“မဟော်သဓာ
သားတရားစီရင်ခန်း”လို့ဆိုရင် လူတိုင်းလိုလိုသိပြီးသားပါ။ ညအိပ်ယာဝင်ပုံပြင်ကနေစလိုက်တာ
ဇာတ်ကြီးဆယ်ဘွဲ့၊ အတန်းကျောင်းနဲ့အရပ်ထဲရောက်တဲ့အထိ ကြားရဖန်များလို့ နားစွဲပြီးသားနေမှာပါ။
တခါတလေမှာ ထမီကျွတ်လို့လွှတ်လိုက်ရတာမျိုး၊ မနိုင်၍သည်းခံလိုက်ရတာမျိုးတွေကိုလည်း သားတရားစီရင်ခန်းနှယ်
အကျယ်အကျယ် မငြိမ်းဘွယ်လုပ်ကြတာလည်း ကြားဖူးကြမှာပါပဲ။ အဲ့ဒီ သားတရားစီရင်ခန်းက နိုင်ငံရေး(အာဏာပြဿနာ)ထဲထိပါလိုက်ပြီး
မဆီမဆိုင်ကိုးကား ကာကွယ်တတ်တာလည်းရှိပါတယ်။
ဒါဝိဒ်ရဲ့သားတော်
ရှောလမုန်မင်းကြီးရဲ့ “သားတရားစီခင်ခန်း”ကျ လူသိမများလှဘူး။ ခရစ်ယာန်ဘာသာဝင်တို့ကြားမှာပင်
ပြောသံဆိုသံ အကြားရ နည်းလှတယ်။ ဓမ္မဟောင်းကျမ်းလာဖြစ်တဲ့အပြင် အာရေဗျဘာသာစကားနဲ့ ဒါဝိဒ်လို့ပဲအသံထွက်တဲ့၊
ဟေဗြဲဘိုင်ဘယ်လ်လာအရဆို (ညီညွတ်သောဣသရေလဘုရင့်နိုင်ငံတော်ရဲ့
ဒုတိယမြောက်ဧကရာဇ် David ရဲ့သား)ဆော်လမွန်မင်းကြီးလို့ မြန်မာတွေသိပြီးသား
Jedidiah လို့လည်း အမည်တွင်တဲ့၊ အာရဗစ်လို ဆူလေမန် ဒါမှမဟုတ် ဆလေမန်လို့လည်းခေါ်တဲ့
King Salomon ရဲ့ သားတရားစီရင်ခန်းကိုတော့ အစ္စလာမ်ဘာသာဝင်တွေလည်း မပြောသလောက်ပါပဲ။
မဟော်သဓာတို့ ရှောလမုန်တို့ဆိုတာ ဉာဏ်ပညာအရာမှာ အံ့မခန်းကြီးကျယ်လွန်းလို့ သူတို့စီရင်ခန်းတွေဟာ
လူတွေအကြား အံ့ဘနန်းဖြစ်ရတယ်မဟုတ်လား။ ခုနေများ အဲ့ ဉာဏ်ကြီးရှင်တွေလည်းရှိ၊ သားပြဿနာတွေလည်းရှိ၊
စီရင်ပေးရမယ့်အခြေနေတွေလည်းပေါ်လာလို့ကတော့ ဒီစီရင်ထုံးတွေ အလုပ်ဖြစ်တော့မယ်မထင်ဘူး။
လူတိုင်းက ဘယ်လိုစီရင်မယ် ဘယ်ပုံ ဆုံးဖြတ်မယ်ဆိုတာ သိနေနှင့်ပြီးသားမဟုတ်လား။
ကဲဗျာ
မင်းကြီးရှောလမုန်ရဲ့ သားတရားစီရင်ပုံလေးကြည့်ရအောင်..(စာက ကျနော့်စိတ်ထဲလှမယ်ထင်တဲ့ပုံနဲ့
ပြန်စီထားတာပါ။ မနှစ်ခြိုက်ဘူးဆိုရင် ပြန်ပြင်စီပြီးသာ ဖတ်ကြည့်ပါဗျား)
……….ထိုအခါ
ပြည့်တန်ဆာမနှစ်ယောက်သည်လာ၍
ရှေ့တော်၌ရပ်လျှက်၊
- မိန်းမတယောက်က
အိုအရှင်၊
ကျွန်တော်မနှင့်ဤမိန်းမသည် တအိမ်တည်းနေကြပါ၏။ တအိမ်တည်းနေလျှက် ကျွန်တော်မသည် သားမျက်နှာကိုမြင်ပါ၏။
သုံးရက်လွန်မှတဖန်
