Monday, August 27, 2018

"ကိုချစ်ဖေ" မျိုးမြင့်ချို

0 comments
"ကိုချစ်ဖေ"
မိုးက ညကတည်းက တစိမ့်စိမ့်ရွာနေသည်မို့ ကိုချစ်ဖေ အိပ်ယာထဲ မိုးအေးအေးနှင့် ကွေးကောင်းကောင်း ကွေးနေမိသည်။ တချက်တချက် လေလှန်လိုက်လျင် သွပ်မိုးပေါ် တဖျောက်ဖျောက်ကျနေသည့်မိုးစက်များက တဗြောင်းဗြောင်းဖြစ်ကုန်သည်။ ထမင်းကြမ်းကို ချဉ်ပေါင်ရည်တည်၊ ငါးနှပ်ခြောက်ဖုတ်လေးနှင့်စားရင်း ကရားထဲကလက်ကျန် အဖန်ရည်အေးလေးနှင့် မျှောမျှောချပြီး တနပ်ပြီးခဲ့ရသည်။
စားပြီးနောက် တနေကုန် ကျောခင်းလိုက် မှောက်လိုက်လှန်လိုက်နှင့် ခုနိုးတော့ နာရီပြန်ထိုး ၃ချက်တီးနေပြီ။ ဒါနဲ့အိပ်ယာကလူးလဲထပြီး ခနငုတ်တုတ်ထိုင်ရင်း အဖန်ရည်လေး တည်သောက်ရရင်ကောင်းမလား ယမကာလေးနည်းနည်း မှီဝဲရကောင်းမလား ဝေခွဲမရဖြစ်နေသည်။

ကိုချစ်ဖေက အရက်ကို အရက်သမားလိုသောက်သူတော့မဟုတ်။ တခါတလေ အာလျလေးလည်းဖြစ်၊ ရာသီဥတုလေးကလည်း ကိုယ့်ဘက်ပါ၊ ရုံးလည်းပိတ်ဆိုလျင်တော့ တခွက်တဖလားတော့ မော့တတ်သည်။
ခုလည်း မော့ရင်ကောင်းမလား အဖန်ရည်တည်ရကောင်းမလား ဇဝေဇဝါဖြစ်နေသည်။ အပြင်ဘက်ခေါင်းပြူကြည့်တော့ မိုးတစွက်စွက်၊ ဗွက် တ ထထ။ လမ်းပေါ်လျှံနေသည့် မြောင်းပုပ်ရေတွေ တလျှံလျှံ။ ဒီရေပုပ် ရေဆိုးတွေထိမိပြီး ခြေခုံက နှင်းခူနာ အယားတက်မှာလည်း စိုးရသေးသည်။ ဒီနှင်းခူက လေးငါးခြောက်နှစ်လောက်ရှိပြီ၊ မပျောက်တတ်သေး။ ငါးပိငံပြာရည်ရှောင်ရင်း လိမ်းဆေးလေး မှန်မှန် လိမ်းပေးနေလျင် အယားသက်သာလို အပွားလည်းနည်းသည်။ အစားတချက်မှားပြီ၊ ရေမသန့်တာတွေနှင့် ထိမိပြီဆိုလျင်တော့ သေလောက်အောင်ယားသည်။ ဘီးနှင့်ခြစ်လိုက် ဝါးကြောနှင့်သပ်ချလိုက်နှင့် အသားနီလန်သွားပြီး အယားနည်းနည်းသက်သာမှ ဆေးလေးလူးပြီး အဝတ်စသန့်သန့်လေး အုပ်ထားရသည်။ နို့မို့ဆိုလျင် သားနံရည်ထွက်ပြီး စေးထန်းထန်းတွေဖြစ်နေတတ်သည်။
ဒါနှင့် မထူးပါဘူးကွာအဖန်ရည်လေးဘဲ တည်သောက်တာ ကောင်းပါတယ်ဟုတွေးပြီး မီးဖိုချောင်ဘက် ထထွက်လာခဲ့သည်။ မီးမွှေးဖို့ ထင်းရှူးသားလေးတချောင်းနှင့် သစ်သားပေါက်စနလေးတွေ ဘေးချပြီး မီးသွေးအိုးအဖုံးကိုဖွင့်လိုက်တော့မှ မီးသွေး တက်တက်စင်ပြောင်နေတာကို တွေ့ရသည်။ နဖူးကိုရိုက်ပြီး သေလိုက်ပါတော့ကွာဟုတချက်ညည်းရင်း အိမ်ရှေ့ခန်းထဲ ပြန်ဝင်ချလာသည်။ လဘက်ခြောက်လည်း မရှိတော့။

