Saturday, January 21, 2023

စွမ်းသမျှ အမေ

0 comments

"စွမ်းသမျှ အမေ"

အမေဟာ အသက် ၉၁ နှစ်ရှိနေပေမယ့် သူ့ကိုယ်သူ တခုခုအတွက် ဒါမှမဟုတ် တယောက်ယောက်အတွက် အသုံးဝင်နေတုန်းဆိုတာကို ခံယူထားပုံရပါတယ်။

ညီမ သင်းသင်းအေးက သူ့ကို ဟင်းချက်တာတွေဘာတွေ ပေးမလုပ်တော့တာ အတော်ကြာလှပါပြီ။ ဒီတော့ သူက ထမင်းချက်တယ်။ ချက်တာကတော့ ပေါင်းအိုးနဲ့ဆိုတော့ ဆန်ဆေး ရေထည်ပြီး ခလုပ်နှိပ်လိုက်ရုံပါပဲ။ ဒါပေမယ့် သူက ထမင်းအိုးထဲမှာ ထမင်းမပြတ်ရှိနေဖို့ သိတ်သတိထားပါတယ်။ သင်းသင်းအေးအိမ်က ဧည့်သည်လည်း မပြတ်ဘူးမဟုတ်လား။ ဒါ့အပြင် သင်းသင်းကလည်း ဧည့်သည်လာရင် တခုခုစားပြီးမျပြန်တာကိုသဘောကျတော့ ဟင်းလည်း မပြတ်အောင်ချက်တယ်။ ခေါက်ဆွဲတို့ဘာတို့လည်း သုတ်စားချင်စားလို့ရအောင် လိုတဲ့အမယ်တွေကို အသင့်လုပ်ထားတယ်။ ဘယ်ဧည့်သည်မှ မလာတဲ့နေ့ဆိုရင်တောင် ကျွန်တော်ကတော့ တရက်ခြား ၂ ရက်ခြားတခါလောက်တော့သွားဖြစ်ပါတယ်။ ကျွန်တော် ရောက်တဲ့အခါတိုင်းလည်း ထမင်းစားပြီးမှ ပြန်တာ။ ဒီတော့ အမေ့ထမင်းအိုးဟာ ထမင်းပြတ်တယ်ရယ်လို့ မရှိပါ။

နောက်တခုက ငရုပ်သီးဆားထောင်း။ အမေ့ ငရုပ်သီးဆားထောင်းဟာ သူသူငါငါ ထောင်းကြသလိုမျိုး ငရုပ်သီးအလှော်မှုန့်ရယ် ဆားရယ် ပုဇွန်ခြောက်လေးနည်းနည်းရယ် ကြက်သွန်ဖြူရယ် အချိုမှုန့်လေး ပါလေဟန်ရယ် ဒါတွေကလွဲပြီး ဘာမှ အပိုဆာဒါးပါတယ်မဟုတ်ဘူး။ ဒါပေမဲ့ အတော်စားကောင်းတယ်။ အစပ်အဟပ် အချိုးအဆကြောင့်လားမပြောတတ်ဘူး။ အမေက ငရုပ်သီးဆားထောင်းလေးလည်း မပြတ်အောင်ထောင်းပြီး ထမင်းစား စားပွဲပေါ်တင်ထားတတ်တယ်။ ငပိရည် သိတ်မစားနဲ့သား အငံက လျှော့စားနိုင်လေ ကောင်းလေပဲလို့လည်း ပြောတတ်တယ်။

နောက်တခုက ကြက်သွန်ဖြူ။ သင်းသင်းအေးက ကြက်သွန်ဖြူဝယ်ရင် များသောအားဖြင့် Sam Club က အထုတ်ကြီး ဝယ်တတ်တယ်။ ‌တထုတ်ကို ၃၀ သားလောက်ရှိမယ်ထင်တာပဲ။ သေတော့ မသေချာပါဘူး။ တခါတလေလည်း ၅ ဥလောက်ပါတဲ့ ကြက်သွန်ဖြူတောင့်လေးတွေ ဝယ်တတ်တယ်။ ဘာပဲဝယ်ဝယ် အမေ့အလုပ်က ဝယ်ထာတဲ့ကြက်သွန်ဖြူတွေကို အခွံသင်တာပဲ (နွှာတာပဲ)။ ကုလားထိုင်နှစ်လုံးဆက်ပြီး ခြေလေးဆန့်ဆန့်ထား၊ ကိုယ်ကို တတ်နိုင်သမျှ မတ်မတ်လေးထိုင်ပြီး ကြက်သွန်ဖြူဇလုံကို ပေါင်ပေါ်တင်ရင် နွှာတော့တာပဲ။ ခုလိုလေး နွှာထားတော့ မင်းညီမ လိုတဲ့အခါ အဆင်သင့်ဖြစ်တာပေါ့လို့ပြောရင် နွှာပြီးသားကြက်သွန်ဖြူတွေကို Zip Lock အိတ်လေးတွေထဲ အတက်အကြီးက အကြီးသပ်သပ် အတက်သေးသေးသ သေးသေးသပ်သပ်ထည့်ပြီး ရေခဲသေတ္တာထဲမှာ ထည့်တယ်။ အမေ အကြီးအသေးက ဘာလို့ခွဲရတာလဲလို့မေးကြည့်တော့ ဪ..အတက်ကြီးတွေက ဟင်းချက်တဲ့အခါထည့်ရုံမက ပါးပါးလှီးပြီး ဆီသတ်တာတို့ဘာတို့လုပ်တဲ့အခါသုံးပြီး အသေးတွေကတော့ ဟင်းချက်တဲ့အခါပဲ သုံးရတာလေ။ လိုတဲ့အခါ ရွေးမနေရတော့ဘူးလို့ ဖြေတယ်။

