Tuesday, May 14, 2019

(လက်သည်းလှီးတဲ့အမေ) မျိုးမြင့်ချို

0 comments
(လက်သည်းလှီးတဲ့အမေ)
ကျနော့်မှာ ညှပ်စရာ ခြေသည်းလက်သည်းက ၅ ခုဘဲရှိတယ်။ ဘယ်ခြေထောက်မှာ ခြေချောင်း ၅ ချောင်းလုံးအပြည့်ရှိသေးတယ်။ ကျနော်ဟာ အဲ့ဒီ ခြေ ၅ ချောင်းလက်ကျန်လေးကိုတောင် အညှပ်ရ အတော်ပျင်းပါတယ်။ ညှပ်ရင်တော့ လက်သည်းညှပ်နဲ့ ကိုယ့်ဘာသာပဲ ညှပ်ပါတယ်။ သိတ်ရှည်လာလို့ ဖိနပ်ထဲထောက်ထောက်နေရင်၊ ခြေအိပ်စွပ်လို့ ထစ်ထစ်နေရင်၊ စောင်ခြုံလို့ သွားသွားငြိလာပြီဆိုရင်တော့ မဖြစ်မနေညှပ်ပါတယ်။ ခြေစွယ်ငုတ်တာတွေဘာတွေလည်းမဖြစ်တော့ တော်ရုံရှည်နေလည်း ဘာမှမဖြစ်တော့ ဒီတိုင်းထားလိုက်တာပါဘဲ။

