(သူ့နယ်နေလည်း ကိုယ့်လူမျိုးဘဲ သွားလုပ်လို့ မဖြစ်ပါ)
ဗမာတပြည်လုံး ကိုလိုနီအောက်ရောက်သွားပြီးတဲ့အခါကျမှ ဗြိတိသျှက နယ်နိမိတ်မျဉ်းတွေဆွဲတာ သတ်မှတ်တာတာတွေလုပ်ပါတယ်။ အဲ့သလိုမလုပ်ခင်က နှစ်ဘက်သဘောတူလက်ခံထားတဲ့ နယ်ခြားမျဉ်းရယ်လို့ အပီအပြင်မရှိပါ။ တိတိကျကျလိုက်နာကြတဲ့ နယ်ခြား စည်းကမ်းရယ်လို့လည်းမရှိပါ။ တမင်းတက်တမျိုး၊ အားအကြီးအသေးပေါ်မူတည်ပြီး ပဒေသရာဇ်တွေ ဘုရင်တွေနယ်ပယ်ချဲ့ကြ လုကြ ယက်ကြတာ တိုက်ကြခိုက်ကြတာဘဲရှိတယ်။ အားအပေါ်မူတည်ပြီး ကံကြွေးချနယ်တွေ ကျုံ့သွားလိုက်ကျယ်လာလိုက် ထပ်တလဲလဲ ဖြစ်နေတာပါ။ နယ်ရှင်ပယ်ရှင်တွေလည်း ကြီးလိုက်သေးလိုက်ဖြစ်နေတာပါ။
ဗြိတိသျှက နယ်နိမိတ်သတ်မှတ်တော့ မျဉ်းဆွဲချလိုက်တယ်။ ဒါ ဗမာပြည်ဘက် ဒါက ထိုင်းဘက်၊ ဒါက တရုတ်ဘက် ဒါက ဗမာဘက် စသည်ဖြင့်ပေါ့။ ဆိုတော့ အဲ့ဒီမျဉ်းမဆွဲခင်က လူတွေစုဝေးနေထိုင်တဲ့ ရွာကြီးရွာသေးတွေ၊ နယ်ပယ်ဒေသတွေ၊ တူရာအလိုက် (ဘာသာစကား၊ ဓလေ့ထုံးစံ၊ ကိုးကွယ်ယုံကြည်မှု၊ ဆွေးမျိုးတော်စပ်မှု)နေကြတဲ့ ဇနပဒတွေရှိပါတယ်။ နယ်နိမိတ်မျဉ်းသားလိုက်တာအခါ ဟိုဘက်ပါသွားတဲ့ရွာ ဒီဘက်ကျန်ခဲ့တဲ့ရွာတွေရှိသလို တရွာတည်းမှာဘဲ ရွာလည်ကောင်ကမျဉ်းကျလို့ တခြမ်းက ဒီဘက်နိုင်ငံပိုင် နောက်တခြမ်းက တဘက် နိုင်ငံပိုင်တွေဖြစ်ကြရတာပါ။
ဒေသနယ်ပယ်ကြီးတွေမှာလည်း အလားတူပါဘဲ။ ဒီတော့ သူ့ဘက်ပါသွားတဲ့နယ်က သူ့နယ်၊ ကိုယ့်ဘက် ကျန်နေတာက ကိုယ့်နယ်။ သူ့ဘက်ပါသွားသူတွေက သူ့နိုင်ငံနေ လူမျိုးစု၊ သူ့နိုင်ငံသားဖြစ်ကြတာပါ။ ကိုယ့်ဘက်ပါလာတာလည်း အလားတူပါပဲ။ ဒီတော့ ဘာသာစကား ဓလေ့ထုံးစံ ရိုးရာယဉ်ကျေးမှု ကိုးကွယ်ရာ နေထိုင်ဝတ်စားဆင်ယင်ပုံ နံမည်ပေးစနစ် အစအစအရာရာ တူပင်တူငြား နိုင်ငံသားကျ ကွဲသွားပါတယ်။ ရွာလည်ကောင်ကနေ နယ်ခြားမျဉ်းဖြတ်လို့ တမိသားစုထဲမှာတောင် ကိုယ့်ဘက်နိုင်ငံသား ဖြစ်တဲ့လူဖြစ် တဘက်နိုင်ငံသား ဖြစ်တဲ့သူဖြစ်တွေရှိပါတယ်။
