အာဏာပါးကွက်၊ ခရစ္စတိုဖာဂါးနက်နှင့်
အင်္ဂလန်က မြန်မာ့အရေးဆောင်ရွက်နေသူ(အသက်မွေးနေသူ)ဓာတ်ပုံဆရာ James Mackay က
တရက်တွင် ကျနော့်ဆီ အီးမေးလ်ပို့ပြီး ဆက်သွယ်လာ၏။ သူက
နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက် ဓာတ်ပုံကမ်ပိန်းတခုလုပ်နေသည်။ မကြာခင်
အမေရိကန်က ဖို့ဝိန်းမြို့ကို လာမည်။ ဒီက နိုင်ကျဉ်းဟောင်းတွေနှင့် တွေ့ချင်သည်။
မိမိလွတ်စေ့ချင်သူ နိုင်ကျဉ်းတဦးဦး၏အမည်ကို လက်ဖဝါးတွင်ရေးပြီး
ဓာတ်ပုံရိုက်ယူမည်။ ပြီးလျှင် ထိုပုံတွေကိုစုပြီး ဓာတ်ပုံပြပွဲလုပ်မည်။ ပြီးလျှင်
စာအုပ်ထုတ်မည်။ စီစဉ်ပေးနိုင်ပါသလားဟုမေး၏။ ကျနော်က အတတ်နိုင်ဆုံး
အဆင်ပြေအောင်ကူညီမည်။ လာသာလာခဲ့ပါဟု အကြောင်းပြန်လိုက်၏။ ထို့နောက် ကျနော်လည်း
ဒီမှာရှိသည့် လက်လှမ်းမီသမျှ နိုင်ကျဉ်းဟောင်းတွေကို အသိပေး၏။ ဖိတ်ခေါ်၏။
တချို့ပါကြသလို တချို့လည်း မပါ။ သူ့အကြောင်းနှင့်သူ ရှိကြလိမ့်မည်။ နောက်တော့
သူရောက်လာ၏။
လက်ဖဝါးပေါ်တွင်
မိမိလွတ်စေ့ချင်သူတဦး၏နံမည်ရေးပါဆိုတော့ စိတ်မွန်းကျပ်ရတော့သည်။ ဖြစ်နိုင်လျှင်
ထောင်ထဲက နိုင်ကျဉ်းအားလုံး၏ အမည်ကို ရေးချလိုက်ချင်၏။ သို့သော်မဖြစ်။
သူ့ကမ်ပိန်းက သူ့အစီအစဉ်သာဖြစ်သည်။ သူမလာခင်ကတည်းက လူဆယ်ဦးအမည်ကို
ရွေးထုတ်ထားခဲ့၏။ ထိုသူတွေထဲမှ တဦးဦးကိုကျနော်ရွေးမည်။ သူများရွေးပြီးသူကို
ထပ်ယူခွင့်မရှိဆိုတော့ ထိုဆယ်ဦးတွင် အနည်းဆုံး တဦးတော့ သူများ မရွေးရသေးသူ
ဖြစ်ပါစေဟု ဆန္ဒဖြစ်မိ၏။ သူ့စာရင်းတွေထဲက မိမိတေးထားသူတွေကို လိုက်ရှာ၏။
တယောက်ကြည့်လည်း ရွေးပြီးသား။ နောက်တယောက်လည်း ရွေးပြီးသား။ ဒီလိုနှင့် ကျနော့်ဆယ်ဦးက
ကုန်လုကုန်ခင်မှာပဲ တယောက်ကို သွားတွေ့သည်။ ဘယ်သူမှ မရွေးရသေး။ သို့နှင့်
ကျနော်သူ့ကို ရွေးလိုက်၏။ ကျနော့်လက်ဖဝါးတွင် သူ့နံမည်ကိုတင်ပြီး ဓာတ်ပုံရိုက်က်၏။
သူက ဦးနေမင်း(ခေါ်)ဦးဝင်းရွှေ။
နိုင်ကျဉ်းတွေလွှတ်ပေးမည်ဟု
အသံထွက်လာကတည်းက လွတ်လာလေမလားဟု စိတ်မောမောနှင့်မျှော်မိသူများထဲတွင်
ကိုစိုးမြင့်(ဆရာစိုး) နှင့် ဦးနေမင်း ထိပ်ဆုံးကပါခဲ့၏။ ဆရာစိုးကိုမျှော်မိသည်က
