“လယ်သမားဈေး ဈေးပတ်ခြင်း”
ပြီးခဲ့တဲ့ စနေနေ့က လေဟာပြင်လယ်သမားဈေး (Farmer Markets) သွားတယ်။ မရင်နှစ်လည်း ခေါ်သွားတယ်။ အိမ်က မထွက်ခင်တုန်းကတော့ ဟိုရောက်ရင် ဒိုးနတ်Donut စားမယ်တဲ့။ ဂျု့စ် Juice တခုခု သောက်မယ်တဲ့။ ဟိုရောက်လို့ ဈေးပတ်တော့ ပီဇာ Pizza ကို ကားနောက်တွဲပေါ်မှာ အင်္ဂတွေနဲ့ ဖိုလုပ်တင်ထားပြီး ထင်းမီးနဲ့ဖုတ်တဲ့ ပီဇာဆိုင်နားလည်းရောက်ရော "ဘဘ..ပီဇာစားမယ်"ဆိုပြီး ဖြစ်ပါလေရော။ ဒါနဲ့ "ဒိုးနတ်ရော စားဦးမလား" ဆိုတော့ "မစားတော့ဘူး ပီဇာဘဲ" တဲ့။ ဇနီးက သူလည်း"ပီဇာစားမယ်" ဖြစ်တယ်။ "အေးလေ ဒါဆိုလည်း ပီဇာ စားကြပေါ။ ငါကတော့ ဘလက်ကော်ဖီ Black Coffee တခွက်သောက်မယ်"ပြောပြီး ပီဇာတဲလေးရှေ့ရောက်လာကြတယ်။
ဟင်းလင်းပြင်ထဲက လယ်သမားဈေးတွေက နွေဦးပေါက်ရာသီကစလို့ ဆောင်းမဝင့်တဝင်အချိန်ထိပဲ ဖွင့်ပြီး ကျန်တဲ့ ဆောင်းဦးပေါက်နဲ့ ဆောင်းတွင်းတတွင်းလုံးကို အပူပေးထားတဲ့ မိုးလုံလေလုံ အဆောက်အဦးတွေမှာ ဆက်ဖွင့်ကြပြန်တယ်။ ဒီ လယ်သမားကြီးတွေဘဲ ဒီအိမ်ရှင်မတွေဘဲ ဈေးလှည့်ရောင်းကြတာပါ။ လေဟာပြင် လယ်သမားဈေးမှာက တဲလေးတွေ Booths ထိုးပြီး ရောင်းကြ တာလေ။ တချို့လည်း နောက်ပွင့် ထရပ်ကားအလတ်စားတွေနဲ့ ကားပေါ်ကနေ ရောင်းတာ။ တပတ်တကြိမ် စနေနေ့တိုင်း မနက် ၈ နာရီလောက်နေ နာရီပြန်တချက်တီးအထိဘဲ။ လူတွေကြက်ပျံမကျမဟုတ်ပေမယ့် စည်တော့စည်ကားလှပါတယ်။
ဈေးမှာ သူတို့ တပိုင်တနိုင်စိုက်ထား ပျိုးထားတာလေးတွေ၊ လုပ်ထားတာလေးတွေ၊ တောကြက်ဥ လေးတွေ၊ ကြက်သားဝက်သားတွေ၊ ပျည်းရည်စစ်စစ်တွေ၊ ပျားသလက်ကြီးတွေ၊ ဟင်းသီးဟင်းရွက် အစုံတွေ၊ ခေါက်မုန့်လိုဟာမျိုး မျက်စေ့ရှေ့တင် လုပ်ရောင်းတာမျိုးတွေ၊ ဝက်ပေါင်ခြောက်တွေ၊ ဘေကင်န်တွေ၊ အိမ်မှာချက်တဲ့ ပန်းနံ့စုံဆပ်ပြာတုံးတွေ၊ လိုးရှင်းတွေ၊ ဖန်စီဆန်တဲ့ လက်နဲ့လုပ်တဲ့ လက်ဝတ်လက်စားလေးတွေ အို…အစုံပါဘဲ။ ပြောရရင် ဆုံးမယ်မထင်မဘူး။ အမယ်စုံ အိမ်တွင်းဖြစ် ခြံတွင်းဖြစ်ပစ္စည်းတွေချည်းပါဘဲ။ မနက်ရောင်းမယ့်ပြောင်းဖူး မနေ့ညနေကမှအပင်ကချိုးတာလာ။ အလားတူဘဲ ကျန်တဲ့အသီးအနှံ အရွက်တွေဆိုလည်း လတ်ဆတ်လိုက်တာမှ လွန်ပါရော။
