ ကမ္ဘာကြီး ခမျာ . . '
ခံတွင်းပျက် နီတိဆရာက
(To get rich is glorious)
ချမ်းသာတာ ဂုဏ်ရှိသတဲ့
ယုတ္တိဗေဒ ဒီဇိုင်းသစ်နဲ့ . . ဂျွန်အက်ဖ်ကနေဒီရဲ့ ဖိနပ်တဖက်ကို
မျက်စပစ် နေကြလေရဲ့ . . . ။

. .
ပိုင်းပင်နဲ့ မိုးမခတို့
လှပခဲ့တဲ့ ပိုးတောင့်အိမ်ကြီးရေ

(Great men are short)
ကြီးမြတ်သူတွေ အရပ်ပုသတဲ့
စပ်စုမှတ်စု ယုံတမ်းစကား
၅' ပေပြည့်ဘို့ တလက္မလိုသူ "တိန်ရှောင်ဖိန်" အတွက်မှားခဲ့ပေါ့
ခင်ဗျားဟာ
နှစ်ဆယ်ရာစုရဲ့
'တံခါးမပါတဲ့ အိမ်သာတလုံးသာဖြစ်ချေရဲ့'
ရိုးသားခြင်းဟာ
ခိုးသားတသင်းလက်ထဲမှာ
အရှက်ကွဲရချိန်တွေပေါ့လေ . . .။

  .
အဲသလောက် 'ပုပ်' သမို့
ဝိညာဉ်ရဲ့ 'အူတိုင်' မှာ
လောက် . . ဘောက်ဖတ် ၊ ပိုးဟက်နဲ့ခြ တို့
တရွရွထွားတက်ကြ
ကပ်ပါးကောင်တွေက ကိုယ့်ဖါသာ ပြန်ပြန်မျိုချကြနဲ့ပေါ့
ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေတောင်
'ရောဂါပြီးစံနစ်' ထွင်ကြသမို့
'ဆင်ခြင်တုံတရား' ခမျာ . .
မှားယွင်းခြင်း 'ဇိမ်ခန်း' မှာ
လမ်းပျောက်ခဲ့ရပါသတဲ့ . .. .

အဲဒီအဖြစ်ဆိုးတွေကြောင့်
'အကျိုးရဲ့ဇစ်မြစ်' 'အကြောင်း' ဖြစ်ခဲ့ချေရ . .
"ယေဓမ္မါ . . ဟေတုပ္ပဘ၀ါ . . တေသံဟေတုံ တထာဂတောအာဟ"
အနန္တနယ ပဌာန်းနဲ့
တဖျန်းဖျန်းထတဲ့ကြက်သီး . .
ငါ . . အသက်ကြီးပြီထင့် . .
လက်သီးဆုပ်တို့ပြေစပြုခဲ့လေသလား . . ။

. .
အဖျားတက်နေတဲ့
အဲဒီ 'အလွမ်းတီးကွက်' တွေဟာ
ဟောဒီမြေကမ္ဘာပေါ်မှာ
ဒါမှမဟုတ် . .
ကော်ဖီဆိုင် တဆိုင်မှာ
လေဆာဓါတ်ပြားတချပ်ထဲမှာ
ပန်းသီးတလုံးထဲမှာ
တောစီးဖိနပ်တရံထဲမှာ . .
အခြားသော စင်္ကြာဝဠာက
ဒဿမဂြိုလ်ပြာမှာ . .
တနေရာရာမှာတော့  . .
အသေအချာဖြစ်တည်ခဲ့ပါသတဲ့....။

. .
အဲသလိုနဲ့ဘဲ
အနာရွတ်တွေငေါငေါ
ငေါင်းစင်းစင်း . .
နောက်ကျော သွေးစိမ့်ယိုစီး ဓါးတန်းလန်းနဲ့
"ယုဒသစ်ပင်" ဟာ
ဆာနေတဲ့ခြေတဖက် တရွတ်ဆွဲ . .
'နှစ် ၄၀ ' ထဲရောက်ရှိလာခဲ့ပေါ့  . . . ။

. .
သူ့မှာ
အစာအိမ်အချဉ်ပေါက်တလုံး
ကိုလက်စထြောတို့
မြို့သစ်ပေါက်ဆဲ သွေးကြောများ
စိတ္တက္ခဏရဲ့ . . ခုန်ချက်တိုင်း ခုန်ချက်တိုင်းမှာ
'လောကအမွန်' ကိုချစ်ခဲ့တဲ့
'မြိုင်' ကိုချစ်ခဲ့တဲ့
'ချောအိမာန်' ကိုချစ်ခဲ့တဲ့
တစစ်စစ် . .
အနာတရဖြစ်နေတဲ့
ဟဒယ၀တ္ထုအစုံ . .
သွေးကျဆေးကဒ် . . တသန်းနဲ့
စိုင်းခမ်းလိတ်ရဲ့ သီချင်းများသာ ကျန်ရှိပါသတဲ့ . . ။

(၄)
. .
ကဲ . . မိတ်ဆွေတို့ ရဲဘော်တို့ရေ . .
အညစ်အကြေးကင်းအောင်
ဂင်္ဂါမြစ်က ရေချိုး . .
ကိုယ့်အရိုးကိုယ်ကောက် . . လမ်းဆက်လျှောက်ကြဦးစို့ . . ။
ဆူးခက်သရဖူနဲ့
သူမရေ . .
မြူကျတဲ့ မနက်ခင်း
နှင်းခါးမိုးဖြတ်ကျော်
ပြည်တော်ဝင်နိုင်ပါစေ . . .

မိုးသစ်တောများစွာနဲ့
ပြာလဲ့သော ကမ္ဘာကြီးမှာ
နေခြည်ဖြာ မနက်ခင်း
ယမ်းခိုးနံ့ ကင်းပါစေ . .
နှင်းဆီထုံလေညှင်း
ယမ်းခိုးနံ့ ကင်းပါစေ ..
မြင့်မြင့်ပျံ . . ဝေးဝေးမြင်တဲ့
လင်းယုန်တို့ခြေအစုံ
လေဟုန်ကိုခွင်းဖေါက် . . ခရီးရောက်နိုင်စေသတည်း  . . ။


(၁) လောကအမွန်- ဒဂုန်တာရာ၏ကဗျာ
(၂) မြိုင် - ဗန်းမော်တင်အောင်၏၀တ္ထု
(၃) ချောအိမာန် - အလံမလှဲစတမ်းဇာတ်ကောင်

[မိမိ၏ ၄၂ နှစ်မြောက်မွေးနေ့ အမှတ်တရ ၁၅.၃.၁၉၉၅ တွင်
အိုးဘိုအကျဉ်းထောင်အတွင်း၌ရေးဖွဲ့  ခဲ့သည်။]
                      တာကောဒီ
http://www.kaungkin.com/index.php?option=com_content&view=article&id=560:poem&catid=48:2009-04-21-17-32-48&Item

0 comments:

Post a Comment