ပုဂံခေတ် အရည်းကြီးဂိုဏ်း တစ်ကယ်ရှိ၊မရှိ
ဒေါက်တာသန်းထွန်းနှင့် သမိုင်းပညာရှင်များ၏ ပြောဆိုချက်
—————————————————————————————
အရည်ကြီးတွေဟာ ပုဂံခေတ်ဦးမှာ လုံးဝမရှိခဲ့ကြောင်း ဒေါက်တာသန်းထွန်းက ပြောထားပါတယ်။ ပုဂံပျက်ခါနီးမှ တောကျောင်းဂိုဏ်း(ခေါ်)အရည်းဂိုဏ်း အမည်ရ သေရည်သောက်၊ ဝိနည်းကိုခပ်လျော့လျော့သာဆောင်တဲ့ ဂိုဏ်းတစ်ခုတော့ပေါ်ခဲ့ပေမဲ့ သူတို့ဟာ ပါးစပ်ရာဇဝင်မှာပြောသလို ကိုယ်ပိုင်စစ်တပ်ထောင်တာတို့၊ပန်းဦးလွှတ်ခိုင်းတာတို့လို ကိစ္စတွေကို မလုပ်ခဲ့ပါဘူး။ ရာဇဝင်မှာ အရည်း ကြီးတွေကို နှိမ်နင်းခဲ့သူလို့ ထင်ရှားတဲ့ အနော်ရထာမင်း နတ်ရွာစံအပြီး နှစ်(၁၄၀)နီးပါး အကြာလောက်မှာမှ ဒီအရည်းဂိုဏ်းပေါ်လာတာ ဖြစ်ပါတယ်။ ကျောက်စာအထောက် အထားအရ ထိုဂိုဏ်းသူ တည်ထောင်သူကတော့ မဟာကဿပအမည်ရ ရဟန်းတစ်ဦး ဖြစ်ပါတယ်။
အနော်ရထာမင်းလက်ထက်မှ ဗုဒ္ဓဝါဒီ ရသည်မဟုတ်
************************************************
ပုဂံပြည်သည် အနော်ရထာလက်ထက်တွင် သုဝဏ္ဏဘူမိသထုံပြည်ကို တိုက်ခိုက်အောင်နိုင်ပြီး ထိုပြည်မှတစ်ဆင့် ဗုဒ္ဓဘာသာကို ရသည်၊ ထိုမတိုင်မီက ပုဂံတွင် အရည်း ကြီးသာသနာထွန်းကားခဲ့ပြီး အနော်ရထာလက်ထက် ဗုဒ္ဓဘာသာရောက်ချိန်မှ အမြစ်မကျန်သုတ်သင်ခံရသည် ဟု နန်းတွင်းရာဇဝင်များက အစဉ်အဆက် ဆိုသည်။ အနော်ရထာသည် ဗုဒ္ဓဘာသာကိုလိုချင်၍ သထုံကို တိုက် ခိုက်ခဲ့သည်မဟုတ်ချေ။ ၁၁ရာစုဦးတွင် ခမာ (ကမ္ဘောဒီး ယား)လူမျိုးတို့သည် မွန်တို့၏ နိုင်ငံတော်ကို လာရောက်ထိပါးကြသည်။ မြန်မာရာဇဝင်များက ခမာစစ်သည်များကို ဂျွမ်းစစ်သည် ဟုမှတ်တမ်းတင်ထားသည်။ ထိုသို့ ထိပါးနှောင့်ယှက်ခံရသော မွန်တို့၏ တိုင်းပြည်သည် အင်အားလျော့၍ မတည်မငြိမ်ဖြစ်လျက် ရှိသည်။ ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ပင်လယ်ထွက်ပေါက်ရလိုသော ပုဂံဘုရင် အနော်ရထာသည် မွန်ပြည်ကို အလွယ်သိမ်းယူခဲ့ဟန်ရှိသည်။ ဗုဒ္ဓသာသနာကို ရလို၍ ပုဂံသည် သထုံကို သိမ်းခဲ့သည်ဆိုသော အချက်သည် မမှန်ကန်ဟု ဒေါက်တာသန်းထွန်းက အခိုင်အမာဆိုသည်။
ဗမာလူမျိုးတို့သည် ကျောက်ဆည်လွင်ပြင်၌ စတင် နေထိုင်သည့်အချိန်မှစ၍ ဗုဒ္ဓဝါဒီဖြစ်သော ပျူ၊မွန်တို့နှင့် ကူးလူးဆက်ဆံမိပြီဖြစ်သောကြောင့် ထိုအချိန်မှစ၍ မရှေးမနှောင်းပင် ဗမာတို့သည် ဗုဒ္ဓဝါဒီများ ဖြစ်လာသည်။ ပုဂံရှိ ဖက်လိပ်ဘုရားနှစ်ဆူမှာလည်း အနော်ရထာခေတ်ထက်စောသည်ဟု ဒေါက်တာသန်းထွန်းက ဆိုသည်။ ထို့ပြင် ရာဇဝင်၌ ဆိုသလို ပုဂံမင်းတို့သည် နတ်ကိုးကွယ်မှုကို မပိတ်ပင်ခဲ့ချေ။
