Friday, November 15, 2019

(ဝန်တကယ် ပိပြီလား)

0 comments
(ဝန်တကယ် ပိပြီလား)
အမေရိကန်ဟာ ကမ္ဘာ့နေရာဒေသတော်တော်များများမှာ လှည့်ပတ်ပြီး သူ့စစ်အခြေစိုက်စခန်းတွေ ချထားတယ်။ တချို့နိုင်ငံတွေမှာ တပ်ပါစွဲထားပြီး တချို့နေရာတွေမှာ ဝင်ပါတိုက်နေတာဖြစ်တယ်။ အကြောင်းပြချက်က အမေရိကန့်အကျိုးစီးပွားအတွက်ဖြစ်တယ်။ အမေရိကန်အကျိုးစီးပွားဟာ ကြီးတယ်၊ နေရာတိုင်းမှာရှိတယ်လို့ ဆိုရင်မမှားဘူး။ ဒီလို ကြည်းရေလေ စစ်အခြေစိုက်စခန်းတွေချတာမှာ အမေရိကန်တနိုင်ငံတည်းအနေနဲ့လုပ်တာရှိသလို နေတိုးစစ်စာချုပ်အဖွဲ့အနေနဲ့လုပ်တာလည်း ရှိတယ်။ အမေရိကန်ချည်းပဲ လုပ်တဲ့နေရာမှာ အဓိကအားဖြင့် ပုံစံ ၃ မျိုး နဲ့လုပ်တယ်။ တမျိုးက အမေရိကန်က နေရာဒေသတွေကို ဘယ်နှနှစ်စာချုပ်နဲ့ မြေငှားတယ်ဆိုပြီး မြေအပြတ်ငှားပြီး စစ်စခန်းဖွင့်တာ။ နောက်တမျိုးက ကုန်ကျစရိတ်တွေကို သက်ဆိုင်ရာနိုင်ငံတွေနဲ့မျှခံတာဖြစ်တယ်။ အများစုကိုတော့ အမေရိကန်ကစိုက်တယ်။ နောက်တမျိုးက မျှတော့ခံကြတယ် ဒါပေမယ့် ဟိုနိုင်ငံတွေဘက်က အမေရိကန်ကို လူမိုက်ငှားတဲ့သဘောဖြစ်ပြီး ဟိုဘက်က စရိတ်စခ ပိုခံရတယ်။ အမေရိကန်ဘက်က စိုက်တော့စိုက်တယ်။ နည်းတယ်။ အသေးစိတ်ပြောရရင် စစ်ရေးအပါအဝင် အခြားခေါင်းစဉ်အမျိုးမျိုးနဲ့ပေးတဲ့ အကူအညီတွေရှိတယ်။ ဒါပေမယ့် အလကားမတ်တင်းတွေချည်းပဲတော့လည်း မဟုတ်ဘူး။
ခုက တောင်ကိုးရီးယားနဲ့ဖြစ်တာကိုပြောမှာဆိုတော့ အဲ့ဒါလေးပဲ ကွက်ပြီး ယေဘုယျပြောပါရစေ။ ကိုးရီးယားစစ်ပြီးတဲ့နောက် ကိုးရီးယားကျွန်းဆွယ် တောင်နဲ့မြောက် ၂ ပိုင်း အပိုင်းခံရတယ်။ ဒါကလည်း ဆန်းသလားဆိုတော့ မဆန်းဘူး။ ကမ္ဘာနဲ့ချီတဲ့စစ်ပွဲကြီးတွေပြီးသွားရင် ကမ္ဘာ့မြေပုံပြန်ပြင်ဆွဲသလို အိုင်ဒယော်လော်ဂျီအခြေခံတဲ့ ဒေသန္တရစစ်ပွဲတွေပြီးသွားရင်လည်း ဒေသ မြေပုံပြန်ပြင်ဆွဲကြတာပဲ။ တောင်ကိုးယား၊ မြောက်ကိုးရီးယားနည်းတူ တောင်မြောက် အရှေ့အနောက် အခွဲခံလိုက်ရတဲ့ပြည်တွေ ကမ္ဘာပေါ်မှာရှိနေတာ သတိပြုမိကြမှာပါ။ အခြေခံကတော့ အင်အားကြီး ဒါမှမဟုတ် အင်အားလွန်နိုင်ငံကြီးတွေက ဝင်စွက်တာတွေကြောင့်လို့ ပြောရင် ဘယ်သူမှ ငြင်းမယ်မထင်ဘူး။ အဓိက အဲ့သလို ဝင်စွက်တာကို အမေရိကန်ဦးဆောင်တဲ့ အနောက်နယ်ချဲ့အရင်းရှင်တွေ လုပ်ခဲ့တာဖြစ်တယ်။ ဆိုဗီယက်ခေတ်ကလည်း ဆိုဗီယက်ယူနီယံက လုပ်ခဲ့တာရှိတယ်။ ဒါပေမယ့် အမေရိကန်လောက်မများဘူး။ ဒါ့ကြောင့်ပဲ တရုတ်အပါအဝင် တခြား ဆိုရှယ်လစ် ကွန်မြူနစ်နိုင်ငံတွေ ပါတီတွေက ဆိုဗီယက်ကို ဆိုရှယ်နယ်ချဲ့အဖြစ် သတ်မှတ်ခဲ့ကြတယ်။ ဟန်ဂေရီကိုဝင်တာ အထင်ရှားဆုံးကိစ္စဖြစ်တယ်။ လူပုဂ္ဂိုလ်တဦးခြင်းအနေတွေထဲကဆိုရင် ဆရာဒဂုန်တာရာက ဒီလုပ်ရပ်အတွက် ဆိုဗီယက်ယူနီယံကို ချက်ခြင်း ဆန့်ကျင်တုန့်ပြန်ခဲ့တာလည်း အထင်အရှားရှိတယ်။
ခု အမေရိကန်ဟာ ထရမ့်လက်ထက်မှာ ဘတ်ဂျက်လိုငွေပြမှူ မတန်တဆတက်လာတယ်။ အရင်ရှိပြီးသားလိုတွေအပြင် သူ့လက်ထက်မှာ အစိုးရအသုံးစရိတ်နင်းကန်သုံးတော့ တက်နှူန်းက မြန်လည်းမြန်မြင့်လည်းမြင့်တယ်။ တမဟုတ်ချင်းတက်လာတာ။ ဒီကြားထဲ ကုန်သွယ်ရေးလိုငွေပြမှူတွေကလည်းရျိနေတယ်။ ဒီလိုငွေပြမှူကတော့ အရင့်အရင်သမတတွေလက်ထက်က အရင့်အရင်အခြေအနေတွေရဲ့ လိုအပ်ချက်အရ(စစ်အေး ကာလ)အပေါ်တည်ပြီး နိုင်ငံတချို့ကို အထူးကုန်သွယ်ဘက်အဆင့်အတန်း ပေးခဲ့ရတာတွေကြောင့် အဓိကဖြစ်တယ်။ နောက်တချက်က ဂလိုဘယ်လ်လိုက်ဇေးရှင်းရဲ့ သက်ရောက်မှူလည်းပါတယ်။ လုပ်အားလည်းသက်သာ။ ပညာတတ်အလုပ်သမားလည်းရှိ၊ နည်းပညာလည်းဖွံ့ဖြိုး၊ အခြေခံအဆောက်အဦတွေလည်းကောင်းတဲ့ နိုင်ငံတွေဆီ အမေရိကန်အရင်းအနှီးတွေ စီးထွက်ကုန်ကြတာကို ပြောတာပါ။ ဒီတော့ ပို့ကုန် သွင်းကုန်အချိုးက တဘက်စောင်းနင်းဖြစ်ပြီး ကုန်သွယ်ရေး မညီမျှမှူဖြစ်လာတယ်။ ပြည်ပကြွေးမြီတွေ ထပ် ထူပြောလာတယ်။ ပြည်တွင်းမှာ ကုန်စျေးနှူန်းတက်လာတယ်။ တိုင်းပြည်ဟာ ဒွေးရောဥပါဒ်ပါတက်ပြီး မနိုင်ရင်ကာတွေဖြစ်လာတယ်။
