"ဗမာလယ်သမားဈေး"
အခုနှစ် ချဉ်ပေါင်ပေါ်ချိန်ဆိုင်လျှင် တပေါင်ကို အနည်းဆုံး ၅ ဒေါ်လာလောက် ရောင်းကြမည်ထင်၏။ ထို့ထက်ပိုချင်လည်း ပိုနိုင်ပါလိမ့်မည်။ အစစအရာရာ ကုန်ဈေးနှုန်းတွေ မိုးထိုးနေ၏။ ငွေဖောင်းပွမှုနှုန်းကလည်း ကြောက်စရာ။ ကြက်ဥဈေးကလည်း ကြောက်ခမန်းလိလိ။ တဒါဇင်ကို ၅ ဒေါ်လာကျော်နေပြီ။ တချို့ မြို့ကြီးတွေကဆိုင်တွေမှာ ၈ ဒေါ်လာအထိဖြစ်နေကြောင်း သတင်းများတွင် တွေ့ရပါသည်။ ပြည်နယ်အချို့က ကြက်ခြံတွေမှာ ကြက်နာကျ(ကြက်တုပ်ကွေး)ဖြစ်ကာ ဥစားကြက်မကောင်ရေ သိန်းသန်းချီပြီး သေကြသောကြောင့် ဥအထွက်တွေကျကာ Walmart လို Kroger လို ကုန်စုံဆိုင်ကြီးတွေတွင် ကြက်ဥပြတ်နေ၏။ ဟိုတလောက ကိုမင်းနိုင်က ကွန်မန့်တခုတွင် ရောင်းပြီးရင် ပြန်ဝယ်ရတဲ့ဈေးနဲ့က အတူတူဖြစ်နေလို့ သူ့ဆိုင်တွင် ကြက်ဥ မတင်တော့ကြောင်း ရေးထားတာလေးလည်း ဖတ်လိုက်ရ၏။
ဖို့တ်ဝိန်းမြို့ မြူနီစီပယ်ဥပဒေအရ City Limit မြို့နယ်နိမိတ်အတွင်း အိမ်မွေးတိရိစ္ဆနာမှအပ ဘာအကောင်ပလောင်မှ မမွေးရ။ ထို့ကြောင့် မြို့ပြင်တွင်ရှိသည့် ကျွန်တော်မှာ ကြက်မွေးခွင့်ရနေ၏။ ကျွန်တော့်တွင် လွန်ခဲ့သည့် ၅ နှစ်လောက်က ကြက်မ အကောင်တရာလောက်အထိဖြစ်ခဲ့ဖူး၏။ ကြက်အဖလည်း လေးငါးကောင်ရှိသဖြင့် မျိုးကြက်ဥ Fertilized Eggs တွေဖြစ်၏။ တချို့ကြက်မတွေက ဥပြီးပြန်ဝပ်တာကြောင့် ကြက်ပေါက်စလေးများနှင့် ကြက်သားအုပ်မများလည်း ရှိ၏။ သည်တုန်းက Fresh Farm Eggs က တဒါဇင်မှ ၃ ဒေါ်လာရ၏။ ဒါတောင် Large Eggs ခေါ် ဥကြီးတွေမှဖြစ်၏။ ဥအသေးဥအလတ်တွေကတော့ တဒါဇင် ၂ ဒေါ်လာနှင့် ၂ ဒေါ်လာအောက်။ သည်တုန်းက ချဉ်ပေါင် တပေါင်မှာ ပေါ်ဦးပေါ်စတွင် ၃ ဒေါ်လာရှိပြီး နောက်ကျလျှင် တပေါင် တဒေါ်လာခွဲလောက်သာရှိ၏။ ခုတော့ ကျွန်တော့်လည်း ဥကြက်မကြီး ၃ ကောင်သာကျန်တော့၏။ လူ မနိုင်သဖြင့် လျှော့ရင်းလျှော့ရင်း ဤသို့ဖြစ်သွား၏။ ရောင်းစရာ ကြက်ဥမရှိတော့။ ပြန်ပင် ဝယ်စားနေရ၏။
ကျွန်တော်တို့ ကြက်ဥရောင်းပုံမှာ အလွန်လွယ်၏။ အိမ်ရှေ့ကားလမ်းဘေးတွင် စားပွဲခုံတလုံးချ။ တဒါဇင်ကြက်ဥကာဒ်တွေ စီပြီးတင်။ အဝကျယ်ဖန်ပုလင်းတလုံးကို အဖုံးဖွင့်ပြီးချ။ အထဲတွင် အကြွေလဲနိုင်ရန် တဒေါ်လာတန် ဆယ်ရွက်လောက်ထည့်ထား။ Fresh Farm Eggs, $3 for a dozen ဟုရေးပြီးထားလိုက်ရုံပင်။ လူက တနေကုန်ဘယ်သွားသွား သွားလို့ရ၏။ လူစောင့်နေစရာမလို။ ညနေပြန်လာလို့ ကြက်ဥ ဆယ်ဒါဇင်လျော့သွားလျှင် ဖန်ပုလင်းထဲ၌(ကိုယ်ထည့်ထားသည့် တဆယ်ကိုဖယ်ပြီး) ဒေါ်လာ သုံးဆယ်တွေ့ရ၏။ ပိုတာလိုတာ လျော့တာဘာညာမရှိ။ အချိန်မကုန်ပဲ ဈေးရောင်းရတာဖြစ်၏။
