Thursday, August 30, 2018

၂ဝဝ၈ အခြေခံဥပဒေရဲ့အထက်ကနေ စစ်တပ်က ထင်သလိုလုပ်နိုင်တယ်

0 comments
(၂ဝဝ၈ အခြေခံဥပဒေရဲ့ အထက်ကနေ စစ်တပ်က ထင်သလိုလုပ်နိုင်တယ် )
အရေးတော်ပုံဂျာနယ်သတင်းနဲ့မှတ်ချက်
တောင်ကြီးက စစ်တပ်ထဲမှာ“လေးလောင်းပြိုင်လူသတ်မှု”ဖြစ်ပွားပါတယ်။ သေဆုံးသူတွေထဲမှာ အပြစ်မဲ့တဲ့ လူမမယ်ကလေးငယ်တစ်ဦး ပါနေတယ်။ ဒီအကြောင်းကို ဆိုရှယ်မီဒီယာမှာ ဓာတ်ပုံနဲ့တကွ ဖော်ပြနေကြပါတယ်။ တာဝန်ထမ်းဆောင်ဆဲ စစ်ဗိုလ်စစ်သားကိုစစ်တပ်က စီမံနိုင်တယ်ထားပါဦး။ ကျန်တဲ့ စစ်သားမယားနဲ့ကလေးကတော့ အရပ်သားပဲ။ သူတို့အရေးကိစ္စနဲ့နစ်နာမှုကို အရပ်ဘက်တရားဥပဒေက ကိုင်တွယ်ခွင့်ရှိရမှာပေါ့။ လူသတ်မှုဆိုတာ ရာဇဝတ်ပြစ်မှုကြီးပဲ။

စစ်တပ်က အရပ်သားပြည်သူတွေကို မထင်ရင် မထင်သလို ပစ်ခတ်သတ်ဖြတ်နိုင်တယ်။ စစ်တပ်ထဲမှာ သတ်ဖြတ်မှုဖြစ်ရင်လည်း စစ်တပ်ကသာ ကိုင်တွယ်စီရင်ဆုံးဖြတ်တယ်။ ယုတ်စွအဆုံး လွှတ်တော်ထဲမှာ စစ်ဗိုလ်က ရိုင်းပြဆဲရေးနိုင်ပေမယ့် စစ်တပ်ရဲ့ရက်စက်ရိုင်းပျတဲ့ လူမဆန်မှုတွေကို ဝေဖန်သရုပ်ဖော်ပြသတဲ့ သတင်း၊ သီချင်း၊ သံချပ်၊ ပြဇာတ်၊ကာတွန်း၊ ပါဖောင့်မင့်တွေပါမကျန် လက်ညှိုးထိုးပြီး ကြိုက်သလို အပြစ် ရှာနိုင်ပါတယ်။ အမှုလုပ်တရားစွဲပါတယ်။ အဲဒါတွေဟာ “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ” ရဲ့ ပကတိသရုပ်မှန်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေက ဘယ်သူ့အတွက် ဒီမိုကရေစီရှိသလဲဆိုတာကို အထင်အရှား ဖော်ပြနေပါတယ်။

“အာ” ချောင်မိတဲ့ ဗိုလ်အောင်မင်းဆိုလည်း ကြည့်ပေါ့။ စာရေးပြီး ရှိခိုးတောင်းပန်ရတယ်။ 7day ဂျာနယ်။ ဗိုလ်ရွှေမန်းတို့လည်း ရွှေပေလွှာအရေးကောင်းလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးတို့၊ မြဝတီသတင်းစာတို့ကနေ အထုတ်ဖြေပြတာခံရတာပဲ မဟုတ်လား။ စစ်အုပ်စုက သူတို့ကို ချိုကိုင်တာ အမြီးနင်းတာ စသဖြင့် ထိပါးလာပြီဆိုရင် စိမ်းကျက်နီးဝေး မရွေးဘူး။ အာဃာတကြီးတယ်။

