Monday, August 27, 2018

"အမေ့နေ့ တနေ့" (မျိုးမြင့်ချို)

0 comments
"အမေ့နေ့ တနေ့"
အမေ နား အတန်ငယ်ထိုင်းပြီ။ Hearing Aid လေးရှိသော်လည်း မတပ်။ နားထဲ ခိုးလို့ခုလုဖြစ်နေတာကို ကြိုက်ဟန်မတူ။ သူနှင့် စကားပြောလျင် အသံမြှင့်ပြီးပြောရသည်။
ခါးလည်း နည်းနည်းကိုင်းပြီ။ တောင်ဝှေးကူရလောက်သည့် အခြေအနေမျိုးတော့မဟုတ်။
ဆံတွေလည်း ဖြူပြီ။ သို့သော် အုန်းဆီနံ့ကား အမြဲသင်းပျံ့နေသည်။
မျက်စေ့တော့ မမှုံသေး The holy Quran ကို မျက်မှန်မပါဘဲ ဖတ်နိုင်နေတုန်းဖြစ်သည်။
ရှေ့ဘက် အောက်သွားလေးတချောင်းနှင့် အံသွား၃ ချောင်းလည်း ကြွေပြီ။ သို့သော် ပဲလုံးလှော်ရွရွလေးများကို ကျိုးကျိုးကြွပ်ကြွပ်ကြွပ်အသံထွက်အောင်ဝါးရင်း၊ အမဲသားပြုတ်ကြော် နူးနူးနပ်နပ်ကိုစားရင်း၊ မုန့်ဟင်းခါးထဲ ပဲကြော် ခြေထည့်ရင်း ဖြည်းဖြည်းသာသာ စားတတ်သည်။ ပါးစပ်ကသာမပြောသော်လည်း သွားရင်းတွေတော့ နည်းနည်းနာပုံရသည်။ တခါတခါ ဝါးနေရင်း အဝါးရပ်ကာ ခံတွင်းထဲကအစာကို လျှာဖြင့် ဟိုဘက်ဒီဘက် ပို့တာကို သတိထားမိသည်။
မေ့လည်း ထိုက်သလောက်တတ်စပြုပြီ။ သို့သော် ဂျပန်ခေတ်အကြောင်း၊ သူ့ညီအကိုမောင်နှမတွေ ငယ်ဘဝအကြောင်၊ အရပ်ထဲလူတွေအကြောင်း၊ ငယ်ပေါင်းဖော်တွေအကြောင်းတော့ လုံးစေ့ပတ်စေ့ပြောပြနိုင်သေးသည်။ "အမေလည်းမေ့မေ့လျော့လျော့တွေဖြစ်လာပြီ"ဟုပြောတော့ ညီတော်မောင် ကျော်ကျော်မြင့်က "အမာ့အသက်အရွယ်နဲ့ ဒီလောက်မေ့တာ တော်သေးတာပေါ့။။ ကျနော်တို့ဆို စိတ်များပလားဆို မေ့တာတွေမပြောနဲ့ အမာ့ထက်တောင်ဆိုးသေး" ဟုပြောတော့ သူ စိတ်ကြေနပ်ပုံဖြေသာပုံပေါ်ပါသည်။

ခြေတွေလက်တွေမတုန်သေးသော်လည်း အသံတော့ တုန်ချင်သည့်ဘက် ယိုင်စပြုပြီ။
မျက်နှာတွင် အရေးအကြောင်းတွေထင်စပြုလာသလို လည်ပင်း လက်မောင်းအိုးတို့လည်း တွဲစပြုပါပြီ။ သို့သော် အသက်အရွယ်နှင့် မမျှအောင် သန်မာနေပါသေးသည်။

