Monday, March 31, 2014

“တိုက်ပွဲဝင်ခွပ်ဒေါင်းအလံသည် လက်ဆောင်ပစ္စည်းမဟုတ်ပါ (ကျော်ကိုကို)

0 comments
“တိုက်ပွဲဝင် ခွပ်ဒေါင်းအလံသည် လက်ဆောင်ပစ္စည်းမဟုတ်ပါ (ကျော်ကိုကို)
အလံ လက်ဆောင်ပေးသည်ဆိုသော စာသား (သို့ မဟုတ်) စကားလုံးများမှာ အခြေအနေအရ ရွေ့လျားပြောင်းလဲ သုံးစွဲလိုက်ကြသည့် စကားလုံးများ၊ စာသားများသာဖြစ်ပါသည်။ အမှန်တကယ်အားဖြင့် တံတားနီနေ့မတိုင်ခင်ထုတ်ဝေသော သတင်းစာ၊ ဂျာနယ်များတွင် အလံလွှဲပြောင်းပေးအပ်မည်ဟုသုံးစွဲကြသည်ကို သက်သေအထင်အရှားတွေ့ခဲ့ရပြီးဖြစ်သည်။ ထိုသို့ လွှဲပြောင်းပေးအပ်မည်ဆိုသည့်နေရာတွင် ရှစ်လေးလုံးအရေးတော်ပုံအတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ(မကသ)ဟုခံယူကာ ဖွဲ့စည်းထားခဲ့သောကျောင်းသားဟောင်း များ၏ ဒီကနေ့အင်အားစုများက ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေးကော်မတီ (ကသဖ)သို့ပေးအပ်မည်ဟု စာနယ်ဇင်းများတွင် အတိအလင်း ဖော်ပြခဲ့ကြသည်။

အဆိုပါ လွှဲပြောင်းပေးအပ်မည့် အကြံအစည်သည် ကျောင်းသားထုညီညွတ်ရေးကွဲအက်ခဲ့ခြင်း၏ နောက်ဆက်တွဲဂယက်တခုဖြစ်သလို ဗကသများအဖွဲ့ချုပ်ကိုဆန့်ကျင်တိုက်ခိုက်လိုသည့်စိတ်အခံပေါ်တွင် အများဆုံးနှင့် အဓိကမှီတည်နေသည်ဟု သုံးသပ်ရပါသည်။ အတိတ်က ဖြစ်ခဲ့သော စင်ပြိုင်သမဂ္ဂဖွဲ့စည်းပြီး ဗကသ၏သမိုင်းဆိုင်ရာအခန်းကဏ္ဍကိုဖျက်သိမ်းရေးစီမံချက်၏ နောက်ဆုံးပေါ်အားထုတ်ချက်တခုဖြစ်နေ သလို မကသ ဟောင်းများ၏ မိမိတို့မျိုးဆက် ထပ်မံမွေးမြူရေးကြိုးပမ်းမှုအခြေအနေတရပ်ဟုလည်း ကောက်ချက်ချရပါလိမ့်မည်။

ယခုအဖြစ်အပျက်များမတိုင်မီ ရွှေဝါရောင်တော်လှန်ရေးကာလအထိပြန်ကောက်ကြည့်ရလျှင် ကျွန်တော်တို့ဗကသများအဖွဲ့ချုပ် (မြေအောက်)
ပြန်လည်ဖွဲ့စည်းကြောင်းကြေညာလိုက်သည့် သြဂုတ်လ (၂၈)ရက်နေ့ ၂ဝဝ၇ ခုနှစ် ညမှာပင် မပြီးဆုံးသေးသော ပြဿနာတရပ် ပြန် အစပျိုး ခဲ့သည်။ ထိုအချိန်က စစ်အာဏာရှင်တို့၏ အဖမ်းအဆီးမခံရသေးဘဲ ပုန်းအောင်းနေရသည့်မကသ ခေါင်းဆောင်တယောက်က ဗကသများ အဖွဲ့ချုပ် ပြန်လည်ပေါ်ထွက်လာခြင်းကို သတင်းဆိုးတခုအဖြစ်မှတ်ယူသုံးသပ်ခဲ့သည်ဟု ကျွန်တော်တို့ ပြန်လည်ကြားသိခဲ့ရသည်။ ဘုံရန်သူ စစ်အာဏာရှင်၏ရက်စက်ဆိုးဝါးမှုများကို မေ့သွားလောက်အောင်ပင် ဗကသ အပေါ်ထားရှိသော အာဃာတတရားများကား နက်နက်ရှိုင်းရှိုင်း ဖုံးလွှမ်းနေသည်ဟု ပြောရပေလိမ့်မည်။

၁၉၃၆ ခုနှစ် ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ မအမာ စသော ကျောင်းသားခေါင်းဆောင်များ၏ နိုင်ငံရေးအမြင်စူးရှမှုကြောင့် တနိုင်ငံလုံးရှိ ကျောင်းသားသမဂ္ဂများအားလုံးကို စည်းရုံးစုစည်းနိုင်မည့်အဖွဲ့ချုပ်တခုပေါ်ပေါက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ယင်းကျောင်းသားသမဂ္ဂ အဖွဲ့ချုပ်သည် ဗကသ ပင်ဖြစ်ပြီး အဖွဲ့ချုပ်၏အလံတော်သည် တိုက်ပွဲဝင ခွပ်ဒေါင်းအလံပင်ဖြစ်သည်။ ယခင် တကသ သုံးစွဲနေသည့် ကဒေါင်းအလံကိုဖျက်သိမ်းပြီး “လွတ်လပ်ရေးကို ကပြီး မယူ၊ ခွပ်ပြီးယူမယ်”ဆိုသော အတွေးအခေါ်မျိုးစေ့ကို ဗကသ ပထမမျိုးဆက် ကျောင်းသားများက ချမှတ်ခဲ့သည်။ ထိုအချိန်မှစ၍ ကျောင်းသားမျိုးဆက်အဆင့်ဆင့်စွဲကိုင်အသုံးပြုလာသည့် တရားဝင်သမဂ္ဂအလံတော်မှာ နီစွေးတောက်ပြောင်သည့် ခွပ်ဒေါင်းအလံဖြစ်လာပါသည်။ ခွပ်ဒေါင်းအလံကို ကျောင်းသားထုညီလာခံများမှ လွှဲပြောင်းပေးအပ်ရသည့် ခေတ်အခြေအနေမျိုးတွေရှိခဲ့သလို အရေးပေါ်အခြေအနေဖြစ်လာသည့်အခါ မည်သူ့ထံမှခွင့်ပြုချက်ကိုမျှစောင့်နေစရာမလိုဘဲ တိုက်ပွဲကြားမှ အလံလွှင့်လိုက်ရသည်လည်း ရှိပါသည်။

တိုက်ပွဲကြားတွင် အလံလွှင့်လိုက်သည့်ခေတ်တွင် သမဂ္ဂတာဝန်ထမ်းဆောင်နေရသောကျောင်းသားများက ထိုအလံ၏ဆက်ခံပိုင်ခွင့်ရှိသူများ ဖြစ်လာရပေသည်။ ထို့ ကြောင့် ခွပ်ဒေါင်းအလံတွင် မူလပိုင်ရှင်၊ အမြဲတမ်းပိုင်ရှင်၊ ထာဝရပိုင်ရှင်ဆိုသည်မရှိဘဲ ခေတ်အဆက်ဆက် ကျောင်းသားတိုင်းတွင် ခွပ်ဒေါင်းအလံကို သမိုင်းနှင့်အညီဆက်ခံပိုင်ခွင့်ရှိနေသည်ကို တွေ့ရသည်။ ကျွန်တော်တို့နှင့်အတူ ထောင်ကျခဲ့ရသော ရဲဘော် ဒီငြိမ်းလင်း၊ ရဲဘော်စည်သူမောင် တို့ပင်လျှင် ဗကသများအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းသည့်အတွက် သင်းဖွဲ့ပုဒ်မ (၆)ဖြင့် စွဲချက်တင် အရေးယူခံခဲ့ရသည်မှာ အထင်အရှားပင်ဖြစ်သည်။ ထိုရဲဘော်များသည် အကျဉ်းထောင်ထဲတွင် အာဏာပိုင်များနှင့်ရင်ဆိုင်ခဲ့ရာတွင်
ဗကသ ကျောင်းသားခေါင်းဆောင်များအဖြစ် ရပ်တည်ရင်ဆိုင်ခဲ့သည်မှာ ကျွန်တော်တို့မျက်မြင်ကိုယ်တွေ့ပင် ဖြစ်သည်။