ဒီတော့ အနေအထားက “စစ်” ဆိုတာပါနေရင်၊ “စစ်”နဲ့ ဆက်စပ်ပတ်သက်နေရင် ဘယ်သူမှ တို့လို့၊ ထိလို့ မရဘူး။ ပြောင်းပြန် အားဖြင့် စစ်အုပ်စုကတော့ စစ်တပ်ကို ချုပ်ကိုင်ထားနိုင်တဲ့အောက်မှာ ဘာကိုမဆို၊ ဘယ်နေရာဘယ်ဒေသကိုမဆို စိတ်ကြိုက်လုပ်ပိုင်ခွင့်တွေ အပြည့်အဝရှိနေတယ်။
တခြားဝေးဝေးမကြည့်ပါနဲ့ ရှေ့နေကြီးဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် အလိုရှိနေတဲ့ ကွင်းဆက် တရားခံတစ်ဦးဖြစ်တဲ့ DSA အပတ်စဉ် ၃၆ ဆင်း ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ဆိုရင် အခုထိ ဝရမ်းပြေးနေတုန်း ဘယ်မှာမှရှာလို့ မတွေ့နိုင်ဘူးဖြစ်နေတယ်။

အဲဒီလို စစ်တပ်နဲ့ပတ်သက်လာရင် မျက်စောင်းထိုးလို့တောင် မရနိုင်တဲ့ အနေအထားဆိုတော့ စစ်တပ်ဆိုတာ ဝရမ်းပြေးတွေ၊ ဒုစရိုက်ကောင်တွေအတွက် “စစ်မှန်သော ပုန်းခိုရာ” ဖြစ်နေပြီလား။
တကယ့်လက်တွေ့မှာလည်း စစ်တပ်ဟာ အရပ်ဘက်အုပ်ချုပ်ရေးက ဘယ်လိုမှ လက်လှမ်းမမီတဲ့နေရာ၊ ထိန်းချုပ်လို့မရတဲ့ နေရာလည်းဖြစ်နေပါတယ်။ ဒီလိုဖြစ်အောင် စစ်အုပ်စုက“၂ဝဝ၈အခြေခံဥပဒေ”ကို စိတ်ကြိုက်ရေးဆွဲပြီး လုပ်ပိုင်ခွင့်အာဏာတွေ အပိုင်စားရယူထားတာပဲ မဟုတ်ပါလား။ [ ၂ဝဝ၈ အခြေခံ ဥပဒေ၊ ပုဒ်မ ၂၀ (ခ)၊ ပုဒ်မ၂၉၁၊ ပုဒ်မ ၂၉၃ (ခ)၊ ပုဒ်မ ၃၁၉၊ ပုဒ်မ ၃၄၃ (က) (ခ) တို့ကို ကြည့်ပါ ]

တကယ်တော့ “စစ်ဘက်တရားရုံးနဲ့ စစ်ဘက်တရားစီရင်မှု” ဆိုတာ အများပြည်သူမသိအောင် အကျဉ်းနည်းနဲ့ နှုတ်ပိတ်ပစ်တာမျိုးပဲဖြစ်တယ်။ တကယ်တော့ စစ်ဗိုလ်စစ်သားဟာ ကျန်အခြားပြည်သူတွေထက် ပိုပြီး မြင့်မြတ်နေသယောင်ယောင် ရေးသားပြောဆိုနေတာတွေဟာ “ဂျာမန်လူမျိုးသာ အမြင့်မြတ်ဆုံး”၊ “ငါတို့ဂျပန်တွေဟာ နေနတ်မျိုးနွယ်က ဆင်းသက်လာတယ်” ဆိုတဲ့ ဖက်ဆစ်ဝါဒလို ဖက်ဆစ်ဝါဒအမျိုးအစား တမျိုးသာဖြစ်တယ်။ စစ်ဘုရင်ဝါဒသာဖြစ်တယ်။ ပြည်သူနဲ့စစ်သားကို သွေးထိုးရန်တိုက်ပေးမှုသာဖြစ်တယ်။

တချိန်တခါကဆိုရင် ဓားမြတွေ၊ ဝရမ်းပြေးတွေဟာ သူတို့နောက်က လိုက်နေတဲ့ ရဲတို့၊ စုံထောက် တို့ကို မျက်ခြည်ဖြတ်ချင်တဲ့အခါ ကတုံးရိတ်၊သင်္ကန်းဆီးပြီး ကိုယ်ရောင်ဖျောက်တတ်ကြတယ် မဟုတ်လား။
အခုခေတ်ကပြောင်းသွားပြီဆိုတော့ မူးယစ်ဆေးမှု၊ လူသတ်မှုတို့ ကျူးလွန်ပြီး၊ လက်စလက်နဖျောက်ချင်ရင် စစ်တပ်ထဲ ဝင်ခို နေလိုက်တာက ကတုံးရိတ် သင်္ကန်းဆီးတာထက် ပိုပြီးလုံခြုံဘေးကင်းပုံရတယ်။

0 comments:

Post a Comment