ဆရာဝန်ပေးထားသည့် အကြောအချဉ်ပြေဆေး ညမနက်ကို ပုံမှန်အပျက်အကွက်မရှိ အမေ့အလျော့မရှိသောက်သလို ဗမာဝမ်းပျော့ဆေးလေးလည်း ညတိုင်း အိပ်ယာမဝင်မီသောက်ပြီးမှ အိပ်သည်။ ဘယ်သူမှ ဆေးသောက်ရန်သတိပေးစရာမလို။ ညီမနှင့်ယောက်ဖက မနက် ညနှင့် နေ့အလိုက် အကန့်လေးတွေကန့်ထားသည့် ပလပ်စတစ်ဗူးပြားလေးထဲ ဆေးတပတ်စာတခါ ဖြည့်ဖြည့်ပေးရသည်။
မနက်တိုင်း ၅နာရီခွဲဆိုလျင်ထပြီး ကိုယ်လက်သန့်စင်ပြီး အရုံတက်ဘုရားဝတ်ပြုဆုတောင်း တရက်မှမပျက်။ ဖျားနေတာတောင် ဝတ်တက်မပျက်ကွက်။ ပြီးလျင်အောက်ဆင်းပြီး မနက်ဆေးသောက်သည်။ ထို့နောက် ညက မဆေးကြောဘဲ Sink ထဲကျန်နေသည့် ပန်းကန်ခွက်ယောက်များကို ဆေးကြောသည်။
စားပွဲသုတ်လိုက် ဟိုလုပ်လိုက် ဒီလုပ်လိုက်ဗာဟီရလေးတွေ ဇယ်စက်သလို လုပ်သည်။ ကြက်သွန်အခွံသင်လိုက်၊ ကန်စွန်း ပဲတောင့်လေးတွေ ချိုးလိုက်ဆိတ်လိုက်၊ နွှေးစရာရှိသည့်ဟင်းများ နွှေးလိုက်နှင့် တနာရီပြည့်သည့်အခါ ပေါင်မုန့် ၂ ယှက်ကို ကင်စက်ထဲထည့်ပြီး မီးကင်သည်။ စထရော်ဘယ်ရီယိုသုတ်သည်။ ကော်ဖီ အချိုပေါ့ပေါ့လေးတခွက်ဖျော်သည်။ ထမင်းစားပွဲဝိုင်းကုလားထိုင်ပေါ်ထိုင်ချရင်း "မနက်ဆေးက သောက်ပြီး တနာရီကြာမှ အစား စားရတယ်သားရဲ့"ဟုပြောပါသည်။ မနက်တိုင်းပြောသည့်စကားဖြစ်ပါသည်။ မစားခင် တခုခုကိုရွတ်ဖတ်ရန် မမေ့သလို စားပြီး ရွတ်ဖတ်ရန်ကိုလည်း မပျက်ကွက်။
"ညက အိပ်လို့ကောင်းလိုက်တာ ခေါင်းချတာနဲ့ တချိုးတည်း အိပ်ပျော်သွားတယ်၊ ဆီးသွားဖို့ နှစ်ခါ ထရတာကလွဲလို့ တောက်လျှောက်အိပ်တာဘဲ။ ခုမနက်လင်းတော့ စိတ်လက်ကြည်လင်နေတယ်"ဟု ပြောပါသည်။ ကျနော် အားကျလိုက်သည့်ဖြစ်ခြင်း။ ကျနော်မသေခင် သူ့လိုတညလောက်လေးဖြစ်ဖြစ် အိပ်ပျော်ချင်မိပါသည်။

