"လဘက်ရည်"
ကျွန်တော်က ဗမာပြည်နေတုန်းက လဘက်ရည်သမားပါ။ လဘက်ရည်ဆိုင်ထိုင်ရတာကိုကြိုက်ပေမယ့် နေကုန်နေခမ်း လဘက်ရည်ဆိုင် ထိုင်တတ်သူတော့ မဟုတ်ပါ။ သောက်ချင်တဲ့အခါ ဆိုင်သွားပြီးသောက်ရင်း သူငယ်ချင်းတွေနဲ့ ရောက်တတ်ရာပြောကြပါတယ်။ ကျွန်တော်တို့ ရောက်တတ်ရာရာတွေထဲမှာ နိုင်ငံရေးနဲ့ စာအကြောင်းပေအကြောင်းလည်း ပါပါတယ်။ အစိုးရမကောင်းကြောင်းကနိုင်ငံရေးဆိုရင် နုနုရည်အင်းဝရဲ့ ထမိန်ကလေးတထည်က စာပေကိစ္စပေါ့။ အဲ့အချိန်က (ဦး)အောင်သင်းရဲ့စာတွေကို အဟုတ်မှတ်ပြီး ဖတ်ခဲ့ချိန်ပေါ့။ ထောင်နှုပ်ခမ်းနင်းသွားပြီးတဲ့နောက်မတော့ (ဦး)အောင်သင်းစာတွေဟာ ကျွန်တော့်အတွက် ဖတ်စရာမလိုတော့မှန်း သေချာသွားပါတယ်။
ကျွန်တော် အမေရိကားကို ရောက်စက ဖို့တ်ဝိန်းမှာ ဗမာလဘက်ရည်ဆိုင်လေး တဆိုင်ပဲရှိပါတယ်။ ခုတော့ အဲ့ဆိုင်လေးမရှိတော့ပါ။ ခု မနက်စာအဆာပြေ Breakfast စားဖို့ကောင်းတဲ့ဆိုင် ၂ ဆိုင်နဲ့ ကျန်တဲ့အချိန်တွေ စားစရာရောင်းတဲ့ဆိုင်က ၁ ဆိုင်ဆိုတော့ ဆိုင် ၃ ဆိုင်တောင်ရှိနေပါပြီ။ Breakfast ဆိုင် ၂ ဆိုင်လုံးက လဘက်ရည်ကောင်းပါတယ်။ ဒါပေမဲ့ ဗမာပြည်က လဘက်ရည်ဆိုင်ထိုင်ရသလို အရသာမျိုးတော့ မရတော့ပါ။ ဆေးလိပ်သမားတွေအတွက် ပိုဆိုးပါတယ်။ လဘက်ရည်လေးတကျိုက် ဆေးလိပ်လေးဖွာလိုက် လုပ်လို့မရပါ။ စကားတူတဲ့လူတွေနဲ့ဆုံမိတဲ့အခါ နိုင်ငံရေးနဲ့စာပေကိစ္စတွေ ပြောဖြစ်တယ်ဆိုပေမယ့် အရင်လို အရသာမရှိတော့ပါ။ မလွတ်လပ်တဲ့ကောင်းကင်အောက်က ဓါးအမိုးခံထားရတဲ့ဘဝက လွတ်လပ်ခြင်းအကြောင်းပြောရတာလောက် အရသာရှိတာ ဘာမှမရှိပါ။
ရောက်စက လဘက်ရည်ကို အိမ်မှာဖျော်ဖျော်သောက်တဲ့အခါ သောက်ပါတယ်။ အဲ့အချိန်ကရှိတဲ့ တဆိုင်တည်းသော လဘက်ရည်ဆိုင်ကလေးကိုလည်း သွားတဲ့အခါသွားပါတယ်။ ကော်ဖီတော့ မသောက်တတ်သေးသလို ကြိုက်လည်း မကြိုက် စွဲလည်းမစွဲသေးပါ။ ကော်ဖီဆိုတာဟာ လူမမာစာလို့ပဲနားလည်ခဲ့တဲ့ အချိန်က လူဖြစ်ခဲ့တာကိုး။ ခုတော့ ဗမာပြည်မှာလည်း ကော်ဖီဆိုင်၊ ကော်ဖီဆိုင်ထိုင်၊ ကော်ဖီယဉ်ကျေးမှုနဲ့ ယဉ်ပါးနေပါပြီ။ ကျွန်တော်တို့ခေတ်က ကော်ဖီဆိုင်ရယ်လို့ သတ်သတ်မရှိပါ။ ကဖေးလို့ရေးထားလည်း လဘက်ရည်ဆိုင်ပါပဲ။ လူကုန်တန်ရပ်ကွက်တွေအနီးမှာနဲ့ မြို့လည်ကောင်မှာတော့ ကော်ဖီဆိုင်လေးတွေရှိတတ်ပါတယ်။
