Monday, August 27, 2018

"ရှင်နေတဲ့နေ့တနေ့" မျိုးမြင့်ချို

0 comments
"ရှင်နေတဲ့နေ့တနေ့"
ကျနော့်ဘဝမှာ မွေးနေ့ကို တကြိမ်ဘဲလုပ်ဖူးတယ်။ အသက် ၄၀ ပြည့်တုန်းက ထောင်ထဲမှာ။ ချာတိတ်တချို့ လဘက်ရည်သောက်ချင်တယ် မုန့်စားချင်တယ် လန်ဒန်စီးကရက်သောက်ချင်တယ်လို့ဆိုပြီး အနုကြမ်းစီးသလို နားပူနားဆာလုပ်လွန်းလို့ လုပ်ဖြစ်သွားတာပါ။
အမေရိကန်သူအိုင်းရှစ်မနဲ့ အကြောင်းပါပြီးတဲ့နောက် ကိုယ်ကသာ ကိုယ့်မွေးနေ့မေ့မေ့နေတာ သူက မမေ့ဘူး။ စစ်တုရင် chess board and Pieces သေတ္တာလေးဝယ်ပေး၊ နာရီဝယ်ပေး၊ အဝတ်အစားဝယ်ပေး၊ ဘာဝယ်ပေးညာဝယ်ပေးလေးတွေလုပ်တော့ အားနာပါးနာနဲ့ Happy Birthday လုပ်ရတာဘဲ။ ကိတ်တော့ တခါမှ မလှီးပါဘူး။ ဇနီးသည်က ကိတ်မျိုးစုံကို လှပဆန်းကြယ်အောင်ဖုတ်တတ်တယ်။ သူတို့အဆွေအမျိုးထဲ တယောက်ယောက် မင်္ဂလာဆောင်ရင် မင်္ဂလာကိတ်ကို၊ မွေးနေ့လုပ်ရင် မွေးနေ့ကိတ်ကို သူ့ကိုပဲလာလာအပ်ကြတယ်။ ဖုတ်ခဖိုးလည်းမကုန် အပျံစားလည်းရဆိုတော့။ ဇနီးသည်ကတော့ ဆံထုံးလည်းစိုက် ဆီလည်းစိုက်တာပါဘဲ။ လေငါးခြောက်ဆင့် သူ့မင်္ဂလာကိတ်မုန့်ကြီး ပြီးသွားရင် ကြည့်ပြီး ပီတိတွေဖြာ ဝမ်းတွေသာနေပုံများ မပြောနဲ့တော့။ ပြီးရင် လွတ်ကျရင် အသက်ထွက်သွားမယ့် ခလေးပေါက်စကို ပွေ့မထားသလို မ ပြီး ကားနောက်ခန်းက ထိုင် မင်္ဂလာဆောင်အခန်းအနားကို ယူသွားတော့တာဘဲ။ ကျနော်က ဒရိုင်ဗာပေါ့။ ကျနော့်အတွက် မွေးနေ့ကိတ်လုပ်မယ်ဆိုတိုင်း မလုပ်ပါနဲ့ကွာ မင်းပင်ပမ်းပါတယ်၊ ငါလည်း ကိတ်မလှီးချင်ပါဘူးပြောပြီး နှစ်သိမ့်ရတယ်။ အသက် ၆၀ ဆယ်ပြည့်ရင်တော့ ငါလည်းမုန့် ဖုတ်မယ်။ နင်လည်း လှီးရမယ်လို့ ဝန်ခံခိုင်းတယ်။ ၆၀ အထိ ငါအသက်ရှင်နေသေးရင်တော့ လုပ်ပါ့မယ်ကွာလို့ ပြန်ပြောပြီး ချွေးသိပ်ထားရတယ်။