ပုဂံပြည်သာသနာ၂ခြမ်းကွဲခြင်း
(တောကျောင်းဂိုဏ်း(ခေါ်)အရည်းဂိုဏ်းပေါ်လာခြင်း )
*************************************************
ပုဂံပြည်၏ ရဟန်းလောကတွင် သြဇာအကြီးဆုံးမှာ ဝိနည်းနှင့်ပက်သက်၍အဆုံးအဖြတ်ပေးရသော ဝိနယဓရ(ဝိနည်းဓရ်)ဘွဲ့ခံ ဆရာတော်များဖြစ်သည်။ ၁၃ရာစုကျောက်စာများတွင် ဝိနည်းဓရ်အမည်ခံဆရာတော်တစ်ပါး၏ အမည်ကို မကြာခဏတွေ့ရသည်။ ၁၂၄၃တွင် ထိုဆရာတော်၏ကျောင်းတိုက်၌ ၄င်း၏တပည့် စာသင်သားသံဃာများ နေရန် အဆောင်သစ်၂၀ကို ထပ်မံ၍ ဆောက်ခဲ့ရသည်ဟု ကျောက်စာ၌တွေ့ရသည်။ နောက်လိုက်အင်အား အလွန်တောင့်သော ဆရာတော်ဟုဆိုနိုင်သည်။ ထိုဆရာတော်သည် ဝိနည်းအတိုင်း တစ်ဆံချည်မယွင်း လိုက်နာရမည်ဟူသောမူကို ဦးဆောင်ပြဌာန်းသူ ဖြစ်သည်။ သီဟိုဠ်(သီရိလင်္ကာ)နိုင်ငံရှိ ရဟန်းတော်များသည်လည်း ၄င်းဆရာတော်နှင့် အယူအဆတူသဖြင့် တစ်ဂိုဏ်းတည်းဖြစ်၍ သီဟိုဠ်၏ အကူအညီများစွာရသည်။ ထို့ကြောင့် ထိုဂိုဏ်းကို သီဟိုဠ်ဂိုဏ်း ခေါ် သည်။ ကျောက်စာမှတွေ့ရှိချက်အရ ၁၂၃၇နှင့်၁၂၄၈ခုနှစ်များတွင် သီဟိုဠ်ဂိုဏ်းမှ ဓမ္မသီရိနှင့် သုဘူတိစန္ဒအမည်ရ ဆရာတော်၂ပါးသည် ပုဂံမှ သီဟိုဠ်ပြည်သို့ ကြွသွား၍ အပြန်တွင် သီဟိုဠ်မှ ရဟန်းများကို ပုဂံသို့ပင့်လာပြီး ဝိနည်းအတိုင်း တစ်ဆံချည်မယွင်း လိုက်နာရမည်ဟူသော သီဟိုဠ်ဂိုဏ်း၏ ဝါဒများကို ပြန့်ပွားအောင် ဆောင်ရွက်ခဲ့သည်။
ထိုဂိုဏ်းနှင့် အပြိုင် ဝိနည်းတော်ကို အတိုးအလျော့လုပ်လိုသည့် ဂိုဏ်းတစ်ခုသည်လည်း အပြိုင်ပေါ်ထွက်လာသည်။ ထိုဂိုဏ်းမှ ရဟန်းများသည် မြို့အရပ်၌မနေ တောအရပ်၌ ဓုတင်ဆောင်၍ နေသူများ ဖြစ်သည်။ ထိုဂိုဏ်းသည် နားတောင်းမင်းလက်ထက်တွင် မြင်းမူ(စစ်ကိုင်းနယ်)နှင့် အနိမ့်(မုံရွာနယ်)တို့၌ စတင်ပေါ်ပေါက်ခဲ့သည်။ဂိုဏ်းခေါင်းဆောင်မှာ မဟာကဿပ အမည်ရ ရဟန်းဖြစ်သည်။ ကျောက်စာများ၌ ထိုဂိုဏ်းမှရဟန်းများကို တဝ်က္လောင်နေ ရဟန်း ဟူ၍လည်းကောင်း၊ တဝ်ပ္လတ်တြီ ဟူ၍လည်း ကောင်း ခေါ်ဆိုကြသည်ကို အမျာအပြားတွေ့ရသည်။ အရည်းဟု ခေါ်သော အခေါ်အဝေါ်တွေ့ရသော်လည်း တွေ့ရနည်းသည်။ အရည်းဟူသော ဝေါဟာရသည် အရညကင်ဓူတင်ဆောင်သဖြင့် ရသောအမည်ဖြစ်ဟန်ရှိသော အရညကင်္ဂမှ ဆင်းသက်လာဟန်ရှိသည်။ အချို့သမိုင်းဆရာများက အရိယာဟူသော ဝေါဟာရမှ ဆင်းသက်လာသည် ဟူ၍လည်း ဆိုပြန်သည်။ သို့သော် တောကျောင်းဂိုဏ်းမှ ရဟန်းတို့သည် အချို့ကိုယ်တော်များမှအပ အများစုသည် အရညကင်ဓူတင်ကို အမှန်တစ်ကယ်ဆောင်ကြသူများ မဟုတ်ပေ။