ဒါ့ကြောင့် ကချင်၊ လားဟူ၊ လီရှော၊ ကိုးကန့်၊ ဝ အစရှိတဲ့လူတွေဟာ တရုတ်ဘက်မှာရော ဗမာဘက်မှာပါ ရှိနေကြတာပါ။ ဒီအတိုင်းပဲ ယိုးဒယားဘက်ပါသွားတဲ့ ပဒေါင်ရွာတွေရှိသလို ဒီဘက်ပလာတဲ့ အခြားလူမျိုးစုငယ်တွေလည်းရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ပါသွားတဲ့ ရခိုင်ရွာတွေရှိသလို၊ ဗမာဘက်ပါလာတဲ့ ရိုဟင်ဂျာရွာတွေနဲ့ ဘင်္ဂါလီရွာတွေလည်း မနည်းပါဘူး။ အိန္ဒိယဘက်ပါသွားတဲ့ ချင်းရွာတွေရှိသလို ဗမာဘက်ကျန်ခဲ့တဲ့ အိန္ဒိယရွာတွေလည်းရျိပါတယ်။ ဒါက လူမျိုးစုတွေထဲမှာမျ နည်းနည်းလည်းကြီး လူလည်းများ လူသိလည်းများတာတွေကို ထုတ်ပြတာပါ။ လူသိနည်းပြီး ဦးရေပါနည်းတဲ့ တချို့ သေးလွန်းတဲ့ ဘာသာစကားတူ လူ့အစု ငယ်လေးတွေဟာ ကမ္ဘာမြေပြင်ပေါ်ကနေ အကြောင်းအမျိုးကြောင့် ပျောက်တေင် ပျောက်ဆုံးကုန်ပါပြီ။
ဒါပေမယ့် နယ်စပ်ဒေသနေသူတွေအလျှောက် တဘက်နဲ့တဘက် အကူးအလူးအဆက်အဆံေ တွရှိကြပါတယ်။ အစိုးရအုပ်ချုပ်ရေး သိတ်လက်လှမ်းမမီတဲ့ နယ်တွေဆို သူ့ရွာကိုယ့်ရွာ ရွာလူကြီးတေ နှစ်ဘက်ညှိညှက်ပြီး အမှုအခင်းတွေပြီးပြတ်စေတာပါ။ အစိုးရတွေ၊ ဘာသာရေး၊ လူမျိုးရေးတွေသာ ဝင်မနှောင့်ရင် ဘာပြဿနာကြီးငယ်မှမရှိဘဲ အေးအေးချမ်းချမ်း ကူးလူးဆက်ဆံနေကြတာဖြစ်ပါတယ်။ ဒါက ကျနော့် ကိုယ်တွေ့ နယ်စပ်ဒေသတွေနေခဲ့တဲ့အတွေ့အကြုံနဲ့ လေ့လာထားတာလေးတွေအခြေခံပြီး ပြောတာဖြစ်ပါတယ်။
ဗမာပြည်တင်မက ကမ္ဘာအရပ်ရပ်မှာပါ လူမျိုးစိတ်ဒေသစိတ်ကြီးသူတွေ၊ ဇာတိပုညဂုဏ်မာန လုပ်တတ်သူတွေလည်း နယ်ပယ်အသီးသီးမှာ ရှိပါတယ်။ အဲ့ဒီလူတွေဟာ အခြေအနေအရ ငုတ်နေကြပေမယ့် အခန့်သင့်ပြီဟေ့ဆို ဘွားကနဲပေါ်လာတတ်ပါတယ်။ ကိုယ်တိုင် တုတ်ဆွဲ ဒါးဆွဲလုပ်တဲ့သူနဲ့၊ အဲ့သလို မလုပ်လုပ်အောင် သွေးထိုးလှုံ့ဆော်ပေးတဲ့သူဘဲ ကွာပါတယ်။ ပေါ်တင်လုပ်သူနဲ့ ခိုးကြောင်ခိုးဝှက်လုပ်သူဘဲ ကွာပါတယ်။ ခိုးကြောင်ခိုးဝှက်သမားတွေထဲမှာမှ အင်မတန်ကောက်ကောက်ကျစ်ကျစ် လုပ်တတ်သူတမျိုးလည်းရှိပါသေးတယ်။
ကျနော် ထိုင်းမှာနေတုန်းက ဘန်ကောက်က၊ ချင်းမိုင်ကနဲ့ တခြားနိုင်ငံတွေကနေ မဲဆောက်ကို ပြန်လာကြသူတွေနဲ့ဆုံခဲ့ပါတယ်။ နိုင်ငံရေးထဲကလူတွေပါ။ အဲ့ဒီလူတွေ အတူဝိုင်းထိုင်ဆွေးနွေးငြင်းခုန် သောက်စား စကားပြောခဲ့ပါတယ်။
