ကျွန်တော့်ရဲ့ ခေါင်းဆောင်၊ ဆရာ၊ စံပြ
ရဲဘော်ဖိုးသံချောင်း
၁၉၇၅ ခုနှစ် အလယ်လောက်မှာ ပြည်သူ့ အသံကနေ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီစာရင်း အသစ်ကို ကြေညာလိုက်တော့ ကျွန်တော်တို့တတွေ ရေဒီယိုက လိုက်ကူး ပြီး အချင်းချင်းပေးဖတ်ကြ၊ ကိုယ်သိတဲ့လူတွေ နာမည် ပါသ လားကြည့်ကြ။ ဖလှယ်ကြ၊ လုပ်ကြပါတယ်။ အဲဒီတုန်းက ကြေ ညာလိုက်တဲ့ ဗဟိုကော်မတီစာရင်းအသစ်ထဲမှာ သခင်ဗသိန်း တင်၊ သခင်ဖေတင့်စတဲ့ နာမည် အနည်း အပါးကိုပဲသိပြီး အများစု ကို မသိဘူး ဖြစ်နေပါတယ်။ ဒါနဲ့ ကိုယ်လက်လှမ်းမီတဲ့ ‘လူ ဟောင်းကြီးတွေ’ကို မေးမြန်းကြည့် ကြပါတယ်။
ကျွန်တော်မေးခဲ့တာက ကျွန်တော့် ဦးလေးဗိုလ်လှဖေ ပါ။ သူက အရင်က ပျဉ်းမနားပါတီဗဟိုစစ်ကျောင်းမှာ ကျောင်း အုပ်လုပ်ခဲ့ဖူးသူဖြစ်တော့ သူသိတာတွေ များမှာပဲ လို့တွက်ပြီး မေးတာပါ။ ကျွန်တော် မမှားပါဘူး။ သူက အင်မတန်အလှမ်းဝေး တဲ့ တနင်္သာရီတိုင်းလိုဟာကလွဲပြီး အကုန်နီးပါး ပြောပြနိုင်ပါ တယ်။ အဲဒီလိုမေးရင်းနဲ့ ကျွန်တော်က ကျွန်တော်တခါမှ မကြား ဖူးတဲ့ ‘ရဲဘော်ကြင်မောင်’ ဆိုတာ ကိုထောက်ပြီး မေးလိုက်ပါ တယ်။ ဒီအခါမှာ သူက မဆိုင်းမတွဘဲ “ဒါဟာ မိုးကုတ်က ဗိုလ် ကြင်မောင်ကြီး ဖြစ်မှာပဲကွ။ သူ ကလည်း ငါ့လိုပဲ လံဘားကြီး”လို့ ပြောပြပါတယ်။ ကျွန်တော့်ဦးလေး ဗိုလ်လှဖေရဲ့အရပ်က ခြောက် ပေ ကျော်ပါတယ်။
အဲဒီနောက်တော့ မကြာပါဘူး။ ကျွန်တော်တို့တတွေ အထက်ဗမာပြည်မှာ မြေအောက်လုပ်ငန်း လုပ်တော့ ဒီလုပ်ငန်း တွေကို ဗဟိုမှာ တာဝန်ခံ လုပ်နေတာဟာ အဲဒီ ရဲဘော် ကြင်
မောင် ပဲ ဖြစ်တယ်လို့ သိရပါတယ်။ ကျွန်တော့်အဖို့တော့ ဪ- ဟုတ်လားပေါ့။ သူ့အကြောင်း ကျွန်တော် သိထားတာ များမှမများဘဲဟာ။ သူ့ရဲ့ ညွှန်ကြားချက်အတိုင်း ကျွန် တော်တို့ တက်တက်ကြွကြွ လုပ်ခဲ့ကြပါတယ်။
