Monday, January 30, 2023

ကညွှတ်ကွင်းအိမ်ပြေး (၃)

0 comments

ကညွှတ်ကွင်းအိမ်ပြေး (၃) 

တဲကြီးဆီပြန်ရောက်တော့ ဒေါ်ခ က ကဖိုးထောင် သားကိုဖင်တုံးလုံးပြန်ခေါ်ရသလားဟု ဆူပါသည်။ မိန်းမရာ သူက ခလေးဘဲဟာပြန်ပြောတော့ ဒေါ်ခက ခလေးမဟုတ်ဘူးရှက်တတ်တဲ့အရွယ်၊ လူပျိူပေါက်လေ ကဖိုးထောင်ဟုပြောပြီး ကျွန်တော့်အား လာ သား အဖေ့အဝတ်အစားတွေရှိတယ် အမေလဲပေးမယ်ဟုပြောကာ တဲနောက်ထဲ အဝတ်လဲ ပေးပါသည်။ 

 

ပုဆိုးကွင်းကျယ်ကြီးနှင့် စွပ်ကျယ်လက်စကကြီးနှင့် ဖြစ်ပါသည်။ ကျနော် တခါမှမဝတ်ဖူးသည့် အဝတ်အစားများ ဖြစ်ပါသည်။ ဖို့ရိုးဖားယားကြီးဖြစ်နေပါသည်။ အနံ့တွေ့ကလည်း လူကြီးစော် နံသလိုဖြစ်နေပါသည်။ ဒေါ်ခက ဘယ်တုန်းထဲက သိမ်းထားမှန်းမသိသည့် ေါင်ဒါတွေလည်း လူးပေးပါသည်။ ကျနော်က ဒေါ်လေး အဲ့ဒီပေါင်ဒါတွေက ကလေးတွေလိမ်းရတာလေ ကျွန်တော်က ခလေးမှမဟုတ်တာဆိုတော့ မင်းက ခလေးပဲ၊ ဒို့မလည်းလိမ်းပေးစရာက ဘာမှမရှိဘူး ပြီးတော့ မင်းကရန်ကုန်သားလေဟုပြောပါသည်။ သား ဘာစားချင်သလဲပြော ဒေါ်လေး ချက်ကျွေးမည်ဟု ပြောချိန်တွင် ကျနော့်စိတ်ထဲ ဘာမှန်းမသိဘဲ သူ့ကို အမေဟုခေါ်ချင်စိတ်ပေါက်လာပါသည်။ ဒါနှင့် အမေ အဖေ တို့စရာတွေ ခူးလာတယ်ဟုပြောလိုက်တော့ သူအံ့ဩသွားပြီး ခဏကြောင်နေပါသည်။ နောက်တော့ သား သားဟုခေါ်ပြီး ကျနော့်ခေါင်းကို သူ့ရင်ခွင်ထဲထည့်ကာ ဆံပင်တွေကိုပွတ်ပေးပါသည်။ သူ့ကိုယမှာ ချွေးစော်သံစော် နံစော်နေပါသည်။ ခနလေးလေးနေတော့မှ အမေ ရေသွားချိုးဦးမယ် နင့်အဖေနဲ့စကားပြောနေနှင့်ဆိုကာ ထမိန်အင်္ကျီပိုတွေယူကာ ရေတွင်းဘက်ထွက်သွားပါသည်။

 