ကျနော်က ကိုယ့်မွေးနေ့ ကိုယ့်ဘာသာ မေ့နေတာများတယ်။ မွေးနေ့ကို သတိရတဲ့အခါလည်း ဘာမှမထူးတဲ့ အခြားနေ့ရက်တရက်လိုပါဘဲ။ မွေးနေ့သံန္နိဋ္ဌာန်တို့ဘာတို့လည်း မချခဲ့မိဖူးပါဘူး။ အသက်တနှစ်ကြီးသွားပါပေါ့လားလို့လည်း နိဗ္ဗိန္နလေသံထွက်ပြီး တရားသံဝေဂမရပါဘူး။ ရှင်နေသေးတဲ့နေ့တွေထဲက နေ့တနေ့ထက် ပိုအမှတ်မရဘူး။ လှိုင်းအတက် သဲထဲမှာပျောက်သွားတဲ့ခြေရာလို ပြယ်သွားတာပါဘဲ
လူတချို့မွေးနေ့တွေကို ဂရုတမပြုပြီး ဝှဲချီးကျင်းပနေတာတွေ့လည်း စိတ်ထဲ သိတ်အရာမထင်ပါဘူး။ ဖိတ်ရင်လည်း သွားခဲပါတယ်။ အသောက်ကလေးပါတဲ့ပွဲမျိုးဆိုရင်တောင် သေချာကျနချိန်ပြီးမှ သွားပါတယ်။ သေရည်၏ကောင်းခြင်း၊ သောက်ဖော်၏ကောင်းခြင်း၊ နေရာနဲ့အချိန်ကောင်းခြင်းကို ကြောင့်ကြစိုက်ပါတယ်။ သုရာကောင်းပြီး ကျန်သုံးခုမကောင်းရင်ဘာမှ မကောင်းဘူးမဟုတ်လား။ ကလေးမွေးနေ့အကြောင်းပြုပြီးသောက်တဲ့ အသောက်ဝိုင်းတွေ မှိုလိုပေါက်နေပေမယ့် တခုတ်တရအဖိတ်ခံရပေမယ့် တခေါက်လားပဲ သွားဖူးပါတယ်။ ဘီယာကို အရက်ထက်မူးအောင်သောက်ပြီး ပွဲဆူတဲ့ပုဂ္ဂိုလ်တယောက်ကြောင့် စောစောစီးစီး ဝိုင်းပျက်ပြီးထပြန်လာရကတည်းက နောက်ဆို အဲ့လိုပွဲတွေ မသွားဖြစ်တော့ဘူး။
အမေရိကန်အများစုကြီးကတော့ ဘယ်လောက်ဆင်းရဲဆင်းရဲ မွေးနေ့တော့ ရေခဲချောင်းလေးတချောင်း cup cake လေးတခု ဘီယာလေး သုံးလေးပုလင်းနဲ့ အဖြစ်သဘော စတိသဘောလေးတော့လုပ်ပြီး မွေးနေ့အာသာ ဖြေကြတာပါဘဲ။ သူတို့အတွက် မွေးနေ့ဆိုတာမှာ လေးနက်တဲ့အဓိပ္ဗါယ်တခု ဆောင်ကျဉ်းပုံရတယ်။
ဒီမှာမွေးတဲ့ ဗမာကလေးတွေလည်း မွေးနေ့ကို တမ်းတမ်းတတ လုပ်ကြပါတယ်။ သူတို့အဖေအမေတွေခမျာလည်း သူတို့ကြေနပ်အောင် မဖြစ်မနေတော့လုပ်ပေးရှာကြပါတယ်။ အမေရိကန်ယဉ်ကျေးမှုထဲ လူဖြစ်လာ လူလားမြောက်လာသူလေးတွေမဟုတ်လား။ ဖယောင်းတိုင်မီးမှုတ် ကိတ်လှီးရင်း ဟက်ပီးဘာ့သ်ဒေးတူးယူရင်း တနှစ်စာ တခါနွှဲကြတာပါဘဲ။