မကြာပါဘူး။ ကျွန်တော်လက်နက်ကိုင် ဒေသ ကို ထွက်လာခဲ့ရပါတယ်။ ကျွန်တော်ပထမဆုံး တာဝန် ကျတာက မူဆယ်ခရိုင်ထဲက မုံဂူမှာပါ။ ကျွန်တော်တို့ စခန်းမှာ မြေအောက်လုပ်ငန်းနဲ့ ပုံနှိပ်စက်၊ ဘာသာပြန် အဖွဲ့၊ တီးဝိုင်းစတဲ့ ဗဟိုဝါဒဖြန့်ချိရေးဌာန လက်အောက် က လုပ်ငန်းတွေ ရှိပါတယ်။ ဒီဌာန နှစ်ခုစလုံးကို ရဲဘော် ထွန်း - ဖြတ်ပြောပါရစေ။ ရဲဘော်ကြင်မောင်ရဲ့ “အခြား” နာမည်တခုက ရဲဘော်ထွန်း ဖြစ်ပြီး အရှေ့မြောက်ဒေ သမှာ အားလုံးက အဲဒီနာမည်နဲ့ပဲ သူ့ကို ခေါ်ကြပါတယ်။ ဒီ ဌာနနှစ်ခုကို ရဲဘော် ထွန်းက ကိုင်တာဖြစ်ပြီး ကျွန်တော် က (ဆိုင်းစကားနဲ့ ပြောရရင်) အုပ်စုံလုပ်ရပါတယ်။
ရဲဘော်ထွန်းက ကိစ္စရှိတဲ့အခါ ကျွန်တော်တို့ စခန်းကို သူကိုယ်တိုင်လာပါတယ်။ ကျွန်တော်က စခန်း ထဲမှာ ကျွန်တော့်အရင် ရောက်နေတဲ့ ရဲဘော်တွေကို ရဲ ဘော်ထွန်းအကြောင်းတွေ အများကြီးမေးထားလို့ အ တော်များများ သိထားရပါတယ်။ အရင်ဆုံး မေးခဲ့တာက တော့ “လံဘားကြီး”ဟုတ်မဟုတ်ပေါ့။ ဒီလိုနဲ့ ကျွန်တော် အဲဒီစခန်းကိုရောက်ပြီး သုံး လေး လလောက်အကြာမှာ ရဲဘော်ထွန်း ကျွန်တော်တို့ စခန်းကို ရောက်လာပါတယ်။ သူက ကျွန်တော့်ကို သီးခြားတွေ့ဆုံပါတယ်။ လက်ဆွဲ နှုတ်ဆက်၊ ထိုင်လိုက်ကြတယ် ဆိုရင်ပဲ သူက ပါတီဥက္ကဋ္ဌ နဲ့ ဗဟိုက ပြောခိုင်းပါတယ်ဆိုပြီး ပဲခူးရိုးမမှာ ကျွန်တော့် အစ်ကိုကို ပါတီက အရေးယူခဲ့တာ မှားယွင်းတဲ့ အ ကြောင်း၊ ပါတီက လူထု မိသားစုကို တောင်းပန်တဲ့ အ ကြောင်း ပြောပြပါတယ်။ တဆက်တည်းမှာ နောင် အခွင့် သာရင် ဥက္ကဋ္ဌကလည်း ခင်ဗျားကို ဒီကိစ္စ ပြောပါ လိမ့်ဦး မယ် လို့ ပြောပါတယ်။ (ဥက္ကဋ္ဌသခင် ဗသိန်းတင်က ၁၉၇၈ ခုနှစ်၊ သူ မုံဂူကို လာတဲ့အခါမှာ ကျွန်တော့်ကို ထပ် ပြော ခဲ့ပါတယ်)။ အဲဒီလိုပဲ ကျွန်တော့်အဖို့တော့ ရဲဘော်ထွန်း ဟာ မမေ့နိုင်စရာ ဖြစ်ခဲ့ပါတယ်။