လှုပ်တုတ်လှုပ်တုတ်နှင့် တကုပ်ကုပ် လုပ်စရာလေးတွေလုပ်ပြီး တနေကုန်အငြိမ်နေ အအားနေတယ်ရယ်လို့ သိတ်မရှိလှ။ သူ့စိုက်ခင်းလေးထဲက အပင်လေးတွေကိုရေလောင်းရင်း "သားငါးဆေးတဲ့အရည် ဆန်ဆေးရေတွေကို အမာက ဗူးပင်မှာ အမြဲလောင်းတာ၊ ဟောဒီ ပြင်းတော်သိမ်ပင်လေးတွေ ရှောက်ပင်တွေ ကင်ပွန်းချဉ်ပင် ပျားစားရွက်အပင်တွေက ဆောင်းဆို အိမ်ထဲအကုန်သွင်းရတာ နွေဦးပေါက်မှအပြင်ပြန်ထုတ်နဲ့ အလုပ်တော့ရှုပ်ပေမယ့် စားလို့လည်းရ ဆေးဘက်လည်းဝင်ဆိုတော့ မတတ်နိုင်ဘူးလုပ်ရတာဘဲ"ဟုပြောရင်း ရှောက်ရွက် မနုမရင့်လေးတွေကို ပျားစားရွက်လေးတွေကို ကပ်ကျေးသေးသေးလေးနှင့် ဖြတ်နေပါသည်။ "ရှောက်က လေဖြတ်တာ လေဖြန်းတာတွေကို ကာကွယ်တယ်။ လေလည်တယ် ဝမ်းမီးလည်းကောင်းတယ်။ ပျားစားရွက်ကတော့ သွေးတိုးဆီးချိုသမားတွေ တနေ့ ၂ရွက်ပဲစား အချိန်တန်ရင် အင်္ဂလိပ်ဆေးလွတ်တယ်"ဟုလည်း အမြဲပြောပါသည်။ ကျနော့်ကိုလည်း ထမင်းစားတိုင်းရှောက်ရွက် ၂ ရွက် ပျားစားရွက် ၂ ရွက် ဆိတ်ဆွပြီး ပန်းကန်ထဲ ထည့်ပေးပါသည်။ ကျန်ာလည်း အတို့အမြှုတ်သလောနှင့် လေးရွက်လုံးကုန်အောင်စားပါသည်။
"ဟို့နေ့က ကန်ပွန်းချဉ်ရွက်လေး တအိုးစာရလို့ ညှပ်ပြီး ပုဇွန်ခြောက်လေးခပ် ငါးခူလေးတုံးတစ်ထည့်ပြီး ချဉ်ရည်ဟင်းလေးချက်တာ စားကောင်းလိုက်တာ၊ ငရုပ်သီးဆားထောင်းလေးနဲ့ ငါးခူကြော်နှပ်ကလေးနဲ့" ဟုပြောပါသည်။

ခနနေတော့ မရင်နှစ် အိပ်မှုံစုံဝါးနှင့် ဖက်လုံးကြီးပိုက်ကာ အောက်ဆင်းလာပြီး "နာနီဆလမ်မာလေးကွမ်း" တချက်ပြောပြီး ဧည့်ခန်းထဲက ဆိုဖါခုံရှည်ပေါ် ငူငူငေါင်ငေါင်ထိုင်ပါသည်။ အမေက "သမီးလေး မျက်နှာသစ် သွားတိုက် ခေါင်းဖြီး၊ ပြီးရင် Breakfast စားမယ်။ နာနီကြက်ဥကြော်ထားတယ်။ ထမင်းလည်းရှိတယ်၊ မုန့်ဟင်းခါးလည်းရှိတယ်၊ Pancake စားမယ်ဆိုရင်တော့ မေမေနိုးလာမှလုပ်ပေးမယ် ခနစောင့်"ဟုဆိုပြီး တိုက်တိုက်တွန်းတွန်း နှိုးနှိုးဆော်ဆော်လုပ်ပါသည်။ မရင်နှစ်က ထုံးစံအတိုင်း "မုန့်ဟင်းခါး"ဟုပြောက ရေအိမ်ခန်းထဲဝင် မျက်နှာသစ်သွားတိုက်လုပ်နေချိန်တွင် အမေက မုန့်ဟင်းခါးပွဲပြင်ပါသည်။ မရင်နှစ်ထွက်လာတော့ မုန့်ဟင်းခါးစားရင်း သူ့နာနီနှင့် တော်ကီတွေပွားပါတော့သည်။