ကျနော်လည်း အိမ်ရှေ့ဘက် ပြန်ထွက်လာပါသည်။ ထိုအချိန်တွင် အဖေဦးဖိုးထောင်သည် အတော်လေးမူးနေသည်ဟုထင်ရပါသည်။ သို့သော်ကွန်အထိုးမပျက်ပါ။ ကျွန်တော် အနားရောက်တော့ လာ သားကြီးထိုင်။ မင့်အမေ ဘာတွေ ပြောနေတာလဲဟု မူးသံကြီးနှင့်မေးပါသည်။ ဘာမှမဟုတ်ဘူးအဖေ အဲ့လိုဘဲဟုဖြေတော့ မင်း လှေလှော်တတ်လားဟု မေးပါသည် နည်းနည်းလှော်တတ်တယ်အဖေ ရေလည်းကူးတတ်တယ်ဟု ပြန်ဖြေတော့ ကောင်းကွာ ကွက်တိဘဲဟု ပြောပြီး မင်းမစားတာဘာရှိလဲဟုမေးပါသည်။ ကျွန်တော်တခါမှ ထိုသို့အမေးကို မခံဖူးပါ။ ဝက်သားမစားဘူးအဖေ၊ ကျန်တာတော့ အကုန်စားပါတယ်ဟုဖြေတော့ အေး...တို့လည်း ဝက်သား မစားနိုင်ပါဘူးကွာ၊ ကျန်တာတော့ အကုန် စားတာပဲဟုပြောကာ ဟားဟားဟားဟာရယ်ရင်း ငါ့သားအရင်းဘဲဖြစ်လိုက်ပါတော့ကွာဆိုပြီး အရက်သောက်ပြန် ပါသည် ကြွက်ကြော် မြည်းပြန်ပါသည်။ ကွန်ထိုးပြန်ပါသည်။

 

ကျနော်လည်း တဲခေါင်တွင်ချိတ်ပြီး တန်းလန်းချထားသည့် အဖေ့ ကွန်ဘေးတွင်ထိုင်ရင်း ဘာလုပ်ရမှန်းမသိ ဖြစ်လာပါသည်။ ဗိုက်ကလည်းဆာလာပါသည် ဒါနှင့် အဖေ ကျနော်ဗိုက်ဆာတယ် ထမင်းစားချင်တယ်ဟုပြောတော့ ဟာ ငါ့သားကြီးရာ စားရမှာပေါ့ ဖေကြီးလုပ်ပေးမယ်ဟုပြောပြီး ဒယီးဒယိုင်နှင့်ထကာ စတီးလ်ဇလုံတလုံးကို ဆွဲပါသည်။ ထမင်းအိုးထဲက ထမင်းတွေခူးခပ်ထည့်ပါသည်။ ကျွန်တော်တို့က ဂဏန်းခေါ်ပြီး  သူပြောသည့်  လယ်ပုဇွန်လုံးငပိချက်တွေကော်ထည့် ကန်စွန်းရွက်ကြော်တွေခပ်ထည့်ပြီး ရော့စားသားကြီး အဖေငါးပိထောင်း ထောင်းပေးဦးမည်ဟု ယိုင်တီးယိုင်တိုင်နှင့် ပြောပါသည်။ ကြောင်တွေကလည်း တညောင်ညောင်နှင့် တချိန်လုံးအိမ်လုံး ပွက်နေပါသည်။ ခွေး ၃ ကောင်ကလည်း တဲထဲ ဝင်လိုက်ထွက်လိုက် ကြောင်တွေကိုရန်ရှာလိုက်နှင့် ဆူညံပွက် နေပါသည်။ အဖေ ကြွက်ချက်ကျွေးမယ်ဟုဆိုပြီး ထလိုက်တော့မှ ဖင်ထိုင်ရက်သားလဲကျသွားပါသည်။ သူ့ဟာသူလည်း ငါးပိထောင်းလား ကြွက်လား သွဲကွဲပုံ မရတော့ပါ။ 

 