ကျွန်တော့်ဘ၀မှာ လူတယောက်ကို တွေ့ တွေ့ ချင်း၊ သူစကားပြောတာ နားထောင်မိမိချင်း လေးစား သဘောကျရသူတွေထဲမှာ ရဲဘော်ထွန်းဟာ ထိပ်ဆုံးက ပါတယ်လို့ ထင်ပါတယ်။ အကြောင်းကတော့ တစ်က သူဟာ စာအများကြီး ဖတ်ထားမှန်း သိပ်သိသာလို့ပါ။ ကျွန်တော်ဆိုလိုတဲ့ စာဆိုတာမှာ ရသစာပေ၊ ရှေး ဟောင်း ဗမာစာပေနဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ စာတွေ လည်း အပါအဝင် ဖြစ်ပါတယ်။ နှစ်က ဟန်လုပ်ခြင်း၊ ဂိုက် ထုတ်ခြင်း လုံး၀မရှိတဲ့အပြင် အင်မတန်နှိမ့်ချသူ ဖြစ်ပါ တယ်။ သုံးက ပြောတာဆိုတာ၊ နေတာ ထိုင်တာ၊ စားတာ သောက်တာ၊ စဉ်းစားတာ အားလုံး ဗမာဆန်လွန်းလို့ ဖြစ် ပါတယ်။
သူ စာအများကြီး ဖတ်တယ်ဆိုတာကို ပါတီ တွင်းကို တမင်လာနှောက်တဲ့၊ ပါတီတွင်းမှာ တလျှောက်လုံး ပါတီ ဆန့်ကျင်ရေး၊ ခေါင်းဆောင်ဆန့်ကျင် အပုပ်ချရေးတွေ စီမံကိန်းရှိရှိနဲ့ လုပ်နေသူတွေကတောင် အသိအမှတ်ပြု ပါတယ်။
သူ့ကို ကျွန်တော် ပထမဆုံးတွေ့တဲ့နေ့မှာပဲ သူက ထုံးစံအတိုင်း စခန်းထဲက ရဲဘော်တွေနဲ့ အာလ္လာပ သလ္လာပ တွေ ပြောပါတယ်။ လက်တောက်ခုံအရွယ် သာ သာ စားပွဲ ငယ်ငယ်လေးတလုံးဘေးမှာ ခနော်နီခနော်နဲ့ ထိုင်ခုံတွေ ကုလားထိုင်တွေခင်းပြီး ပြောကြတာပါ။ သူက အဲဒီမှာ သူ့ကို ဘာလို့ ရဲဘော်ထွန်းလို့ ခေါ်စေချင်တဲ hအ ကြောင်း ပြောပြရာမှာ သူက အဲဒီ‘ရဲဘော်’ ဆိုတဲ့ အသုံး အနှုန်းကို မြတ်နိုးတန်ဖိုးထားလွန်းရုံမက အားလုံး တန်းတူ ရည်တူ လက္ခဏာ ဆောင်လို့လည်းဖြစ်ကြောင်း ပြောပြပါ တယ်။ ဒီတော့ ကျွန်တော်တို့စခန်းထဲမှာ တယောက်နဲ့ တ ယောက် နာမည်ခေါ်ရင်ရှေ့က ‘ကို’၊ ‘မ’ စသဖြင့် တပ် ခေါ်ကြပေမယ့် အစည်းအဝေးထဲမှာတော့ စခန်းထဲက ဘယ်သူ့ကိုပဲညွှန်းညွှန်း ရဲဘော်ဘယ်သူ-ဘယ်ဝါ စသဖြင့်ပဲ ညွှန်းကြပါတော့တယ်။
အင်မတန်ကြည်နူးစရာကောင်းတဲ့ ဆွေးနွေးပွဲ လေထုတရပ် ဖြစ်တယ်လို့လည်း ခံစားမိပါတယ်။ နောက် တခု သူပြောတာက “ခင်ဗျားတို့နဲ့ စကားပြောတဲ့အခါမှာ ကျွန်တော်က ကိုယ့်ကိုယ်ကို ကျွန်တော်လို့ ပြောတာဟာ ကိုယ်အသက် ငယ်ချင်လို့ ပြောတာ မဟုတ်ဘူးဗျ။ ဟုတ် တယ်၊ ခင်ဗျားတို့ဟာ ကျွန်တော့် အတွက်ဆိုရင် တူ - သား အရွယ်တွေပဲ။ ဒါပေမဲ့ ကျွန်တော်က ခင်ဗျား တို့ရဲ့ နိုင်ငံရေးကို လေးစားရမယ်ဗျ။ နိုင်ငံရေးသက် အနု အရင့်ကို ပြောတာမဟုတ်ဘူး၊ ခင်ဗျားတို့ရဲ့နိုင်ငံရေး ရပ် တည်ချက်ကို ပြောတာ” ဆိုတာပါ။ တသက်မမေ့တော့ တဲ့ စကားတွေ ဖြစ်ပါတယ်။