တအောင့်လောက်ရှိတော့ သင်းသင်းအေးနိုးလာပါသည်။ ကော်ဖီသောက်ရင် "ဒီနေ့အပွိုင်မင်န်ယ်က ဘယ်နေရာမှာ ဘယ်လောက်ကြာမယ်။ မွေးလူနာဆိုတော့ ပြောမရဘူး တနေကုန်ချင်လည်း ကုန်မှာ အမာ။ ဒီနေ့မနက်စာ ဘာနဲ့ဘာနဲ့ချက်မယ် ညနေစာ ဘာနဲ့ဘာနဲ့ဘာနဲ့ချက်မယ်တွေပြောရင်း ညက Deep Freezer ထဲကထုတ်ပြီး sink ထဲ ထည့်အရည်ပျော်ခိုင်းထားသည့် ခဲတဝက်ပျော်တပိုင်းဖြစ်နေသော အသားထုတ်ကို ဆကြည့်ရင်း ၅၀ သားလောက်ရှိမယ်၊ ကျနော် အချိန်မီပြန်လာရင် ကျနော်ချက်မယ်။ နေ့လည်လောက်ဆို အကုန်အရည်ပျော်ပါပြီ၊ အမာ မုန်လာရွက်ချဉ်ရည်ဟင်းလေးတအိုးဘဲ ချက်ထား၊ နားနာနေနေ နေ။ ဘာမှမလုပ်နဲ့။ ရင်နှစ်ကို ဂိမ်းစ်မကစားစေနဲ့။ တီဗီကိုလည်း အကြာကြီးမကြည့်စေနဲ့၊ သူ့ကို YouTube မကြည့်ရဘူး ခလေးတွေကြည့်တဲ့လိုင်းတွေဘဲ ခလေးပရိုဂရမ်တွေပဲကြည့်ရမယ်လို့ ပြောထားပြီးသား၊ နက်စ်ဖလစ်ကြည်ရင်လည်း ခလေးကားတွေဘဲကြည့်ရမယ်လို့၊ အချိန် ဘယ်လောက်ပဲကြည့်ရမယ်လို့ မှာထားတယ်။ တက်ဘလက် မကိုင်စေနဲ့၊ အိုင်ပေါ့တ်တော့ သူ သီချင်းထောင်ဖို့ပေးထားမယ်။ စာလည်းဖတ်ခိုင်း၊ အိမ်စာတွေလည်း လုပ်ခိုင်း အမာ၊ ဆိုဖီယာနဲ့ တယ်လီဖုန်းပြောရင်လည်း တနာရီထက်ပိုမပြောစေနဲ့၊ နို့မို့ဆို ဒီကလေး ညဘက်ညဘက်တွေ ကောင်းကောင်းမအိပ်ဘူး"ဟု စကားတွေတသီကြီးပြော တတန်းကြီးမှာပါသည်။ အမေက "အေးအေး ငါကြည့်ထားမယ်၊ ဒါပေမယ့် နင့်သမီးက လိမ္မာပါတယ် အမေက မကြည့်ရဘူး မကိုင်ရဘူးပြောထားရင် မကြည့်ဘူးမကိုင်ပါဘူး။ အမာ သူ့စိတ်ကို စမ်းကြည့်ချင်တာနဲ့ဟိုနေ့က သမီး တီဗီကြည့်ချင်လည်းကြည့်လေ နာနီ မေမေ့ကို ပြန်မပြောပါဘူးလို့ပြောတာတောင် မေမေကမကြည့်ရဘူးလို့မှာထားတယ် သမီးမကြည့်ဘူးလို့ပြောတယ်" ပြောရင်း သူ့မြေးဆံစလေးတွေကို ပွတ်သပ်ပေးနေပါသည်။ "အမာ သူ့ကို နည်းနည်းသတိထားကြည့်ပါ။ အကြာကြီးမကြည့်စေနဲ့။ ကျနော်အဝတ်အစားလဲလိုက်ဦးမယ် ခနနေရင်ထွက်မယ်"ဟု ပြောပြီး အပေါ်ပြန်တက်သွားပါသည်။

အမေက "ရင်နှစ် သမီးကြားတယ်နော် မေမေမှာတာတွေ"ဟုဆိုတော့"သမီးသိတယ် နာနီ" ဟုပြောပါသည်။ သို့နှင့်နေ့လည်စားချိန်ရောက်၍ အမေနှင့်ကျနော် ထမင်းအတူစားပါသည်။ သူစားရင်း အရိုးထွင်ထားသည့် ငါးကြော်နှပ်လေးတွေကို ကျနော့်ပန်းကန်ထဲ ထည့်ထည့်ပေးပါသည်။ သူလည်းစားပါသည်။ စားနိုင်ပါသည်။ "အမာ ခုလို ကျန်းမာနေတာကြောင့် သားသမီးတွေ ဝမ်းသာနေကြတာ အမာသိတယ်။ အမာလည်း တတ်နိုင်သလောက် သတိလေးထားရင်း စားနေလုပ်နေတာဘဲ" ဟုပြောပါသည်။