သာမန်ရဟန်းတို့မှာ ဒါယိကာတို့လှုသော မြေ၊ယာများနှင့်သာ တင်းတိမ်သော် လည်း တောကျောင်း(အရည်း) ဂိုဏ်းမှ ရဟန်းတို့မှာ မတင်းတိမ်နိုင်ပဲ ကိုင်ပိုင်ငွေဖြင့်မြေယာဝယ်ကြသည်။ သို့သော် ၄င်းတို့ကိုယ်တိုင် မြေမဝယ်၊ လူဝတ်ကြောင်ကိုသာ စေခိုင်းလေ့ရှိသည်။ ထိုသို့ လူဝတ်ကြောင်ကို မြေဝယ်ခိုင်းသည့်အကြောင်းကို ကျောက်စာများ၌ ငါးကြိမ်တွေ့ရသည်။ ပုဂံခေတ်ဓလေ့အရ မြေအရောင်း အဝယ်အောင်မြင်လျှင် မြေပိုင်ရှင်ပြောင်းလဲကြောင်းကြေညာရန် စားသောက်ပွဲကြီးကျင်းပ၍ သက်ဆိုင်ရာနယ်အရာရှိများကို ဖျင်အဝတ်တို့ကိုလက်ဆောင်များပေးရသည်။ ထိုစားသောက်ပွဲများကို တောကျောင်းအရည်းဂိုဏ်းမှ ရဟန်းတို့ပါဝင်ဆင်နွှဲပြီး သေရည်သောက်စားကြသည်ဟု ကျောက်စာများ၌တွေ့ရသည်။ အေဒီ၁၃၇၃ ရက်စွဲပါ ကြောင်လိမ်ကျောက်စာတွင် အရည်းတို့၏ ကျောင်းပေါ်၌ စားသောက်ပွဲကျင်းပကာ နွား၁ကောင်၊ဝက်၁ကောင်၊ဆိတ်၁ကောင်၊ကြက်၈ကောင်နှင့် သေရည်၂၅လုံး စားသောက်သုံးကြသည်ဟု ရေးထိုးထားသည်။ ထိုစားသောက်ပွဲများတွင် အရည်းတို့သည် ဓလေ့အရ ဖျင်ဖြူ၊ဖျင်မဲဝတ်၍ ပွဲတက်လေ့လည်းရှိသည်။ ထို့ပြင် သားကြီး၊ငါးကြီးသတ်ခြင်းကို အားပေးကြောင်း ကျောက်စာတွင်တွေ့ရသည်။ အေဒီ၁၂၄၈ရက်စွဲပါ နန္ဒမညာဘုရားအနီးမှရရှိသော ကျောက်စာတွင် တောကျောင်းရဟန်းတို့စားသောက်ရန် ထမင်း၊ဟင်း မနက်စာတစ်အိုး၊ညစာတစ်အိုး ပို့ပေးသည်ဟုပါရှိသည်။ ထိုကျောက်စာအရ အရည်းတို့သည် ညစာစားသောက်ကြောင်းလည်းထင်ရှားသည်။
တောကျောင်းဂိုဏ်း (အရည်း) တို့သည် မြေဝယ်ခြင်း၊သေရည်သောက်ခြင်း၊ သားကြီး၊ငါးကြီးသတ်ခြင်းကြီးအားပေးခြင်း၊ညစာစားခြင်းစသည်တို့ကိုသာ ပြုမူကြောင်းတွေ့ရသည်။ ထို့ကြောင့် နန်းတွင်း ရာဇဝင်၌ဆိုသလောက် မဆိုးဟုပြောရမည်။ ကျောက်စာတစ်ခုတွင် ဂိုဏ်းခေါင်းဆောင် မဟာကဿပသည် ဂေါတမဗုဒ္ဓထံမှ ဗျာဒိတ်ရသူဖြစ်သည်ဟု ရေးထိုးထားသောကြောင့် ဗုဒ္ဓကိုမကိုးကွယ် နတ်၊နဂါး၊မှော်အတက်တို့ကိုသာ ကိုးကွယ်သည်ဟူသော အချက်သည်လည်း မှားယွင်းပေသည်။ ဗုဒ္ဓဘာသာဂိုဏ်းခွဲများစွာထဲကမှ တစ်ခုဟုဆိုရပေမည်။ တောကျောင်း (အရည်း)ဂိုဏ်းတွင် သ္ခိင်မဟာမတိမာအမည်ရ ပိဋိကတ် တက်ကျွမ်းသောရဟန်းရှိကြောင်း အနိမ့်တောကျောင်း၊ရွှေကူကျောက်စာတွင် တွေ့ရသည်။
