BurmaDemocracy, 4 May 2019
ရဲဘော်ဘဝင်း (ရဲဘော်ထွန်းမှ ရဲဘော်ဘဝင်း နာမည်နဲ့ ရေးထားခြင်း ဖြစ်ပါသည်။)
• မင်းလတ်ရဲခေါင်အကြောင်း အကျဉ်းချုပ်
သူနဲ့ မရင်းနှီးပါ။ သူ့အနုပညာ စာတွေလည်း မဖတ်ဖူးပါ။ ဒါပေမဲ့ ၁၉၆၉ ကနေ သူကွယ်လွန်တဲ့ (၁၉၇၆ လို့ထင်တယ်) အထိကာလပိုင်းမှာတော့ တော်တော်ကလေး ပတ်သက်ခဲ့ဖူးတယ်။ သူနဲ့ ပီကင်းမှာ အတူနေခဲ့ဖူးတဲ့ ရှမ်းရဲဘော် လင်မယားဆီက သူ့အကြောင်းကို ကြားထားတယ်။ ရှမ်းစကားကို သူတို့သင်ပေး တာ လပိုင်းအတွင်း ကျွမ်းကျွမ်းကျင်ကျင် တတ်သွားကြောင်း၊ ရှမ်းစာလည်း တတ်သွားကြောင်း၊ သူတို့နဲ့ အတူ ရှမ်းစာကို လက်တင် အက္ခရာနဲ့ ပြုပြင်ဖို့ လုပ်ကြကြောင်း စတာတွေ သိထားရတယ်။
တခြားရဲဘော်တွေ ဆီကလည်း သူ ဗမာပြည်ရဲ့ မြေပေါ်နင်းမိတဲ့အခါ ပထမဆုံး လုပ်တာဟာ လေးဘက်ထောက်ပြီး မြေ ကြီးကို အကြာကြီး ကုန်းနမ်းတဲ့ အကြောင်း၊ မျက်ရည်တွေ လည်း ကျနေကြောင်း သိရတယ်။
နောက်တော့ လူချင်း ခဏတဖြုတ် ကြုံတယ်။ သူက သူ့ကိုယ်သူ မိတ်ဆက်တယ်။ "စာပညာရှင်" ဖြစ်ကြောင်း၊ ‘စာပေ’ မဟုတ်ကြောင်း၊ ‘ပေ’ဆိုတာက ရှေးခေတ်က စာ ဖြစ်လို့ သူက စိတ်မဝင်စားကြောင်း၊ ‘စာ’ကိုပဲ စိတ်ဝင်စားကြောင်း၊ တဆင့်မြှင့်ဖို့ ကြိုးစားတဲ့ အကြောင်းတွေ အများကြီးပြော ပါတယ်။ နားထောင်တာပဲ လုပ်လိုက်ပြီး ဘာမှ မှတ်ချက် မပေးလိုက်ပါ။
သူက ကချင်စကား ကောင်းကောင်းတတ်နေပြီး ကချင်စာမြှင့်တင်ရေးကို လုပ်နေကြောင်း နောက်တော့ ကြားရတယ်။ ဘာသာစကား တခုကို သင်ယူတာမှာတော့ အလွန်ထူးချွန် တာ သေချာပါတယ်။
နောက်ပိုင်းမှာ သူနဲ့ မကြုံတော့ပါ။ တခါမှာတော့ သူ့ကို နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတွေနဲ့ ခပ်လှမ်းလှမ်းက တွေ့လိုက်ရလို့ မုတ်ဆိတ်ရိတ် ဂျုတ်နဲ့ ဓားတွေ ဝယ်သွားပြီး တကူးတက သွားပေးမိတယ်။