တဘဝလုံးတွင် ထောင်ထဲကုန်ရသည့်အချိန်က ပိုများသူဖြစ်နေ၍။ ဦးနေမင်းကို မျှော်မိသည်က
ငါနံမည်ရွေးထားသူမို့ဆိုသည့် စိတ်အခံကြောင့်ဖြစ်သည်ကိုလည်း မိမိဘာသာသိနေ၏။ ဆရာစိုးနှင့်ကျနော်က
သာယာဝတီတွင် တခန်းတည်း ၅ နှစ်ခန့်အတူနေခဲ့သူမို့ လက်ပွန်းတတီးရှိသော်လည်း
ဦးနေမင်းအကြောင်းတော့ များများစားစားမသိ။ သို့သော် ထောင်တွင်း
မတရားမှုများစွာအနက်မှတခုတွင် သူနှင့်ကျနော် အတူတိုက်ခဲ့ကြဖူးသဖြင့် စိတ်အမှတ်တွင်
ထင်းနေသူဖြစ်၏။ သူကား ၁၉၈၈ အစမှအဆုံးတိုင် ပြည်ပမီဒီယာများနှင့်ဆက်သွယ်ပြီး
ပြည်တွင်းအခြေအနေကို ဖော်ထုတ်တင်ပြသတင်းမျှခဲ့သူ၊ တချို့က သူ့ကို
ခရစ္စတိုဖာဂါးနက်ဟုခေါ်၏။ လူပုံက ပုပြတ်ပြတ် သေးသေးညှက်ညှက်၊ ယုံကြည်ရာတွင်
ပြတ်ပြတ်သားသားရှိသူ၊ စကားပြောလျှင် ဌာန်နှင့်မာန်နှင့်ပြောတတ်သူ၊ အပြုံးပိုတွေနှင့်
လူမှုရေးကောင်းပြသူတော့ မဟုတ်။
သူနှင့်အတူလုပ်ခဲ့သည့်ကိစ္စကိုရေးမည်ဟု
စိတ်တွင်ရှိနေသော်လည်း မရေးဖြစ်ခဲ့။ သူက ထောင်ထဲမှာမို့  သူ့ကိုထောက်ထားရ၏။ ခုတော့
ချရေးဖြစ်၏။ ဘယ်တော့ပြန်အဖမ်းခံရဦးမည်မဆိုနိုင်သော်လည်း ယခု သူ နောက်တကြိမ်
လွတ်လာပြန်ပြီ။ ဒါကတချက်။ နောက်တချက်က လွန်ခဲ့သည့် အနှစ် ၂ဝ ကျော် က
ထောင်တွင်းမှာဖြစ်ခဲ့သည့်ကိစ္စအတွက် သူ ပြန်အဖမ်းခံရစေဦး
အာဏာပိုင်တို့အညှိုးအတေးပြေပြီး လက်စားလည်း မချေတန်ကောင်းရဲ့ဟု တွေးမိတာလည်းပါ၏။
ကျနော် ဒုတိယအကြိမ်ပြန်အဖမ်းခံရပြီး
အင်းစိန်ထောင် ၁ တိုက်သို့ ပုဒ်မ
၁ဝ(က)နှင့်ရောက်လာ၏။ ၁ တိုက်တွင် သူရှိနေပြီ။ ထိုအချိန်ကား အဖမ်းအဆီးကြမ်းပြီး
စိတ်သလောက် အနှိပ်အကွပ်လည်းပြင်း၏။ တနေ့တနေ့ ထောင်ကိုရောက်သည့် နိုင်ငံရေးမှု
မည်မျှများသလဲဆို ဝါဒါတွေကပင် ၅(ည)တွေကလည်း ကျိုင်းကောင်အုပ်ကျနေသလိုဟု
ပြောရသည်အထိဖြစ်၏။ ရောက်လာသည့်သူအများစုကို တိုက်ဝင်းထဲ ပို့၏။
တိုက်ဝင်းထောင်မှူးများကလည်း စစ်ထောက်လှမ်းရေးအလိုကျ ၅(ည)တွေကို
ပယ်ပယ်နယ်နယ်နှိပ်ကွပ်ပေး၏။
၅(ည)ဟု ဆိုရာတွင်လည်း စီးပွားရေး
၅(ည)များလည်းပါ၏။ ထိုသူတွေက ငွေကြေးတတ်နိုင်၏။ ထောင်မှူးထောင်ပိုင်တွေကို
ဝယ်နိုင်၏။ ဝယ်ထား၏။ ထောင်နှင့်ထောက်လှမ်းရေးအမြင်တွင် ထိုသူများသည်