၁၂၁၆တွင် မိဖုရားတစ်ပါး၏မယ်တော်က အရည်းတို့အား လယ်အပယ် ၂၀လှုကြောင်း ကျောက်စာ၌ တွေ့ရသည်။ ရာဇမဟာမင်္ဂပတိကဆိုသူက အေဒီ၁၂၃၃တွင် ပုဂံအရှေ့မင်းနန်သူရွာတွင် အရည်းတို့အတွက် တောကျောင်းကူတည်ပေးကြောင်းတွေ့ရသည်။ ဇေယျာပွတ် အမည်ရှိ အရေးပါဟန်ရှိသော အမတ်တစ်ဦးသည်လည်း ၁၂၃၆၌ ပုဂံအရှေ့ဖွားစောရွာတွင် အရည်းတို့အား ကျောင်းဆောက်ပေးပြီး ကျွန်နှင့် မြေ၇၅ပယ်လှုကြောင်း တွေ့ရပြန်သည်။ အထက်ဖော်ပြပါ မင်းနန်သူရွာနှင့်ဖွားစောရွာအရပ်တို့ကို သစ်မတိဟု ရှေးရေးရှိသည်။ နန်းတွင်းရာဇဝင်များ၌ အရည်းကြီးတို့ ဌာနချုပ်ရှိရာ သမထီးဟုဖော်ပြသော အရပ်ပင်ဖြစ်သည်။ ၁၃ရာစုဦးတွင် တောကျောင်းဂိုဏ်း(အရည်းဂိုဏ်း)သည် သီဟိုဠ်ဂိုဏ်းနည်းတူ ပုဂံနန်းတော်ထိ ပေါက်ရောက်နေပြီး လူထုကြား ခေတ်စားနေကြောင်းတွေ့ရသည်။
ပုဂံတွင် ဗုဒ္ဓဘာသာ(သီဟိုဠ်ဂိုဏ်း၊တောကျောင်းဂိုဏ်း၊.....)တို့အပြင် ဟိန္ဒူဘာသာကို ကိုးကွယ်မှုလည်းတွေ့ရသည်။ ထို့အပြင် ၁၂ရာစုမတိုင်ခင်ထိ ပုဂံရှိ ဗုဒ္ဓဘာသာတွင် ဟိန္ဒူဘာသာ၏ စက်ရိပ်မလွတ်သော အယူအဆများ အနည်းငယ် ရောနှောပါဝင်နေသည်။ (ပုဂံမတိုင်မီ ပျူခေတ်ရှိ ဗုဒ္ဓဘာသာတွင်လည်း ဟိန္ဒူအယူအဆ အနည်းငယ် ရောနှောပါဝင်နေသည်)။ ကျန်စစ်မင်းနောက်ပိုင်းတွင် ဗုဒ္ဓဘာသာတွင် ဟိန္ဒူအယူအဆလွှမ်းမိုးမှု အများအပြားလျော့နည်းသွားသည်။ သီဟိုဠ်ပြည်မှ ရဟန်းတော်များ၏ စတင်လွှမ်းမိုးမှုကြောင့်ဟု ယူဆမိပါသည်။ ပုဂံခေတ်ကတည်ဆောက်ခဲ့သော နတ်လျောင်းကျောင်းအမည်ရ ဟိန္ဒူဘုရားကျောင်းကို ပုဂံမြို့ဟောင်းတွင် ယနေ့တိုင်မြင်တွေ့နိုင်သည်။ အထက်ပါ ဂိုဏ်းများ၊ဘာသာများကို မည့်သည့်ပုဂံမင်းကမှ မနှိပ်ကွပ်ခဲ့ချေ။
ပုဂံခေတ်နောက်ပိုင်း တောကျောင်းအရည်းဂိုဏ်း
*******************************************
ပုဂံပျက်ပြီးနောက် ပင်းယခေတ်နှင့် အင်းဝခေတ်များတွင် တောကျောင်းအရည်းဂိုဏ်းသည် နိုင်ငံပြန်လည် ထူထောင်ရေး၌ ပါဝင်လုပ်အားပေးခဲ့ကြသည်။ ပုဂံမင်းဆက်ပျက်ပြီးချိန်တွင် ဒေသတစ်ခုလုံးကို စစ်ဒဏ်ကြောင့် လယ်၊ယာမြေများပျက်စီးကာ အချို့ဒေသများတွင် လူနေထိုင်ခြင်းမရှိတော့ချေ။ သာသနာသက္ကရာဇ် ၁၉၇၃ရက်စွဲပါ ကျောက်စာတွင် တောကျောင်းအရည်းရဟန်းတို့ဦးဆောင်၍ ပျက်စီးနေသော လယ်၊ယာမြေ ဧက၅၀၀၀ ကို ပြန်လည်ပြုပြင်ပေးသည်ဟု ရေးထိုးထားသည်။ အခြားကျောက်စာများတွင်လည်း အရည်းတို့ဦးဆောင်၍ လယ်၊ယာတို့အား ပြုပြင်သည်ဟု အများအပြား တွေ့ရသည်။
ပုဂံခေတ်ပြီးနောက် အထက်မြန်မာပြည်တွင် အင်းဝနိုင်ငံတော်အင်အားကြီးလာ၍ အောက်မြန်မာပြည်တွင် ဟံသာဝတီပဲခူးနိုင်ငံတော် အင်အားကြီးလာသည်။