အဲဒီကျတော့မှ သူက သူဟာ အခု ‘စာပညာရှင်’ မလုပ် တော့ဘူး။ ‘သဘောတရားရေး ပညာရှင်’ လုပ်နေကြောင်း ပြောပါတယ်။ ‘လီနင်ဝါဒ’ကို တိုးချဲ့ပြီး ‘မင်းလတ်ရဲခေါင် ဝါဒ’ကို ရေးနေကြောင်း အများကြီး ပြောပါတယ်။ သဘောတရား ပညာရှင်ဖြစ်လို့ မုတ်ဆိတ်မွေး နှုတ်ခမ်းမွေး ပါးမုန်းမွေးတွေ တမင်မွေးထားတာ ဖြစ်ကြောင်း ပြောပါတယ်။
တနေကုန် သူ ရှင်းပြတာတွေကို ချုပ်လိုက်ရင်
+ သူက မော်စကို၊ ပီကင်းမှာ သဘောတရားရေး လေ့လာခဲ့သူမဟုတ်လို့ ဟိုက ရိုက်သွင်းတဲ့ သဘောတရားတွေ သူ့မှာ မရှိဘူး။
+ သူက လီနင်လိုပဲ အရှေ့ဥရောပတခွင် လှည့်လည်ပြီး လေ့လာခဲ့ရသူ ဖြစ်တယ်။ လီနင်လျှောက်ခဲ့တဲ့လမ်း၊ လီနင် နင်းခဲ့တဲ့ ကျောက်တုံးတွေကို နင်းလျှောက်ရင်း လီနင်ဝါဒကို တိုးချဲ့တဲ့ ‘မင်းလတ်ရဲခေါင်ဝါဒ’ကို သူ ရရှိခဲ့တာ ဖြစ်တယ်။
+ ခင်ဗျားတို့က တောထဲတောင်ထဲမှာ နေရတော့ ဘယ်လိုမှ သဘောတရားကို ကြံဆချိန် မရှိဘူး။ တောထဲတောင်ထဲမှာ မာ့က်စ်ဝါဒ-လီနင်ဝါဒ တိုးချဲ့ဖို့ အခွင့်အလမ်း မရှိဘူး။
+ သူ့ရဲ့ ‘မင်းလတ်ရဲခေါင်ဝါဒ’ ကျမ်းစာအုပ်ကြီး ရေးပြီးရင် ပါတီဗဟိုသို့ ပို့လိုက်မယ် - ဆိုတာတွေပဲ။
သူ့ရောဂါ မသေးဘူးဆိုတာ သိရပြီးနောက်မှာ သူ့စာအုပ်ကြီး ရောက်လာတယ်။ တော်တော် ထူတယ်။ စာမျက်နှာ ရာချီ ရှိတယ်။ ‘သူ့ဝါဒ’ ကို ချုပ်လိုက်ရင် တကမ္ဘာလုံးရှိ လူမျိုးတိုင်း ခွဲထွက်ကြ။
ဗမာပြည်မှာလည်း ခွဲထွက်ကြ။ လူဦးရေအနည်းအများ၊ နယ်မြေအကျယ်အဝန်း ဘာမှ ကန့်သတ်မထားနဲ့။ တကမ္ဘာလုံးမှာ တိုင်းပြည်ပေါင်း ထောင်သောင်းချီပြီး ရှိပေစေ။ အဲသလိုပဲ ဗမာပြည်မှာလည်း တိုင်းပြည်လေးတွေ ပေါ်လာပေ့စေ၊ ပြီးမှ ဆန္ဒအလျောက် ပေါင်းစည်းကြဖို့ ‘မင်းလတ်ရဲခေါင် ဝါဒ’ နဲ့ စည်းရုံးရမယ်။
စည်းရုံးလို့ ရသူတွေကိုစုပေါင်းပြီး “ဧရာလွင်” (ဧရာဝတီ+ သံလွင်) ပြည်ထောင်စု’ တည်ထောင်ဖို့ပဲ။
ဒါကို သူက ကျမ်းတစောင်လို ရေးထားတာပါ။ ပါတီဗဟိုက လှည့်ဖတ်တယ်။ ခေါ်ပြီး ဆွေးနွေးဖို့ စီစဉ်တယ်။
အဲဒီကာလမှာပဲ သူက တရုတ်ပြည်မှာ ‘လင်ပြောင်ဝေဖန်ရေး၊ ကွန်ဖြူးရှပ် ဝေဖန်ရေး’ လုပ်သလို ‘ဗသိန်းတင် ဝေဖန်ရေး’ ‘ဗကပ ဝေဖန်ရေး’ ပိုစတာတွေ ရေးပြီး ဈေးထဲမှာ လိုက်ကပ်တယ်။