ကိုင်တွယ်ရလွယ်ပြီး အန္တရာယ်နည်းသူများဖြစ်၏။ ထောင်ဘက်ကလည်း ၅(ည)ချင်းအတူတူ
နိုင်ငံရေး ၅(ည)နှင့် စီးပွားရေး၅(ည)ကို အတူထားသော်လည်း ခွဲခြားကိုင်တွယ်ဆက်ဆံ၏။
တချို့ စီးပွားရေးသမား များကား နိုင်ငံရေးနှင့်နွယ်၍သာ
ထောင်ထဲရောက်သည်မှန်သော်လည်း နိုင်ငံရေးစိတ်မဝင်စား။ အထူးသဖြင့် အခွင့်အရေးနှင့်
ဂုဏ်သိက္ခာအတွက်တိုက်ရသည့် တိုက်ပွဲတို့တွင်ပါလေ့မရှိကြ။ ထိုသို့မပါသဖြင့်
အပြစ်မဆိုသာဟုထင်၏။ တချို့က နိုင်ငံရေးသမားကို ကူညီပင်ကူညီကြသေး၏။
ကျနော် (၁)တိုက်သို့မရောက်ခင်
ရက်ပိုင်းကလေးကမှ တိုးကျော်လှိုင်အမှုတက်ထား၏။ ကိစ္စက ပုံစံစောင်ပေါ်တွင် ကဗျာရေးမှု။
တလာစီတော့ သူ့အခန်းမှာ ထိုစောင်ကို ထောင်မှူးမောင်ပြုံးက မိသည်ဆို၏။ ထိုအချိန်က
တိုက်ဝင်းထောင်မှူးများအနက် မောင်ပြုံးနှင့် ထောင်မှူးချစ်မောင်မှာ
နံမည်ကြီးအာဏာပါးကွက်သားများ။ ပုံစံစောင်ပေါ်ကဗျာရေးမှုအတွက် တိုးကျော်လှိုင်ကို ကျန်
၅ (ည)များရှေ့တွင် ထောင်မှူးမောင်ပြုံးက နှိပ်ကွပ်ပြလိုက်၏။ ၅(ည)တွေ
မကျေမချမ်းဖြစ်ကာ အခန်းများအတွင်းက အော်ဟစ်ဆန္ဒပြကြ၏။ မောင်ပြုံးကား မလျှော့။
မလျှော့သည့်အပြင် တိုးကျော်လှိုင်ကို စစ်ခွေးတိုက်သို့ပါ ပို့လိုက်သေး၏။
ပါးစပ်ကလည်း မင်းတို့ချစ်တဲ့တိုးကျော်လှိုင် အခုတော့ ဘာဖြစ်သွားပြီလဲဟုဆိုကာ
မထေမဲ့မြင်ဆိုသေး၏။ တိုးကျော်လှိုင်က (ထိုအချိန်က)လူချစ်လူခင်များသူဆိုတော့
မောင်ပြုံးအပေါ် ၅(ည)တို့ အမျက် နှစ်ထပ်ကွမ်းသင့်၏။ သင့်လည်း သင့်ထိုက်သည်မြင်၏။
ကျနော်ရောက်တော့ တခန်းတည်းအတူနေ
ကိုတင်ဆန်း(ရကသ) က ထိုအကြောင်းပြောပြရင်း မျက်ရည်လည်သည်ကိုလည်းကောင်း၊ ကိုအောင်လွင်(မင်းသား၊
ဒါရိုက်တာ)မျက်နှာပေါ်တွင် ကြိတ်မနိုင်ခဲမရ အမျက်ရိပ်တို့
ဖျတ်ဖျတ်ထနေသည်ကိုလည်းကောင်း၊ စစ်ကိုင်းတင်ဝင်းနှုတ်မှ ဒီကောင့်ကို
တခုခုတော့ပြန်လုပ်မှဖြစ်မယ်ဟု အံကြိတ်ပြောသံကိုလည်းကောင်း ယခုတိုင်မှတ်မိနေသေး၏။
ကျနော်ကိုယ်တိုင်မတွေ့လိုက်ရလည်း လက်သဲဆိတ်တော့လက်ထိပ်နာ၏။ သို့နှင့်
ထောင်မှူးမောင်ပြုံးအား တနည်းနည်းဖြင့်တုန့်ပြန်ရေးအတွက် အများနှင့်အတူတွေးမိ၏။