မီးသွေးကုန်သွားတာ မနေ့က မနက်စာချက်ပြီးကတည်းကဖြစ်သည်။ မနေ့ရုံးအသွား အပြန်တွင် နှစ်လမ်းကျော်က မီးသွေးဆိုင်တွင် မီးသွေးတခြင်းဝယ်မည် လမ်းထဲကဆိုင်တွင် လဘက်ခြောက် တထုပ်ဝယ်မည်ဟု တွေးထားသော်လည်း ဝယ်ဖို့မေ့သွားခဲ့သည်။ အဖန်ရည်ကိစ္စကတော့ စိတ်နှင့်ပင် ကူးမရတော့။ ရေပုပ်ရေဆိုးတွေထဲလည်း လမ်းမလျှောက်ချင်။ ဒါဆို သုရာလေး သုံးပက်လောက် ချလိုက်ရရင်ကောင်းမလားဟု စိတ်က လည်ထွက်သွားပြန်သည်။ သေတင်းကုပ်က လမ်းထိပ်တွင်ရှိသမို့ သွားရမှာကမဝေးလှ။ သို့သော် ရေဆိုးတွေထဲတော့ လျှောက်ရမည်။ မီးသွေးသွားဝယ်ဝယ် အရက်ထွက်ဝယ်ဝယ် လမ်းကတော့ ဒီရေဆိုးရေလျှံလမ်းကိုဖြတ်မှ တဖက်ကမ်းကိုရောက်မည်။
ကိုချစ်ဖေ အပြင်ထွက်ရကောင်းမလား မကောင်းမလားနှင့် ချီတုံချတုံဖြစ်နေသည်။ မီးသွေးက ဒီညနေမှမဝယ်လျှင် မနက် ရုံးထမင်းဂျိုင့်အတွက် ကိစ္စရှိတော့မည်။ မဝယ်မဖြစ် ဝယ်ရမည်။ ရာသီဥတုက ကိုယ့်ဘက် ဘယ်လောက်ပါပါ ဘယ်လောက်ရှိရှိ မသောက်လို့လည်း ဘာမှတော့မဖြစ်။ မီးသွေးကတော့ ဝယ်မှဖြစ်မည်။ ကဲကွာ ရေဆိုးမကလို့ဘာဖြစ်ဖြစ် နှင်းခူယားလည်းမတတ်နိုင်ဘူး အပြင်တော့ထွက်ရမှာဘဲ၊ တလက်စတည်း အဖန်ခြောက်လေးလည်း တထုပ်လောက်ဆွဲခဲ့ဦးမှဆိုပြီး ထီးကောက်ကြီးဖွင့်ကာ လမ်းပေါ်ထွက်ခဲ့သည်။ ရေတွေရွှံ့တွေ တဇိဇိနှင့် ချော်မလဲအောင် မနည်းသတိထားသွားရင်း လမ်းထိပ်ရောက်လာသည်။