ပန်းသီးခြံတွေလည်း အလားတူပင်။ ခြံအဝ၌ ၅ ဒေါ်လာတန်အိတ်၊ ဆယ်ဒေါ်လာတန်အိတ်၊ ၁၅ ဒေါ်လာတန်အိတ် စသည့်ဖြင့် ပလပ်စတစ်အိပ်အထူတွေကို ရေခဲသေတ္တာအဟောင်းတခုထဲတွင် စီ၍ချပေးထား၏။ ဘေးတွင် အကြွေလဲနိုင်ရန် ၅ ဒေါလာတန် လေးငါးရွက်ကို ဗူးကြီးတဗူးတွင်ထည့်ထား၏။ ပန်းသီးဝယ်သူက ကိုယ်ဝယ်မည့် အိပ်ကိုရွေးယူ၊ ပိုက်ဆံကို ဗူးကြီးထဲထည့်ပြီး ခြံထဲသွားကာ ကြိုက်သည့်အပင်မှ ကြိုက်သည့်အသီးကို အိတ်အပြည့်ထည့်ရ၏။ ခူးနေတုန်း(ခြံထဲရှိနေတုန်း) ကြိုက်သလောက် ခူးစား၊ အဝစား တပြားမှပေးစရာမလို။ အိတ်ပြည့်လျှင် ပြန်ရုံသာ။ ဒါက မြို့ပြင်နှင့် ကျေးလက်များတွင် ပန်းသီး အသီးအရွက်နှင့် ကြက်ဥရောင်းသည့်ပုံစံဖြစ်၏။
ဖို့တ်ဝိန်းနေ ဗမာပြည်ဖွားများမှာ မြေငှား၍ဖြစ်စေ ကိုယ်ပိုင်မြေတွင်ဖြစ်စေ မြို့၏ပရောဂျက်တခုခုကရသည့်မြေမှာဖြစ်စေ ဗမာသီးနှံများစိုက်ကြ၏။ ကန်စွန်း ချဉ်ပေါင်၊ ငရုပ်၊ ဘူးသီး၊ ရုံးပတီသီး စသည်များ။ တချို့ မြို့ပရောဂျက်တို့ ဘုရားကျောင်းတို့က ပေးသည့်မြေများတွင်စိုက်လျှင် ရေနှင့် သဘာဝမြေဩဇာများလည်းရတတ်၏။ မြေငှားခလည်း(တချို့နေရာများတွင်) တပြားမှပေးစရာမလို။ ထိုနေရာမျိုးတွင် လူအများ စုပေါင်းပြီးရော တကိုယ်ရည်ရော စိုက်ကြ၏။ ထွက်သည့် သီးနှံမှာ မိမိ(တို့)ကိုယ်ပိုင်ဖြစ်၏။ ကြိုက်သည့်နေရာတွင် ရောင်းနိုင်၏။ ဗမာပြည်ကလို ခေါင်းရွက်ဗျတ်ထိုးနှင့် လမ်းဘေးလေးချ၊ ထိုင်ပြီးတော့ ရောင်းလို့မရ။ တပတ်တကြိမ် စနေနေ့တွင်လုပ်သည့် Farmers Market ခေါ် လယ်သမားဈေးလေးတွေတွင် စားပွဲများခင်းကာ အမိုးပါသည့် Booth လေးများထိုးပြီး စုစုစည်းစည်းလေးရောင်းချကြသလို ရပ်ကွက်အတွင်းမှ အော်ဒါမှာသည်ကို ပို့ပေးရသည်များလည်းရှိ၏။
ဗမာအသီးအနှံတွေကို အမေရိကန်လယ်သမားဈေးတွင် ရောင်းရသည်မှာ သိတ်တော့ကီးမကိုက်လှ။ ဒါနှင့် ကိုဝင်းထွန်းညွန့်တို့ဦးဆောင်ကာ Autunm Wood အပါ့တ်မင့်အနီးက ကွက်လပ်တနေရာတွင် ခွင့်ပြုချက်ယူကာ ရောင်းပေး၏။ သူတို့က ဒါကို ဗမာလယ်သမားဈေးဟု ခေါ်၏။ ဗမာပြည်ဖွားအများစုနေထိုင်ရာ ရပ်ကွက်တွေနှင့်လည်းနီး ဈေးကလည်းချိုသောကြောင့် ဗမာလယ်သမားဈေးလေးမှာ ဗမာလိုတွေဝတ်စား ဗမာစကားသံတွေဝေဝေစီစီနှင့် စည်စည်ကားကား။ ကျွန်တော်လည်း မနှစ်က ချဉ်ပေါင် ပေါင်နှစ်ဆယ် ဝယ်ဖူး၏။ သည်တုန်းက တပေါင်ကို ၄ ဒေါ်လာမှန်သော်လည်း ကိုဝင်းထွန်းညွန့်က ကျွန်တော့်ကို လျှော့ပေး၏။ ကျေးဇူးတင်ရပါသည်။
အခုနှစ်လည်း သူတို့ စိုက်ကြပျိုးကြဦးမည်ဖြစ်၏။ အသီးအနှံတွေလည်း ထွက်ဦးမည်။ ဗမာလယ်သမားဈေးလေးလည်း စည်ကားဦးမည်။ ဘာမှအပြောင်းအလဲလည်း ရှိမည်တော့မထင်။ သို့သော် ဈေးတွေအဖြစ်ကတော့ မနှစ်ကနှင့်မတူဖြစ်မှာသေချာနေ၏။ ဘာပဲဖြစ်ဖြစ် စိုက်သူတွေရှိလို့စားနေရတာမို့ သူတို့ကိုကျေးဇူးတင်ရ၏။ များများစိုက်နိုင်ကြပါစေ။
မျိုးမြင့်ချို
ဇန်နဝါရီ ၂၁။ ၂၀၂၃
0 comments:
Post a Comment