ထမင်းစားပြီး ကျနော်က ထမင်းစားပွဲကမထဘဲ ကွန်ပြူတာကို ကောက်ဖွင့်တော့ အမေက "လမ်းလေးဘာလေးနည်းနည်းလျှောက်ဦး၊ ထိုင်ချည်းမနေနဲ့၊ အစာမကြေဖြစ်တတ်တယ်။ သိတ်မကြေရင်တော့ ဦးချိန်တီလည်းရှိတယ်၊ ရှောက်ပေါင်းဆေးလည်းရှိတယ်၊ လေလည်းလည်တယ် ရင်လည်းချောင်တယ်၊ နည်းနည်းလျက်ချင်ရင် ဟောဟိုက အံဆွဲထဲမှာ" ဟုပြောကာ စားပြီးသားပန်းကန်တွေကို ဆေးပါသည်။ အိမ်ပြင်ထွက်လိုက် အပင်လေးတွေကြည့်လိုက်လုပ်ရင်း လမ်းလျှောက်ရင်း "ဒီတရက်နှစ်ရက်မိုးရွာလိုက်တာ တော်ကောင်းသွားတယ်၊ အပင်လေးတွေ ရေလောင်းလွတ်သွားတယ်။ စိုက်ပျိုးရေးသမားတွေလည်း ဝမ်းသာမှာဘဲ၊ ကောင်းတယ် သူတို့ ရေဖိုးသက်သာတာပေါ့၊ အကုန်အကျသက်သာတော့ အသီးအနှံတွေလည်း ဈေးကျတာပေါ့၊ ဈေးကျတော့ လူတွေလည်း များများ ပိုဝယ်စားနိုင်တာပေါ့၊ ဘုရားသခင်ဘာလုပ်တယ် ဒါအကောင်းပဲ။ အလ္လာဟ်အလိုမတူရင် ဘာမှမဖြစ်ဘူး။ သစ်ရွက်တရွက်တောင်မလှုပ်ဘူး"ဟု တွတ်တွတ်တွတ်တွတ်နှင့်ပြောပါသည်။

ခနနေတော့ အိမ်ထဲပြန်ဝင်လာပြီး "အမာ ခန လှဲဦးမယ်" ပြောပြီး ဆိုဖါခုံရှည်ပေါ် စောင်လေးခြေထောက်အုပ် ရင်ဘတ်အုပ်ရင်း မှေးနေရာက " ခြေထောက်က ခြေအိပ်စွပ်ထားတာတောင် အေးနေတယ်။ အဲ့ဒါမကောင်းဘူး၊ နွေးနေအေင်ထားမှ ကေင်းတာ"ဟုပြောကာ ပြန်မှိန်းနေပါသည်။
တနာရီသာသာလောက်မှေးပြီးနောက် ထလာပါသည်။ ညနေစာအတွက် မုန်လာရွက်ချဉ်ရည်ဟင်းချက်ရန် မုန်လာရွက်တွေကို သင်ပါသည်။ ကား garage ထဲကမီးဖိုပေါ် ဒယ်အိုးတင် ဆီထည့် သင်းသင်းအေး စက်နှင့်ကြိတ်ပေးသွားသည့် ကြက်သွန်ဖြူနီ ငရုပ်သီးအထောင်းကိုထည့်ကာ ဆီသတ်ပြီး ချက်ပါတော့သည်။ ကျက်တော့ ဖိုပေါ်ကချပြီး "အမာ ရေမိုးချိုးလိုက်ဦးမယ်။ မင်းလည်း ခေါင်းကနေလောင်းပြီး အေးနေအောင်ချိုးချ၊ ဒါမှအပူစင်ပြီး လူကျန်းမာမှာ"ဟု ပြောလည်းပြော အိမ်ပေါ်ထပ်ကို လှုပ်လှုပ်လှုပ်လှုပ်နှင့် တက်သွားပါသည်။ ကျနော်က "အမာလှေခါးအတက်အ ဆင်း သတိထားနော်ဆိုတော့ "အေး အမာ အမြဲသတိတားတယ်။ ထမိန်ကိုလည်း တိုတိုဝတ်တယ်"ဟု ပြန်ပြောပါသည်။