အကျဉ်းထောင်အသီးသီးမှပြန်လွတ်လာပြီး ၂ဝ၁၂ တွင် ဗကသများအဖွဲ့ချုပ်(ဗဟိုစည်းရုံးရေးကော်မတီ) ဖွဲ့စည်းစဉ်ကလည်း ထိုရဲဘော်များ ပါဝင်ခဲ့ပြီး ဒုဥက္ကဌ စသော တာဝန်များကိုထမ်းဆောင်ခဲ့ဖူးပါသည်။ ဗဟိုစည်းရုံးရေးကော်မတီဖွဲ့စည်းပြီးမကြာမီပင် ထိုရဲဘော်များ ကျွန်တော် တို့နှင့် လက်တွဲဖြုတ်ခဲ့ကြသည်မှာ ဗကသများအဖွဲ့ချုပ်၏မူဝါဒနှင့် အမည်နာမအပေါ်လက်ခံကျင့်သုံးရန် အခက်အခဲများရှိလာ၍ဖြစ်သည်။ ထိုသို့သောအခက်အခဲများ ၄င်းတို့တွင် ရုတ်တရက်စွဲငြိကပ်တွယ်လာသည်မှာ ရှစ်လေးလုံးလှုပ်ရှားမှုအတွင်းမှ မကသဟောင်းများ၏ နောက်လက် တနည်းတဖုံပါဝင်နေရခြင်းကြောင့်ဖြစ်သည်ဟု စောစောကတည်းက ကျွန်တော်တို့အသေအချာ သိရှိသတိထားမိခဲ့ပါသည်။ အခြေအနေအရပ်ရပ်ကိုသုံးသပ်ရပါလျှင် စည်းရုံးပြီးသားကျောင်းသားသမဂ္ဂအတွင်း ဂိုဏ်းဂဏအခြေခံနှင့် ဖြိုခွဲလိုက်ခြင်းသာဖြစ်သည်ဟု
ယနေ့ အတိအလင်းဖွင့်ချရမည့်အချိန်ကာလသို့ရောက်ရှိနေသည်ဟုသုံးသပ်၍ ဝေဖန်ရေးသားလိုက်ရပေသည်။

ဗကသနှင့်မကသ သည် အစစအရာရာ မတူညီခဲ့ကြပေ။ ကျွန်တော်တို့ဗကသများအဖွဲ့ချုပ်၏နိုင်ငံရေးအမြင်သည် ကျောင်းသားအရေး သက်သက်လုပ်ဆောင်ခြင်းထက် ပြည်သူ့အရေး၊ ကျောင်းသားအရေး တာဝန်နှစ်ရပ်စလုံးထမ်းဆောင်ပြီး စစ်အာဏာရှင်စနစ်ကို အကြွင်းမဲ့ဖျက်သိမ်းရန်ပင် ဖြစ်သည်။ စစ်အာဏာရှင်တဖြစ်လဲ ကြံ့ဖွံ့အစိုးရကိုပင် စေ့စပ်ညှိနှိုင်းရေးလုပ်ရန်။ Lobby လုပ်ရန်စိတ်ကူး တစိုးတစိမှ မရှိ။ ကျွန်တော်တို့ရပ်တည်ချက်သည် ကျောင်းသားထုအကြားတွင် ရပ်တည်မည်။ ပြည်သူလူထုအကြားတွင်ရပ်တည်မည်ဟု အခိုင်အမာစိုက်ထူထားသော သံမဏိရပ်တည်ချက်ပင်ဖြစ်သည်။ ပွဲလမ်းသဘင်၊ ခန်းမစင်မြင့်ပေါ်တွင်သာရပ်တည်မျက်နှာပြပြီး ပြည်သူ့ အတွက်တိုက်ပွဲမဝင်လိုသော အချောင်အယူအဆ ကပ်ငြိမခံနိုင်။ ကျွန်တော်တို့၏စည်းရုံးရေးနည်းနာသည် ဗကသမူဝါဒ (၅)ချက်ကို ဦးထိပ်ပန်ဆင်သော ကျောင်းသားသမဂ္ဂအားလုံးစုစည်းညီညွတ်ရေးဖြစ်သည်။ ကျောင်းသားထုညီလာခံမှတဆင့် သမဂ္ဂတာဝန်နှင့်အမွေကို ခမ်းခမ်းနားနား လက်ဆင့်ကမ်းရေးဖြစ်သည်။

ယခုအချိန်အထိ ကျွန်တော်တို့တောင်းဆိုနေသော ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူလွတ်လပ်ရေး၊ နိုင်ငံသားအခွင့်အရေးနှင့် လွတ်လပ်ခွင့်များမရရှိသေးသဖြင့် ဒီမိုကရက်တစ်အင်အားစုအချင်းချင်း စိတ်ဝမ်းမကွဲသင့်ပါ။ ဖိနှိပ်သူလူတန်းစားက စိတ်ဝမ်းကွဲပြား သွားအောင် သပ်လျှိုလျှင်တောင်မှ ပါးပါးနပ်နပ်ရှောင်ရှားရမည်ဖြစ်ရာ မိမိတို့အပြုအမူလုပ်ရပ်များကြောင့် အချင်းချင်း စေ့စပ်မရဖြစ်သွားခဲ့လျှင် ထိုသို့ပြုမူသူများ၏တာဝန်သာဖြစ်သည်ဟု တထစ်ချ မှတ်ယူရပါလိမ့်မည်။ ထပ်မံအတည်ပြုပြောရလျှင် ကျောင်းသားများ၏ဖြူစင်မှု၊ ရိုးသားမှုကို မည်သည့်အရောင်မျှဆိုး၍ ပုံမဖျက်ကြပါနှင့်ဟု အလေးအနက် သတိပေးတိုက်တွန်းလိုက်ချင်ပါသည်။
ကျော်ကိုကို (ဗကသများအဖွဲ့ချုပ်)
(အလင်းခေတ်ဂျာနယ် အတွဲ ၁၊ အမှတ် ၁၂ တွင် ပါရှိသော “တိုက်ပွဲဝင် ခွပ်ဒေါင်းအလံသည် လက်ဆောင်ပစ္စည်းမဟုတ်ပါ” မှ
ထုတ်နုတ်ပါသည်)
စာရိုက်ပြီးတကူးတကန့်တင်ပေးတာက ကိုအောင်မျိုးထွန်း ပါခင်ဗျ။
https://www.facebook.com/aungmyo.tun.52

Sunday, March 30, 2014

၂ဝ၁၄ မတ်ခ်ျ အကုန်ပိုင်းမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ-၁-(မျိုးမြင့်ချို)

0 comments
"သမ္မတကြီးကိုယုံသူတွေကို ကျနော်မယုံဘူး၊ သမ္မတကြီးကိုလည်းမယုံဘူး"ဘူးလို့ ပြောတုန်းက ရစရာမရှိအောင်ပြစ်ပြစ်နှစ်နှစ်ပြောခဲ့သူတွေထဲက
မိတ်ဆွေတစ်ယောက် ချက်ခြင်းကြီးလေသံပြောင်းပုံများ သြချချင်စရာ။ ဟိုတလောက ဦးဗိုလ်သိန်းစိန်ဒေါ်စုကို
ခေါ်တွေ့ပြီးနောက် အာရ်အက်ဖ်အေမှာ ဒေါ်စုက "ထွေထွေထူးထူးမဟုတ်လို့ ထူးထူးထွေထွေမထုတ်ပြန်တာပါ" ဆိုပြီးလည်းပြောရော ခေါ်တွေ့ပြီးဘာပြောလိုက်မှန်း သူလည်းသေချာမသိ ဘယ်သူမှလည်းဘာမှမသိရသေးပဲ "ဒါ ဒေါ်စုကိုစော်ကားတာ နိုင်ငံကတာသိခေါင်းဆောင်ကို လူမလေးခွေးမခန်ဖြစ်အောင်လုပ်ပြတာ သိန်းစိန်ကိုဆန့်ကျင် ရမယ်"ဘာညာနဲ့ အကြီးအကျယ်ပေါက်ကွဲပြီးဗိုလ်သိန်းစိန်ကို တစ်တစ်ခွခွနှက်တော့တာပါပဲ။ သူ့သမ္မတကြီးက သူ့ကို လှည့်စားလိုက်သလို ခံပြင်းဒေါ်သလည်းပါတယ်။ ပြီးတော့ အပျော်ကြံခံလိုက်ရရှာတဲ့ကွမ်းတောင်ကိုင်လို အရှက်သည်းပြီး အနာကျည်းကြီး နာကျည်းသွားပုံလည်းပေါ်တယ်။ စိတ်တော့မကောင်းစရာပါ။