သေတင်းကုပ်မှာ လူတွေပြည့်နေသည်။ အထဲကဖွင့်ထားသည့် ကာရာအိုကေသံကလည်း ခတ်တိုးတိုး ပျံ့လွင့်နေသည်။ ဆိုင်ဘက်ကြည့်ရင်း ပါးစောင်မှာ သွားရည်ထွက်လာတာကို သတိထားမိသည်။ မသောက်တော့ပါဘူးကွာ မီးသွေးဘဲအရင်သွားဝယ်မယ် ပြီးရင် လမ်းထဲကဆိုင်က လဘက်ခြောက်ဝယ်ပြီး မိုးရေနဲ့ အဖန်ရည်လေး တည်သောက်တာအေးပါတယ်ဟုဆုံးဖြတ်ပြီး နှစ်လမ်းကျော်က မီးသွေးဆိုင်ဆီရောက်လာသည်။ မီးသွေးတခြင်းဝယ်သည်။ မီးသွေခြင်းလက်ကဆွဲရင်း ဆိုင်ပြင် ထွက်လိုက်တော့ မိုးက သည်းသည်းထန်ထန်ရွာချတော့သည်။ လေလည်းပါသည်။
ဒါနဲ့ ပုဆိုးတိုတို တင်းတင်းစီးပြီး မိုးရွာထဲထွက်ချလာသည်။ မိုးက လေဆော့သဖြင့် ဘက်ပေါင်းစုံမှ လှည့်ပတ် ပက်၏။ ထီးလည်း လန်ထွက်သွားလိုက် ပြန်တည့်လိုက်နှင့် လူတကိုယ်လုံးလည်း မိုးရေနစ်နေပြီ။ လေပက်လိုက်တိုင်း ခိုက်ခိုက်တုန်အောင် ချမ်းလာသည်။ လမ်းထိပ်ပြန်ရောက်တော့ ဖိနပ်ချွတ်ပြီး လက်ကကိုင်ကာ ထီးတဘက် မီးသွေးခြင်းတဘက် ဖိနပ်တဘက်နှင့် ကိုရို့ကားယားတွေ ဖြစ်နေသည်။ သေတင်းကုပ်မှ ကာရာအိုကေသံကိုလည်း မိုးသံလေသံကြားမှ ကြားနေရသေးသည်။
စိတ်က ဆိုင်ထဲရောက်သွားသည်။ ဝင်သွားပြီး ဝီစကီလေး ၃ ပက်လောက်ချလိုက်ရရင်ကောင်းမလာဟု စိတ်ထဲပေါ်လာသည်။ အာလျနှင့်ချဉ်ခြင်းလေးလည်း တက်လာသည်။ ဒီလောက် အေးနေတာ ဝမ်းတွင်း တေဇောဓါတ်လေး ထည့်မှဖြစ်မည်။ သို့မဟုတ်လျင် ညကြ ဖျားနိုင်သည်။ ဖျားလျင် ရုံမတက်နိုင်ဖြစ်မည်။ ရုံးကလည်း ပျက်လို့မဖြစ်၊ အပျက်များသည်ဟု အရာရှိက ပြီးခဲ့သည့်အပတ်ပင် ညိုငြင်ဖူးသည်။
ဒါနှင့်လမ်းထဲချိုးဝင်မည့်ခြေဦးသည် သေတင်းကုပ်ဘက် လည်ထွက်သွားသည်။ ဆိုင်ထဲတော့ ထိုင်မသောက်ချင်။ ကာရာအိုကေဆိုသံ မူးသံကြီးတွေ ငြင်းကြခုန်ကြသံတွေကို မနှစ်မြို့။ အိမ်ဝယ်သွားပြီး အိမ်ကြမှ နားအေးပါအေးချတာပေါ့တွေးပြီး ကြွပ်ကြွပ်အိပ်နှင့် ဝီစကီ ၃ ပက်ဝယ်ချလာခဲ့သည်။ ဝီစကီထုတ်၊ မီးသွေးခြင်း၊ ထီး၊ ဖိနပ်တွေနှင့် ချော်မလဲအောင် မနည်းသတိထားပြီး အိမ်ပြန်ရောက်လာသည်။ မီးသွေးခြင်းကြီးက လေးသထက် လေးလံလာနေသည်။
တံစက်မြိတ်လှေကားရင်းက မိုးရေခံစဥ့်အိုးထဲ ဖလားနှစ်ခပ်ခပ်ပြီး တဗွမ်းဗွမ်းနေအောင် ခြေထောက်ကို စင်နေအောင်ဆေးသည်။ အိမ်ထဲရောက်တော ဝီစကီထုပ်ကိုချ၊ မီးသွေးခြင်းကို မီးဖိုချောင်ဘက် ဆွဲထွက်သွားတော့ မီးသွေးခြင်းမှ ရေတွေ တတောက်တောက်ကျနေတာကို သတိထားမိသည်။ သွားပါပြီကွာ မီးသွေးတွေ ရေရွှဲကုန်ပြီ၊ ဘယ့်နှယ်လုပ်ခြောက်အောင် ပြန်လုပ်ရပါ့မလဲ။ ဒီအတိုင်းဆို မနက်ဖြန် ထမင်းဗူးအတွက် ဘယ်လိုမှမဖြစ်နိုင်တော့။

