ခေတ်မြစ် (အပြင်လူရဲဘားမားရုဒ်က
ပထမအပုဒ်ပါခင်ဗျ)
“မြစ်တမြစ်မြစ်”ကို ပထဝီပေါ်တင်ကြည့်လျှင်
သည်မြစ်ကြီးဘယ်ကစ။ ဘယ်တုန်းကစ။ ဘာတွေဖြစ်ခဲ့။ ဘယ်လိုစီးဆင်းသွား။ ဘယ်မြို့ ဘယ်ရွာ
ဘယ်နေရာတွေဖြတ်စီး။ ဘယ်နေရာမှာ ဘယ်လောက်ကျယ် ဘယ်လောက်ကျဉ်း။
ဘယ်လောက်ရှည်လို့ဘယ်လိုဆုံး စသည်များ ထွက်လာမည်။
“မြစ်”ကို ခေတ်ပေါ်တင်ကြည့်လျှင်
သည်မြစ်ကြီးနှင့်အတူ ဘာသမိုင်းတွေ မွေးဖွားခဲ့။ ဘာသမိုင်းတွေ ချုပ်ငြိမ်းခဲ့။
ဘာသမိုင်းတွေ စီးဆင်းခဲ့။ ဘာသမိုင်းတွေ စီးဆင်းဆဲ စသည်များမြင်လာမည်။
မြစ်တမြစ်မြစ်ကို ပထဝီပေါ်တင်ကြည့်သည်မှာ
မြစ်၏ရုပ်ပိုင်းသဘောကို ထုတ်ယူလို၍ဖြစ်ပြီး၊ မြစ်ကို ခေတ်ပေါ်တင်ကြည့်သည်မှာ
ခေတ်၏အရွေ့သဘောကို စောကြောလို၍ဖြစ်၏။
ထို့ကြောင့် ပထဝီသဘောမြစ်သည်
ခေတ်သဘောမြစ်လိုမဟုတ်။ မတူနိုင်။ တူလို့မဖြစ်။ ပထဝီမြစ်တွင် အစရှိ၏။ အဆုံးရှိ၏။
ခေတ်မြစ်က ထိုသို့မဟုတ်။ လူ့သမိုင်းရှိသရွေ့တည်၏။ သမနိ ရှည်၏။
ခေတ်တခေတ်သည် မြစ်တမြစ်မဟုတ်။ ခေတ်ကိုက
မြစ်ဖြစ်၏။ မြစ်တွင်ဇာတိရှိ၏။ ဇာတိတွင် ရေတစက်ဖြင့် ချက်မြုတ်ရ၏။ ချက်မြုတ်ရာမှ ခေါင်းချရာခရီးတွင်
လက်တက်ပေါင်းများစွာကိုလက်ခံပြီး စည်စည်ပင်ပင် ရှင်သန်စီးဆင်း၏။
စီးဆင်းရာတလျှောက်တွင် ကြေသည့် နေရာကြေ၍ ကြမ်းသည့်နေရာကြမ်း၏။
ကြေကြေကြမ်းကြမ်းစီးဆင်းရင်း ကွေ့ကွေ့ကောက်ကောက်လည်းရှိရ၏။ မကွေ့မကောက်လျှင် မြစ်
မမြည်တော့။
တခါတရံတွင် မြစ်သည် ဖြောင့်ဖြောင့်မြန်မြန်စီးလိုသဖြင့်
မြစ်ကျိုးအင်းများထားခဲ့ပြီး ဆက်ထွက်ရတတ်သေး၏။ မြစ်မှန်လျှင် တကမ်းဖြိုပြီး
တသောင်ထွန်းပေးရ၏။ သောင်ထွန်းရင်း ကျွန်းလည်းဖေါ်ရ၏။ ပေါ်သည့်ကျွန်းတိုင်းလည်း
နုံးတင်မြေနု မဟုတ်တတ်။
မြစ်တွင် ဗီဇသဘောရှိ၏။ ထိုဗီဇသဘောသည်
ဇာတိတွင်ပြ၏။ ဇာတိပြရင်းပင် ထိုဇာတိချုပ်၏။ ဇာတိမချုပ်ခင် ဇာတ်ရုပ်ဖျောက်၏။
ဇာတ်ရုပ်ပျောက် မြစ်တမြစ်သည် နာမည်အမျိုးမျိုးချန်ခဲ့ပြီးမှ ပင်လယ်ဝတွင်ခေါင်းချ၏။
ခေါင်းချရုံဖြင့် ဝိဉာဉ်ကင်းပြီဟုမဆိုနိုင်။ မြစ်၏ဝိဉာဉ်သည် အလျဉ်မပြတ်
စီးဆင်းနေသည့်ရေဖြစ်၏။ ရေမခမ်းသရွေ့ မြစ်မကန်း။
ဧရာဝတီသည် မြစ် ဖြစ်၏။ မြစ်တမြစ် မဟုတ်။
ထို့ကြောင့် သူသည် ခေတ်လည်းဖြစ်၏။ သူ့ဝိဉာဉ်အလျဉ်သည် မကန်းသေး။ သူ့ဝိဉာဉ်တွင်
ခေတ်အလျဉ်တို့အား သယ်ပိုးထားဆဲ။ ဧရာဝတီနှင့်အတူ ခေတ်တို့စီးဆင်းနေဆဲ။