ဒီတော့ ကုန်သွယ်ရေးလိုငွေပြတာကို မျှသွားအောင် ဒါမှမဟုတ် အသာစီးပြန်ရအောင် ကုန်သွယ်စစ် ဆင်နွှဲရတယ်။ ဘတ်ဂျက်လိုငွေပြတာ ပြန်ထေမိအောင် အစိုးရအသုံးစရိတ်တွေ လျှော့ချရတယ်။ အဲ့ဒီ လျှော့ချတာတွေထဲမှာ နေတိုးစစ်အုပ်စုထဲ ပုံမှန်ထည့်ဝင်နေကြ ငွေပမာဏကိုကိုလျှော့တယ်။ နေတိုးမှာ အမေရိကန်က အများဆုံးထည့်ဝင်တာဖြစ်တယ်။ တခါ အမေရိကန်တနိုင်တည်းအနေနဲ့ အခြေစိုက်ထားတဲ့ ပြည်ပမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေဘက် အလှည့်ကျလာတယ်။
တောင်ကိုးရီးယားမှာစိုက်ထားတဲ့အမေရိကန် စစ်အခြေစိုက်စခန်းတွေနဲ့ တခြားစစ်ရေးဖြည့်ဆည်းပေးမှူတွေအတွက်က ဟိုး အပေါ်မှာပြောခဲ့သလို စရိတ်မျှပေးပုံစံဖြစ်တယ်။ ကိုးရီးယားက သူ့ကို အကာအရံလုပ်ပေးခ ပိုက်ဆံပေးရတယ်။
ခု ထရမ့်အစိုးရက ကိုးရီးယားကို ငှားရမ်းခ ထပ်တိုးတောင်းနေတယ်။ တောင်းတာမျ အဆ ၅ ရာအထိဖြစ်နေတယ်။ သဘောက အရင်က တဒေါ်လာငှားက ခု ဒေါ်လာ ၅ ရာဆိုတဲ့သဘော။ ဒီတော့ တောင်ကိုးရီးဘက်ကရော အမေရိကန် စစ်ဌာနချုပ်(ပင်တာဂွန်)ဘက်ကရော၊ ရီပတ်ဘလီကင်န်နဲ့ ဒီမိုကရက်နိုင်ငံရေးသမားတွေဘက်ကပါ ပူညံပူညံဖြစ်လာတယ်။ လန့်လည်းလန့်ဖြန့်သွားသလို စိတ်တွေလည်းပူကြတယ်။
ထရမ့်အစိုးရဘက်က အကြောင်းပြတာက မြောက်ကိုးရီးယားခြိမ်းခြောက်မှူက အိမ်ဦးခန်းရောက်လာပြီ၊ တောင်ကိုးရီးယား ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်နေပြီ၊ ငွေတတ်နိုင်တဲ့အနေအထားရှိနေပြီ၊ ချမ်းသာနေပြီဖြစ်တဲ့ တောင်ကိုးရီးယားကို ကာကွယ်ပေးရတဲ့စရိတ်ကို အမေရိကန်အခွန်ထမ်း ပြည်သူတွေက ကျခံနေရတာ မသင့်တော်တော့ဘူး၊ အမေရိကန်အခွန်ထမ်းတွေ ကိုးရီးယားဝန် အပိခံစရာမလိုတော့ဘူး ဆိုပြီးဖြစ်တယ်။