ထိုအချိန်တွင် အဖေ ကဖိုးထောင်သည် နောက်ချေးကြံ (နွားချေးကြံ) ခင်းထားသည့်မြေအခင်းပေါ်တွင် မှောက်နေပါပြီ။ ကျနော်က အဖေအဖေ ဟုခေါ်တော့ ဟေ ဟေ ဟုသာ ထူးနိုင်ပါတော့သည်။ ကျနော်လည်း ဘာလုပ်ရမှန်းမသိသဖြင့် ရေတွင်းဘက်ပြေးပြီး အမေအမေ အဖေလဲကျသွားတယ်ဟု သွားအော်ပြောပါသည်။ ခေါင်းတွေဘာတွေကွဲသေးလား လူလေးဟု မေးပါသည်။ မကွဲဘူးထင်တယ်အမေဟုပြောတော့ အေးမကွဲရင် ဘာမှမဖြစ်ဘူး မင်း သွား အိမ်ထဲမှာနေ၊ အမေရေချိုးလျှော်ဖွပ်လိုက်ဦးမယ်ဆိုပြီး ထမိန်ရင်လျှားပြင်ဝတ်ရင်းပြောပါသည်။ သူ့အတွက်တော့ အဖေ ဦးဖိုးထောင် အရက်မူးပြီးလဲသည်မှာ မဆန်းသလို၊ ရိုးတာနေသလိုဖြစ်ပါသည်။

 

ဒါနှင့်ကျနော်လည်း တဲထဲပြန်ဝင်လာပါသည်။ ကျွန်တော်လည်း ဇလုံထဲက ကန်စွန်းရွက်ကြော် လယ်ပုဇွန်လုံးငပိချက်ကို နယ်ကာဖတ်ကာစားရင်း ထမင်းလည်းထပ်ထည့်ကာ အဖေလဲကျနေသည့်နေရာ အနားတွင် ထိုင်စားပါသည်။ အဖေ့ပါးစပ်က ဘာတွေမှန်းလည်းမသိတွေ ရေရွတ်နေပါသည်။ ပက်လက်လန်လိုက် မှောက်ခုံဖြစ်သွားလိုက် ဘေးစောင်းသွားလိုက်နှင့် အငြိမ်မနေနိုင် ဖြစ်နေပုံရပါသည်။ အဖေ့အရက်နံ့သည် ချဉ်စုတ်စုတ်ဖြစ်ပြီး နံလည်းအလွန် နံပါသည်။ ကျနော်လည်း ထမင်းစားပြီးနောက် ဇလုံကို အင်တုံကြီးထဲနှစ် အင်တုံနှုတ်ခမ်းပေါ်တွေ့သည် ရေပတ်ဝတ်နှင့် တိုက်ပါသည်။ ပန်းကန်ဆေးဆပ်ပြာတော့ မတွေ့ပါ။

 

ခနနေတော့ အမေ လျှော်ပြီးသားအဝတ်တွေနှင့် တဲထဲ ပြန်ဝင်လာပါသည်။ သား အဝတ်အစားတွေလည်း အမေလျှော်ခဲ့တယ်။ ခနနေမှ ထုတ်လှန်းမယ်ဟုပြောရင်း ကဖိုးထောင် ကဖိုးထောင်ဟု လေးငါးခွန်းခေါ်သော်လည်း အဖေကား ပြန်မထူးနိုင်တော့။ တခေါခေါနှင့်ပင် ဟောက်နေပါသေးသည်။ အရက်သာ မသောက်ရင်သူဟာ သူတော်ကောင်းပဲ သားရဲ့။ သူတခြားဘာမှလုပ်ဘူး။ စာရင်းငှားလုပ်တယ်၊ ကွန်ပစ်တယ် ငါးထောင်တယ် ကြွက်ဖမ်းတယ်၊  နို့ညှစ် ရောင်းတယ်။ ဘယ်သူ့အပေါ်မှ မတရားမလုပ်ဘူး။ သူများက ဖိနပ်တောင်းရင် အင်္ကျီရော ခေါင်းပေါင်းတဘက်ရော ချွတ်ပေးခဲ့တာ။ အမေ့အပေါ်လည်း သစ္စာရှိရှာတယ်ဟုပြောရင်း အဖေ့ကိုကြည့်ကာ မျက်ရည်တွေ လည်နေပါသည်။ ကျွန်တော်လည်း ဘာလို့မှန်းမသိ ရင်ထဲနင့်သလိုလို တခုခုကိုဝမ်းနည်းသလိုလိုတွေ ဖြစ်လာပါသည်။ (ဆက်ပါဦးမည်)

0 comments:

Post a Comment