ဤမိန်းမသည် သားမျက်နှာကိုမြင်ပါ၏။ ထိုအိမ်၌ အဘယ်ဧည့်သည်မျှမရှိ။
သူနှင့်ကျွန်တော် နှစ်ယောက်တည်းသာ ရှိပါ၏။ ဤမိန်းမသည် ညဥ့်အခါ မိမိသားငယ်ကို ဖိ၍အိပ်မိသောကြောင့်
သားငယ်သေပါ၏။ သန်းကောင်ယံ၌ သူသည် ထ၍
ကျွန်တော်မ
အိပ်ပျော်စဉ်အခါ ကျွန်တော်မသားငယ်ကိုယူ၍ မိမိရင်ခွင်၌ထားပါ၏။
သူ၏သားငယ်အသေကောင်ကိုမူကား၊ ကျွန်မ၏ရင်ခွင်၌ထားပါ၏။ နံနက်အချိန်၌
ကျွန်တော်မသည် သားငယ်ကိုနို့တိုက်မည်ထသောအခါ၊ သားငယ်သည် သေလျှက်ရှိပါ၏။
သို့ရာတွင် ကျွန်တော်မသည် သေသောသူငယ်ကို
စေ့စေ့ကြည့်ရှူသောအခါ၊ ကျွန်တော်မဘွားမြင်သောသား မဟုတ်ပါဟု လျှောက်၏။
-အခြားသောမိန်းမကလည်း
မဟုတ်ဘူး၊ အသက်ရှင်သောသူငယ်သည်
ငါ့သား၊ သေသောသူငယ်သည် သင်၏သားဖြစ်၏ဟုငြင်းလေ၏။
အရင်မိန်းမကလည်း
ထိုသို့မဟုတ်။ သေသောသူငယ်သည် သင်၏သား၊ အသက်ရှင်သောသူငယ်သည် ငါ့သားဖြစ်၏ဟု
ဆိုလေ၏။
ထိုသို့ ရှေ့တော်၌လျှောက်ဆိုကြလျှင်၊
- ရှင်ဘုရင်က
မိန်းမတယောက်က အသက်ရှင်သောသူငယ်သည်ငါ့သား၊ သေသောသူငယ်သည်
သင်၏သားဖြစ်၏ဟုဆိုလျှက်၊ တယောက်က ထိုသို့မဟုတ် သင်၏သားသေပြီ၊
ငါ့သားအသက်ရှင်သည်ဟုဆိုသည်ဖြစ်၍၊ ထားယူခဲ့ဟု မိန့်တော်မူသည့်အတိုင်း ထားကို
ရှေ့တော်သို့ယူခဲ့ကြ၏။
- ရှင်ဘုရင်ကလည်း
အသက်ရှင်သောသူငယ်ကိုခွဲ၍ ထိုမိန်းမတို့အား တယောက်တဝက်စီပေးလော့ဟု
မိန့်တော်မူသော်၊
- အသက်ရှင်သောသူငယ်၏အမိသည် မိမိသားကိုအလွန်သနား၍၊
အိုအရှင် အသက်ရှင်သောသူငယ်ကိုမသတ်ပါနှင့်၊ ဤမိန်းမအား
ပေးတော်မူပါဟု တောင်းပန်လေ၏။
အခြားမိန်းမက
ငါမပိုင်စေနှင့်၊ သင်လည်းမပိုင်စေနှင့်၊ ခွဲပါလေစေဟုဆို၏။
- ထိုအခါ
ရှင်ဘုရင်က
အသက်ရှင်သောသူငယ်ကို မသတ်နှင့်။ အရင်မိန်းမအား ပေးလော့။ သူသည်
အမိမှန်သည်ဟု မိန့်တော်မူ၏။
-ထိုသို့ ရှင်ဘုရင်စီရင်တော်မူသည့်အရာကို
ဣသရေလအမျိုးသားအပေါင်းတို့သည် ကြားသိကြသောအခါ၊ တရားစီရင်စေခြင်းငှာ
ဘုရားသခင်ပေးတော်မူသောဉာဏ်နှင့် ရှင်ဘုရင် ပြည့်စုံကြောင်းကိုသိမြင်၍၊
ကိုယ်တော်ကိုကြောက်ရွံ့ရိုသေကြ၏။
ဓမ္မရာဇဝင်တတိယစာစောင်(ဓမ္မဟောင်းကျမ်း အခန်းကြီး၃၊
အခန်းငယ်၁၆-၂၈)
0 comments:
Post a Comment