နောက်တခုက မရင်နှစ်ကိစ္စ။ သူ့မြေး မရင်နှစ်က သူ့အသက်ဗူးပဲ။ သူ သူ့မြေးကို အမြဲ အရိပ်တကြည့်ကြည့်နေတယ်။ သူ့မြေးဘာလိုလဲ ဘာစားချင်လဲကို အမြဲကြောင့်ကြစိတ်ထားတယ်။ သူ့မြေးမှာ ကောင်းတာတခုက ဘာလိုချင်တယ် ညာလိုချင်တယ် ဘာဝယ်ပေးပါ ညာဝယ်ပေးပါ မပူဆာတတ်သေးတာပဲ။ သူ့အမေ ဝယ်ပေးသမျှ ဝတ်တာပဲ။ သူ့အမေ ချက်ကြွေးသမျှထဲက သူစားတာဆို စားတာပဲ။ သူမစားတာတွေလည်းရှိတယ်။ ကြေးသိတ်မများဘူး။ မနက် ကျောင်းမသွားခင် Breakfast စားရင် တခါတလေ ကြက်ဥကြော်ပြီး ပေါင်မုန်ု့နဲ့ညှပ်စားတတ်တယ်။ ရင်နှစ်က ကြက်ဥကို သူ့ဘာသာကြော်တတ်တယ်။ ဒါပေမဲ့ အမေက မရဘူး နာနီကြော်ပေးမယ်သမီးဆိုပြီး တခါတလေ သူက ကြော်ကြော်ပေးတယ်။ သူ့မြေးကျောင်းသွားချိန်ကို သတိပေးစရာမလိုပဲ သတိပေးတတ်သလို သူ့မြေးကျောင်းကပြန်ချိန်ကိုလည်း တမျှော်မျှော်နဲ့နေတာ အမြဲပဲ။

အိမ်က ကြမ်းခင်း(သစ်သားခင်း)ဆိုတော့ ဖုန်စုပ်စက်နဲ့စုပ်လည်းရသလို အလိုအလျှောက် ဖုန်စုပ်စက်ကလေးရှိတော့ ဖုန်စုပ်တဲ့ကိစ္စကို ရဲမော်ထူးက တာဝန်ယူ သတိလုပ်ပြီး စုပ်တယ်။ ဒါပေမဲ့ အမေက မရဘူး။ ထမင်းစားခန်းနဲ့ မီးဖိုချောင်ကို သူကိုယ်တိုင် တံမြက်စည်းနဲ့ လှည်းရကျင်းရမှ။ ဖုန်စုပ်စက်က ချာင်ကြိုချောင်ကြားထဲအထိ မရောက်ဘူးလေ သားရဲ့။ တံမြက်စည်းလေးနဲ့ဆိုတော့ အကြိုအကြားထဲအထိ ခတ်လို့ရတယ်တဲ့။

နောက်တခုက လူတွေကို သတိပေးတာ။ အပွိုင်မင်န်တွေဘာတွေရှိရင် အချိန်ကို သတိပေးတတ်သလို ပြန်ခါနီး တခုခုမေ့မကျန်အောင်လည်း သတိပေးတတ်တယ်။ မင်းက အဝေးကြီးမှာနေတာ တခုခုမေ့ကျန်ခဲ့လို့ ပြန်လာယူရရင် မလွယ်ဘူးလို့ ကျွန်တော့်ကို အမြဲပြောတယ်။ ကျွန်တော်ကလည်း တခါတလေ မေ့ကျန်ဖြစ်အောင်ကျန်တယ်။ ဒီတော့ သူက မင်းတို့က ငယ်ငယ်လေးတွေနဲ့ မေ့တတ်တာလွန်ရော။ ရင်နှစ်လည်း ဘာထူးလဲ သတိပေးနေတဲ့ကြားက ဟိုနေ့က ကျောင်းထမင်းဗူးမေ့ကျန်ခဲ့တယ်။ အမေ့အမြင်မှာ ကျွန်တော်တို့ဟာ ငယ်သေးသူတွေပဲ။ အမေသတိကောင်းပုံက ဩချလောက်တယ်။ သူ ငယ်ငယ်တုန်းကအကြောင်းတွေ ပြန်ပြောပြတတ်သလို လတ်တလောကိစ္စတွေလည်း မှတ်မိနေတာပါ။

အမေဟာ သူ့ကိုယ်သူ လောကအတွက် (အနည်းဆုံး) မိသားစုအတွက် အသုံးဝင်တဲ့လူဖြစ်အောင်နေတာပါပဲ။ သူ လုပ်နိုင်သေးတယ် စွမ်းသေးတယ်ဆိုတာကိုလည်း သူ့ကိုယ်သူ သေချာအောင်လုပ်နေတာမျိုးပါပဲ။

မျိုးမြင့်ချို

ဇန်နဝါရီ ၂၁။ ၂၀၂၃

0 comments:

Post a Comment