ထိုစဉ်က (၁)တိုက်တွင် ဦးရဲထွန်းအမှုတွဲ
ဒါဝတ်ဂျင်းဝါးလား (ဒါဝတ်ဂျမားဟုလည်း တချို့ကဆိုသည်)ဟုခေါ်သည့် စူရတီမွတ်ဆလင်မ်
အဖိုးကြီးတဦးရှိနေ၏။ ကျန်းမာရေးသိတ်မကောင်းလှ။ ဆေးဝါးအစုံ မှီဝဲနေရသူဖြစ်၏။ သူက
စီးပွားရေးသမားမှန်သော်လည်း နိုင်ငံရေးနှင့်နွယ်ပြီး ရောက်လာသူ။
သူနှင့်တခန်းတည်းတွင် နိုင်ငံရေး ၅(ည) ၃ ဦးလည်း အတူနေရ၏။( ခု အင်န်အယ်လ်ဒီအမတ်
ဝင်လုပ်နေသည် ကိုပြုံးချို၊ ခုနိုင်ကျဉ်းအရေးလုပ်နေသူကိုထွန်းကြည်တို့နှင့် တခန်းတည်းဟုထင်၏။
(အမည်များမမှတ်မိတော့ပါ၊ မှတ်မိသူများရှိပါက ဖော်ပေးပါရန်)။ ဦးဒါဝတ်လည်း အခြား
၅(ည)များနည်းတူ ထောင်ဝင်စာမရှိ။ တပတ်တကြိမ် အိမ်မှလာပေးသည့် ပါဆယ်လ်သာရနေ၏။
သို့သော် ထောင်မှူးမောင်ပြုံးနှင့်ချစ်မောင်က သူ့အိမ်သို့အဝင်အထွက်လုပ်ကာ သူလိုသမျှ
ဒိုင်ခံသွင်းပေးထားသဖြင့် ဆေးဝါး၊ အစားအသောက်တင်မက ဖတ်စရာစာအုပ်တွေပါရှိနေ၏။
သူအဆင်ပြေနေ၊ စားနေ၊ ဖတ်နေရသည့်အတွက် ကျနော်တို့တွင် မကျေမနပ်ဖြစ်စရာအကြောင်းလည်း
မရှိ။ သူ့အပေါ်လည်း အားလုံးက စာနာနားလည်ကြ၏။ သူကလည်း ဘယ်သူ့ကိုမှ ဒုက္ခမပေးသည့်အပြင်
ကူညီပါ ကူညီသေး၏။ ပထမသော် ထောင်မှူးမောင်ပြုံး၏ခွဲခြားဆက်ဆံမှုနှင့်
လာဘ်ပေးလာဘ်ယူမှုကိုဖွင့်ချပြီးမှ တိုက်ရမည်ဆိုလျှင် သူပါ မောင်ပြုံးနှင့်
အမှုတွဲသွားနိုင်သဖြင့် ဘာမှမလုပ်ပဲနေနေကြ၏။
သို့သော် ယခုကား အခြေအနေပြောင်းသွားပြီ။
မောင်ပြုံးအပေါ်အမျက်က ကြီးသထက်ကြီးသွားပြီ။ သူ့ဖိနှိပ်မှုကလည်း အမြင့်ဆုံးစော်ကားမှုသို့
ရောက်သွားပြီ။ နောက်ဆုံးတော့ ဒါဝတ်ဂျင်းဝါးလားကြီးကိစ္စကို တည်ပြီး
တိုက်မှရတော့မည်။ ဟိုလူကြီးပါ ထိသွားနိုင်သည်။ မတတ်နိုင်။
လုပ်တာကတော့လုပ်ရတော့မည်။ အားလုံးအကျိုးစီးပွားအတွက်ဆိုတာကိုသာ မျက်နှာမူရတော့မည်။
ရွေးစရာ အခြားနည်းလမ်းကမရှိ။ ဆိုတော့ စစ်ထောက်လှမ်းရေးကိုပြောရတော့မည်။
ထောင်အာဏာပိုင်ကိုတိုက်ဖို့ သူတို့နှင့်ပူးရမည်။ နိုင်ငံရေးမသတီစိတ်ဖြစ်သော်လည်း
အခြားမရှိ။
ထောင်အာဏာပိုင်ကိုတိုက်ဖို့
ထောက်လှမ်းရေးနှင့် ပူးရမည်ဆိုသည့်အမြင်ကို လက်ခံဖို့ခက်သော်လည်း လောလောဆယ်မှာ