ဒီလို့နဲ့နေရင်း ဟိုနေ့ကသတင်းစာရှင်းပွဲမှာ ဒေါ်စုက "သမ္မတ(အစိုးရ)နဲ့လွှတ်တော်ကြားကွဲလွဲမှုအချို့ရှိတယ်၊ သူကတော့ လွှတ်တော်ဘက်ကပဲ ပြတ်ပြတ်သားသားရပ်မယ်၊ ဦးဗိုလ်ရွှေမန်းကဖြောင့်ဖြောင့်မတ်မတ်ကြီး ပါ" တို့လည်း လုပ်ချလိုက်ရော ဗိုလ်သိန်းစိန်ဆန့်ကျင်ရေးအတိအလင်းလုပ်ပြီး ဗိုလ်ရွှေမန်းထောက်ခံရေး ဗြောင်ကိုထွက်ရပ်ပြပါတယ်။ အားရဝမ်းသာနဲ့အကြေနပ်ကြီးကြေနပ်နေဟန်ပါ။ စာရိုက်ပြောတဲ့စကားလုံးတွေမှာတောင် လက်ခမောင်းခတ်သံတဖြောင်းဖြောင်း ပါနေသလိုပါ။ "တွေ့လားဗျ၊ အဲ့ဒါ ဒေါ်စုပဲ။ နိုင်ငံရေးဆိုတာ အဲ့လိုအကင်းပါးမှ၊ ကျင်လည်မှဗျ၊၊ ဗိုလ်နှစ်ဗိုလ်ကြား
အဲ့သလို လှလှပပ ပလေးတတ်တာကြောင့် ကမ္ဘာ့အဆင့်မီခေါင်းဆောင်ဖြစ်တာဗျ၊၊
ခု အဲ့နှစ်ယောက်လုံး ဒေါ်စုဝင်ပလေး (PLAY) လိုက်တာမှာ ပြာကုန်ကြပြီ၊ ဒီကောင်တွေပါတီထဲမှာပါ ဒီတစ်ချက်နဲ့တင် ကွဲထွက်ကုန်ကြမှာ............" ဘာညာတွေနဲ့အများကြီးပဲဗျာ သူ့စကားတွေကပြောရရင်။
ဒါနဲ့ ကျနော်က စကားနက်စေချင်ပြီး "အဲ့ ဗိုလ်နှစ်ဗိုလ်က ကြံ့ဖွံ့ပါတီရဲ့ထိပ်သီးတွေဗျ၊ နဝတ/နအဖ ယူနီဖေါင်းဝတ် သေနတ်ခါးကြားထိုးတွေရဲ့ ကောင်းမွေဆိုးမွေခံတွေပဲ၊ အာဏာခွဲဝေရေးကို စနစ်တကျလုပ်ပြီး ရုံးတစ်ရုံးဓါးတစ်စင်းလုပ်နေကြပေမယ့် တူတဲ့အကျိုးစီးပွားတွေကို နည်းနာခွဲပြီးကာကွယ်နေကြတာတော့ပေါ်နေတာပဲ၊ ကာ/လုံထဲမှာလည်း ပါဝါကြီးသူတွေပဲ၊
ကာ/လုံအစည်းအဝေးတိုင်းမှာတွေ့နေကျ၊ပဲ၊
ကာ/လုံမူအရ ဒေါ်စုကို အလှည့်ကျခွဲကိုင်ဖို့ခြေလှမ်းလည်း
အစကတည်းကမရှိဘူးလို့ပြောမရဘူးနော်၊
အပြောတော့ သိတ်မလောပါနဲ့ဦး၊
တော်ကြာနေ နောက်မှ ဗိုလ်ရွှေမန်းလည်း
ခင်ဗျားအဆဲခံထိနေပါဦးမယ်"
လို့ပြောဖြစ်တယ်။
အဖြေကလာလဲဆိုတော့ ကျနော့်ကို ငယ်စာရင်းကနေ ပယ်ပါလေရော။ (သူ့မယုံ ကိုယ့်မယုံကိစ္စ)

ဒါမြင်ပြီး ဆရာစံဘုရင်ရူး ရူးတာပါကွာလို့ နယ်ချဲ့တို့ဝါဒဖြန့်လေသံနဲ့ နင်းပြားလယ်သမားထု အုံကြွမှုကို သေးသိမ်အောင်ပြုကြသူများလည်းရှိဦးမှာပါ။ လယ်သမားမှာ လယ်ယာမြေဟာ ဘဝပဲ အသက်ပဲ ရှင်သန်မှုပဲ။ သူ့အသက် သူ့ဘဝ သူ့ရှင်မှုထိပါးလာရင် ဆတူပေးဆပ်စွန့်လွှတ်ဖို့ရဲရင့်သွားကြောင်း သုပဏ္ဏကဂဠုနရာဇာနဲ့ သူ့အရေးတော်ပုံတပ်သားတွေကိုကြည့် သိမှာပဲ။ လယ်သမားသဘာဝမှာ ပဒေသရာဇ်အနံ့အသက်မကင်းနိုင်သေးတာကိုက လက်တွေ့ကျတဲ့သူတို့ဘဝရဲ့ပြဌာန်းချက်အဖြစ် ရှိနေသေးတာပဲ။ ဓါးပီး တုတ်ပီး အင်းအိုင်ခလှဲ့လက်ဖွဲ့များဟာ ရဲဆေးတင်ဖို့ယုံကြည်မှုအဖြစ် တစိတ်တပိုင်းမျှသာပဲ။ တကယ့်ရဲဝံ့စွန့်စားမှုက ဘဝကိုအထိပါးခံရမှုကနေ တိုက်ရိုက်ပေါက်ဖွားတာပဲ။ ဟိုတုန်းက လယ်သမားတွေ တောင်သူယာလုပ်ဓါးမခုတ်တွေမပြောနဲ့ ခုခေတ် လယ်သိမ်းမြေသိမ်း ဘဝသိမ်းလုယက်ခံနေရရှာတဲ့လယ်သမားတွေကြည့် လက်နက်နဲ့ဗိုလ်ကျအနိုင်ကျင့်သူကို အန်တုရင်ဆိုင်တဲ့နေရာမယ် တောစောင့် တောင်စောင့် လောကစောင့်နတ်တွေ အစောင်အမရဖို့ စနစ်ဆိုးကိုယ်စားပြုမကောင်းဆိုးရွားတွေကိုတန်ပြန်ဖို့ရာ ကျိန်စာတိုက်တန်တိုက် နတ်မင်းများ အမအစ တောင်းတန်တောင်းကြရတာပဲ။ ကျိန်စာဘယ်လောက်ထိ နတ်မင်းများဘယ်လောက်မကတော့ ဆုပ်ဆုပ်ကိုင်ကိုင်ပြနိုင်ဖို့ မဖြစ်နိုင်ပေမယ့် အားကိုးရှာတဲ့သဘောတော့ ခံစားနားလည်နိုင် တာပဲ။ ရေနစ်သူ မြက်တပင်လှမ်းဆွဲတဲ့သဘောပဲ။ ပြောရရင် ဒီ့လောက် မတရားမှုတွေ ဒင်းကြမ်းပြည့်မျက်မှောက်မှာမြင်ရရက်နဲ့တောင် လူထုအတွက် သူတို့အတွက် သူတို့ဘက်က ရပ်တည်ပြောဆိုတိုက်ပွဲဝင်ပေးမယ့်သူတွေ ရှားပါးနေတာမဟုတ်လား။ အဲ့သလိုလူတွေဟာ ဝင်မတိုက်ပေးတဲ့အပြင် ကျိန်စာတိုက်နေတဲ့ လယ်သမားတောင်သူယာလုပ်ဓါးမခုတ်တွေကို ကွယ်ရာမှာ ဉာဏ်နည်းလှချည်ရဲ့ ခေတ်နောက်ပြန်ဆွဲလှချည်ရဲ့ အဓိပ္ပါယ်မဲ့ကိစ္စတွေမှာ အယူသီးအစွဲကြီးလှချည်ရဲ့ဆိုကာ ရယ်ပွဲဖွဲ့နေကြလေတယ်။ တကယ်က စစ်အာဏာရှင်တွေနဲ့အတူ ဒီလိုလူစားတွေဟာ ကျိန်စာဝလေမောင်လှလေဆိုတဲ့ အမျိုးအစားတွေသာပဲ။ လယ်သမားတွေရဲ့ကျိန်စာဟာ စနစ်ကျစွာသင့်ဖို့ရာပဲ။ (ကျိန်စာဝလေမောင်လှလေကိစ္စ)

လက်နက်ပြပြီး
လူသိမ်းတော့
အကိုကြီးကချစ်လို့ပါ

လက်နက်ပြပြီး
ငွေသိမ်းတော့
အမျိုးချစ်လို့ပါ

လက်နက်ပြပြီး
မြေသိမ်းတော့
အက်ဖ်ဒီအိုင်ရဖို့ပါ

လက်နက်ပြပြီး
အာဏာသိမ်းတော့
ဂျောက်ထဲ မကျဖို့ပါ

လက်နက်ပြပြီး
နိုင်ငံသိမ်းတော့
ပြည်ထောင်စုမပြိုကွဲဖို့ပါ

လက်နက်ပြပြီး
လက်နက်သိမ်းတော့
ငြိမ်းချမ်းရေးရဖို့ပါ

လက်နက်ပြပြီး
အလံသိမ်းတော့
ကားစီးစေချင်လို့ပါ

လက်နက်ပြပြီး
နိုင်ငံရေးသိမ်းတော့
အမျိုးသားရေးဦးဆောင်ဖို့ပါ

လက်နက်ပြပြီး
ဘာသာသိမ်းတော့
သာသနာပြုဖို့ပါ

လက်နက်ပြပြီး
ဘဝတွေသိမ်းတော့
ဘဝကူးကောင်းဖို့ပါ
(လက်နက်ပြပြပြီးသိမ်းယူနေတဲ့ကိစ္စများ)

