ဆေးလိပ်အရက်၊
ဆဲဆိုသူနှင့်သာဓုအခေါ်လွယ်သူများ
ကျနော့်စာတွေဖတ်ပြီး တချို့လည်း မိုးမွှန်အောင်ဆဲ၏။
တချို့မထိတထိ ရိသဲ့သဲ့လုပ်၏။ တချို့ကလိတိတိ မခံချိမခံသာဆို၏။ တချို့ ကြိမ်းဝါး
ခြိမ်းခြောက်၏။ ချက်နှင့်လက်နှင့် တိတိပပ ကျကျနနပြောသူနည်း၏။ မည်သို့ဖြစ်စေ
ကိစ္စမရှိ။ ကျနော်က တုန့် ပြန်လေ့ နည်း၏။ မတုန့်ပြန်သည့်အတွက်
သည်းခံခြင်းသည်အောင်မြင်ရာတို့ ပြိုင်လာလျှင်အရှူံးပေး နှလုံးအေးတဲ့ဆေးစသည်တို့အား
နှလုံးသွင်းသည့်သဘောလည်း မဟုတ်။ အချိန်ကုန် မခံချင်၍ဖြစ်၏။
အမေရိကန်တွေက အချိန်သည်ပိုက်ဆံဟုဆို၏။
ကျနော်က အချိန်သည်ဘဝဟူသော အကောက်အယူကို အသက် (၅ဝ) ရောက်မှ နောက်ကျစွာသိမြင်လာသူ။
ထို့ ကြောင့် အချိန်သည် ကျနော့်အတွက် တန်ဖိုးရှိလာ၏။ ဘဝလက်ကျန်အချိန်တို့
ပါးသထက်ပါး ရှားသထက်ရှားလာနေချိန်တွင် (ကျနော့်အထင်) ဘာမဟုတ်သည့်ကိစ္စတွေအတွက်
အချိန်လက်ကျန်လေးထဲက ဖဲ့မပေးချင်တော့။ ပြန်ပြောဖို့ ဆိုဖို့လိုသည်ဟုထင်သည့်အခါ
စာတပုဒ်နှင့်ပြန်ပြောလေ့ရှိ၏။ များသောအားဖြင့် လိုသည်ဟုလည်း မထင်တတ်။
နောက်တချက်က
ကိစ္စတို့သည် တကယ်ဖြစ်နေသည်ကတမျိုး၊ ဖြစ်နေသူအချင်းချင်းကြား ထင်နေကြသည်ကတမျိုး၊
ပတ်ဝန်းကျင်ထင်နေတာက တမျိုးတွေလည်း ရှိသေး၏ ယခု အချိန်နည်းနည်းအပွန်းခံ၍
ဤအကြောင်းတွေးမိ၏။
ကျနော်ဆေးလိပ်ဖြတ်တာက ဆေးလိပ်ဖိုးနှင့်ဆေးလိပ်ဒဏ်ကိုမခံနိုင်ခြင်းမှာ ရာခိုင်နှုန်းအားဖြင့် မဆိုစလောက်သာပါ၏။ အဓိက က
ဆေးလိပ်သောက်ရသည့်ဒုက္ခကို မခံချင်တော့၍ဖြစ်၏။ အမေရိကားတွင်
ဆောင်းတွင်းလည်းဆောင်းတွင်းမို့၊ နွေလည်းနွေမို့၊ အိမ်တွင်းလည်း အိမ်တွင်းမို့၊
အိမ်ပြင်လည်း အိမ်ပြင်မို့၊ ကားတွင်းလည်း ကားတွင်းမို့၊ ရုံးကန္နားလည်း
ရုံးကန္နားမို့၊ အများဆိုင်နေရာတွေလည်း အများဆိုင် နေရာတွေမို့ ဆေးလိပ်အကန့်အသတ်တွေက တဖြည်းဖြည်း များသထက်များများလာ၏။ လူတွေကို
ဆေးလိပ်မသောက်ရဟုလုပ်မထား သောက်မရအောင်လုပ်ထားတာဟု စိတ်ထဲခံစားလာရ၏။ ဤတွင်
စိတ်စနိုးစနောင့်ဖြစ်လာ၏။
ဆေးလိပ်နံ့မခံနိုင်သူက အမူအယာတခုခုဖြင့်
မကြိုက်မှန်းပြလျှင် စိတ်ထဲခံရခက်၏။ အဆိုးဆုံးက ကော်ဖီဆိုင် ထိုင်ချိန်များ။