ပိဋိကတ်တက်သော အရည်းတို့သည် အင်းဝခေတ်တွင်သင်္ဃရာဇာဘွဲ့ရ၍ သြဇာကြီးသည်။ သင်္ဃရာဇာတို့သည် အေဒီ၁၅၀၀ကျော်လျှင် သြဇာမှေးမှိန်လာဟန်ရှိသည်။ အေဒီ၁၅၅၈ရက်စွဲပါ တံပက်ဆွဲကျောက်စာ၌ တံတားဦးသင်္ဃရာဇာနှင့် ရဟန်းတစ်ပါး အမှုဖြစ်ရာ သင်္ဃရာဇာရှုံးသည်။
၁၄ရာစုကုန်တွင် ဟံသာဝတီပဲခူး(မွန်)မင်းဆက်မှ ၁၆ဆက်မြောက်ဘုရင် ဓမ္မစေတီမင်းလက်ထက်၌ အရည်းတို့နှိမ်နင်းခံရသည်။ ဓမ္မစေတီမင်းသည် ရဟန်းဘဝမှ ရှင်ဘုရင်ဖြစ်လာသူဖြစ်ပြီး ၄င်းသည် ရဟန်းဘဝက သီဟိုဠ်ဂိုဏ်းသားဖြစ်ဟန်ရှိသည်။ ဓမ္မစေတီမင်း မင်းဖြစ်ချိန်တွင် သီဟိုဠ်ရှိ ရဟန်းများကို အကူအညီဖြင့် သာသနာသန့်ရှင်းရေး လုပ်ဆောင်သည်။ ထိုအခါ ဓမ္မစေတီမင်း၏ အားပေးခြင်းခံရသော သီဟိုဠ်ဂိုဏ်းက အနိုင်ရသွားသည်။
ရှင်မဟာကဿပ၏ အတ္ထုပ္ပတ္တိ
*****************************
ပုဂံခေတ်နှောင်း ၁၂၀၀ပြည့်လွန်မှ အင်းဝခေတ်မှ ၁၅၀၀ပြည့်နှစ်များထိ နှစ်၃၀၀နီးပါး တန်ခိုးထွားခဲ့သော တောကျောင်းဂိုဏ်း(ခေါ်)အရည်းဂိုဏ်းကို တည်ထောင်သူမှာ ရှင်မဟာကဿပဆိုသူဖြစ်သည်။ ၄င်း၏အကြောင်းကို မြန်မာပါးစပ်ရာဇဝင်တို့၌ ဖော်ပြထားခြင်းမရှိ၊ သိသူမရှိသလောက်နည်းသည်။ ပုဂံခေတ်ကျောက်စာများ၏ ကျေးဇူးကြောင့် ၄င်း၏အကြောင်းကို ၂၀ရာစု သမိုင်းပညာရှင်များက ဖော်ထုတ်နိုင်ခဲ့သည်။ ခေတ်ပြိုင်မှတ်တမ်းမဟုတ်သော်လည်း ၄င်း၏ခေတ်နှင့်သိပ်မဝေးလှသည့် အေဒီ၁၃၈၈ရက်စွဲပါ ကျောက်စာတွင် ပေါင်လောင်သင်ဟု ငယ်အမည်ရှိသော ရှင်မဟာကဿပကို သက္ကရာဇ်၅၃၁ (အေဒီ၁၁၆၉)တွင် မွေးသည်ဟုရေးထိုးထားသည်။ ငပေါင်လောင်သင်ကို ပရိမ်အရပ်၌ မွေးဖွား သည်ဟု ရေးထိုးထားပြီး ထိုအရပ်သည် ယခုအခါ စစ်ကိုင်းခရိုင်၊မြောင်နယ်၊ပရိမ္မအရပ်အနီး ဖြစ် သည်။ ထိုကျောက်စာတွင် ဆက်လက်ရေးထိုးထားသည်ကား မဟာကဿပသည် ဘုရားလောင်းဖြစ်သည်၊ ဆင်မင်းဘဝဖြင့် ဂေါတမမြတ်စွာဘုရား ထံမှ ဗျာဒိတ်ရခဲ့သည်၊ အရွယ်ရောက်သောအခါ ကျောက်ရစ်အရပ်သို့ တောထွက်ပြီး တောကျောင်းဆောက်နေသည်၊ သက္ကရာဇ်၅၇၇(အေဒီ၁၂၁၅)တွင် နားတောင်းမင်း (ဇေယျသိင်္ခမင်း)က ၄င်းခံစားနေရသောရောဂါအား လာရောက်ကုစားပေးရန် ကျောက်ရစ်အရပ်ရှိ မဟာကဿပကို အကြိမ်ကြိမ်လာပင့်သည်၊ မဟာကဿပလည်း သွား ရောက် ကုသပေးရာ ရောဂါပျောက်ကင်းသည်၊ မင်းလည်း များစွာကြည်နူးလျက် မဟာကဿပကို ပူဇော်၍ ထီးဖြူအပ်နှင်းသည်ဟု ရေးထိုးထားသည်။