အဲဒီတုန်းက ကျွန်တော်တို့စခန်းထဲမှာ မြို့က လာတဲ့ ကျောင်းသားတွေ များပါတယ်။ ဒေသခံ တွေက လည်း လူငယ်တွေပါ။ ဒီတော့ အရယ်အမော၊ အနောက် အပြောင်က အလွန်အကျွံလို့တောင် ပြောရမလိုပါ။ ရဲ ဘော်ထွန်း ကိုယ်တိုင်ကလည်း ဟာသဉာဏ် အင်မတန် ရွှင်သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တတွေ လေး လေးနက်နက် နေထိုင်စဉ်းစားအောင် အကြံပေးရာမှာ - “ခင်ဗျားတို့ လည်း မင်းပျိုမင်းလွင်လေးတွေမှ မဟုတ် တော့တာဗျာ”တဲ့။ ကျွန်တော့်နှလုံးသား လှုပ်ခတ်သွား တယ် ထင်မိပါတယ်။ ကျွန်တော့်အဖွားရဲ့ စကားဝိုင်းကို ပြန်ရောက်သွားသလား အောက်မေ့မိပါတယ်။ သူ့ဗမာ စကားက အဲဒီလိုပါ။
သူပြောတာတွေထဲက ကျွန်တော်တခုတ်တရ နားထောင်တာတွေထဲမှာ သူ့ရဲ့ ဗမာပြည်အတွင်းပိုင်း တုန်းက ဂျပန်တော်လှန်ရေးနဲ့ ပြည်သူ့ဒီမိုကရေစီတော် လှန်ရေး အတွေ့အကြုံတွေဟာ ထိပ်ဆုံးက ပါပါတယ်။ သူနဲ့အတူ တိုက်ပွဲဝင်လှုပ်ရှားခဲ့ကြတဲ့ ရဲဘော်ဌေး၊ ကို သိန်းတန် (ကိုချစ်တီး)၊ သခင်တင်ထွန်း၊ ဗိုလ်ပု၊ ဗိုလ် ချစ်ကောင်း စတဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တွေအပြင် မှတ်တမ်း ထိုးမခံရတဲ့ အာဇာနည် သူရဲကောင်းတွေ အကြောင်းကို သူပြောပြတိုင်း ကျွန်တော်တို့အားလုံး သမိုင်းစာအုပ်ကြီး တအုပ် ဖတ်ရသလို နား ထောင်ခဲ့ကြပါတယ်။ တခါမှာ တော်လှန်ရေးသမားတွေဘ၀ ဆင်းရဲပုံကို ပြောပြတဲ့ အခါမှာ တခါတလေ ရက်ပေါင်းများစွာ လှုပ်ရှားသွား လာနေကြရလို့ ထမင်းဟင်း ငတ် ပြတ်တာ အပြင် ရေမ ချိုးနိုင်၊ ခေါင်းကိုဆီမလူးနိုင်လို့ မီးရထား သံလမ်းဘေး ထိုင်ပြီး ယောက်ျားချင်း ဆံပင်ရှည်ကြီးတွေနဲ့ အပြန်အ လှန် သန်းတုပ်၊ သန်းရှာပေးကြရပုံကို ပြောပြတာမျိုး ဟာ မျက်စိထဲမှာ ကွက်ကွက်ကွင်းကွင်း မြင် ယောင်မိစေ ပါတယ်။ တောထဲမှာ တခါတလေ မိုးနဲ့ကြုံတော့ သစ်ပင် အောက်မှာ မတ်တတ်ရပ်ရင်း အိပ်ရပုံ၊ ထိုးစစ်တွေ ပြင်း လာတဲ့အခါမှာ ကိုယ့်သားသမီးကို ရွာသား တွေလက် အပ်ခဲ့ရရာမှာ ပုံပြင်ထဲက မင်းသားလို လက်စွပ်ပါ ပေးမ ထားခဲ့နိုင်ဘဲ အပြီးစွန့်လိုက်ရတာ ဖြစ်သွားနိုင်တယ် ဆို တဲ့ အသိနဲ့ ထိုးပေးခဲ့ရပုံစတဲ့ သူ့အတွေ့အကြုံကို ပြောပြ တာတွေဟာ ကျွန်တော်တို့ရဲ့ ပိုင်းဖြတ်ချက်ကို ခိုင်မာစေခဲ့ ပါတယ်။ ရှမ်းပြည်နယ်ထဲမှာ လှည့်လည်လှုပ်ရှားနေတုန်းက ဆေးအတတ် တတ်တဲ့လူ မရှိလို့ သူဆေးကုခဲ့ရဖူးကြောင်း၊ အထူးသဖြင့် ကျေးရွာလူထုကို ကုပေးရတာ ဖြစ်ကြောင်း၊ တခါတလေများဆိုရင် ကလေးမီးဖွားပေးတာတောင် လုပ်ခဲ့ ရကြောင်းတွေ ပြောပြပြီး တအံ့တဩ နားထောင်နေတဲ့ ကျွန်တော်တို့ကို “တောမှာ ဘုန်းကြီးက ရေဒီယိုကက်ဆက် ပြင်သလို ပေါ့ဗျာ၊ ပျက်တော့လည်း သူ များဟာပဲ ဥစ္စာ” လို့ အရွှန်းလေးနဲ့ ပြန်အုပ်တတ်ပါတယ်။
ဗဟိုဝါဒဖြန့်ချိရေးကို သူကိုင်ပြီး ပြည်သူ့အသံ အသံလွှင့်ဌာန၊ ဗဟိုတီးဝိုင်းစတာတွေကို တာဝန်ယူနေ တုန်းက “ကျွန်တော်က ပါတီတာဝန်ပေးလို့သာ လုပ်နေရ တာ၊ ဂီတအနုပညာကို ဘာမှသိတာ မဟုတ်ဘူး”လို့ ပြောလေ့ရှိပါတယ်။ သူ့ပုံပန်းသဏ္ဌာန်ကို ကြည့်ရင် သူပြော တာ မှန်တယ်လို့ ယူဆစရာပါပဲ။ ဒါပေမဲ့ သူဟာ အချိန်အား လေး ဘာလေးရှိရင် ကက်ဆက်ဖွင့်ပြီး ဗမာသီချင်း နား ထောင်တတ်တယ် ဆိုတာကိုလည်း သတိပြုမိပါတယ်။ ဒါ ကြောင့် ကျွန်တော်တို့က သူ့ကို (ဒေါ်)ရီရီသန့်ဆိုတဲ့ ‘ဇေ ယျာကမ်း အလှပန်းချီ’ သီချင်းပါတဲ့ ကက်ဆက်ခွေလေး ပေးခဲ့ကြပြီး နောက်မှာ သူက ကြိုက်လွန်းလို့ဆိုတဲ့ အသံပြန် ကြားရလို့ ကျွန်တော်တို့တတွေ ဝမ်းသာခဲ့ကြပါတယ်။ ဒီလို နဲ့ သူနဲ့ကျွန်တော်နဲ့ ပန်ဆန်းက ပါတီဗဟိုစခန်းမှာ နေကြ တုန်းက သူ ကျွန်တော့်ကို ကက်ဆက်ခွေလေး တခွေ ပေးပါ တယ်။ ကျွန်တော်က ဆရာမြို့မငြိမ်း သီချင်းတွေကို ကြိုက် တတ်မှန်းသိလို့ ဆရာငြိမ်းသီချင်းတွေ ပါတဲ့ အခွေလေးကို