ကလေးတွေချည်းပဲလုပ်တဲ့မွေးနေ့မျိုးလေးတွေကိုသဘောကျတယ်။ ကြည့်ရတာ စိတ်လက်ချမ်းသာ ကြည်နူးမိတယ်။ သူတို့အချင်းချင်း သွားကျိုးသွားကျဲလေးတွေနဲ့ စကားတွေတဖေါင်ဖေါင် ပြောကြ ရီကြမောကြ၊ ကိတ်မုန့်အပေါ်သားတွေ နှုပ်ခမ်းပါးနမ်းတွေ ပေကျံအောင်စားကြနဲ့ ဘေးက ကိုယ်ပါ ပြုံးမိရယ်မိတယ်။
ကျနော်ထောင်ထဲတုန်းက ဘယ်သူနဲ့လည်းမသိဘူး ငြင်းဖူးတယ်။ သူက ဒီနေ့မွေးနေ့ပြီး နောက်တရက်ကို တနှစ်ပြောင်းတယ်လို့ခေါ်ရမယ်ဆိုတယ်။ ဥပမာ ဒီနေ့အသက်လေးဆယ်ပြည့်ရင် မနက်ဖြန်မှာ တယောက်ကကအသက်ဘယ်လောက်လဲမေးရင် ၅၀ လို့ပြောရမှာဖြစ်တယ်လို့ဆိုတယ်။ ကျနော်က အသက် ၄၀ နဲ့တရက်လို့ပြောမှ မှန်မယ်လို့ပြောတယ်။ နောက်ဆုံးတော့ လူကြီးသူမတဦးက ၅၀ ထဲဝင်ပြီ ဒါမှမဟုတ် ၄၀ စွန်းပြီလို့ပြောတာ ပိုကောင်းမယ်ဆိုပြီး ကြားချပေးလို့ ၂ ယောက်လုံး ပါးစပ်ပိတ်သွားတယ်။ အင်း...ဒါလည်း ကျနော့် ၄၀ ပြည့်မွေးနေ့မှာဖြစ်ခဲ့တာပါ။
၄၀ မှာ ဘဝစတယ်ဘာညာဆိုတာကို လက်ခံသူတွေလည်း များလှတယ်။ ဒါဆို ၄၀ မပြည့်ခင်ဆုံးပါသွားရှာသူတွေက ဘဝတောင် မ စ လိုက်ရသေးဘူးလို့ မှတ်ရမလားမသိဘူး ထားပါတော့ ၄၀ ဆယ်မှာ ဘဝ စစ ဘယ်နှဆယ်မှာ ဘဝ စစ သိတ်တော့ ရေးကြီးခွင်ကျယ်လုပ်စရာတော့ မရှိလှဘူးထင်တာပါဘဲ။
ကျနော့်မွေးနေ့လား။ ဖေဖေါ်ဝါရီလ ၁၀ ရက်၊တနင်္ဂနွေသားပါ။ နံမည်နဲ့တော့ နေ့နမ်မသင့်ပါဘူး။ မသင့်တာလည်းကောင်းပါတယ်။ အမေရိကန်အများစုက သူတို့မွေးရက် မွေးလ မွေးခုနှစ်ကို အသေမှတ်ကြတာ ဘယ်နေ့မှာမွေးလဲမေး တရာမှာ ကိုးဆယ့်ကိုးရောက်က သူတို့မွေးတဲ့နေ့ကို မသိကြဘူး။ ကျနော်လည်း ခု အမေရိကားမှာဆိုတော့ မွေးတဲ့နေ့နဲ့ နမ်နဲ့ မကိုက်တာ ဘာအရေးမှမရှိတော့ဘူးမဟုတ်လား။
ခင်ဗျားတို့ မွေးနေ့တွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျင်းပနိုင်ပါစေ။ ကျနော် အနုမောဒနာခေါ်ပါတယ်ဗျာ။
မျိုးမြင့်ချို
ဇူလိုင် ၂၁၊ ၂၀၁၈

0 comments:

Post a Comment