အထက်ပါကျောက်စာနှင့် အခြားကျောက်စာများအရ ငပေါင်လောင်သင်သည် တောကျောင်းများကို ကျောက်ရစ်၊ပရိမ်၊အမြင့်၊အနိမ့် အရပ်တို့၌ ဦးစွာတည်ပြီး ၄င်းအသက် ၄၆နှစ်အရောက်တွင်မှ ပုဂံသို့ ပြောင်းရွှေ့လာဟန်ရှိပြီး မင်းအပူဇော်ခံဖြစ်လာသည်။ အေဒီ၁၂၂၅ ရက်စွဲပါ နားတောင်းမင်းနှင့်ညီမဖြစ်သူ မင်းလှတို့၏ အလှုကျောက်စာတွင် မဟာကဿပဟူသော အမည်ကို အဦးဆုံးတွေ့ရသော ကျောက်စာဖြစ်သည်။ ထို့နောက်ပိုင်းများတွင် မဟာကဿပကိုလှုသော ကျောက်စာများစွာတွေ့ရသည်။ နန်းတော်ထိ ပေါက်ရောက်လာသော မဟာကဿပ၏ဂိုဏ်းကို တိုက်ရန် သီဟိုဠ်ရှိ ရဟန်းများကို စစ်ကူသွားတောင်းသော ဓမ္မသီရိနှင့်သုဘူတိစန္ဒ ရဟန်း၂ပါးအကြောင်း အထက်တွင်ဖော်ပြပြီးဖြစ်သည်။ မဟာသမန်အမည်ရသော အမတ်တစ်ဦးရေးထိုးထားသော အေဒီ ၁၂၄၇ရက်စွဲပါ ကျောက်စာတွင် ထိုသီဟိုဠ်သို့စစ်ကူသွားတောင်းသော ရဟန်း၂ပါးနှင့် မဟာကဿပတို့ကို မြို့တော်၏ အရေးအပါဆုံးရဟန်းများဟု ရေးထိုးထားည်။
မဟာကဿပသည် အမွေကိစ္စ အမှုဖြစ်ဖူးသည်။ မဟာကဿပ၏အဘိုး သင်္ကြံမသူ ဆိုသူက မင်းထံမှဆုရသော မြေ၈၉ပယ်ကို သာသနာသို့လှုသည်။ သင်္ကြံမသူလွန်သော် သား၊မြေးတစ်ဦးဖြစ်သူ ငရောက်သင်က အမွေဆက်ဆံရာ ၄င်းသာသနာ့မြေများကိုပါ အမွေဟုသဘောထား၍သိမ်းယူသည်။ ထို့နောက်ငရောက်သင်သည် ထိုမြေကို စကြဝ်ကင်းသည်တို့အား ရောင်းစားသည်။(ကျောက်စာများတွင် တွေ့ရတက်သော စကြဝ်လူမျိုးသည် စကောကရင်ဖြစ်သည်ဟု ယာယီသတ်မှတ်ထားသည်)။ငရောက်သင် ကွန်လွန်ပြီးမှ ထိုမြေကို အမွေယူခွင့်မရှိ၊ရောင်းစားခွင့်မရှိကြောင်းပေါ်၍ မြေယာအမွေကိစ္စ အမှုဖြစ်သည်။ထိုအမှုကို တရားသူကြီးနှစ်ဦးကစစ်ဆေးရာ မဟာကဿပကအနိုင်ရကြောင်း ကျောက်စာ၌ တွေ့ရသည်။ ထိုအမှုသည် အေဒီ၁၂၄၄ကဖြစ်ခဲ့ခြင်းဖြစ်သည်။ ဤအမှုကျောက်စာအရ မဟာကဿပ၏အဘိုးမှာ သင်္ကြံမသူအမည်ရ၍ မင်းမှုထမ်းဖြစ်သည်။ မဟာကဿပသည် အေဒီ၁၂၇၂မှ ၁၂၇၈အ ကြား၌ ပျံလွန်တော်မူပုံရသည်။ အဘယ့်ကြောင့်ဆိုသော အေဒီ၁၂၇၂မှစ၍ ၄င်း၏ အမည်ကို အလှုကျောက်စာများတွင် မတွေ့ရတော့ချေ။ အေဒီ၁၂၇၈တွင် ၄င်း၏ ကျောင်းတွင် ကျောင်းထိုင်အသစ်ရှိနေပြီ ဖြစ်ကြောင်း ကျောက်စာ၌ တွေ့ရသည်။
မြန်မာနန်းတွင်းရာဇဝင်ကျမ်းထဲကအရည်းဂိုဏ်း
********************************************
ရာဇဝင်နှင့်သမိုင်းမတူပေ။ ရာဇဝင်ကျမ်းဆိုသည်မှာ ပါးစပ်ပြောဇာတ်လမ်းများ၊မီရိုးဖလာဇာတ်လမ်းများပေါ် အခြေခံပြီး ဇာတ်ကြောင်းဖတ်၍ကောင်းစေရန် အဖြည့်ဇာတ်၊လုပ်ဇာတ်များလည်း ထည့်တက်ကြသည်။ သမိုင်းသည် ခေတ်ပြိုင်မှတ်တမ်းအထောက်အထား၊ သက်သေများကို အခြေခံသည်။ ဤနိုင်ငံတွင် ဗမာ၊ မွန်နှင့် ရခိုင်လူမျိုးတို့သည် ၄င်းတို့၏မင်းဆက်များအကြောင်းကို ပဒေသရာဇ်ခေတ်က အသီးသီးရေးသားခဲ့ကြသည်။ ၂၀ရာစုအရောက်တွင် သမိုင်းပညာရှင်များက