သည်လမ်းပဲရှိ၏။ ထောင်အာဏာပိုင်ဆိုသည်က စစ်ထောက်လှမ်းရေးခိုင်းသည့်အတိုင်းလုပ်ရသူများ။
သူကြီးခိုင်း၍ ဆယ်အိမ်ခေါင်းက ရွာသားကိုရိုက်၏။ မခံနိုင်သည့်အဆုံး ရွာသားက
သူကြီးကိုတိုင်၏။ အဖြေက ရှင်းနေသည်။ သူကြီးက ဆယ်အိမ်ခေါင်းကို ကာနိုင်သမျှကာမည်။
ဖေးမမည်။ မကာနိုင်၊ ဖေးလို့ပင်မရနိုင်တော့လျှင် ဆယ်အိမ်ခေါင်းကိုထိုးကျွေးပြီး
သူတော့ အလွတ်ရုန်းမည်။ ဒါက ဥပဒေမဲ့သူတို့ လုပ်နေကြ။ ကျနော်တို့က
သူကြီးကိုတိုက်ရင်း ထောင်ထဲရောက်လာတာမှန်သော်လည်း လက်ရှိအနေအထားက
သူကြီးကိုမဖြုတ်နိုင်သေး။ ဆိုတော့ ဆယ်အိမ်ခေါင်းကိုလှန်ရင်း သူကြီးကို
နှံရတော့မည်။ လောလောဆယ်မှာ ဆယ်အိမ်ခေါင်းတုတ်စာဝေးလျှင်ပဲ တော်လှပြီဟုတွေး၏။
နည်းလမ်းတော့ ရပြီ။
ဘယ်သူတွေလုပ်ကြမလဲဆိုသည့်အမေး ထပ်ထွက်လာ၏။ လက်သဲကြားအပ်စိုက်ပြီးရွေးရမည့်
အနေအထားလည်း မဟုတ်။ ကျနော်လုပ်မယ်ဟု ဦးနေမင်းနှင့်တိုင်ပင်ဖြစ်၏။ လက်ပေါ်သွားလျှင်
နည်းနည်းနာနိုင်သည်ကို ၂ ယောက်စလုံးတွက်ထားကြ၏။ တချို့ကိုသာ အသိပေးထားသော်လည်း
အများစုကိုတော့လုံးဝအသိမပေး။
သို့နှင့် ဦးနေမင်းက
စစ်ထောက်လှမ်းရေးနှင့်တွေ့ချင်သည်ဟု တောင်းဆိုလိုက်၏။ တွေ့တော့ သူက
အခြေအနေအချို့ကို အရိပ်အမြွက်ပြောပြီး မျိုးမြင့်က
ထောက်လှမ်းရေးကိုပြောစရာရှိနေဆိုကာ တည်ပေးလိုက်၏။ နောက်တော့ ကျနော့်ကို
စစ်ထောက်လှမ်းရေးကခေါ်၏။ ကျနော်က (၁)တိုက်တွင်းမှ
ထောင်မှူးမောင်ပြုံးနှင့်ချစ်မောင်တို့အကြောင်း သိထားသမျှအချက်အလက်တွေ
အကုန်ဖွင့်ချလိုက်၏။ “ကျုပ်တို့ နိုင်ငံရေးသမားတွေကို ထောင်ကနှိပ်စက်နေတာတွေအတွက်
အရေးယူပေးဖို့လာပြောတာ မဟုတ်၊ ၅(ည)ချင်းအတူတူ ခွဲခြားဆက်ဆံတာနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကြောင့်
ရေရှည်မှာထောင်အုပ်ချုပ်ရေးမှာ ပြဿနာပေါ်လာနိုင်စရာရှိလို့”ဟု
အတိအလင်းပြောပြလိုက်၏။ ဒီတော့ စစ်ထောက်လှမ်းရေးက “ပြောသလိုမဟုတ်ရင်
မင်းလည်းအရေးယူခံရမယ်”ဟုခြိမ်းခြောက်၏။ မမှန်သတင်းပေးမိလျှင် အရေးယူခံမည့်
အကြောင်း ခံဝန်လက်မှတ်လည်းထိုးခိုင်း၏။ ချက်ခြင်းထိုးပေးလိုက်၏။
နောက်တနေ့မနက်မှာ စစ်ထောက်လှမ်းရေးနှင့်