ဒါကြောင့် ဗဟိုက အမြန်ပဲ ခေါ်ပြီး ဆွေးနွေးရတယ်။ သူ ပြောတာရဲ့ အချုပ်က -
+ ‘မင်းလတ်ရဲခေါင် ဝါဒ’ကို ပါတီက လက်ခံရင် ‘ဗသိန်းတင် ဝါဒ’ ဆိုပြီး ထုတ်ပြန်ဖို့ သူလက်ခံနိုင်တယ်။ သူ့နာမည် မပါလည်းရတယ်။
+ လက်မခံရင် သူက ပါတီထဲက ထွက်ပြီး သူ့ဝါဒကို ကျယ်ကျယ် ပြန့်ပြန့် ဖြန့်မှာပဲ။ ပိုစတာတွေ ကပ်မှာပဲ။
BIA ကို အားကျပြီး SSA , KIA လုပ်နေသူတွေကို အားပေးမှာပဲ။ (ဗမာနီ၊ ဗမာဖြူတိုက်နေတဲ့ ‘ဗမာ့အခက်’ကို ‘ရှမ်း၊ ကချင်အချက်’ ဆိုပြီး SSA, KIA က လုပ်နေကြချိန် ဖြစ်တယ်။ ရှမ်းနဲ့ မတိုက်ရပေ မယ့် ကချင်နဲ့ တိုက်နေရချိန် ဖြစ်တယ်။)
သူ့တောင်းဆိုချက်ကို (ဗဟို)က ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဒါကြောင့် သူ့ကို “ကာလတခု အနားယူပြီး တကမ္ဘာလုံးကအခြေအနေကို လေ့လာပါ။ အာဖရိက၊ လက်တင်အမေရိက၊ အာရှက အခြေအနေတွေ လေ့လာဖို့ စီစဉ်ပေးမယ်”လို့ ဗဟိုက ပြောတော့ သူက ပွဲကြမ်းလာတယ်။
သခင်ဗသိန်းတင်ကို လက်ညှိုးထိုးပြီး “ခင်ဗျားက ထားဝယ် လူမိုက်၊ ကျုပ်က လမ်းမတော် ဖိုးတုတ်ရဲ့တူ၊ ရန်ကုန်လူမိုက်။ အမိုက်ပြိုင်ကြမယ် ဆိုပြီး အစည်းအဝေး ခန်းထဲကနေ ဆောင့်ကြီးအောင့်ကြီး ထွက်သွားတယ်။
ပိုစတာတိုက်ပွဲက ဈေးထဲမှာပဲ မကတော့ဘဲ နေရာတကာမှာ လုပ်လာတယ်။ သူနဲ့ခင်တဲ့ ကချင် ရဲဘော် တွေကတောင် သူ့ကို ရှောင်ကြတယ်။ KIA ဆီကို သွားဖို့ ဘယ်သူ့ကိုမှ မြှူဆွယ်လို့ မရ ဖြစ်လာတယ်။ နောက်ဆုံးတော့ ပိုစတာတိုက်ပွဲ ဆင်လည်း ဘယ်သူမှ ဗမာစာ မတတ်တဲ့၊ ကချင်စာမတတ် တဲ့ ‘၀’မြောက်ကို ပို့ထားရတယ်။ အကျဉ်းချုပ်လည်း မဟုတ်၊ အကျယ်ချုပ်လည်း မဟုတ် လွတ်လွတ်လပ်လပ် ထားတာပဲ၊
ဒါကို ချက်ကောင်းယူပြီး သူက အကျဉ်းချထားတဲ့ ကချင်သုံ့ပန်းတယောက်ကို စည်းရုံးပြီး ထောင်ဖောက်ပြေးဖို့ စီစဉ် တယ်။ ပြေးကြတယ်။ ဒါပေမဲ့ သူက ဒီတခါတော့ ‘၀’ စကား သင်မထားမိလို့၊ ၀နယ်ထဲက လွတ်အောင် မပြေးနိုင်ဘဲ တဝဲလည်လည် ဖြစ်နေလို့ ထောင်စောင့်တွေက လိုက်လံပစ်ခတ် ဖမ်းဆီးတာကြောင့် သေသွားတာပဲ။