ထိုရာဇဝင်ကျမ်းများကို အခြေပြု၍ မှန်၏လော၊မမှန်၏လော ခြေရာခံလိုက်လေ့ရှိသည်။ ဗမာမင်းဆက်အားလုံးတို့၏ အကြောင်း ပါရှိသည့် ပထမဦးဆုံးသော ရာဇဝင်ကျမ်းမှာ ညောင်ရမ်းခေတ် တနင်္ဂနွေမင်းလက်ထက်၌ရေးသော ဦးကုလား၏ မဟာရာဇဝင်ကြီးကျမ်း ဖြစ်သည်။ ထိုကျမ်းတွင် အရည်းဂိုဏ်းသည် ပုဂံခေတ်ဦးတွင် ပေါ်ခဲ့သည်ဟုရေးသားထားသည်။ ထို့ပြင် ပန်းဦးလွှတ်ခြင်း၊ မှော်အတက်ပြုလုပ်ခြင်း၊ စစ်သားများကဲ့သို့ပြုမူခြင်း...စသည်တို့ကို ပြုလုပ်သည်ဟုဆိုကာ အရည်းတို့ အမှန်တစ်ကယ် ဆိုးသွမ်းခဲ့သည်ထက် ပို၍ဆိုးသွမ်းသယောင် ရေးသားထားသည်။ အနော်ရထာမင်း ဗုဒ္ဓဘာသာဝင်ဖြစ်လာသောအခါ အရည်းတို့အားနှိမ်နင်းခဲ့ပုံ၊ ပိဋိကတ်၃ပုံကို လိုချင်သောကြောင့် သထုံကိုတိုက်ပုံ၊ နိုင်ငံအဝှမ်း သာသနာပြုပုံတို့ကို အမွှမ်းတင်ရေးသားထားသည်။
ဦးကုလားသည် ပုဂံခေတ်နှောင်းမှ အရည်းဂိုဏ်းကို ပုဂံခေတ်ဦးသို့ပို့ပြီး လိုအပ်သည်ထက်ပို၍ ဆိုးသွမ်းသယောင် ရေးရခြင်းမှာ ၄င်း၏ရာဇဝင်ကျမ်းကို စိတ်ဝင်စားဖွယ်ကောင်းအောင် အဖြည့်ဇာတ်အနေဖြင့် ထည့်ရေးခြင်းဖြစ်နိုင်သလို ၄င်းကိုယ်တိုင် ဤရာဇဝင်ကို တစ်စုံတစ်ဦးဆီက ကြားသိပြီး အမှန်ယူ၍ ရေးခဲ့သည်လည်း ဖြစ်နိုင်သည်။ ပုဂံဒေသ၏ ဘုရား၊စေတီပေါများပုံကို မြင်တွေ့ပြီး ၄င်း၏စိတ်တွင် "ပုဂံဒေသ၌ ဤသို့ ဗုဒ္ဓသာသနာ ကြီးစွာ ထွန်းကားလာပုံ"ကို ဇာတ်လမ်း၊ဇာတ်အိမ်ကောင်းကောင်းဖြင့် ရေးသားလိုသည့် ဆန္ဒကြောင့်လည်းဖြစ်နိုင်သည်။ ညောင်ရမ်းခေတ်သည် ပုဂံခေတ်နှင့် အလှမ်းကွာဝေးသောကြောင့် အမှန်ကိုမသိပဲ ကြားဖူးနားဝ အရည်းဂိုဏ်းကို ဇာတ်လှအောင်ဆင်လိုက်ခြင်းလည်း ဖြစ်နိုင်သည်။
ကုန်းဘောင်ခေတ် ဘကြီးတော်မင်းလက်ထက်တွင် ရှေးမင်းအဆက်ဆက်တို့လက်ထက်၌ ရေးခဲ့သော ရာဇဝင်ကျမ်းများအားလုံးကို စီစစ်တည်းဖြတ်သန့်စင်ရန် မှန်နန်းရာဇဝင်တော်ကြီးကို ရေးပြန်သည်။ ထိုကျမ်းကို မင်းဆရာ ရဟန်းများနှင့် ဝန်ကြီး၊မှုးမတ်တို့ စုပေါင်းရေးသားခဲ့ကြသည်။ ထိုမှန်နန်းရာဇဝင်ကို ရေးရာ၌ ဦးကုလား၏ မဟာရာဇဝင်ကြီးမှ အကြောင်းအရာများကို အဓိက ကိုးကား၍ ရေးသားခဲ့သည်။ သို့ရာတွင် ဦးကုလား၏ အရေးအချို့ကို ယုတ္တိမတန်ဟုသတ်မှတ်ပြီး မှန်နန်းရာဇဝင်ရေးသူတို့က ပယ်ချသည်လည်းရှိခဲ့သည်။(ဥပမာ-ပျူစောထီးမင်း အမိသည် နဂါးမ ဖြစ်သည် ဟူသောအချက်ကို ပယ်ချခဲ့သည်) သို့သော် မှန်နန်းရာဇဝင်ရေးသည့် အဖွဲ့သည် ဦးကုလား ၏ အရေးအများစုကို ထောက်ခံသောကြောင့် အရည်းဂိုဏ်းကိစ္စသည် မှန်နန်းရာဇဝင်ထဲထိပါလာသည်။ မှန်နန်းရာဇဝင်သည် ရာဇဝင်ကျမ်းလောကတွင် အထင်ရှားဆုံးဖြစ်သောကြောင့် ပုဂံခေတ်ဦးက အရည်းကြီးတို့အကြောင်းသည်လည်း ပို၍ နာမည်ကြီးလာခဲ့လေသည်။
