Monday, January 30, 2023

ကညွှတ်ကွင်းအိမ်ပြေး ၆

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၆)

အမေက နေစောင်းပြီသားရဲ့ နွားမီးထည့်လိုက်ဦးမည်ဆိုကာ နွားတွေရှိရာဘက်သွားပါသည်။ နွားမီးထည့်တာ ဘာများလဲဟုသိချင်သဖြင့် ကျွန်တော် အနောက်ကအသာလိုက်သွားပါသည်။ ထိုနေရာတွင် နွားချေးနံ့သေးနံ့များ အလွန်နံပါသည်။ အမေသည် ထင်းတုံး မခြောက်တခြောက်များနှင့် ထင်းတုံးအခြောက်များကို အပြင် ထင်းစင်မှ သွားသယ်ရာ ကျွန်တော်လည်း မနေနိုင်သဖြင့် ထင်းတုံး နှစ်တုံးကို တဘက်တတုံးပခုံးပေါ်တင် လက်ဖြင့်ထိန်း၍ ကူသယ်ပေးပါသည်။ အမေက မလုပ်နဲ့ငါ့သား မတော် လွတ်ကျရင် ခြေထောက်နာနေမယ်ဟုပြောပါသည်။ အမေသည် မီးဖိုလိုနေရာတွင်  ထင်းတုံးအခြောက်များကိုအောက်ကခံ မခြောက်တခြောက်အတုံးများကို အပေါ်ကတင်၍ မီးမွှေး ပါသည်။ ခဏနေတော့ နွားတင်းကုပ်နေရာ တခုလုံး မီးခိုးများ အူနေပါသည်။ နွားမီးက ဘာလို့ထည့်ရတာလဲ အမေဟု ကျွန်တော်မေးတော့ နွားတွေကို ခြင်မကိုက်အောင်သားရဲ့။ ညဘက်ကျ ဖြုတ်တို့ မှက်တို့မရှိပေမယ့် ခြင်ကတော့ ရှိတယ်လေဟု ဆိုပါသည်။ 

 

ဟုတ်ပါသည် အမေပြောတော့မှ ကျွန်တော်တို့ တဲကြီးအတွင်း ခြင်များတဝီတီနေနေတာကို သတိထားမိပါသည်။ နွားမီးထည့်ရာမှမီးခိုးများ ကျွန်တော်တို့ လူနေအခြမ်းဘက်အထိ တလိမ့်လိမ့်နှင့်ရောက်ပါသည်။ ထိုအခါကျမှ ခြင်တွေပြေးပါသည်။ သည်တော့မှ အမေတို့ စောင်တွေခေါင်းအုံးတွေနှင့် အိပ်ယာမှာ ဘာ့ကြောင်မီးခိုးစော် နံနေရသလဲကို ကျွန်တော်သိပါတော့သည်။

 

နွားမီးထည့်ပြီး နဂိုနေရာပြန်လာ၍ ထိုင်ကြပါသည်။ အမေက လက်ပွတ်စူးလေးနှင့် ဝါးခြမ်းပြားလေးများကို အပေါက်ဖောက်ရင်း ကျွန်တော့်အကြောင်း မေးပါသည်။ အမေ့ မေးပုံမှာ စပ်စုချင်၍မေးပုံမျိုးမဟုတ်ပဲ အသံမှာလည်း အလွန်ချိုသာပါသည်။ စပ်စုချင်သည့်ပုံ မပေါက်ဆိုသည်မှာ မေးသာမေးနေရသော်လည်း ကျွန်တော့်တွင် အဖေရင်း အမေရင်းများရှိသည်ဆိုခြင်းကို သူကြားချင်ပုံမရပါ။ သူသာ အမေဖြစ်သည်ဟု ထင်နေသလားမပြောတတ်ပါ။ ကျွန်တော်ကလည်း မိဘတွေအကြောင်းနှင့်မိသားစုအကြောင်းကို လိမ်ပြောပါသည်။ (အမှန်အတိုင်း ဘာ့ကြောင့် မပြောခဲ့မိမှန်း ကျွန်တော်မသိပါ။ မိသားစုဘဝအမှန်ကို ကျွန်တော့်ဘဝအမှန်ကို မသိစေချင်၍ဟုသာပြောရပါမည်။ ထိုသို လိမ်ပြောမိတာ မကောင်းမှန်း၊ မဖြစ်သင့်မှန်းကို ကျွန်တော် အိမ်ပြန်ရောက်သည့်အခါမှ နောင်တ ရမိပါသည်။ အမေတို့ကို လိမ်ခဲ့တာကိုလည်း အပြစ်တခုလို ခံစားရပါသည်။)

 

အချိန်က နေဝင်လုအချိန်ဖြစ်ပါသည်။ အနောက်ဖက်ကိုမျက်နှာမူထားသောတဲကြီး၏ အဝင်ပေါက်မှနေ၍ နေရောင် ဝါဝါညို့ညို့က အလျားလိုက် တစောင်းကြီးဝင်နေပါသည်။ အမေနှင့်စကားပြောရင်း စကားစ ဖြတ်ချင်တာလည်း ပါသလို ပျင်းလည်းပျင်းလာသဖြင့် ကျွန်တော် အပြင်ထွက်ကြည့်ချင်တယ်ဟုပြောပြီး တဲအပြင် ထွက်လာပါသည်။ 

 

ထိုအခါကျမှ သတိထားမိသည်မှာ တဲကြီး၏ ဝင်ပေါက်တွင် ဘာတံခါးမှမရှိပါ။ တံခါးမရှိတော့ သူခိုးဝင်ခိုးရင် ဘယ့်နှယ်လုပ်မလဲဟု တွေးမိပါသည်။ နောက်မှ အမေက ဒီကွင်းစပ်မှာ ဘာသူခိုးမရှိဘူးသားရဲ့။ ဆာရင် ဝင်တောင်း စားသွားကြတာပဲ။ လူမရှိလည်း အိုးခွက်လှန်ပြီး စားသွားကြတာပဲ၊ ဘာမှလည်း မပျောက်ဘူး၊ အမေတို့မှာလည်း ခိုးစရာမှမရှိတာဟု ပြောပြပါသည်။ 

 

အမေပြောတာ ဟုတ်ပါသည်။ အိပ်ယာခြေရင်းတွင်ချထားသည့် ထင်းရှူးသေတ္တာ နှစ်လုံးမှာ သော့မပြောနှင့် အဖုံးများပင် တဝက်သာရှိပါသည်။ ထန်းခေါက်ဖာလိုလို ဖာသေးသေးတခုနှင့် သနပ်ခါးကျောက်ပျဉ်ကို မှန်ထောင်လျှက်သားနှင့် တွေ့ရပါသည်။ မှန်မှာ သနပ်ခါးစက်များပေကျံနေပါသည်။ ကြောင်တကောင်က ထိုသေတ္တာတခုထဲ ဝင်ခွေနေပါသည်။  

0 comments:

Post a Comment