ထိုးပေးတာပါ။ တပါတည်းမှာ သူက “ရတာတော့ နည်း နည်း ကြာသွားပြီ၊ ကျွန် တော်က ဘီဆိုက်ဒ် (B-sIde) က ပထမသီချင်းလေးကိုကြိုက်လို့ ထပ်ထပ်နား ထောင်နေတာ ဗျ” လို့ ပြောပါတယ်။ သူပြောတဲ့ သီချင်းလေးကို စာရင်းထဲ မှာ ကြည့်လိုက်တော့ ဆရာငြိမ်း ရဲ့‘ထီးကလေး’။ ကျွန် တော့် ပါးစပ်က ‘ဟာ’လို့ ထွက်သွားသလား၊ ‘အို’လို့ ထွက်သွားသလား မမှတ်မိတော့ပါ။ ကိုယ့်ခေါင်းဆောင်ကို ပိုချစ်ခင်လေးစားသွားမိတာပဲ မှတ်မိပါတယ်။
ကြုံတုန်းမှာ ဝန်ခံချင်တာလေး တခု ထုတ်ပြော ချင်ပါတယ်။ အဲဒါကတော့ ၂၀ ရာစုနှစ် အကုန်ပိုင်းနဲ့ ၂၁ ရာစု အစပိုင်းမှာ ကျွန်တော် ကလောင်နာမည်မျိုးစုံနဲ့ ဆောင်းပါး တော်တော် များများ ရေးခဲ့ပါတယ်။ ပြည်တွင်း မှာတော့ မဟုတ်ဘူးပေါ့။ အဲဒီဆောင်းပါးတွေထဲမှာ နိုင်ငံ ရေးအကြောင်းတွေအပြင် စာပေအနုပညာလောကဆိုင် ရာတွေလည်း ပါဝင်ပါတယ်။ အဲဒီဟာတွေအထဲမှာ ရဲဘော် ထွန်းက ဟိုဟာလေး ရေးပါလား၊ ဟိုအကြောင်းအရာကို ထည့်ပြောပေါ့ စသဖြင့် အကြံပေး ထောက်ပြခဲ့တာတွေ မနည်းပါဘူး။
၁၉၈၉ ခုနှစ်မှာ ကျွန်တော်တို့တတွေ ၀နယ်ကို စွန့်ခွာလာပြီးနောက် မုံဂူချောင်းတဖက်ရှိ တရုတ်ပြည်ထဲက ကချင်ရွာလေးမှာ ခေတ္တခိုနေ ကြတဲ့အခါမှာ ဗမာပြည်ထဲကို ပြန်ဝင်ကြတော့မယ်ဆိုတဲ့အခါမှာ သူက ရဲဘော်တိုင်းကို ရွေးချယ်စရာ တာဝန်တွေ ပြောပြပြီး ကိုယ်ယူချင်တဲ့ တာ ဝန်ကို ကိုယ့်အခြေအနေနဲ့ကိုယ် စဉ်းစားပြီး ပြောပြကြပါ လို့ ပြောပါတယ်။ သူ့ကို တဦးချင်း ပြောပြရတာပါ။ အဲဒီလို သူကပြောပြီး နောက်တရက်၊ နှစ်ရက်အနေမှာ ကျွန်တော် က သူ့ကိုလိုက်ပို့ရင်း ရွာကအဆင်း လမ်းကလေးပေါ်မှာ “ကျွန်တော့်အားနည်းချက်၊ အားသာချက်တွေကို ရဲဘော် ထွန်း ကောင်းကောင်း သိတာပဲ၊ ကျွန်တော်နဲ့ သင့်တော် မယ် ထင်တဲ့ တာဝန်ကိုသာ ပေးပါ၊ ကျွန်တော် လုပ်ပါ့ မယ်” လို့ ပြောခဲ့ပါတယ်။
ကျွန်တော် အခုအထိ သူပေးခဲ့တဲ့ တာဝန် ကို ထမ်းဆောင်နေပါတယ်။
ရဲဘော်ဖိုးသံချောင်း
0 comments:
Post a Comment