၂ဝ၁၄ မာခ်ျ အကုန်ပိုင်းမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ-၂-(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ မာခ်ျ အကုန်ပိုင်းမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ (မျိုးမြင့်ချို)ဒီနေ့ အိမ်မှာ မိတ်ဆွေတချို့နဲ့ ခေါက်ဆွဲကြော်စားတယ်။ ညီမက ကြော်ပေးတာ။ ကျနော့် ဗမာအမေရယ်၊ အမေရိကန်အမေရယ်၊ ယောက္ခမဘိုးတော် ဘွားတော်ရယ်လာကြတယ်။ စားပြီးပြန်ခါနီးတော့ ၄ ယောက်သားထိုင်ပေးပါပြောပြီး ဓါတ်ပုံလေးနှစ်ပုံ ရိုက်တယ်။ ရိုက်ပြီး ကွန်ပြူတာထဲကနေပြတော့ အမေရိကန်အမေက ”အင်း..၈၀ ကျော်များဆုံမိတာ အမှတ်တရပေါ့” တဲ့။ ဟုတ်ပါ့..သူပြောမှ ဗမာအမေက ၈၂ နှစ်၊ အမေရိကန်အမေက ၈၁၊ ယောက္ခမ ဘိုးတော်က ၈၆၊ ဘွားတော်က ၈၅ ထဲဝင်ကြပြီ။ ”သူတို့လောက်အသက်ရှည်ပြီး ကျန်းမာရေးတွေလည်း သူတို့လိုထိုက်သလောက်ကောင်းခဲ့ရင် တို့တွေဘယ်လိုနေမယ်မသိဘူးနော”လို့ ဇနီးကိုမေးပြော ပြောကြည့်တော့ ”အဲ့အရွယ်ထိနေရဖို့ပဲ ဆုတောင်းပါဦး”တဲ့။ ပြောရရင် ကျနော့်ဗမာအမေက အဲ့လူကြီးသူမ(၄)ယောက်ထဲမှာ ကျန်းမာရေးအကောင်းဆုံး၊ သွား(၂)ချောင်းကျိုးပြီ၊ သွေးတိုး ဆီးချို နှလုံးစတဲ့ရောဂါမျိုးတွေမရှိ၊ မျက်မှန်လွတ်စာဖတ်နိုင်၊ လက်ကိုင်တုတ်မဆောင်ရသေး။ ဆိုတော့ အခြား(၃)ယောက်က အမြဲလိုလို ”မင်းအမေကို အားလည်းကျ မနာလည်းမနာလိုဘူး” တဲ့။ ကျနော်ထင်တာတော့ ကံ စိတ် ဥတု အာဟာရတွေ နည်းနည်းစီကွဲကြလို့နေမှာပဲ။ ဒီနေရာမှာ ကျနော်ဆိုတဲ့”ကံ” က ”ကမ္မ”လို့ဆိုတဲ့ ”အလုပ်”သဘောကိုပဲ ရည်ညွှန်းတာပါ။ တခြားထွေလီကာလီတွေ မပါပါဘူး။ အမေက တဘဝလုံး အလုပ်နဲ့လက်နဲ့မပြတ်အောင် လုပ်လာခဲ့ရသလို ခုလည်း ဘယ်တော့ကြည့်လိုက်ကြည့်လိုက် တလှုပ်လှုပ်နဲ့ တခုမဟုတ် တခုတော့လုပ်နေတာပဲ။ အငြိမ်နေတာဆိုလို့ အိပ်တဲ့အချိန်ပဲရှိသလားထင်ရတယ်။ ပါးစပ်ကလေးကလည်း တဖြိုးဖြိုးတဖျောက်ဖျောက်နဲ့ ဟိုဟာလေးဝါးလိုက် ဒါလေးဝါးလိုက်နဲ့။ ထမင်းစားပြီတိုင်း ဦးချိန်တီလေးစားလိုက် လျှက်ဆားလေး လျှက်လိုက်နဲ့။ ပြီးတော့ပြောသေးတယ် ”ဝမ်းမှန်ဖို့အရေးကြီးတယ် ဝမ်းတလုံးကောင်းရင် ခါင်းရင်ခေါင်းမခဲဘူးဟဲ့၊ ဝမ်းနှုတ်ဆေးလေးဘာလေးလည်း မှန်မှန်စားကြ”တဲ့။ အင်း..အမေနားလည်တဲ့ ဝမ်းတလုံးကောင်းခေါင်းမခဲနဲ့ ကျနော်နားလည်တဲ့ ဝမ်းတလုံးကောင်းခေါင်းမခဲက မတူဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အမေလည်း သူ့ဝမ်းတလုံးကောင်းခေါင်းမခဲနဲ့ 
သူ့ဟာသူ အလုပ်တော့ဖြစ်နေတာပဲ။ နေကောင်းထိုင်သာရှိနေတာသေးတာပဲ။ ကျနော့်မှာသာ ရွှေပြည်ကြီးကြည့်ကြည့်ပြီး တခါတခါနေမထိထိုင်မထိ။


ကျနော်မျှော်မှန်းတဲ့ ဒီမိုကရက်တစ်ဆိုစိုက်ယတီးက ဘာသာရေးနဲ့အာဏာ တနည်းပြောရရင် အစိုးရနဲ့ဘာသာရေးသတ်သတ်ခွဲထားတဲ့ ဘယ်သူ့ဘယ်သူမှ အပြန်အလှန်အသုံးချကိုယ်ကျိုးမရှာတဲ့ ဟာမျိုးပဲ။ လွတ်လပ်စွာတွေးခေါ်မြော်မြင်ခွင့်နဲ့ ဖြန့်ချိခွင့်မရှိတဲ့ အခြေအနေအောက်မှာ ”လူတိုင်း လွတ်လပ်စွာကိုးကွယ်ယုံကြည့်ခွင့်ရှိသလို လွတ်လပ်စွာမကိုးကွယ်မယုံကြည်ခွင့်လည်းရှိတယ်”လို့ ကွန်စတီကျူးရှင်းမှာပြဌာန်းထားစေဦး အချည်းနှီးကိစ္စမျှသာပဲ။ ခုက လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်လောက်လေး ထည့်ရေးပေးထားကိုပဲ ရွှေပြည်ကြီးမှာ စစ်ဗိုလ်ဆိုးတွေကို ကျေးဇူးရှင်လုပ်ပေးရမယ့်အချိုး။ အများစုကိုးကွယ်တဲ့ဘာသာကို နိုင်ငံတော်ဘာသာအဖြစ်သာ တရားဝင်စာနဲ့ပေနဲ့သာ မကြေငြာတာ ကြေငြာပြီးလုပ်တာထက်တောင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာတွေ ရွှေပြည်ကြီးမှာ အနမတဂ္ဂ။ ခုမှမဟုတ်ဘူး လွတ်လပ်ရေးအစိုးရလက်ထက် ဝန်ကြီးချုပ် ဦးနုခေတ်ကတည်းက။ ဒီဘက်ခေတ် နိုင်ငံရေးသမားတွေလေသံကလည်း ၈၈ ပြီးစနဲ့ ခုဦးဗိုလ်သိန်းစိန်တို့ ဘုန်းကြီးဆိုးတွေမွေးပြီး လှည့်တိုက်ချိန်တောင် မတူတော့ဘူး။ ၈၈ ပြီးစ ကာလတချို့တွေအထိ နိုင်ငံရေးပင်မရေစီးကြောင်းထဲက ဒီမိုကရက်တစ်နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နောက်လိုက်တွေရဲ့ကြွေးကြော်သံမှာ ”ဘာသာရေးနဲ့နိုင်ငံရေး မရောထွေးရေး”လေသံသဲ့သဲ့ပါသေးတယ်။ ယဲ့တော့ ခတ်ယဲ့ယဲ့ပါ။ ဒါပေမယ့်တော်သေးတယ်။ ပြောဖော်လေးတော့ ရသေးတယ်။ အားကောင်းရင် အသံကျယ်ပြီးပီပြင်ခိုင်မာလာမယ်၊ လက်တွေ့လည်း ကျင့်သုံးလာလိမ့်မယ်လို့ မျှော်လင့်လို့ရသေးတယ်။ ခု ရွှေပြည်ကြီးက ဒီမိုကရေစီဘက်တော်သားများဆီက ”ခင်ဗျားတို့ဖော်ချင်တဲ့ဒီမိုကရက်တစ်ဆိုစိုက်ယတီး မှာ ဘာသာရေးနဲ့နိုင်ငံရေးကို ဘယ်ပုံစံနေရာချမှာလဲဗျာ“လို့မေးတိုင်း ခိုင်မာပြတ်သားပြီး တိကျရှင်းလင်းတဲ့အဖြေ မပေးကြတော့ဘူး။ ကိုယ်တိုင်ကပဲ ခု စစ်တပိုင်းအရပ်သားအရေခြုံ စစ်ဗိုလ်ဆိုးများနည်းတူ ဘာသာရေးကိုသုံးမြဲသုံးချင်တာလား ဒါမှမဟုတ် မိမိယုံကြည်ချက်ကို အတိအလင်းမပြောဝံ့လောက်အောင် စိုးရွံ့ရတဲ့အခြေအနေနဲ့ စိတ်ခံစားမှုတွေရနေကြကုန်တာလား၊ ဒါမှမဟုတ် ဘာကြောင့်များလဲကတော့ ကာယကံရှင်တွေပြောမှသိရမှာပါ။ ”နိုင်ငံရေးသမားရဲ့ အကင်းပါးမှုဟာ ဘယ်အချိန်မှာ ဘာပြောရမယ်ဆိုတာကိုသိဖို့ထက် ဘယ်အချိန်မှာဘာမပြောရဘူး ဆိုတာသိဖို့ ပိုအရေးကြီးတယ်”ဆိုတာ နိုင်ငံရေးသဘော နည်းနည်းလေးစောကြောမိသူတောင် နားလည်ပါတယ်။ ဆိုတော့ ဒီအချိန်ဟာ ဘာမှမပြောရမယ့်အချိန် ဒါမှမဟုတ် ဒီအကြောင်းမပြောရမယ့် အချိန်လို့ဆိုရင်တော့ လက်ခံဖို့ခက်ပါလိမ့်မယ်။ ”ပရိယယ်”ဆိုတဲ့စကားနဲ့ အလိမ္မာသုံးတာမျိုးလည်း ရိုးလွန်းနေမလားပဲ။ ထားပါတော့ ဒီအချိန်ဟာပြောရမယ့်အချိန်လား မပြောရမယ့်အချိန်လား၊ ကိုယ်တည်ဆောက်မယ့် ဒီမိုကရက်တစ်ဆိုစိုက်ယတီးမှာ ဘာသာရေးလွတ်လပ်ခွင့်တန်းတူခွင့်ကို ဘယ်လိုသဘောထားမလဲ။ အစိုးရနဲ့ဘာသာရေး၊ အာဏာနဲ့ဘာသာရေးကို ဘယ်လိုနေရာချထားမလဲ ဆိုတဲ့မေးခွန်းတွေကို ဆင်ဝှေ့ရန်ရှောင်ဆက်လုပ်နေလို့ မရတော့မယ့်အနေအထားဟာ နီးသထက်နီးနီးလာပြီမှတ်တာပါပဲ။ (ဘာသာရေးနိုင်ငံရေးထွေးတဲ့ကိစ္စ)

လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ တပြည်လုံးအပစ်အခတ်ရပ်စဲရေး
လက်မှတ်ထိုးပြီးရင် တပြည်လုံးလုံးတပ်ဖျက်လက်နက်ချပွဲကြီးလုပ်ဖို့ခြေလှမ်းပြင်ရာမှာ
ဒါးခုတ်ရာလက်လျှိုမယ့်သူနဲ့ ဗိုက်အငှားနဲ့ဓါးအထိုးခံမယ့်သူတွေကို
လက်သဲကြားအပ်စိုက်ပြီးတောင် ရွေးစရာမလိုဘူး..ဆိုပါ့လား။ တန်းစီနေလို့ မနည်းတောင်ရှင်းထုတ်နေရ..ဆိုပါ့လား။ လွှတ်တော်ကပဲဖွဲ့ဖွဲ့ သမ္မတကပဲဖွဲ့ဖွဲ့
ဖွဲ့ရင်ပါဖို့အဆင်သင့်ရှိတယ်လို့ ရေမလာခင်ကတည်းက မြောင်းပေးသူတွေရှိတယ်..
ဆိုပါ့လား။ ဖိတ်ရင်ပါမယ်တောင်မဟုတ်ပဲ ဖွဲ့ရင်ပါချင်တယ်ဆိုသူလည်းရှိ ဆိုပါ့လား။
ဟိုနေ့က လာသွားတဲ့ ကမ္ဘာ့လူကြီးသုမများကလည်း အဲ့သလိုဆိုကြိုမယ်ဆိုပါ့လား။ အင်း..လာဦးမယ်နဲ့တူတယ် (ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးကော်မတီ)ဆိုပြီး။ စစ်တပ်ကဗိုလ်လုပ်တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအောက်မှာခေါင်းလျှိုရင်း အတိုက်အခံသဘော ကူဖျောက်ရင်း ကိုယ်လိုပဲအမြီးပြတ်တွေချည်းဖြစ်အောင်ကြံဆောင်မယ့်သူတွေ ခုထက်ပို အုတ်အုတ်ကျက်ကျက် သောင်းသောင်းဖျဖျမြင်ရတော့မယ် ထင်ပါရဲ့။ (အပစ်ရပ် တပ်ဖျက်လက်နက်ချကိစ္စ)

ဦးဝင်းတင်ကျန်းမာရေးကြားရတာ အားမရဘူး။ မီးဇာကုန်ဆီခမ်းဆိုပေမယ့် သူ့မီးဇာနဲ့သူ့ဆီက ထောင်နဲ့စစ်ကြောရေးကြောင့် အကုန်နဲ့အခမ်းမြန်ရတာပဲ။ မလွန်စေချင်လည်း လွန်ဆန်မရတဲ့တရားမှန်းသိလည်း သိသိပဲ။ ဒီနေရာမတော့ အသိခေါက်ခက် အဝင်နက်လိုက်ချင်တာပဲ။ သူဆုံးရင် သူနဲ့အတူပါသွားမယ့်သမိုင်းတွေရှိပေသိ သူဆုံးလည်း ဘယ်တော့မှမဆုံးမယ့်သူ့သမိုင်းနဲ့ ဘယ်တော့မှမဆုံးမယ့်လူ့သမိုင်းကတော့ ဆက်ချီနေမှာပဲ။ ထောင်ဝင်စာမှာတစ်ကြိမ်ဖြတ်ကနဲလေးအဆုံ စစ်ထောက်လှမ်းရှေ့တင် ခေါင်းစွပ်ကိုဗျတ်ကနဲဆွဲမတည့်ပြီး နေကောင်းလားမမေးပဲ ”ဘာထူးသေးလဲဗျ”လို့ လှစ်ကနဲလှမ်းမေးတာ ခုထိအောက်မေ့နေတုန်း။ ကျနော် ၂၀၀၆ လောက်က ထိုင်းမှာနေတုန်းရေးဖြစ်ခဲ့တဲ့ ”ကွိ သို့မဟုတ် ယုံကြည်ချက်တွင်ရဲရင့်သူ” ပြန်ရှာပြီးတင်မယ်တွေးပါတယ်။ (ဦးဝင်းတင်ကျန်းမာရေးကိစ္စ)

"ဗမာ့တပ်မတော်ထဲက လက်ရှိအမှုထမ်းစစ်သည်များသို့"ကို (ရီပို့တ်လုပ်သူတွေရှိတယ်)လို့ ဖေ့စ်ဘွတ်ခ်က ခုနကပဲ အကြောင်းကြားလာပါတယ်။ ကျနော့် ခွန်အား အချိန် ချွေးနှဲစာရယ်၊ အမေရိကန်မိတ်ဆွေရဲ့ ကင်မရာနဲ့စက်ပစ္စည်း အတတ်ပညာ လုပ်အားတင်မက အင်္ဂလိပ်လိုဟာမှာ နောက်ခံစကားပါပြောပေး လို့မှ ဖြစ်ညှစ် ထွက်လာရတာပါ။ ကျနော် ကောင်းတဲ့စေတနာနဲ့လုပ်တာလို့ကိုယ့်ကိုယ်ကိုယ်ထင်လည်း လူအချို့အတွက် ဆိုးတဲ့စေတနာဖြစ်သွားရတာအတွက် စိတ်မကောင်းပါ။ ခက်တာကလည်း လောကမှာ "မင်းဘာသာမင်း ဘာလုပ်လုပ် ဘယ်သူ့မှမထိခိုက်ပြီးတာပဲ"ဆိုတာက ပြောရလွယ်သယောင်ရှိပေမယ့် လက်တွေ့မှာကျ မဖြစ်နိုင်ပဲ။ ဒီနေရာမယ်ကျနော်ဆိုလိုတဲ့"လက်တွေ့"ဆိုတာက"နိုင်ငံရေး"မှာ ဖြစ်ပါတယ်။ (ရီပို့တ်လုပ်သူတွေကိစ္စ)

ခုပဲ ရွှေပြည်ကြီးကတူမတစ်ယောက်နဲ့ စကားပြောနေတာ။ သူကပြောတယ် ဦးဗိုလ်သိန်းစိန် ၃ နှစ်မြောက်မိန့်ခွန်းပြောမယ်ဆိုတော့ သူ့လုပ်ဖော်ကိုင်ဘက် တစ်ယောက်ကပြောတယ်..တဲ့။ အဘက ဒီတခါ ဘာများသောက်ခိုင်းဦးမလို့လဲ မသိဘူး..ဆိုပြီး။ ဒီတော့ နောက်တစ်ယောက်က ဝင်ပြောတယ်..တဲ့၊ အလကားပါအေ..လေဖြတ်မစိုးလို့ ပါးစပ်လေ့ကျင်ခန်း လုပ်တာနေမှာ..လို့ဆိုသတဲ့။ တူမချောကတော့ ဦးသိန်းစိန်အကြောင်းမပြောသေးပဲ ”ဗိုလ်ရွှေမန်းအနံ့ပေးနေပြန်ပြီ လေးလေးရ”တဲ့။ ဒါနဲ့ သမီးရော သိန်းစိန်မိန့်ခွန်းနားထောင်ပြီး ဘယ်လိုထင်သလဲပြောပါဦးဆိုတော့ ”သမီးသူ့ကို အစကထဲက မလေးစားဘူး မယုံကြည်ဘူး။ သိချင်တာက ဘာ ဟာသများ ကြားရဦးမလဲပဲလေ၊ ထင်တဲ့အတိုင်းပဲလေ၊ စစ်တပ်အင်အားတောင့်အောင်တဲ့၊ ပထဝီကုန်ပြီ၊ အာပေါ ဝါယောကုန်ပြီ၊ ဒါမှ မတောင့်သေးလည်း စစ်တပ်တတပ်လုံး အတောင့်လိုက်သေလိုက်လို့ပဲပြောချင်တယ်”တဲ့။ ကဲကြည့် အဲဒါ နိုင်ငံရေးနဲ့ စင်္ကြဝဠာ ၇ ခုစာလောက်ဝေးတဲ့ ကလေးမတွေပြောကြတာများ သူတို့သမ္မတကြီးကို ရစရာမရှိဘူး။ ဒေါ်စုကဖြင့်ယုံလိုက်ရတာ သမ္မတကြီးကို၊ သဘောကျလိုက်ရတာ စစ်ဗိုလ်ကြီးတွေကို။ ဦးရွှေမန်းကိုများ ခုနလေးတင်ပြောနေတာ ဖြောင့်ဖြောင့်မတ်မတ် ရှိတဲ့အကြောင်း။ ဒီ မလိမ်မိုးမလိမ်မာဟာမလေးတွေ ဗလွတ်ရွှတ်တတ်ပြောနေတာ ဒေါ်စုသာကြားလို့ကတော့ ရင်ကျိုးမှာ။ (တူမချောနဲ့ပြောတဲ့စကား)