Sweet Water ကုပ္ဗဏီက တကိုယ်တော် တခါတလေလည်း Band နဲ့ တူရိယာတွေတီး သီချင်းတွေဆိုကြနဲ့။ ရှေ့မှာလည်း ဂစ်တာထည့်တဲ့ ဂစ်တာအိပ်အမာစားကို ဖွင့်ချထားတယ်။ နားထောင်သူတွေကလည်း သံပန်းထိုင်ခုံလေးတွေမှာ ကော်ဖီခွက်လေးတွေ ကိုယ်စီကိုင် ထိုင်လို့။ ဈေးသွားဈေးလာတွေကလည်း အဲ့ဒီ ဂစ်တာအိပ်ကြီးထဲ ငွေစက္ကူတွေ ထည့်ထည့်သွားလို့၊ ထည့်တာမှ တရိုတသေထည့်ကြတာပါ။ သူတေင်းစား ခွက်ထဲ ဆယ်ပြားစေ့ ချွင်ကနဲပစ်ထည့်တာနဲ့တခြားစီပါ။ ပြောင်းပြန်ပါ။
ကျနော်တို့မောင်နှံကတော့ ရာသီမရွေး ဈေးပတ်တိုင်းနီးနီး ရောက်ကြပါတယ်။ အိမ်မှာက ရေချိုးရင် လယ်သမားတွေချက်တဲ့ လာဗင်ဒါအနံ့သင်းထားတဲ့ဆပ်ပြာအတုံးကိုပဲ သုံးကြတာပါ။
ပီဇာတဲလေးကလည်း နံမည်ရဆိုင်တွေကလို ပီဇာတွေကို ကြိုဖုတ်မထားဘူး။ ဝယ်သူမှာမှ ချက်ခြင်း ထလုပ် ထဖုတ်ပေးတာ။ ကျနော်က ပိုက်ဆံထုတ်ရင်း"သမီးစားချင်တာမှာလေ" ဆိုတော့ ချီးစ် Cheese ပီဇာ တစိတ်တဲ့။ ဆိုင်ရှင်က "အစိတ် စိတ်မရောင်းဘူး။ တခုလုံးဘဲ ရောင်းတာ"လို့ပြန်ပြောတော့ ကျနော့်မျက်နှာကို ဘယ်လိုလဲဆိုတဲ့မျက်နှာပေးနဲ့ တချက်မော့ကြည့်တယ်။ "ဒါဆိုလည်း တခုလုံး ယူလိုက်ပေါ့။ ဒီမှာနဲ့လမ်းမှာ စားလို့မကုန်ရင် အိမ်ကြစားပေါ့”လို့ပြောပြီး တခုမှာလိုက်တယ်။ အဝိုင်းကသိတ်မကြီးဘူး၊ crust ကလည်း ခပ်ပါးပါးလေး၊ ချီးစ်နိုင်နိုင်ထည့်ပြီး ချက်ဖြင်း ထဖုတ်တယ်။ အနံ့ကသင်းနေတာပဲ။ ကျက်ပြီဆိုတော့မှ ဖော့ပန်းကန်ပြားပေါ် Paper Towel လေးခင်းပြီး ၆ စိတ် စိတ်ထားတဲ့ပီဇာတင်ပြီး လာပေးတယ်။ ကျနော်က “ဘောက်စ်နဲ့ထည့်ပေးပါ”ဆိုတော့ “ဘောက်စ်က တဒေါ်လာ”တဲ့။ ဒါနဲ့ ဆယ်ဒေါ်ပေးလိုက်တယ်။