ကျွန်တော် စိုးဝင်းလဘက်ခြောက်နဲ့ ကိုယ်တိုင်နှပ်ပြီးဖျော်ရတဲ့ လဘက်ရည်ကိုကြိုက်ပါတယ်။ နို့ဆီနည်းနည်း နို့စိမ်းနည်းနည်းနဲ့ သကြားမပါဘဲ ဖျော်တာပါ။ စာတအုပ် ဒါမှမဟုတ် ကွန်ပြူတာတလုံးနဲ့ လဘက်ရည်ကျကျတခွက်နဲ့နေတဲ့အချိန်မျိုးလည်းရှိပါတယ်။ သာယာဝတီထောင်နေတုန်းက ကိုအံ့ဘွယ်ကျော်ဖျော်ဖျော်တိုက်တတ်တဲ့ လဘက်ရည်ကတော့ ကမ္ဘာပေါ်မှာ အကျဆုံးလဘက်ရည်လို့တောင်ပြောရမလိုပါ။ သောက်ပြီး တညလုံးမျက်စေ့ကြောင်ပြီး အိပ်ပါမရတော့ပါ။ ဒါပေမဲ့ ထောင်ထဲမှာ ရှားရှားပါးပါးသောက်ရတာမို့ တန်ဖိုးအလွန်ရှိသလို သူ့ကို ကျေးဇူးလည်းတင်ရပါတယ်။ အဲ့အချိန်က အင်္ဂလိပ်စာလည်း လေ့လာနေချိန်မို့ အိပ်မပျော်ရင် ထောင်ထဲခိုးသွင်းထားတဲ့ Time တို့ Newsweek တို့ Reader Digest တို့က စာရွက်အပိုင်းလေးတွေကို ဝါဒါမမြင်အောင်နံရံကွယ်ပြီး ခိုးဖတ်ခဲ့ချိန်တွေပေါ့။ ကျွန်တော့်အဖို့တော့ လဘက်ရည်နဲ့စာဟာ တွဲဘက်တွေပါပဲ။
အမေရိကားမှာ အချိန်အလွန်ရှားပါးပါတယ်။ အလုပ်နဲ့အိမ် အိမ်နဲ့အလုပ်ပြီးနေတဲ့လူတွေ မိသားစုတွေလည်း တပုံကြီးပါ။ တနှစ်တခါလောက် Vacation လေးရလို့ ဟိုဟိုဒီဒီသွားသက်လည်ရတာလေးကိုပဲ အချိန်ထဲကအပျော်ဆိုပြီး ဖဲ့ဖဲ့ယူနေကြရတာပါ။ အိမ်မှာ လဘက်ရည်ကို အချိန်ယူနှပ်ပြီး ဖျော်သောက်နိုင်ဖို့ဆိုတာ တော်တော်လေး ကံကောင်းမှလို့ ဆိုရမလိုပါပဲ။
နောက်တော့ကျွန်တော်လည်း လဘက်ရည်ဖျော်သောက်ရတာကို အလုပ်ရှုပ်တယ်အချိန်ကုန်တယ်လို့ မှတ်ယူခဲ့ရတဲ့အခြေအနေကို ရောက်လာပါတယ်။ စကားပြန်နဲ့ဘာသာပြန်အလုပ် လုပ်နေပြီဆိုတော့ အလုပ်အတွက်ပဲ စိတ်ဟာကြောင့်ကြနေရတာပါ။ ဒါနဲ့ ကော်ဖီပြောင်းသောက်ကြည့်မယ်ဆိုပြီး စသောက်ပါတယ်။ သောက်စက ခံတွင်းမတွေ့ပါ။ အရသာလည်း မခံတတ်ပါ။ ကော်ဖီနဲ့စာအုပ် ဒါမှမဟုတ် ကွန်ပြူတာလည်း လိုက်ဖက်တယ်လို့ မခံစားရပါ။ နောက်တော့ ကော်ဖီအစေ့ကို လတ်လတ်ဆတ်ဆတ်ကြိတ်ထားတဲ့အမှုန့်ကိုဝယ်ပြီး ဖျော်သောက်ပါတယ်။ ဒါကျတော့ အရသာခံတတ်လာသလို စွဲလည်းစွဲလာပါတယ်။ အပြင်ထွက်တဲ့အခါ အပြင်ကကော်ဖီသောက်ပါတယ်။ နောက်တော့ ဇနီးက လှော်ပြီးသား အီသီယိုးပီးယားနဲ့ ဘရာဇေးလ်ကော်ဖီစေ့တွေဝယ်ပြီး အိမ်မှာတင်အမှုန့်ကြိတ်ပြီး ဖျော်သောက်ကြပါတယ်။ ကောင်းပါတယ်။ စွဲမက်စရာပါ။ ဒါပေမဲ့ ဒါလည်း အလုပ်နည်းနည်းပိုတယ်ထင်ပြီး ရယ်ဒီမိတ်ကော်ဖီ (Instance Coffee, Nsecafe-Teaster's Choice) ဝယ်ပြီး နှို့မှုန့် (Coffee Mate) နဲ့ဖျော်သောက်ပါတယ်။ သောက်စက အဝင်ဆိုးသလိုခံစားရပြီး တဖြည်းဖြည်းနဲ့ ကြိုက်လာပါတယ်။ စွဲလည်း စွဲသွားပါတယ်။ ဒီကော်ဖီကို ဇနီးက ဗမာကော်ဖီလို့ခေါ်ပြီး သူသောက်တဲ့ အစေ့လှော်ကော်ဖီမှုန့်ဖျော်ကိုတော့ အမေရိကန်ကော်ဖီလို့လို့ ခေါ်ပါတယ်။ ကော်ဖီသောက်တဲ့ ဗမာတွေ အသောက်များလို့ထင်ပါတယ်။
ခုတော့ အလုပ်လည်းမရှုပ် အချိန်လည်းမကုန်တဲ့ Nsecafe-Teaster's Choice ကို နှစ်သက်တတ်သွားပြီ။ ဒီကော်ဖီနဲ့ စာတအုပ် ဒါမှမဟုတ် ကွန်ပြူတာတလုံးနဲ့လည်း အသားကျသွားပါပြီ။ ခုဆို တခါတလေ လဘက်ရည်ချဉ်ခြင်းတက်တဲ့အခါမှတပါး လဘက်ရည်ဖျော်မသောက်တော့ပါ။ ဗမာဆိုင်လေးတွေက နို့ဆီ နို့စိမ်းနဲ့ ပျစ်နေအောင်ဖျော်ထားတဲ့ လဘက်ရည်ကိုလည်း ခံတွင်းမတွေ့ပေမယ့် တခါတလေတော့ အာသာပြေသွားသောက်တတ်ပါတယ်။ ဒါပေမဲ့ စာဖတ်လို့မရ စကားပြောရတာအရသာမရှိတာမို့ သိတ်ကြီးတော့ မစွဲမက်ပါ။ စကားပြောရတာ အရသာမရှိဆိုတာက လွတလပ်နေတဲ့ကောင်းကင်အောက်က ဇက်ပြတ်စရာမရှိတဲ့ဘဝနဲ့ မလွတ်လပ်သေးတဲ့ဘဝတွေရဲ့အကြောင်း ပြောရတာမို့လို့ပါ။
တကယ်တော့ စကားဆိုတာ ဘာသာစကားတူတဲ့လူနဲ့ပြောမှ အရသာရှိသလို လွတ်လပ်ခြင်းအကြောင်းကို ဂုတ်ပေါ်ဓားအမိုးခံထားရတဲ့ဘဝမှာပြောရမှ အရသာရှိတတ်တာမဟုတ်လား။
မျိုးမြင့်ချို
ဇန်နဝါရီ ၂၁။ ၂၀၂၃
0 comments:
Post a Comment