ရယ်စရာပြောတာမဟုတ်ပါ။ ရွှေပြည်ကြီးမှာ ခု ဥ နှစ် ဥ ခေတ်စားနေတယ်လို့ လူငယ်တယောက် ကပြောတယ်။ ခြေဥ ခြေဥနဲ့ လူပြောများတော့ ဥ တစ် ဥ ကတော့ သိနေပါပြီ။ ဒါနဲ့ နောက် တစ် ဥ က ဘာဥများပါလိမ့်လို့ မေးကြည့်တော့..မျိုးဥ..တဲ့။ သဘောမပေါက်တာနဲ့ မေးကြည့်တယ်။ ”မျိုးစောင့်ဥပဒေလေ ဦးလေးကလည်း လေပါတယ်”တဲ့။ ဟုတ်သားပဲ သူပြောမှ နောက် တစ်ဥလည်း သိတော့တယ်။ အင်း...နောက်ဆုံးတော့ ခြေဥပဲဖြစ်ဖြစ် မျိုးဥပဲဖြစ်ဖြစ် နှစ်ဥလုံးကတော့ စစ်ဗိုလ်တွေ အာဏာနဲ့စီးပွားရှာဖို့ ”ဥ”ထားတဲ့ ဥတွေသာပဲ။ (ဥနှစ်ဥကိစ္စ)

၂၀၀၈ စစ်စိုးမိုးဖွဲ့စည်းပုံပြင်ရေးဆန္ဒပြပွဲတွေ ဟောပြောပွဲတွေ ခြိမ့်ခြိမ့်သဲသဲဖြစ်လာတာ လက္ခာဏာကောင်း ကိစ္စကောင်းလို့မြင်ပါတယ်။ ၈၈-ငြိမ်း/ပွင့်တွေ လှုပ်ရှားမှုမှာဟောပြောပါဝင် ဦးဆောင်နေတာလည်း ကြေနပ်စရာပါပဲ။ ”ပြင်ပြင်/မပြင်ပြင်ဝင်မယ်”ဆိုတဲ့အင်န်အယ်လ်ဒီအနေနဲ့ ”ပြင်မှဝင်မယ်”လို့ ကိုယ့်အသံကိုယ် ပြန်ပြင်ချိန် တန်ပြီတွေးတယ်။ အလုပ်သမား/လယ်သမား/မြေယာအသိမ်းခံ/ အထွေထွေမကြေနပ်မှုတွေခါးစည်းခံနေရတဲ့ပြည်သူများရဲ့တိုက်ပွဲတွေနဲ့
ဒီလှုပ်ရှားမှုတွဲပြီးသာနွှဲလိုက်လို့ကတော့ လူထုလက္ခဏာအပြည့်ပါတဲ့ အကြမ်းမဘက်လူထုလှုပ်ရှားမှုကြီးဆီ ဦးတည်သွားမှာသေချာသလောက်ပဲ။ ပုဒ်ထီးပုဒ်မတွေနဲ့ အချုပ်အချယ်တွေကိုဘေးချိတ်ပြီး ရဲရဲတင်းတင်းဆက်တက်သွားရင် ”အကြမ်းမဘက် အာဏာဖီဆန်ရေးလှုပ်ရှားမှုကြီး”ဖြစ်လာမယ် မှတ်တာပါပဲ။ လူထုအားကြီးရင် ဘုန်ကြီးဆိုးတွေနဲ့လှည့်တိုက်တိုက် တစည၊ မဘသအပါအဝင် သဏ္ဍန်စုံစစ်အလိုတော်ရိတွေနဲ့လှည့်တိုက်တိုက် ဘာမှုစရာရှိမလဲ။ ဒီ စစ်အလိုတော်ရိတွေ စစ်အာဏာပြိုတာနဲ့ တနွယ်ငင်တစင်ပါ အရင်းလဲအဖျားထင်းမယ့် နောက်မြီးဆွဲတွေမျှသာပဲ။ ဒီမိုကရေစီအယောင်ဆောင် အရပ်သားအရေခြုံတွေရဲ့ ဓနနဲ့အာဏာအသက်ဗူး ဒါမှမဟုတ် ဝိညာဉ်သေတ္တာဟာ ၂၀၀၈ ဖွဲ့စည်းပုံမှန်း လူတိုင်းသိပြီးသားပါ။ (တဥပြင်နဲ့လူထုနစ်နာချက်အဆက်အစပ်ကိစ္စ)

ခုတလော ခြေနည်းနည်းငြိမ်နေသူတွေထဲမှာ သီတဂူလည်းပါတာ သတိထားမိတယ်။ ဝီရသူကတော့ ပွဲခံပြီးရင်းခံရင်းနဲ့ ကမ္ဘာကျော်ကြီးကိုဖြစ်လို့။ သီတဂူတို့ မနာလိုမယ်ဆိုလည်း မနာလိုချင်စရာ။ ဝီရသူကတစ်ယောက် ရာဇဝတ်မှုတွေနဲ့ထောင်ကျတုန်းကတော့ တရားပဲသွားဟောတာလိုလို ဒန်ပေါက်ပဲသွားကြွေးတာလိုလိုနဲ့ တကူးတကန့်တောင် သွားတွေ့ရရှာတာ။ ခု အပြင်လည်းကြ နံမည်ကြီးဟိုးဟိုးလည်းကျော်ရော၊ တိုင်မ်းမဂ္ဂဇင်းတို့ဘာတို့တွေထဲ မျက်နှာဖုံးကနေပါလာရော သူ့ကို အဖက်မလုပ်ချင်သလို မတူမတန်သလိုလိုတွေလုပ်နေတော့ စိတ်ထဲ မခံချည့်မခံသာဖြစ်ဖြစ်လာပုံပဲ။ ဒီတင်ရှိရင်းစွဲ ဘာသာခြားလူမျိုးခြားမုန်းတီးရေးစိတ်အခံရယ် ဝန်တိုမစ္ဆေရိယစိတ်ရယ်ပေါင်းပြီး ”အိမ်ရှင်-ဧည့်သည်”တွေထပြောလိုပြော ”လူ(၂ဝဝ)သေတာပါ မျိုးမတုန်းပါဘူး”တွေဟောလိုဟောနဲ့ ဝီရသူနဲ့ အရပ်ခြင်းတိုင်းဖို့ကြိုးစားတယ်မှတ်တယ်။ ဟိုကလည်း အပါး။ အတွင်းစည်းထဲက သူ့လူသူကိုင်ထားနိုင်တဲ့ သူ။ လူမွေးနိုင်တဲ့သူ။ ပလေးတတ်တဲ့သူ။ နဂိုကမှ ရှစ်စပ်က ဂျင်ခြေလည်ရတဲ့အထဲ ရာဇဝတ်ကောင် ထောင်ထွက်ဆိုတော့ ထောင်ဇယားလည်းကျသလားမမေးနဲ့ဆိုတဲ့အစား။ သီတဂူ ”လူလစ်ပြီဟ၊ ဘယ်သူမှ မသိလောက်ဘူး” ဆိုပြီး ဒေါ်စုကို ကွယ်ရာမှာ လက်သီးပုန်းကျိတ်ထိုးတဲ့ ”အလွတ်သဘော” ဆိုတာကို ကောက်ကိုင်ဖေါက်ချပြီး အထုတ်လည်းဖြည်လိုက်ရော သီတဂူ ခြေမကိုင်မလက်မကိုင်မိတွေနဲ့ ဘုန်းကြီးတန်မဲ့ စကားရှုပ်စကားရှင်း စာရင်းပေါက်သွားတော့တာပဲ။ ဇာတ်ခေါင်းကွဲတော့တာပဲ။ အမှန်က ဗိုလ်လုကြတာပါ။ ဇယားရွှေ့ကြရင်း ဇယားငြိကြတာပါ။ ဇယားညပ်သွားတာက သီတဂူ့နှုတ်ကတရရပြောတဲ့ ”အရတော်စွ ဒကာမကြီးဒေါ်စု” ပဲ။ သီတဂူ ဗိုလ်မဖြစ်ပဲ ခြေထိုးခံလိုက်ရတော့ အငန့်လေးတွေလို့တွက်မိမှားကြောင်း နောင်တရသွားမယ့်သဘောတော့ ရှိတယ်။ ဝီရသူက ဖြေဆေးတော့ပြန်ကြွေးရှာပါတယ်။ ဒါပေမယ့် ဆေးမမီတော့ဘူး ”မင်းတို့ ငါ့ကို အသုံးချတယ်” ဘာညာနဲ့ တကယ့်ပီဘိဘာမှမသိလေဟန်လုပ်ပြရတဲ့ဘဝ ရောက်သွားတယ်။ ဒီတင် ဒေါ်စုကိုဖုန်းဆက်ပြီး စကားဖါစကားထေးလုပ်ရရောပဲ။ ရဟန်းတို့ မကျူးလွန်အပ်ဘူးဆိုကာ ဗုဒ္ဓမြတ်စွာပြစ်တင်ရှုတ်ချလေတဲ့ ဝစီဒုစရိုက်နဲ့တန်းငြိတော့တာပဲ။ မျက်နှာဖုံးကွာကြတော့တာပဲ။ ဒီတင် လက်လျှိုပြီး ငုတ်နေလိုက်ပုံပဲ။ ခြုံထဲကတမြမြ လုပ်နေသလားပဲ။ အောက်ရေတိုးနေသလားပဲ။ ဘာပဲဖြစ်ဖြစ်ပါ ကြောင်ကြာရေမငုတ်ဆိုသလိုပဲ ပြန်ပေါ်လာမှာပါ။ ဝီရသူဇာတ်ရှိန်လည်း အမြင့်ဆုံးရောက်ပါပြီ။ ဇာတ်ကျချိန်မှာ ”ပျော်ရွှင်စွာပေါင်းစည်း ကြလေသတည်း”နဲ့ အဆုံးသတ်မယ့်ကိန်းတော့ ခုထိမမြင်သေး။ (နောင်တော်ကြီးနဲ့ညီတော်လေးကိစ္စ)