တကြိမ်မှာ ဥရောပဘက်ကနေ ထိုင်းကို လာလည်တဲ့ ဗမာပညာတတ်(ဗမာပညာတတ်လို့ ပြောရတာက သူက ရန်ကုန်သားပါ၊ ဘွဲ့ရပါ၊ စာလေးဘာလေးလည်းရေးပါတယ်၊ နိုင်ငံရေးထဲလည်း ထဲထဲဝင်ဝင်ပါဖူးလို့ပါ)နဲ့ဆုံပါတယ်။ စကားပြောကြရင်း သူက ထိုင်းမှာရောက်နေတဲ့ ကျုပ်တို့လူမျိုးတွေဘဝဟာ ရင်နာဖို့အလွန်ကောင်းတယ်လို့ဆိုတော့ ကျနော်က ဘဝလက်တွေ့အရ ဟုတ်နေတော့အပြည့်အဝထောက်ခံပြီး ဘယ်တတ်နိုင်မလဲဗျာ ကိုယ့်တိုင်းပြည် ကိုယ့်အစိုးရမကောင်းလို့မှ ဒီလိုဖြစ်ရတာကိုး၊ ကျနော်တို့လည်း အလုပ်မတူပေမယ့် ဘဝတွေက တူကြတော့ တယောက်နဲ့တယောက် တတ်နိုင်သလောက် ယိုင်းပင်းရုံသာဘဲလို့ပြောလိုက်ပါတယ်။ ဒီတော့သူက ကျနော်ပြောတာ အဲ့ဒါမဟုတ်ဘူးဗျ၊ လူစင်စစ်တွေဖြစ်ရဲ့သားနဲ့ နိုင်ငံခြားသားတွေကို တိရိစ္ဆာန်တွေလို ရွာသွင်း (ရုံသွင်းမဟုတ်ပါ)ပြစားခံနေရတဲ့ ကျုပ်တို့ ပဒေါင်လူမျိုးတွေအဖြစ်ပါ။ အတော် ရင်နာစရာဗျာ၊ ကျနော်တော့ ကြည့်ရင်း စိတ်ထဲနာကျည်းပြီး ဒေါ်သတွေထွက်လို့ အသားပါ ဆတ်ဆတ်တုန်တယ်လို့ပြောပြီး မေးကြောတွေထောင်လာပါတယ်။ ကျနော်က အပေါ်မှာပြောခဲ့သလို နယ်နိမိတ်သတ်မှတ်ချက်ကြောင့်ဖြစ်ခဲ့ရတာကို ထောက်ပြပြောပေမယ့် သူက လက်မခံပါ။ လက်မခံတဲ့အပြင် ကျနော်က လူမျိုးစုငယ်တွေရဲ့ဘဝကို မစာနာနိုင်သူ အသနားမဖက်သူ စတာတွေပါသုံးပြီး မူးမူးနဲ့ စကားလုံးတွေ ရမ်းကားပါတယ်။ ပြောတာမှ အများကြီးပါ။ ကျနော်လည်း ဆက်မပြောဖြစ်တော့ပါဘူး။ အဲ့ဒီနောက် သူနဲ့ကျနော်လည်း ခုထိ ပြန်မတွေ့ကြတော့ပါဘူး။ သူပြောတဲ့ “ကျုပ်တို့ ပဒေါင်လူမျိုး”ဆိုတာက ဗမာပြည်က ပဒေါင်တွေကို ထိုင်းတွေက ဗမာပြည်ထဲအထိသွား၊ ကိုယ်ထိလက်ရောက်ဖမ်းခေါ်လာပြီး ဒီမှာ တိုးရစ်တွေကိုပြစားရင်း ဒေါ်လာရှာနေတယ်” ဆိုတဲ့သဘောအထိ ကောက်လို့ရအောင်ကိုပြောတာ ဖြစ်ပါတယ်။
ကျနော်တွေးမိတာက လည်ပင်းမှာကြေးကွင်းတွေ စွပ်ထားတာလည်းမှန်တယ်၊ ဗမာပြည်ဘက်မှာကျန်ခဲ့တဲ့ ပဒေါင်တွေနဲ့လည်း တူတယ်။ (အများစုကတော့ ထိုင်းစကားနဲ့စာပေကို မိခင်ဘာသာစကားသဖွယ်သုံးကြပါတယ်) ပဒေါင်လည်း ပဒေါင်တွေဖြစ်ကြပေမယ့် ဒီ ပဒေါင် တွေဟာ သူပြောသလို “ကျနော်တို့လူမျိုးတွေ” မဟုတ်ပါဘူး။ ထိုင်း နိုင်ငံသားတွေပါ။ ဒါက သူ သိရမယ့် အခြေခံအကျဆုံး အချက်တချက်ပါ။