သမိုင်းထဲကအခြားအရည်းဂိုဏ်းအချို့
***********************************
မြန်မာ့သမိုင်းတွင် ၁၅ရာစုလောက်မှစ၍ အရည်းဂိုဏ်းတို့ တိမ်မြှုပ်သွားသော်လည်း ညောင်ရမ်းမင်းဆက် (ဒုတိယတောင်ငူ(သို့)ဒုတိယအင်းဝမင်းဆက်)ပျက်ခါနီးအချိန်တွင်လည်း ဝိနည်းချိုးဖောက်သော ရဟန်းများပေါ်ပေါက်ဖူးသည်။ ထိုသူတို့ကို ရှင်ယောင်ဂိုဏ်း၊ရှင်ပျက်ဂိုဏ်းစသဖြင့် ခေါ်ဝေါ်ကြသည်။ ဟိန်ဘုန်းကြီးဂိုဏ်း၊သောတပန်ဂိုဏ်းတို့လည်း ညောင်ရမ်းခေတ်နှောင်းတွင် ပေါ်ခဲ့သည်။ ဟိန်ဘုန်းကြီးဂိုဏ်းသည် ဓားပြတိုက်သည်ထိလုပ်ဆောင်ကြပြီး ပုဂံခေတ် အရည်းဂိုဏ်းထက်ပင် ဆိုးကြောင်းတွေ့ရသည်။ သောတာပန်ဂိုဏ်းများမူ ဝရဇောတအမည်ခံ ဂိုဏ်းခေါင်းဆောင်၏ တရားကိုနာပါက သောတာပန်ဖြစ်သည်ဟု အယူရှိကြသည်။
ထိုင်းနိုင်ငံတွင်လည်း ဝိနည်းကိုခပ်လျော့လျော့ဆောင် ၊သေသောက်စားသော တောကျောင်း ရဟန်းဂိုဏ်းတို့ ၁၃ရာစု၊၁၄ရာစုများတွင် ပေါ်ပေါက်ခဲ့ဖူးကြောင်း ထိုင်းနိုင်ငံရှိ ကျောက်စာမှတ်တမ်းများအရ သိရသည်။
အချုပ်ဆိုရသော် အနော်ရထာမတိုင်မီကတည်းက ပုဂံတွင် ဗုဒ္ဓသာသာရှိပြီးဖြစ်သည်။ ပုဂံခေတ်ဦးတွင် အရည်းဂိုဏ်းလုံးဝမရှိခဲ့၊ အမှန်တစ်ကယ်မရှိသူများကို အနော်ရထာမင်းအနေဖြင့် နှိပ်ကွပ်ရန်အကြောင်းမရှိပေ။ ပုဂံခေတ်တစ်လျှောက်လုံး မည်သည့်ဂိုဏ်း မည်သည့်ကိုးကွယ်မှုကိုမဆို မင်းမိန့်ဖြင့် မနှိပ်ကွပ်၊ နန်းတွင်းအသိုင်းအဝိုင်းမှစ၍ အောက်ခြေလူထုအထိ ကြိုက်နှစ် သက်ရာ ကိုးကွယ်ခွင့်ရှိသည်။ အနော်ရထာမင်းနတ်ရွာစံပြီး နှစ်(၁၄၀)နီးပါးကြာမှ တောကျောင်း အရည်းဂိုဏ်းပေါ်လာခြင်းဖြစ်သည်။ သို့သော် ပန်းဦးလွှတ်ခိုင်းခြင်း၊ ဂါထာရွက်က အပြစ်မှလွတ်သည်ဟုသောအယူရှိခြင်း၊ စစ်သားများကဲ့သို့ပြုမူခြင်း၊ ဘုရားတရားကိုပယ်ခြင်း၊ နတ်၊နဂါးကိုသာကိုးကွယ်၍ မှော်ဝင်စားခြင်း၊...စသောအယူအဆများ၊လုပ်ရပ်များကို အရည်းတို့ လုံးဝ မလုပ်ခဲ့ချေ။ ထို့ကြောင့် အရည်းဂိုဏ်းသည် ရာဇဝင်ကျမ်းများတွင် ဆိုသလောက် ပြောသလောက်မဆိုးချေ။
ထူးအောင်လင်းထက်
(၆.၁၂.၂၀၂၁)
(ကိုးကား)
ခေတ်ဟောင်းရာဇဝင်(ဒေါက်တာသန်းထွန်း)
မြန်မာသမိုင်းနိဒါန်း(ဒေါက်တာသန်းထွန်း)
ပျူတွေဘယ်ရောက်သွားလဲ(ဒေါက်တာသန်းထွန်း)
မြန်မာ့နိုင်ငံရေးအခြေအနေ(၁၇၁၄-၁၇၅၂) (ဒေါက်တာရီရီ)
မှန်နန်းရာဇဝင်
0 comments:
Post a Comment