ဒီနေရာမှာ ရှိထားတဲ့အချက်အလက်ကို ထည့်စဉ်းစားရမယ်ထင်တယ်။ မြောက်ကိုးရီးယား ခြိမ်းခြောက်မှူ(ပဲထားပါ)က ခုမှ ထဖြစ်တာမဟုတ်ဘူး။ အိမ်ဦးခန်းရောက်မရောက်လည်း တကယ့်ဖြစ်ရပ်တွေနဲ့ရောသမပြီး ရောင်တော်ပြန် ပုံကြီးချဲ့တာတွေရှိတယ်။ တောင်ကိုးရီးယားစီးပွားတက်တာက နတ်ရေကန်ထဲချလိုက်သလို ဝုန်းဆိုကြီးလာတာမဟုတ်ဘူး။ အမေရိကန်အခွန်ထမ်းပြည်သူတွေ အဲ့ဒီစရိတ်ကို ကျခံပေးနေရတာကလည်း ခုမှမဟုတ်ဘူး။ သူပြောတဲ့အချက်အလက်တွေက မဟုတ်ဘူးလားဆိုတော့ ဟုတ်တယ်။ ဒီအချက်အလက်တွေကြောင့် ဒီလိုလုပ်ရပါတယ်ဆိုတာကတော့ ရာနှူန်းပြည့်မှန်တဲ့ အကြောင်းပြချက်မဟုတ်ဘူး။
အရေးအကြီးဆုံးစဉ်းစားစရာက တောင်ကိုးရီးယားဟာ အမေရိကန်နဲ့ကုန်သွယ်ရာမှာ ပိုငွေ အကြီးအကျယ်ပြနေတဲ့နိုင်ငံတွေထဲ ပါနေတယ်။ မြောက်ကိုးရီးယားနဲ့ နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးမှာ အမေရိကန်က အပေါ်စီးကနေ ထိုင်ကစားတာ ဝင်ပါနေတာကို လျှော့ချနေတယ်။ စီးပွားကုန်သွယ်လုပ်ငန်းတွေကို တောင်အာရှ အရှေ့တောင်အာရှဘက်ကို ဦးလှည့်နေတယ်။ အဲ့ဒီအထဲ ဗမာပြည်လည်းပါတယ်။ နိုင်ငံခြားရန်ငွေ Foreign Reserve ကိုလည်း အမေရိကန်ဒေါ်လာနဲ့ ငွေတိုက်စာချုပ် Bonds တွေအပြင် အခြားငွေကြေးတွေ၊ ရွှေတွေပါ ထားလာတယ်။ သဘောက နိုင်ငံခြားအရန်ငွေကို ဒေါ်လာတခုတည်းပေါ် ယုံမှတ်ပုံအပ်တာမဟုတ်တော့ဘူး။ မြောက်ကိုးရီးယားနဲ့ စစ်ရေးချို နိုင်ငံရေးပို စီးပွားရေးကဲ ဆက်ဆံချင်တယ်။ ဆက်ဆံတာမှာလည်း သူ့လက်သူ့ခြေ အနှောင်အဖွဲ့ကင်းကင်းသွားချင်တယ်။
ဒါတွေက ပကတိရှိနေတဲ့ အချက်အလက်နဲ့ အခြေအနေတွေပါ။
ကျနော်တို့ စဉ်းစားတဲ့အခါ ချန်ထားလို့မရတာတွေပါ။ (ဒါ မနေ့ကနဲ့ ဒီမနက် နားထောင်မိ ဖတ်မိ ကြည့်မိတဲ့ တောင်ကိုးယား-အမေရိကန် ကိစ္စတွေထဲက အချက်အလက်တချို့ကိုအခြေခံပြီး ပြန်ပြောပြတာပါခင်ဗျား)
မျိုးမြင်ချို
နိုဝင္ဘာ ၁၅၊ ၂ဝ၁၉

0 comments:

Post a Comment