နောက်တချက်က သူပြောသလို တိုးရစ်တွေကိုပြစားတယ်ဆိုတဲ့ကိစ္စပါ။ ကမ္ဘာလှည့်ရီးသွားလုပ်ငန်းဆိုတာ နိုင်ငံခြားငွေရှာဖွေပေးတဲ့ လုပ်ငန်းကြီးဖြစ်သလို ယဉ်ကျေးမှုတွေ ဖလှယ်ရာ ကူးလူးရာ ရှာဖေစေ့ငုရာသဘောလည်းပါပါတယ်။ အပျော်အပါးလိုက်ဖို့လုပ်တဲ့ ခရီးသွား လုပ်ငန်းတွေလည်း များပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံသားပဒေါင်တွေကို လာကြည့်ကြတာက အပျော်အပါးလိုက်စားဖို့မဟုတ်ပါ။ မမြင်ဖူးတာလို့ လာကြည့်သူတွေကများပါတယ်။ အထူးအဆန်းဆိုတော့ ဓာတ်ပုံတွေမှတ်တမ်းတွေ အမှတ်တရရိုက်ကြမှာပါ။ ဒီအထဲမှာ လူမျိုးစုဗေဒ၊ မနုဿဗေဒဒ၊ ဘာသာစကားဗေဒ အစရှိတဲ့ နယ်ပယ်စုံက ပညာရှင်တွေ၊ ပညာတတ်တွေ၊ မှတ်တမ်းရုပ်ရှင်သမားတွေလည်း ပါပါတယ်။ ပဒေါင်လူမျိုးတွေကို လာကြည့်ြ့ကလို့ အဲ့ဒီနေရာတွေဟာ Tourist Attraction စာရင်းထဲဝင်ပါတယ်။ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့အခြားလုပ်ငန်းတွေပါ ဝင်ငွေရပါတယ်။ ပဒေါင်ဒေသတွေကို နိုင်ငံခြားသားတွေလာလို့ လမ်းပမ်းဆက်သွယ်ရေးပိုကောင်းအောင် လုပ်ပေးရသလို လုံခြုံရေး တရားဥပဒေစိုးမိုးရေးတွေပါ အစိုးရကတာဝန်ယူလုပ်ပေးပါတယ်။
တခါ ရွာထဲနေပြီး အကြည့်ခံ ဓာတ်ပုံအရိုက်ခံကြတဲ့ ပဒေါင်တွေကိုလည်း ခရီးသွားအေဂျင်စီတွေက သတ်မှတ်တ့နှုန်းနဲ့ပိုက်ဆံပေးချေရပါတယ်။ ဧည့်သည်တွေက သဒ္ဒါပေါက်လို့ပေးတဲ့ ငွေကြေးနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း လက်ခံယူခွင့်ရှိပါတယ်။ အဲ့ဒီအပေါ်မှာ အခွန်မကောက်ပါ။ တချို့ ပဒေါင်ရွာတွေဆို ပွင့်လင်းရာသီရောက်ပလားဆို ခရီးသွားတွေမျှော်နေကြတာပါ။ အမျိုးသားတွေကတော့ အပြင်ထွက် အလုပ် လုပ်ကြပြုကြပေမယ့် လည်ပင်းကြေးကွင်းစွပ်ထားတဲ့ ပဒေါင်သူ ကြီးကြီးငယ်ငယ်တွေကတော့ ရွာထဲချန်နေပြီး ခရီးသည်တွေကို လည်ပင်းတဆန့်ဆန့် မျှော်နေတတ်ကြပါတယ်။ သူတို့အဖို့လည်း ဝင်ငွေဖြစ်နေတာကိုး။