ကဲရှိပစေတော့ နောက်မှရောက်ယားဘဲ။ တခုခု ဝယ်စားတာပေါ့ဟုတွေးရင်း မီးသွေးတွေကို အိုးထဲမထည့်ဘဲ ကြမ်းပေါ်ဖြန့်တော့မှ တချို့မီးသွေးအကျစ်လေးတွေက ရေမစုပ် ရေမဝင်တာကိုတွေ့တော့ ဝမ်းသာသွားသည်။ ရေနွေးတအိုးကျိုစာတော့ ရှိသည်။ ဒါလေးတွေဘေးဖယ်ထားလိုက်ပြီး မီးမွှေးသည်။ မာမားခေါက်ဆွဲခြောက် သုံးထုတ်ကို ကြက်ဥသုံးလုံးထည့်ပြီး ပြုတ်သည်။ ကိုက်လန်ရွက်နည်းနည်း ခပ်သည်။ အမြည်းလည်းအမြည်း ညစာလည်းညစာလုပ်ရမည်။

ခေါက်ဆွဲနူးတော့ ပန်းကန်လုံးကြီးထဲသွန်ချကာ အိမ်ရှေ့ခန်းပြန်ထွက်လာသည်။ အဝတ်စိုတွေကိုလဲပြီး ဝရန်တာကကြိုးတန်းပေါ် လွှားသည်။ ဝီစကီကိုဖန်ခွက်ထဲငှဲ့သည်။ ရေတဖန်ခွက်ခပ်သည်။ ခြေထောက်တွေကို ပုဆိုးဟောင်းတထည်နှင့် ခြောက်သည်အထိသုတ်သည်။ နှင်းခူက ကြွနေနှင့်ပြီ။
ဒါနှင့် ဘီးကြမ်းကြီးနဲ့ ဝါးကြောကိုပါယူသည်။ တင်ပုလ္လင်အကျအနထိုင်ကာ သုရာလေးတကျိုက် ကျိုက်လိုက် မာမားခေါက်ဆွဲပြုတ်လေး ခပ်သောက်လိုက်နှင့် ဝမ်းခေါင်းထဲပူဆင်း နွေးတေးတေးအရသာကိုခံရင်း ဇရက်မင်းစည်းဇိမ်ယူနေတုန်း နှင်းခူနာက ယားစပြုလာသည်။ ဘီးနှင့်အရင်ခြစ်သည်။ ပြီးတော့ ဝါးကြောဖြင့်သပ်ချသည်။ နှင်းခူယားသည့်အယားသည် ဘာအယားနှင့်မှမတူ အူထဲအသဲအထိ ယားသလိုယားတာမျိုးဖြစ်သည်။ အသားနီတွေလန်လာပြီး သွေးစလေးတွေထွက်လာတော့မှ အကုပ်အခြစ်ကိုရပ်ပြီး မြွေနှစ်ကောင်ပွေးဆေးကို ဂွမ်းနှင့်ဆွတ်ပြီး သုတ်ချလိုက်သည်။ စပ်လိုက်သည့်ဖြစ်ခြင်း။ အက်ဆစ်နှင့်ပက်သလိုမျိုး ခံစားရသည်။သို့သော်အယားထက်စာလျင် အစပ်ကမှတော်သေးသည်။

ခနနေတော့ အစပ်ပြေ အယားလည်းပြေသွားသည်။ ဒီတော့မှ ဝီစကီခွက်ဘက် လက်ပြန်ရောက်သည်။
ကိုချစ်ဖေ ထွေတေတေဖြစ်လာပြီ။ ရီဝေဝေလည်းနေသည်။ စိတ်က တက်ကြွမြင့်မောက်လာသလိုလည်း ရှိသည်။ သို့နှင့် အပြီးသတ်ခွက်ကပ်ကိုမော့အပြီးမှာ ကြမ်းပေါ် အသာလှဲချလိုက်သည်။ ဒီတော့မှ လဘက်ခြောက် မဝယ်ခဲ့မိတာကို ပြန်သတိရသည်။

အေးလေ အရက်သောက်နေမှဘဲ အဖန်ရည် ဘာသောက်စရာလိုမလဲဟုတွေးရင်း မျက်တောင်တွေ စဉ်းကျလာသည်။ မျက်လုံးကို မှိတ်လိုက်တော့ ကမ္ဘာကြီး ပတ်ချာလည်နေသည်။ ဒီလိုနှင့် တဖြည်းဖြည်း လည်ရင်းလည်ရင်း အိပ်ပျော်သွားသည်။
မီးသွေးရေစိုတာတွေ မနက်ထမင်းဘူးတွေ အဖန်ခြောက်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပြီး ကိုချစ်ဖေကြီးလည်း မှောက်သွားတော့သည်။
မျိုးမြင့်ချို
ဇူလိုင် ၂၁။ ၂၀၁၈

0 comments:

Post a Comment