မြစ်၏ခေါင်းချရာတွင် ပင်လယ်ကိုသန္ဓေတည်၏။
မြစ်ပေါင်းစုံဂဟေဆက်ရာမှ ပင်လယ်ကိုဖွားမြင်လာ၏။ သူက ရေစီးညင်သာသည့်မြစ်
ရေစီးကြမ်းသည့်မြစ်ဟုမခွဲခြားပဲ ကြည်ကြည်ဖြူဖြူထွေးပွေ့ယူ၏။
မြစ်ယဉ်မြစ်ရိုင်းတိုင်းကို သူ့ထံတွင် ရောနှောခိုင်းပြီး၊ မြစ်တိုင်း၏
သမိုင်းကိုလည်း လက်ခံသိမ်းဆည်းပေးထားသေး၏။ မြစ်ကိုယဉ်ကျေးစေသည့်ပင်လယ်သည်
တခါတရံတွင်း ရိုင်းစိုင်းလွန်း၏။
မြစ်သည် ခေတ်ဟုဆိုလျှင် ပင်လယ်သည်
“ခေတ်တို့၏သမိုင်း”။ ဗီဇသဘောအရ ပင်လယ်သည် တည်ငြိမ်အေးဆေးဟန်ရှိသော်လည်း ဝန်းကျင်၏
စေ့ဆော်မှောက်လှန်မှုကြောင့် တခါတရံတွင် လှိုင်းထန်၏။ လူ့သမိုင်းသည် လှိုင်းထန်၏။
အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အပြစ်၊ အနှစ်နှင့်အကာ၊ အာဏာနှင့်ဖီဆန်မှု၊ ဖိစီးမှုနှင့်တွန်းလှန်မှု၊
ဓမ္မနှင့်အဓမ္မ၊ အသစ်အဟောင်းပဋိပက္ခ စသည်တို့ဖြင့် ဗြောင်းဆန်နေ၏။ ထိုလှိုင်းများကား
အစဉ်လှုပ်ခတ်ရင်း အဆက်မပြတ်ရှင်သန်နေ၏။
ခေတ်ဆိုသည့်မြစ်သည်
သမိုင်းခေတ်များအားကျောပိုးပြီး ခေတ်သမိုင်းတို့သိမ်းဆည်းရာ ပင်လယ်သို့မျက်နှာမူ၏။
တရွေ့ရွေ့စီးဝင်နေ၏။
ပင်လယ်ရောက်လျှင် သမိုင်းခေတ်များဆုံမည်။
စုံလည်း စုံမည်။ သမိုင်းခေတ်များ ဆုံလျှင်၊ တစုံလုံးကို မြင်ရ၏။
ခေတ်မြစ်နှင့်လိုက်ပါ စီးနေဆဲတွင်
သမိုင်းကိုဖြတ်ကြည့်ပါက ခေတ်တဖြတ်အမြင် သို့မဟုတ် မြစ်တဖြတ်အမြင်ဖြင့်သာ
တင်းတိမ်စရာရှိ၏။
သမိုင်းကို ခေတ်တဖြတ် (သို့) မြစ်တဖြတ်အမြင်သက်သက်နှင့်
ကောက်ကိုင်ကြည့်ပါမူ ယူစရာ သင်ခန်းစာတခုတည်းကိုသာ ပြေးမြင်မိ၏။ အမှန်က
ခေတ်တိုင်းတွင် ယူစရာသင်ခန်းစာများရှိသလို ယူစရာနမူနာများလည်းရှိ၏။
သင်ခန်းစာယူခြင်းမှာ ကောင်းသည့်အရာဖြစ်၍ နောင်ကို အရင်လိုမမှားဖို့ဖြစ်၏။
နမူနာမယူနိုင်လျှင် နှုန်းစံတန်ဖိုးချိန်ဆဖို့ တိုင်းစရာမရှိဖြစ်တတ်၏။
နမူနာမယူလျှင် အရင်လိုနောင်ကိုလည်း မှားတတ်စရာရှိသေး၏။
ပင်လယ်ရောက်မှ
တစုံလုံးကိုမြင်ရမည်ဖြစ်သော်လည်း ပင်လယ်ရောက်မှ တစုံလုံးကိုကြည့်ရမည်ဟု မဆိုလို။
မြစ်တဖြတ်အမြင်ကို ပင်လယ်ပေါ်လှမ်းတင်ကြည့်နိုင်ပါမူ သင်ခန်းစာရော နမူနာပါ
ခပ်ရေးရေးတော့ မြင်နိုင်စွမ်းမည်ထင်၏။
မျိုးမြင့်ချို မတ် ၂ဝ၁၁
မျိုးမြင့်ချို မတ် ၂ဝ၁၁
0 comments:
Post a Comment