နောက်တချက်က ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်တွေက ပဒေါင်တွေကို အာဏာသုံးပြီး ပြခိုင်းနေတာမဟုတ်ပါ။ ဘယ်သူကမှ အဓ္ဓမ စေခိုင်းထားတာမဟုတ်ပါ။ ပြချင်စိတ်ပေါက်လာအောင် နည်းမျိုးစုံနဲ့သိမ်းသွင်းတာတွေလည်း ရှိမှာပါ။ မပြချင်တဲ့လူ မပြလို့ရပါတယ်။ ပြတဲ့အတွက်လည်း တယောက်ချင်းအနေနဲ့ အစိုးရဆီက ဘာအခွင့်အရေးမှ ပိုမရပါ။ သူ့နိုင်ငံသားဖြစ်တဲ့အလျှောက် ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံသားအခွင့်အရေးကိုရသလို နိုင်ငံသားတာဝန်လည်း ယူရပါတယ်။ ဆိုင်ရာနိုင်ငံကို သစ္စာခံရပါတယ်။ သဘောက ပဒေါင်တွေဟာ တိုးရစ် ဆွဲဆောင်စရာတွေဖြစ်နေပေမယ့် အာဏာသုံးပြီး အလုပ်ခံနေရတာမဟုတ်သလို ဆုပေးဒဏ်ပေးစနစ်နဲ့ ဖြစ်နေကြတာလည်းမဟုတ်ပါ။ ဆန္ဒအလျှောက်ဖြစ်သလို အိမ်နေရင်း ဝင်ငွေရတဲ့အလုပ်လည်းဖြစ်နေတာပါ။
ဒီနေရာမှာပြောစရာရှိတာက ဒါဟာ စီးပွားရေးလက္ခဏာဆောင်တဲ့ကိစ္စမို့ မသမာမှု ခေါင်းပုံဖြတ်မှုတွေကတော့ အနည်းနဲ့အများရှိမှာ မလွဲပါ။ သတ်မှတ်ထားတဲ့ ခရီးသွားလုပ်ငန်းဥပဒေနဲ့ အခြားဥပဒေတွေကို ချိုးဖေါက်တာ ထင်ရှားတွေ့တယ်ဆိုရင်တော့ အရေးယူခံရမှာပါ။ ဥပဒေဆိုတာက လက်တလုံးခြားလုပ်လို့ရသလို ဗြောင်ကျကျချိုးဖေါက်မှုတွေလည်းရှိမှာ သေချာပါတယ်။ ဒါပေမယ့် ဒါဟာ ယေဘုယျလား ခြွင်းချက်လားကို ကျနော်တို့ စဉ်းစားရမှာပါ။
ပြောမယ်ဆိုတခြားလည်း ပြောစရာတွေရှိပါတယ်။ ဒီနေရာမှာပြောချင်တာကတော့ “ဇာတိပုညဂုဏ်မာနအလံ”ဆိုတာ ထောင်ချင်ဦးတောင် ကျိုးကြောင်းကျကျ ဆင်ခြင်တုံတရားနဲ့ညီမညီ အခြေအနေနောက်ခံဗဟုသုတ စတာတွေနဲ့ချိန်ထိုးဖို့လိုပါလိမ့်မယ်။ ဒါမှမရဘူးကွာ တရုတ်ထဲ က ကချင်တွေလည်း တို့ကချင်၊ ထိုင်းထဲက ပဒေါင်လည်း တို့ပဒေါင်၊ ဘင်္ဂလားဒေ့ရှ်ထဲက ရခိုင်လည်း တို့ရခိုင်၊ အိန္ဒိထဲက ချင်းလည်း တို့ချင်းဆိုရင်တော့ မိမိရဲ့ လူသားစိတ် နိုင်ငံသားစိတ် လူမျိုးစိတ် ဒေသစိတ်တွေကို ပြန်ဆန်းစစ်ကြည့်ဖို့လိုနေပြီလို့ တွေးမိပါတယ်။ မျိုးချစ်စိတ်ထက် ပြည်ချစ်စိတ်ရှိဖို့လိုတာပါ။ ပြည်ချစ်စိတ်မှာတောင်မှ ဉာဏ်နဲ့ယှဉ်မိမှ လူ့အဖွဲ့အစည်းအတွက် အကျိုးဖြစ်ပါတယ်။
မျိုးမြင့်ချို
မေ ၁၃၊ ၂ဝ၁၉

0 comments:
Post a Comment