သူနဲ့ မျက်စောင်းထိုးက ကော်ဖီစေ့ကို အခုလှော် အခုထောင်း အခု ဖျော်ပြီးရောင်းတဲ့ဆိုင်ကနေ ဘလက်ကော်ဖီတခွက် မှာတယ်။ မရင်နှစ်က ပီဇာဗူးကြီးပိုက်လို့။ ဇနီးသည် သူဝယ်ထားတဲ့ အသီးအရွက်တွေ ဆပ်ပြာတုံးတွေနဲ့ တခြားတိုလီမုတ်စတွေထည့်ထားတဲ့ အိပ်ကြီးကိုတဘက်ကဆွဲ ကျနော့်ကော်ဖီခွက်ကို တဘက်ကိုင်လို့ ဈေးပတ်ကြတယ်။ ကျနော်က ဂျိုင်းထောက် ၂ ဘက်နဲ့ ဆိုတော့ ဘာမှကိုင်မရ ပြုမရဘူးလေ။ လက်ကလည်း တဘက်ပဲရှိတာ မဟုတ်လား။ ဈေးပတ်လို့ ဝတော့ တကိုယ်တော်ဂစ်တာသမား ရှေ့တည့်တည့်ကသံပန်းခုံလေးမှာ သွားထိုင် သီချင်းနားထောင် ပီဇာစား ကော်ဖီလေးသောက်ရင်းပေါ့။ ဈေသွားဈေးပြန်တွေလည်း ငေးရင်းပေါ့။
ပီဇာ နှစ်စိတ်လောက်စားလည်းပြီးရော မရင်နှစ်က “ဘဘ ရေဆာတယ်”လုပ်ရော။ “သွား ဟိုးမှာတွေ့လား ရေခဲပုံးတွေချပြီး ရေပုလင်းတွေ ဝေနေတာ၊ အဲ့ဒါ Free ဘဲ။ အလကားပေးတာ။ သွားယူချေ” ဆိုတော့ ထသွားပြီး ရေ ၂ ဗူးယူလာတယ်။ “တဗူးဆို ရရက်သားနဲ့ ဘာလို့ နှစ်ဗူးယူလာသလဲ”ဆိုတော့ “ဘဘနဲ့ကယ်ရင် သောက်ဖို”လို့ပြောတယ်။ ကယ်ရင်လည်း ပီဇာစားထားတာမို့ အာခြောက်ဟန် တူပါတယ်။ “Thank you, Yin Hnit” ပြောပြီး တဂွပ်ဂွပ် သောက်တော့တာဘဲ။
ပြန်အထွက်မှာ ကုန်စိမ်းဆိုင်လေးတဆိုင်က ပြုတ်စားဖုတ်စားတဲ့ပြောင်းဖူး Sweet Corn တခါဇင် ဝယ်တယ်။ လေးဒေါ်ခွဲပဲပေးရတယ်။ တချို့ဆိုင်တွေမှာ ၆ ဒေါ် ၇ ဒေါ်လာ တင်ရောင်းကြတယ်။ ဒီဆိုင်လေးက ဈေးချိုတယ်။ အသက် ၇၅ ရွယ်လောက် ဘိုးအိုဘွားအိုမောင်နှံရောင်းတဲ့ဆိုင်လေးဘဲ။
နောက်တော့ ကျနော်တို့ ပြန်ခဲ့ကြတယ်။ ဈေးတပတ်တော့ပြီးပြီပေါ။ မရင်နှစ်ကလည်း ပီဇာတစိတ် ထုတ်ပြီး ဝါးလို့။ စကားတွေလည်း ဖေါင်လောက်အောင်ပြောလို့။ ကယ်ရင်က ကားမောင်းရင် သူနဲ့ အတိုင်အဖေါက်ညီညီ။ ကျနော်ကတော့ နောက်ခန်းမှာထိုင်ရင်း ထောက်ကြန့်ကဈေးလေးကို လွမ်းလို့။
မျိုးမြင့်ချို
ဇူလိုင် ၂၅၊ ၂၀၁၈

0 comments:
Post a Comment