နေပါဦး ခု အရပ်သားအရေခြုံ ဒီမိုကရေစီအယောင်ဆောင် ဦးဗိုလ်သိန်းစိန် သမ္မဖြစ်တော့ ကောင်းလှချည့်ဆို၊ သမ္မတကြီးကိုယုံတယ်ဆို၊ မဟုတ်တာလုပ် လိမ်လည်ဖြီးဖြန်းနေ တာတောင် ချစ်စနိုးနဲ့နွဲ့ဆိုးလေးဆိုးပြီး ”ဘပြောင်” ဆို။ နောက်သိတ်မကြာဘူး ဇာတိရုပ်ပြန်ပေါ်တော့ မကောင်းတော့ဘူးဆိုသလိုလို၊ ခုတခါ ဖြစ်နေတဲ့ပြဿနာတိုင်းက အစိုးရကြောင့်ဆိုနေပြန်ရောလား။ ဦးဗိုလ်ရွှေမန်းကြ ဘာမှမပြောကြတာက ဘာဖြစ်လို့များတုန်း၊ ဘာလဲ လွှတ်တော်ထဲမှာ ဒေါ်စုနဲ့ကြည်အေးစေနဲ့ လပ်ခုတ်တီးပေးလိုက် ကွေးနေအောင်ကလိုက်ဖြစ်နေလို့လား။ ဖွဲ့စည်းပုံပြင်ပေးမယ်ပြောလို့ ဝမ်းသာကြရော့သလား။ ကျနော့်အမြင်အရတော့ ဦးဗိုလ်သိန်းစိန်ဖြစ်ဖြစ် ဦးဗိုလ်ရွှေမန်းဖြစ်ဖြစ် ဗိုလ်မင်းအောင်လှိုင်ဖြစ်ဖြစ် တူညီတဲ့အကျိုစီးပွားကို နည်းနာခွဲပြီးကာကွယ်နေကြတာပဲ။ တခြားအများကြီးမပြောနဲ့ ခုနေ ”စောမူးတူးဆေးဖိုးဖြစ်ဖြစ်၊ RNDP က ဦးအေးမောင်ဖြစ်ဖြစ်၊ ဒေါ်စုဖြစ်ဖြစ်၊ ၈၈-ငြိမ်းပွင့်တွေဖြစ်ဖြစ်၊ သီတဂူဖြစ်ဖြစ်၊ ဝီရသူဖြစ်ဖြစ်.....ဘယ်သူဖြစ်ဖြစ်” တယောက်ကနေ ”ဦးပိုင်ဖျက်”လို့ တစ်ခွန်းပဲပြောကြည့် မတူတဲ့အသံတွေနဲ့(အပြော့ဆွဲ၊ မန်မန်မဲမဲ၊ အော်အော်ငေါက်ငေါက်၊ ခြိမ်းခြိမ်းခြောက်ခြောက်၊ တုတ်ဆွဲဓါးဆွဲ၊ ခါးစောင်းကသေနတ်ဒင်ပုတ်ပြ) တူတူညီညီကာကွယ်ကြမှာပဲ။ ဒီလို ကာကွယ်ရိုးဟာ တခြားမကြည့်နဲ့ အနီးဆုံး ဗိုလ်(ဟောင်း)ခင်ညွန့်ပဲကြည့်၊ အေးနေဝင်းပဲကြည့်” တပ်တော့မထိနဲ့ တပ်အကျိုးစီးပွားတော့မထိနဲ့”လို့ အတိအလင်းပြောသေးတာပဲ။ ဗိုလ်ဦးလွန်းမောင် ထမင်းဆိုင်ဖွင့်စားတယ်။ သူ့ဖြုတ်လိုက်လို့ ရွှေမန်းတို့တစ်သိုက်ကို မကြိုက်ဘူးပဲ ခနဲ့တဲ့တဲ့လောက်သာပြောတာ။ တပ်ကလုပ်တာမှန်သမျှအကောင်းချည်းပဲလို့ မပြောပေမယ့် အဆိုးတခုတလေပါကြောင်းတောင် မပြောဘူး။ ဆိုတော့ ကိုယ့်ခေါင်းဆောင်နဲ့ ဘယ် စစ်ဗိုလ်ဟောင်း/သစ် အလွမ်းသင့်နေသလဲကြည့်ပြီး ဒီစစ်ဗိုလ်ကောင်း/မကောင်း လိုက်ခံစားဆုံးဖြတ်နေသူတွေဆီက သိတ်မကြာတော့ဘူးဗိုလ်ဦးရွှေမန်းမကောင်းဘူးပြောသံ ကြားရတော့မယ်မှတ်တယ်။ ဗိုလ်မင်းအောင်လှိုင်နဲ့ ပေးကစားတော့မှာလိုလို ဘာလိုလိုအသံ ထွက်လာတယ်။ သိန်းစိန် ရွှေမန်း မင်းအောင်လှိုင် မင်းသားပြောင်းပွဲထွက်ပြီး တပင်တိုင် မင်းသမီးဒေါ်အောင်ဆန်းစုကြည်တလက်တည်းမဟုတ်တော့ပဲ ဘယ်သူတွေပါ ယိမ်းထဲ ပါကြဦးမလဲ။ နှစ်ပါးသွားကြဦးမလဲ။ မြိုင်ထဆိုလည်း မခက်ပါလား။ စစ်အုပ်စုသဘာဝဟာ ငါးခုံးမတစ်ကောင်ကြောင့် တလှေလုံးပုတ်တာမဟုတ်ဘူး ငါးခုံးမပုတ်တွေချည်း လှေလုံးပြည့် တင်ထားတာ။ ဒီကြားထဲ လှေက လှေလူး၊ ဘုန်းကြီးရူးပေးလှော်တော့ တွက်သာကြည့်။ (ဦးပိုင်ဖျက်လို့ပြောကြည့်စမ်း)


Wednesday, March 26, 2014

မျိုးချစ်များနဲ့ ဒါကာထရီဗျုး(န်)ထဲက ယင်ကောင်တစ်ကောင်(တူမောင်ညို)