သည်လိုနှင့် သင်းသင်းအေး ပြန်ရောက်လာပါသည် မရင်နှစ်က မာမီဟုခေါ်ရင်း ဖတ်လက်စ စာအုပ်ကိုချကာ သူ့အမေဆီ အပြေးသွားပြီးဖက်ပါသည်။ ဒီကလေး စာအလွန်ဖတ်ပါသည်၊ အရွယ်နှင့်မလိုက်အောင်ကို ဖတ်ပါသည်။ သူ့အဖေကလည်း အချိန်ရတိုင်း စာကြည့်တိုက် ခေါ်ခေါ်သွားပါသည်။ ဖအေ (ရဲမော်ကထူး)က ဗီဒီယိုကားတွေငှား သမီးက စာအုပ်တွေငှားကာ တပွေ့ တပိုက်နှင့်ပြန်လာတတ်ပါသည်။ သင်းသင်းက "အမာရော"ဟုမေးသဖြင့် "အပေါ်မှာရေချိုးနေတယ်" ဟု ပြန်ဖြေရင်း "နင့်အပွိုင်မင်န်အဆင်ပြေရဲ့လားဟုမေးတော့ ပြေတာရော မပြေတာရောပြောပြပါသည်။ သူလည်း အပေါ်တက်အဝတ်အစားလဲပြီးပြန်ဆင်းချလာပါသည်။ "ဆာလိုက်တာ"ပြောရင်း ထမင်းခူးကာ နယ်ဖတ်စားပါသည်။

ထိုအချိန်တွင် အမေပြန်ဆင်းလာပါသည်။ ခေါင်းလျှော်ခဲ့ပုံပေါ်ပါသည်။ အရေတွန့်စပြု အရေးအကြောင်းတွေ ထင်စပြုလာသည့် မျက်နှာပြင်ပေါ်ဝယ် သနပ်ခါးစလေးတွေ မြင်ရပါသည်။ သနပ်ခါး ပါးပါးလူးလာသည်ထင်ပါသည်။ "သင်းသင်းရေ အမာ မုန်လာရွက်ချဉ်ရည်ချက်ထားတယ်။ ကျန်တာတော့ နင့်သဘောရှိသာချက်တော့၊ ရင်နှစ် အာရဗီစာဖတ်ချိန်ရောက်တော့မယ်"ဟု ပြောရင်း "ကဲ..မရင်နှစ် ရေမိုးချိုး၊ ဝဇူလုပ် ခနနေရင် အာရဗီစာဖတ်ချိန်ရောက်တော့မယ်၊ ထ အပေါ်တက်ရေချိုးတော့" ဟုပြောက ဆိုဖာတွင်ထိုင်ကာ ဆံပင်တွေသွေ့သွားအောင် သဘက်နှင့်သုတ်ပါသည်။ သွေ့သွားတော့ ဘရှပ်နှင့်ခေါင်းဖီးပါသည်။

တအောင့်လောက်ကြာတော့ မရင်နှစ် အပေါ်ထပ်မှ "နာနီပြီးပြီ"ဟု လှမ်းအော်ပါသည်။ "အေးအေး နာနီလာပြီ"ဟုပြောလည်းပြော အိမ်ပေါ်လည်းတက်သွားပါသည်။ မရင်နှစ်နာ အာရဗီစာဖတ်ချိန်မှာ တနာရီခွဲလောက်ကြာမည်ထင်ပါသည်သူ။ ပြီးတော့ မြေးအဖွားနှစ်ယောက် အောက်ဆင်းလာပြီး ညစာစားဖို့ လုပ်ပါသည်။ သင်းသင်းအေးလည်း ဟင်းတွေအကုန်ကျက်ပါပြီ။ အမေ ထမင်းစားပြီးနောက် ခြံပြင်ထွက်ပြီး သူ့အပင်လေးတွေကြည့်လိုက် လမ်းလျှောက်လုပ်ပါသည်။

သည်လိုနှင့် ၆ နာရီထိုးပါသည်။ "အမာ မဂရစ်နမားဇ်ဖတ်တော့မယ်"ဟုဆိုကာ ညဆေးသောက်ပါသည်။ "ဝမ်းပျော့ဆေးရော အမာ"ဟု ကျနော်မေးတော့ သူက "ညအိပ်ယာဝင်ကာနီးမှ သောက်ရတာ"ဟုပြောရင်း ဆေးလုံးလေးတွေကို ရေနှင့်မျှောချပြီး တလှုပ်လှုပ်နှင့်အပေါ်ထပ်တက်သွားပါသည်။
ဤသို့ဖြင့် အမေ့အတွက် တနေ့တာပြီးသွားပါသည်။
အမေကားအိုပြီ။ ရုပ်လည်းကျပြီ။ သို့သော် လှမြဲလှနေဆဲပင်။
မျိုးမြင့်ချို
ဇူလိုင် ၂၂၊ ၂၀၁၈

0 comments:

Post a Comment