ဗမာပြည်မှာလို လက်ဘက်ရည်လေးငုံလိုက် ဆေးလိပ်လေးဖွာလိုက်နှင့်
လက်ဘက်ရည်ဆိုင်ထိုင်ရသည့် အဓိပ္ပါယ်နှင့်အရသာကို ဒီမှာမရ။ ကော်ဖီတကျိုက်လောက်
ကျိုက်ပြီး ဆေးလိပ်လေးတဖွာ ဖွာလို့မရ။ ကြာတော့ ကော်ဖီဆိုင်ထိုင်ရခြင်း၌
မပျော်မွေ့တော့။ သို့ဖြင့် မထိုင်ဖြစ်တော့။ ဤနှယ်လုပ်ထားခြင်းကို ကောင်း၏ဆိုး၏လည်း
မပြောချင်တော့။ ဆေးလိပ်မီးခိုးကြောင့် ကျန်းမာရေးထိခိုက်သည်ဟုဆိုလျှင်
စက်ရုံခေါင်းတိုင်တွေက မီးခိုးတွေကြတော့ရော၊ ဆေးလိပ်သွင်းရတာ
နိုင်ငံခြားငွေ ကုန်သည်ဟုဆိုလျှင် ကျည်ဆန်တွေဝယ်နေတာကြတော့ရောဟု ပြန်မေးချင်လာ၏။
ထားတော့ အကျယ်အကျယ် မငြိမ်းဖွယ်လည်းမဖြစ်ချင်။ ကိုယ့်ဒုက္ခလည်း ကိုယ်မခံချင်တော့။
ဘဝလက်ကျန် တိုရည်ရှားရည် အချိန်ကလေးကိုလည်း ဆေးလိပ်အတွက် ဖဲ့ မပေးချင်တော့။ ဒီတော့
အသောက်ရပ်လိုက်၏။
နောက်တခုက အရက်။ သုရာမေရယတွေ၊ အရက်သမား
အမှားတရာတွေကြောင့် အသောက်ရပ်လိုက်ခြင်းမဟုတ်မှန်း ကိုယ့်ကိုယ်ကိုသိ၏။
“အရက်မသောက်တော့ဘူး”ဟုဆိုတော့ သာဓုခေါ်သူ ခေါ်၏။ မိမိကနားမလည်။
“သာဓုခေါ်တာကောင်းတဲ့ကိစ္စပဲ ဘာနားမလည်စရာရှိလို့လဲ” ဟု ဆိုသူလည်းဆို၏။
မိမိနားမလည်ခြင်းက နှစ်ချက်ရှိ၏။ ပထမတချက်က အရက်မသောက်တော့ခြင်းသည် ဘာအဆုံးအမ
ညာအဆုံးအမတွေ၌တည်ကာ ဘုရားကို အရက်လှူလိုက်ခြင်းမျိုးမဟုတ်။ မိမိက
အရက်ကြိုက်သူတွေထဲပါ၏။ နှစ်နှစ်ခြိုက်ခြိုက် မက်မက်စက်စက်သောက်ခဲ့၏။
တန်ဖိုးထားပြီးကို သောက်ခဲ့၏။ ကုန်ကုန်ပြောရလျှင်
မျက်နှာမဲ့ပြီးအရက်မျိုချလျှင်ပင် မကြိုက်။ ကြိုက်တယ်ပြောပြီး မဲ့သောက်သူအား သိတ်
ကြည့်မရ။
နောက်ပြီး သောက်လျှင်လည်း မူးမှကြိုက်၏။
ဘဝတွင် လူမှုရေးသောက် တခါဘူးမျှ မသောက်စဖူး။ အမူးသောက်၏။ အမူးပြေလျှင် ပြန်သောက်၏။
ပြန်မူး၏။ အရက်မူးပြီး မှားသည့်အမှားရော၊ မမူးပဲမှားသည့်အမှားပါ ဘဝတွင်အပြည့်။
ဆိုတော့ မိမိအရက်သောက်ခြင်း မသောက်ခြင်းသည် အမှားကျူးလွန်ခြင်းမလွန်ခြင်းနှင့်
တိုက်ရိုက်အချိုးမကျ။ ကျူးခဲ့သမျှအမှားတိုင်း အရက်ကြောင့်ဆိုလျှင် ယခု
မသောက်ခြင်းအတွက် သာဓုခေါ်ခြင်းသည်မဆိုး။ “ကဲ ဒါဆို ခုမသောက်တော့ဘူး။ အမှားကတော့