0 comments
မျိုးချစ်များနဲ့ ဒါကာထရီဗျုး(န်)ထဲက ယင်ကောင်တစ်ကောင်(တူမောင်ညို)
(၂၀၁၄ ခုနှစ်၊ မတ်လ ၂၅ ရက်)
အညှီရှိလို့ယင်အုံတာလို့ပဲ။ ယင်ကောင်နဲ့အညှီအပုပ်ဆိုတာ မိတ်ဖက်မဟုတ်လား။ ဒီတော့ Dhaka Tribune မှာ ရေးသားဖော်ပြတဲ့ ဆောင်းပါးနဲ့ (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရတို့ဟာ ယင်ကောင်နဲ့အညှီအဟောက်ပဲ။ ဒီတော့ အညှီအဟောက်ရှိရာ ယင်အုံတာ ဘာမျှ မဆန်းဘူး။  
             ယင်ကောင်လာအောင် (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက အညှီတွေအဟောက်တွေ၊ အပုပ်အပွတွေ တမင်ဖန်တီးထားပြီး၊ ယင်ကောင်လာအုံတော့မှ လက်ညှိုးထိုးအကြောင်းပြပြီး “မျိုးချစ်စိတ်ဓါတ်” ထက်သန်ပြနေကြတာကတော့ဖြင့် ရယ်စရာကောင်းလှပါတယ်။
 (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက “မျိုးချစ်စိတ်ဓါတ်”ထက်သန်ပြနေတာ မဆန်းပေမယ့်။ ဒီမိုကရေစီရေးလုပ်ဆောင်နေသူတွေက ယင်အုံတာကို ယိုးမယ်ဖွဲ့ပြီး အချုပ်အခြာအာဏာထိခိုက်တယ်လို့ လက်သီးလက်မောင်းတန်းပြီးပြောဆိုနေကြတာကဖြင့် မသိသားဆိုးဝါး လွန်းရာကျပါတယ်။ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ “ဆင်”ကွက်ထဲ “အ”တတ၊ ဂွကျကျ ဝင်တိုးနေသလိုမျိုးလည်းဖြစ်နေပါတယ်။
ကိုလိုနီဘဝမှာ နယ်ချဲ့ဗြိတိသျှတွေသွင်းတဲ့ လူမျိုးရေးအပင်းအဆိပ်မှိုင်းကို  “ဓါး မသွေးလောက်ဘူး”ဆိုပြီး ဆရာကြီးမှိုင်းက ပြည်သူတွေကို ရှင်းရှင်းပြတ်ပြတ်မျက်စေ့ဖွင့်ပေးတဲ့နိုင်ငံရေးအသိအမြင်မျိုး ယနေ့မြန်မာ့နိုင်ငံရေးစင်ပေါ်ကလူတွေမှာ ရှိသင့်ရှိထိုက်ပါတယ်။ မရှိရင် နိုင်ငံရေးကိုယ်ကျိုးနည်းပြီး၊ ဒီမိုကရေစီရေစုန်မျောပါလိမ့်မယ်။
မနေ့တနေ့ကလို့ ပြောလို့ရတဲ့ (နဝတ-နအဖ)စစ်အစိုးရအုပ်စိုးစဉ်ကာလမှာ အာဘောင်အာရင်းသန်သန် သူတို့ အော်ခဲ့၊ ဟစ်ခဲ့ ကြတဲ့ “လက်သစ်ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး”ဘယ်ရောက်သွားပြီလဲ။ “ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်နေတဲ့ အနောက်အုပ်စု နိုင်ငံကြီးတစ်နိုင်ငံ”ဆိုတဲ့အသုံးအနှုန်း ဘယ်ချောင်ထိုးထားလိုက်ပြီလဲ။ သူတို့ဗိုလ်ကျအုပ်စိုးမှုကို တစ်စုံတစ်ရာအသိအမှတ်ပြုလိုက်တာနဲ့  ဒီလိုလေလုံးထွားမှုတွေ/ဒီလိုစကားလုံးတွေ တခါထဲနှုတ်ဆိတ်သွားတာပဲ မဟုတ်လား။  
သူတို့ပြောတဲ့ “မျိုးချစ်စိတ်ဓါတ်” ၊ သူတို့ပြောတဲ့ “ကိုလိုနီနယ်ချဲ့လက်သစ်ဆန့်ကျင်ရေး”ဆိုတာ သူတို့အုပ်စိုးမှုကို ဖိအားပေးဝေဖန် နေစဉ်မှာသာ ငယ်သံပါအောင်အော်ဖို့ဟစ်ဖို့နဲ့ ပြည်သူတွေကိုလှည့်စားဖြားယောင်းဖို့သက်သက်သာဖြစ်ပါတယ်။  
 “ပြည်တွင်းရေးဝင်ရောက်စွက်ဖက်သော အနောက်အုပ်စုနိုင်ငံကြီးတချို့”လို့  စစ်အစိုးရကအော်ဟစ်ခဲ့ပြီး၊ “ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးအချိုးဖောက်ဆုံးအစိုးရ”လို့ အပြန်အလှန်ပြစ်တင်ကြိမ်းမောင်းခဲ့သူတွေ အခုတော့ပြန်လည်သင့်မြတ်ကုန်ကြပြီ၊ ကြည်စေ အေးစေဖြစ်နေကြပါပြီ။ အီးယူကဆိုလျှင် လုံထိန်းရဲတွေကို လူထုအုံကြွမှုနှိမ်နင်းရေးနည်းလမ်းတွေ ကိုယ်ဖိရင်ဖိလာရောက်သင်ကြားပို့ချပေး နေပါပြီ။ အမေရိကန်နဲ့ဗြိတိန်ကလည်း စစ်တပ်ကို ပရောဖက်ရှင်နယ်စစ်တပ်ကြီးဖြစ်စေဖို့ ထရိန်နင်ပေးချင်နေပါတယ်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊မောင်တောက လူဝင်မှုပြဿနာပဲဖြစ်ဖြစ်၊ တရုတ်ကုမ္မဏီတွေနဲ့ဆက်စပ်ပတ်သက်နေတဲ့ မြစ်ဆုံ/လက်ပံတောင်းအရေးအခင်းပဲဖြစ်ဖြစ် ဒီပြဿနာတွေရဲ့ပင်မလက်သည်တရားခံဟာ (နဝတ-နအဖ)စစ်အစိုးရနဲ့ (နဝတ-နအဖ) စစ်အစိုးရရဲ့အာဏာအမွေကို လွှဲပြောင်းလက်ခံထားတဲ့ (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရတို့သာလျှင် ဖြစ်ပါတယ်။ ဒီအချက်ကို မျက်ခြည်ပြတ် တာနဲ့ “မျိုးချစ်မှိုင်း/မျိုးစောင့်မှိုင်း”တွေမိပြီး ချာချာလည်လည်သွားမှာ သေချာပါတယ်။ တချို့လည်နေပါပြီ။  
တိုင်းပြည်ရဲ့နယ်မြေတည်တံ့မှုနဲ့ အချုပ်အခြာအာဏာကို တကယ်တန်းထိန်းသိမ်းလိုတယ်ဆိုရင် တတိုင်းတပြည်လုံးသွေးစည်း ညီညွတ်နေမှသာဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ပြည်သူတစ်ရပ်လုံးက ရွေးချယ်တင်မြှောက်ထားတဲ့အစိုးရတစ်ရပ် ရှိဖို့လိုအပ်ပါတယ်။
လက်ရှိစစ်တပ်ကိုလည်း စစ်အုပ်စုတစ်လက်ကိုင်ခါးပိုက်ဆောင်တပ်အဖြစ်ကနေ ပြည်သူ့အကျိုးကို တကယ်တမ်းကာကွယ်တဲ့ တပ်မတော်တစ်ရပ်အဖြစ် ပြောင်းလဲဖို့လည်းအရေးတကြီး လိုအပ်ပါတယ်။  
ဒီအခြေခံအချက် ၃ ချက် ဖြစ်မြောက်ရေးအတွက် ရှေးဦးလိုအပ်ချက်က “၂၀၀၈ အခြေခံဥပဒေ”ဖျက်သိမ်းပြီး၊ တန်းတူရေးနဲ့ ဒီမိုကရေစီရေးကိုတိတိကျကျအာမခံနိုင်မယ့်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ် အလျှင်အမြန်ရေးဆွဲပြဋ္ဌာန်းကြရေးသာလျှင်ဖြစ်ပါတယ်။
 ပြင်ဦးလွင်မှာ မန္တလေးကစာရေးဆရာတွေနဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဖြေကြားတဲ့အထဲက စကားရပ်အချို့ကို ကောက်နုတ်ပြီး နိဂုံးချုပ်ပေးလိုက်ပါတယ်။ ဒေါ်စုက တိုင်းပြည်နဲ့လူထုကြုံတွေ့နေရတဲ့ အညှီအဟောက်အားလုံးရဲ့လက်သည်တရားခံ အစစ်ဘယ်သူလဲဆိုတာ ပြတ်ပြတ်သားသားညွန်ပြထားတယ်။
“ဒီနိုင်ငံဟာ တရုတ်နိုင်ငံအောက်ပဲဖြစ်စေ၊  အခြားတစ်နိုင်ငံအောက်ပဲဖြစ်စေ၊ ကိုလိုနီသဖွယ် မကျသွားစေချင်ဘူးဆိုရင် ဒီ နိုင်ငံအတွက် အလိုအပ်ဆုံးက နိုင်ငံရဲ့အကျိုးကို ပီပီပြင်ပြင် တာဝန်သိသိနဲ့ထမ်းဆောင်မယ့်အစိုးရတရပ်ပဲဖြစ်ပါတယ်။ စီးပွားရေးကိစ္စတွေ ဘာတွေနဲ့ပတ်သက်ရင် ပြည်သူလူထုကလည်း ကျမကို ခဏခဏလာပြောပါတယ်။ ဒီမှာ တရုတ်ကုမ္ပဏီတွေက မတော်မတရားတဲ့ အခွင့်အရေးတွေဘာတွေ ယူထားတယ်။ ကျမကပြန်မေးတယ်၊ ဘယ်သူတွေက ဒီအခွင့်အရေးတွေပေးထားပါသလဲ။ ဒီမေးခွန်းကို ကျမတို့ သတ္တိရှိရှိနဲ့မေးရမယ်။ ဒီနိုင်ငံရဲ့ခွင့်အရေးတွေ၊ နိုင်ငံသူနိုင်ငံသားတွေရဲ့အခွင့်အရေးတွေကိုကာကွယ်ဖို့ ဘယ်သူ့မှာတာဝန်ရှိသလဲ။ အစိုးရမှာ တာဝန်အရှိဆုံးပဲ။ ဘာဖြစ်လို့ အစိုးရက ဒါကို မကာကွယ်ခဲ့သလဲ။ ကိုယ့်အစိုးရကမှ ကိုယ့်ကိုမကာကွယ်လို့ရှိရင် ဘာကိစ္စတခြားအစိုးရက ကိုယ့်အကျိုးကို ကြည့်နေရမှာလဲ”။