ဘယ်ရက်၊ ဘယ်လ၊ ဘယ်နှစ်ဆိုတာကို မှတ်မထားလို့ အတိအကျ မရေးနိုင်ပါဘူး။
• သူ့အကြောင်းကို ဘာ့ကြောင့် ရေးရသလဲ
NLD က ရွေးကောက်ပွဲ သပိတ်မှောက်တော့ ဂျာနယ်တခုက
ရဲဘော်ဌေးတို့ တစု စစ်အစိုးရကို အာခံလို့ ဇာတ်သိမ်းမကောင်း ကြောင်းကို ဆက်တိုက်ရေးတယ်။ လွန်ခဲ့တဲ့ နှစ် ‘၄၀’ ကျော်၊ ‘၅၀’ကျော်က ဓာတ်ပုံတွေ ဖောဖောသီသီ သုံးတယ်။
ရဲဘော်ဌေးတို့ တစု စစ်အစိုးရကို အာခံလို့ ဇာတ်သိမ်းမကောင်း ကြောင်းကို ဆက်တိုက်ရေးတယ်။ လွန်ခဲ့တဲ့ နှစ် ‘၄၀’ ကျော်၊ ‘၅၀’ကျော်က ဓာတ်ပုံတွေ ဖောဖောသီသီ သုံးတယ်။
အဓိပ္ပာယ်က ရှင်းတယ်။ စစ်အာဏာကို အာခံရင် ဇာတ်သိမ်းမကောင်းဘူး - ဆိုတာ NLD ကို စောင်းမြောင်း ခြိမ်းခြောက် တာပဲ။ ဒါက ရွေးကောက်ပွဲ မတိုင်မီက ခြိမ်းခြောက်တဲ့ နည်း။
အခု ရွေးကောက်ပွဲပြီးတော့ ရဲဘော်ဌေးတို့အကြောင်း မရေးတော့ဘူး။ အရှေ့မြောက်က အကြောင်းကို လှည့်လာတယ်။ ‘
'ထို့ကြောင့် ဤသို့’ အစုကို ပွဲထုတ်ဖို့ ပြင်လာတယ်။
‘ထို့ကြောင့် ဤသို့’ အစုက အရှေ့မြောက်မှာ ကျင်လည်ခဲ့သူတွေပဲ။ အရင်းလဲလို့ အဖျား ထင်း ဖြစ်ရသူတွေပဲ။ ဖြုတ်ထုတ်သတ်ကို မကြုံဖူးကြဘူး။ မင်းလတ်ရဲခေါင် နဲ့လည်း မတွေ့ လိုက်ကြရဘူး။ ရဲဘော်ဌေးတို့အကြောင်း ရေးတုန်းက အဲဒီဂျာနယ်က မင်းလတ်ရဲခေါင် ‘ဖြုတ်ထုတ်သတ်’ ခံရသလိုလို ဘာလိုလို ဝေ့လည်လည် ရေးတာတွေ့ရတယ်။ ဒါကြောင့် အဖြစ်မှန်က ဘာဆိုတာကို သိစေချင်လို့ ရေးတာပဲ။
ရွေးကောက်ပွဲ ပြီးတဲ့နောက်မှာ ‘ဗကပ’ ရဲ့ ရယ်ဒီကယ် (ပြတ်သားတဲ့) လမ်းစဉ် တစခန်း ထလာမှာကို ကြောက်လို့၊ NLDနဲ့ ဒီမိုကရေစီ အင်အားစုတွေ ‘ရယ်ဒီကယ်လမ်းစဉ်’ကို မလိုက်မိစေဖို့ ဘေးဆီးရန်ကာ သဘော လုပ်လာနေလို့ ရေးတာပါပဲ။
ကွယ်လွန်သွားသူ (ဘာမှ ပြန်ပြီး ဖြေရှင်းချက် မပေးနိုင်သူ) ကို ဖိထောင်းတဲ့ အလုပ်က အောက်တန်းကျတယ်။ ရွံစရာ ကောင်းတယ်။ ဒီလိုအလုပ်မျိုး ဘယ်တော့မှ လုပ်မှာ မဟုတ် ပါဘူး။