မသေမချင်းလုပ်ဖြစ်ဦးမှာပဲ၊ အဲ့ဒါတွေအပေါ်ကျတော့ရော”လို့လည်း မမေးချင်။
ဒုတိယတချက်က သာဓုခေါ်သူနှင့်ဆိုင်၏။
လူတချို့ သာဓုအခေါ်လွယ်၏။ အလွယ်ခေါ်၏။ ထိုသူတို့အနက် အများစုမှာ သူတပါးအား သာဓုခေါ်ထိုက်အောင် အကျင့်၊ သီလ၊ သိက္ခာမည်မျှရှိမှန်း မိမိလည်းမသိ။
သူတို့ကိုယ်သူတို့လည်း သိဟန်မတူ။ မကောင်းမှုဟု သူတို့ယူဆသည့်အရာကိုပြုခဲ့ဖူးသူက
ယခုထိုအပြုကို မပြုတော့ပါဆိုလျှင် သာဓုခေါ်ရန် နှုတ်ပြင်ထားနှင့်ပြီးကြ၏။
နှုတ်လည်းလွယ်၏။
အရက်မဟုတ်သည့် အခြား မကောင်းမှုတွေကို
သူတို့ကိုယ်တိုင် ဘယ်နှကြိမ်ကျူးလွန်ခဲ့ကြပြီးပြီနည်း။ ထိုသို့ကျူးလွန်တိုင်း
အပြစ်သားဆိုလျှင် အပြစ်သားချင်း သာဓုခေါ်ထိုက်ပါသလား။ ခေါ်ရော ခေါ်အပ်ပါသလားလည်း
သူတို့စဉ်းစားကြသည်မဟုတ်။ သို့သော် ခတ်တည်တည်နှင့် သာဓုကား အခေါ်မပျက်။ တချို့က
“နှစ်ကြိမ်ပဲခေါ်ဦးမယ်”ဆိုတာ နှစ်ထပ်ကွမ်းကြောင်သူတော် လုပ်သေး၏။ လူထူထူတွင်
သာဓုခေါ်တိုင်းသာ သူတော်ကောင်းကြေးဆို ဘုန်းကြီးကျောင်းက ကြေးစည်ထုတိုင်း
အူတတ်ကြသည့်ခွေးတွေ သူတော်အကောင်းဆုံးဖြစ်မည်ထင်၏။ “ဘာ့ကြောင့်သာဓုခေါ်တာလဲ”ဟု
ပြန်လည်းမမေးချင်။ သူတို့ကိုလည်း သာမန်လူတွေထက် ပိုသဘောထားလို့မရတဲ့အတူတူ
ရေငုံနှုတ်ဆိတ်သာနေလိုက်၏။
အရက်မသောက်တော့သဖြင့် သောက်၍
ကုန်ရသည့်အချိန်တွေ ပိုထွက်လာ၏။ နေရသမျှ ရှည်ရမည့်အသက်ကလေးထဲတွင် အရက်နှင့်
ဆေးလိပ်ကြောင့် ပေးရဦးမည့်အချိန်တွေ အများကြီးပိုထွက်လာ၏။ ဤကား အမြတ်ပင်။
အစကိုပြန်ကောက်ကာ အဆုံးထိပြန်ဆက်ပါမည်။
ကျနော်ရေးတာတွေဖတ်ပြီး ဆဲသူ၊ ရိသူ၊ ကလိသူ၊ ခြိမ်းခြောက်သူတို့အား ဘဝလက်ကျန်
အချိန်လေးတွေတွင်၊ ရှည်ရသမျှ အသက်တာလေးတွင် ကျန်းမာအောင်နေကြစေချင်၏။
ကျနော့်အတွက် အချိန်အကုန် မခံကြစေချင်။ တကယ် ဖြစ်နေတာ၊ မိမိတို့ထင်နေတာ၊
ပတ်ဝန်းကျင်ကထင်နေတာတို့သည် အခါများစွာတွင် မှားနေတတ်ပါ၏။ လွဲချော်နေတတ်ပါ၏။
သာဓုလည်းအခေါ်မစောကြပါနှင့် မေတ္တာလည်း အပို
့မဦးကြပါနှင့်။ ကျနော်လည်း ရေးဖြစ် ပြောဖြစ်နေသရွေ့ ရေးနေပြောနေ ပါဦးမည်။
မျိုးမြင့်ချို ဇွန် ၂၈၊ ၂ဝ၁၃
မျိုးမြင့်ချို ဇွန် ၂၈၊ ၂ဝ၁၃