ပျင်းတယ်ဆိုတဲ့အပိုင်းမှာ အပျင်းချည်းသက်သက်ကြောင့်လို့တော့ ပြောလို့မရဘူး မှတ်ပါတယ်။ ကျနော့် ဘယ်ဘက်လက်မှာက လက်အဆစ်ပေါင်း ၅ ဆစ်နီးပါးရှိသေးတော့ လက်သည်းညှပ် ကိုင်လို့တော့ ရပါသေးတယ်။ ဒါပေမယ့် ထိန်းရတော့ အတော်ခက်ပါတယ်။ ချော်ထွက်သွားလိုက် လွတ်ကျသွားလိုက်နဲ့ကိုး။ နောက်ပြီး ညှပ်တဲ့ခြေထောက်ကလည်း ဘယ်ဘက်၊ ညှပ်တဲ့လက်ကလည်း ဘယ်လက်၊ ဒီကြားထဲ ဘယ်မျက်လုံးကပါ ၄ ကြိမ်ခွဲပြီးကွယ်သွားတော့ မမြင်ပြန်ဘူး။ ခေါင်းတစောင်းနဲ့ကြည့်ရတယ်။
လက်သည်းညှပ်ရင် ကြမ်းပြင်ပေါ်ဖင်ထိုင်ချ၊ ဘယ်ခြေ ဘယ်လက်ကို ညာမျက်စေ့နဲ့ ခေါင်းကိုစောင်း ခါးကိုလိမ်ပြီးကြည့်ရပါတယ်။ ကိုယ်အနေအထားက မမှန်တော့ ဟန်ချက်တွေကပျက် လက်သည်းညှပ်ကချော်ထွက်လိုက် လွတ်ကျလိုက်နဲ့ ခြေသည်းလေး ၅ ချောင်း တခါညှပ်ရင် အနည်းဆုံး ၅ မိနစ်လောက်အချိန်ကုန်ပါတယ်။ ညှပ်နေရင်း ကိုယ်ကစောင်း ခါးကလိမ်ထားတော့ လူက ကိုယ့်အမြီးကိုယ်ပြန်ကိုက်တဲ့ခွေး ချာလပတ်လည်သလို လည်လည်သွားတာလည်း ဖြစ်တတ်ပါတယ်။ အဲ့ဒါ စိတ်ညစ်တာလည်း ပါတယ်။ ပျင်းတာလည်းပါတယ်ပေါ့ဗျာ။ မိန်းမကတော့ အမြဲတမ်း သူညှပ်ပေးမယ်ပြောပါတယ်။ ကျနော်က ငယ်ငယ်လေးထဲက လက်သည်းခြေသည်း သူများညှပ်ပေးတာကိုမကြိုက်တော့ နေပေ့စေ ကိုယ့်ဘာသာလုပ်မယ်လို့ ပြောရပါတယ်။
ငယ်ငယ် ကိုယ့်ဘာသာ မညှပ်တတ်ခင်တုန်းကတော့ အမေက ညှပ်ပေးပါတယ်။ တခါတလေလည်း အမကြီး မမီမီအေးကညှပ်ပေးပါတယ်။ အမေက လက်သည်းခြေသည်းညှပ်ရင် ဘယ်တော့မှ လက်သည်းညှပ် မသုံးဘူး။ ဘလိတ်ဒါးနဲ့ပဲ လှီးတာ။ အမေက လက်သည်းခြေသည်း လှီးမယ်လာဆိုပြီး ကလေးတွေကိုခေါ်တတ်တယ်။ ခုထိလည်း လက်သည်းညှပ်နဲ့သာ ညှပ်နေတာ လက်သည်းလှီးတယ်လို့ပဲ သုံးနေတုန်းပါဘဲ။
ဘလိတ်ဒါးနဲ့ လက်သည်းခြေသည်းလှီးတာ အလွန်အူယားစရာပေမယ့် အမေလှီးလိုက်လို့ ဘယ်သားသမီးတယောက်မှ ဓားပြတ်သွားတယ်တို့ ဓားရှသွားတယ်လို့မရှိဘူး။ တခါတလေမျေား ခြေစွယ်ငုတ်ချင် သလိုလိုဖြစ်နေတာတွေ့ရင် အဲ့ဒီ ဘလိတ်ဒါးလေးကိုပဲ ကော့ပြီး ကွေးပြီး ခြေမနဲ့အသားကြား အဖျားလေးနဲ့ ထိုးထည့်ကလော်ပြီး ခြေသည်းစောင်းကလေးကို ထပ်ကနဲ လှီးဖဲ့ထုတ်ယူသွားတာများ ပဉ္စလှည့်အတတ်လားတောင်မှတ်ရတယ်။
တခုတော့ရှိတယ်။ အမေက အသန့်အပြန့်နဲ့ အသပ်အရပ် အလွန်ကြိုက်သူဆိုတော့ လက်သည်းခြေသည်းလှီးပြီဆိုရင် အောက်ခံအသားနဲ့ တတိတည်းဖြစ်အောင် လှီးတာ။ လက်သည်းခြေသည်းကြား ဂျီးရှိနေရင် အမေမကြိုက်ဘူး။ တခုခုစားမှာမို့ လက်ဘယ်လောက် စင်အောင်ဆေးဆေး အဲ့ဒီဂျီးရှိနေရင် အမေပြောတော့တာဘဲ။ အဲ့သလို တုံးတိနေအောင်လှီးတာကို ကျနော်ကမကြိုက်ဘူး။ မကြိုက်ရတာက တုံးတိသွားလို့မဟုတ်ဘူး။ တုံးတိက လှီးတုန်းလည်း ဘာမှမဖြစ်ဘူး လှီးပြီးလို့ ဘာမှ မဖြစ်ရင်လည်း ဘာမှမဖြစ်ဘူး။ ဒါပေမယ့် ကျနော်က ဖြစ်တယ်။ ဘာလို့လည်းဆိုတော့ ကျနော်က အလွန်အဆော့အကစားသန်တဲ့ကောင်။ လက်သည်းလှီးပြီးစ ထိုးကြိတ်သတ်ပုတ်တာမျိုးကစားရင်း လှီးထားတဲ့လက်ဖျားခြေဖျားနဲ့ တခုခုနဲ့ သွားခတ်မိ ခိုက်မိ ထိမိပြီဆိုရင်တော့ လက်သည်းခွံနဲ့အသားကြား နည်းနည်းကွာသွားတတ်တယ်။ အဲ့ဒီအခါကျ နာတယ်။ အဲ့ဒီတုန်းကတော့ လက်သည်းလေး အစွန်းနည်းနည်းထားပြီးလှီးပေးပါအမေရယ်လို့လည်း ပြောရကောင်းမှန်းမသိတော့ အမေလက်သည်းလှီးပေးတာကို သိတ်မကြိုက်ပေမယ့် ဒီလိုပဲ ပေတေပြီးခံရတာပေါ့။ ကိုယ်မှ မသိတာကိုး။ ခြေသည်းလက်သည်းကို ငုံးတိုအောင်မညှပ်ရ မလှီးရဘူးဆိုတာက ကြီးမှသိတာ။
ဟိုးတလောကလည်း အိမ်ထဲမှာ နည်းနည်းပူတော့ ကျနော်က ခြေအိပ် ချွတ်ထားတယ်။ အမေက တချက်လှမ်းကြည့်ပြီး သူ့အခန်းထဲ ဝင်သွားတယ်။ ပြန်ထွက်လာတော့ လက်သည်းညှပ်လေးယူလာပြီး မင်းခြေသည်းလေးတွေရှည်နေပြီ၊ အမာညှပ်ပေးရမလားတဲ့။ ရပါတယ် ကျနော့်ဘာသာ ညှပ်မယ်ဆိုတော့ ဘေးကနေကြည့်နေတယ်။ ကျနော် တယောက်တည်း ချာလပတ်လည်နေတာကြည့်ပြီး ပေးပေး အမာညှပ်ပေးမယ်၊ မင်းညှပ်ရတာအဆင်မပြေဘူးဆိုပြီး လက်သည်းညှပ်လှမ်းတောင်းတော့ ရတယ်အမေ ကျနော့်ဘာသာညှပ်မယ်ဆိုတော့ ဘာမှ မပြောတော့ဘဲ ဘေးက ခုံလေးပေါ်ထိုင်နေတယ်။ ကျနော်လည်း ခက်ရာခက်ဆစ်တွေ ခါးလိမ်ကိုယ်လိမ်တွေနဲ့ ညှပ်ညှက်ပြီးလို့ အပေါ်မော့ကြည့်တော့ အမေကျနော့်ကို ကြည့်နေတယ်။
အမေ့မျက်လုံးမှာ စိတ်မကောင်းဖြစ်နေတာ ကျနော့်ကြည့်ပြီးသနားနေတာ အထင်းသားပေါ်နေတယ်။ တော်တော်လေး စိတ်ထိခိုက်နေမှန်း သိသာတယ်။ ကျနော် တခါမှ သူ့ရှေ့မှာ အဲ့လို မညှပ်ဖူးဘူးကိုး။ ကျနော်လည်း စိတ်မကောင်းဖြစ်သွားတယ်။ ငါ့အမေ့ကို ပေးညှပ်လိုက်ရကောင်းသားလို့ စိတ်ထဲဖြစ်မိတယ်။ ဒါနဲ့ နောက်တခါကျ အမာညှပ်ပေးပေါ့ဆိုတော့ အေးလေလို့ပြောရင်း ခါးလေးကုန်း ကျနော့်ခြေသည်းတွေကိုကြည့်ပြီး ခြေသန်းထောင့်က အစွယ်လေးကို တိလိုက် သား၊ ဒါမှ ကောင်းမှာ၊ နို့မို့ဆို အဲ့ဒါလေးက ညဘက်စောင်ဆွဲခြုံလိုက်လိုက်လို့ စောင်နဲ့သွားငြိရင် အတော်အခံရခက်တယ်၊ ငြိပြီး ခြေသည်းကွဲသွားရင် ပြန်မဆက်တော့ဘူး၊ အဲ့ဒီအတိုင်းကွဲနေပြီး ရှည်ရှည်ထွက်လာ တတ်တယ်၊ ခြေအိပ်စွပ်လို့သွားထိရင်လည်း နာတယ်လို့ပြောတယ်။ ကျနော်လည်း ဟုတ်သားပဲလို့တွေးမိပြီး အဲ့ဒီခြေသည်းစောင်းလေးကို တချက်ညှပ်ထုတ် လိုက်တော့ အမေက သူ့လက်နဲ့စမ်းပွတ်ကြည့်ပြီး အေးခုမှ ချောသွားတာလို့ပြောပြီး စာရွက်အထူလေးပေးတယ်။
ကျနော် ရုတ်ရက်ကြောင်သွားတယ်။ နောက်မှ ချက်ခြင်းသဘောပေါက်ပြီး လက်ကိုတံတွေးဆွတ်ပြီး ခြေသည်းစလေးတွေကို စာရွက်ပေါ် တခုချင်းကောက်တင်၊ အိမ်အပြင်က ပန်းအိုးထဲသွားထည့်တယ်။ 'ခြေသည်းလက်သည်းဆိုတာ လှီးပြီးရင် အိမ်ထဲမှာ မရှိရဘူး၊ အိမ် လာဘ်တိတ်တတ်တယ်လို့ ရှေးလူကြီးတွေကပြောတယ်'ဆိုတဲ့ ငယ်ငယ်လေးကတည်းက အမေပြောနေကြစကားကိုပြန်တွေးမိပြီး စိတ်ထဲ ငိုချင်သလိုလိုဖြစ်တယ်။ မျက်ရည်လည်း ဝဲတယ်။ ဝမ်းလည်းနည်းတယ်။ ညီအကိုမောင်နှမတွေအားလုံးကိုလည်း အောက်မေ့တယ်။ တိုင်းပြည်ကိုလည်း လွမ်းတယ်။
မျိုးမြင့်ချို
မေ ၁၂၊ ၂ဝ၁၉

0 comments:

Post a Comment