မင်းလတ်ရဲခေါင်ဟာ ရှေ့တမျိုး ကွယ်ရာတမျိုး လုပ်တတ်သူ မဟုတ်တာကိုတော့ အထက်မှာ ရေးခဲ့တာ ကြည့်ခြင်းအားဖြင့် ရှင်းပါတယ်။
‘စာ ပညာရှင်’ လုပ်နေတုန်းက သူနဲ့ အလွတ်သဘောတော့ ဆွေးနွေးဖူးတယ်။ စာတွေကို အရမ်းကာရော ပြင်တာ မလုပ်သင့်ဘူး။ ဗမာရဲ့- (က) (ခ) လိုပဲ ရှမ်းမှာ က ခ တွေနဲ့ စာရှိပြီးသားပဲ။ အဲဒါကို လက်တင်အက္ခရာနဲ့ လဲပေးရင် ရလဒ်ကောင်း ထွက်လာမှာ မဟုတ်ဘူး ထင်တယ်လို့ ပြောဖူးတယ်။ သူက ဇွတ်တိုးပြီး လုပ်တာ မတွေ့ရဘူး။
သူက ‘စာပညာရှင်’ ကနေ ‘သဘောတရား ပညာရှင်’အဖြစ် ကူးဖို့ စိတ်ကူးရှိသွားလို့လည်း ဖြစ်နိုင်ပါ တယ်။
သူသာ အခုထိ အသက်ရှင်နေသေးရင် အရှေ့ ဥရောပ၊ အာဖရိကနဲ့ အာရှ အလယ်ပိုင်းမှာ တိုင်းပြည်သစ်တွေ ပေါ်လာတာ၊ လူမျိုးလိုက် မျိုးဖြုတ်ကြတာကို တွေ့ရင်၊ ဗမာပြည် မှာခွဲထွက်သူတွေကို စစ်အစိုးရက ဖဲ့ထုတ်စည်းရုံးသွားတာ တွေ့ရင် သူ့‘ဧရာ- လွင် စီမံကိန်း’ ကို တမျိုးပြုပြင်ဖို့ စဉ်းစားလိမ့်မယ် ထင်ပါတယ်။
သူ့စဉ်းစားနည်းအတိုင်း သခင်စိုး စဉ်းစားဖူးတယ်။ ပါတီထဲ ပြန်ရောက်လာတဲ့ လှမင်း (ရှမ်းပြည်) တို့လို အလံနီဟောင်း တွေလည်း လက်တွေ့လုပ်ဖူးတဲ့ အကြောင်းတော့ သူ့ကို (သူ အစည်းအဝေးခန်းက ဒေါနဲ့ မောနဲ့ ထွက်သွားပြီးနောက်) ဆွေးနွေးဖူးတယ်။
ရှမ်းအမျိုးသား အဖွဲ့ချုပ်၊ အင်း အမျိုးသားအဖွဲ့ချုပ်၊ ပလောင် လီရှော- စတဲ့ အမျိုးသား အဖွဲ့ချုပ်တွေကို လှမင်း (ရှမ်းပြည်) တို့က ခွဲထွက်ဖို့ ဖွဲ့ဖူးတာပဲ။ ဦးဗဆွေနဲ့ သခင်သာခင်တို့က အဲဒီအဖွဲ့ချုပ်တွေကို ကြိတ်ပြီး စည်းရုံး လိုက်တော့ ပါသွားကြပြီး အားလုံး လက်နက်ချကြတာ နဲ့ ဇာတ်သိမ်းခဲ့ကြတာပဲ- လို့ ရှင်းပြတယ်။ သူ ဘာမှ ပြန်မပြောဘူး။
သူ့သဘောတရားကို လက်တွေ့လုပ် ကြည့်သင့်တယ်လို့ပဲ ပြောတယ်။ လက်နက်ချဖို့တော့ သူ့စဉ်းစားမှုထဲ မပါဘူး- လို့ ပြောတယ်။ သူ့ကို အကဲဖြတ်ရ ခက်ပါတယ်။
(ရဲဘော်ဘဝင်း)
အရေးတော်ပုံဂျာနယ် (အတွဲ ၁၊ အမှတ် ၄)
အရေးတော်ပုံဂျာနယ် (အတွဲ ၁၊ အမှတ် ၄)
0 comments:
Post a Comment