ထောင်အာဏာပိုင်တချို့ တိုက်ထဲပေါက်ချလာပြီး ဦးဒါဝတ်အခန်းကို တလာစီတော့၏။ ဒီတော့မှ
ထောင်မှူးမောင်ပြုံးနှင့်ချစ်မောင်တို့ လိုင်းဝင်ပြီးသွင်းပေးသည့်ပစ္စည်းတွေ
တပုံတခေါင်းကြီးထွက်လာ၏။ ရှောင်တခင်နှင့်အများရှေ့မို့  ဘာတခုမှ
လက်စဖျောက်ချိန်မရတော့။ ကိစ္စကတော့ပြတ်ပြီ။ သို့သော် နောက်ဆက်တွဲကား ကျန်နေသေး၏။
ဘယ်သူ့လက်ချက်ဆိုတာ သူတို့ရိပ်မိသွား၏။
ကျနော်တို့ထဲက တယောက်ကလည်း ရလာဒ်အပီအပြင်ထွက်မလာသေး နှစ်ထောင်းစိတ်ဖြင့်
နိုင်ငံရေးသမားကိုထိရင် ခုလိုခံရမယ်ဆိုကာ အနည်းငယ်ဝင့်ဝါလိုက်၏။ ဤတွင်
နောက်နေ့မနက် ကျနော်တို့အခန်းသို့ ထောင်မှူးမောင်ပြုံး ရောက်ချလာက
အကျဉ်းထောင်လက်စွဲဥပဒေအရခွင့်ပြုလို့မရဟုဆိုကာ
ကျနော့်ဂျိုင်းထောက်တွေသိမ်းသွားတော့၏။ ကျနော်လည်း အခန်းတွင်း
အပေါ့အလေးသွားသည့်အခါ ဖင်ရွှေ့ဖင်ရွှေ့ဖြင့်သွားရသလို အခန်းပြင်ထွက်ရေချိုးရသည့်အခါလည်း
ကိုအောင်လွင်၊ စစ်ကိုင်းတင်ဝင်းနှင့် ကိုတင်ဆန်းတို့က ကျနော့်လူဂျိုင်းထောက်ဘဝ
ရောက်ကြတော့၏။ ရေချိုးဖွင့်ချိန် ၄၅ မိနစ် သူများတွေ လမ်းလျှောက်ချိန်မှာ ကျနော်က
သစ်သားကွပ်ပြစ်ကလေးပေါ်က ထိုင်ငေးနေရ၏။ ဦးနေမင်းအပါအဝင်အားလုံး စိတ်မကောင်းကြ။
ကျနော်လည်း မသက်သာလှ။
ဒီလိုနှင့် ၅ ပတ်လောက်အကြာမှာ
မောင်ပြုံးနှင့်ချစ်မောင်ပြုတ်သွား၏။ ကျနော်လည်း ဂျိုင်းထောက်တွေပြန်ရ၏။ ထိုတော့မှ
သက်ပြင်းလည်း ရဲရဲချနိုင်တော့၏။ ဦးနေမင်း၏ ‘အဲဒါပဲ ကိုမျိုးမြင့်၊ ခံနေလို့ကတော့
ခံနေရမှာပဲ၊ နာလည်း နာနာကွာဆိုတဲ့စိတ်နဲ့ပြန်ချတော့လည်း ထိသင့် သလောက်တော့
ထိတာပါပဲဗျ’ ဆိုကာ ရေချိုးအဆင်းမှာ လက်မထောင်ပြသည်ကို ခုတိုင် ပြန်အမှတ်ရမိ၏။
အခု သူပြန်လွတ်လာပြန်ပြီ။
ခြင်းထဲကကြက်တကောင် ခြံထဲထွက်လာသလို ထွက်လာပြန်ပြီ။ ဘယ်အချိန် ခြင်းထဲပြန်ရောက်မည်
မပြောတတ်။ ကျနော်တောင်းသဖြင့် သူလွတ်တာမဟုတ်သော်လည်း သူလွတ်ရေးအတွက် ကျနော့်လက်ဖဝါးပေါ်တွင်
သူ့အမည်ကို ကမ္ဗည်းတင်ကာတောင်းခဲ့ဖူးသည်ကိုကား သူသိစေချင်ပါ၏။ သူသိလျှင်
ကျနော့်ကိုလည်း ပြန်အမှတ်တရရှိလိမ့်ကိုလည်း ယုံနေမိ၏။ ကျနော်ကား သူ့ကို
အမှတ်တရရှိနေဆဲ။ (မျိုးမြင့်ချိ) မေလ၊ ၂ဝ၁၁
0 comments:
Post a Comment