“ဒေါ်ဌေးဌေးဝင်း ခေါ် ရိုစီအောင်”
ဒေါ်ရိုစီအောင်ခေါ် ဒေါ်ဌေးဌေးဝင်းကို ကျွန်တော်က ရှေ့တွင် အမဟုခေါ်ပြီး ကွယ်ရာတွင် အဖွားကြီးဟု ခေါ်သည်။ တကယ်က သူသည် အဖွားကြီးအခေါ်ခံရလောက်အောင်တော့ မအိုသေး။ သူက ကျွန်တော့်ကို ကိုမျိုးဟုခေါ်တတ်ပြီး စိတ်မလိုလျှင် သို့မဟုတ် ချစ်စနိုးဖြစ်လျှင် ဟဲ့အကောင်ဟုခေါ်တတ်သည်။
၁၉၇၄ ဦးသန့်အရေးအခင်းတွင် ထောင်ကျခဲ့ဖူးသည်ဆိုသည်မှ တပါး သူ့နိုင်ငံရေးနောက်ခံတွေကို ကျွန်တော်မသိ။ ဘာအယူအဆ ဘာအတွေးခေါ် ကိုင်စွဲသည်ကို ကျွန်တော် စကားမစပ်မိခဲ့။ စစ်အာဏာရှင်စနစ်ကို စိုက်လိုက်မတ်တပ် ဆန့်ကျင်နေသူတဦးဖြစ်တာတော့ သေချာသည်။ သူနှင့်အတူ ဒုက္ခသည်စခန်းတွင်း အတူနေခဲ့ဖူးရုံမက အမေရိက ရောက်ပြီးနောက်ပိုင်းလည်း ကျွန်တော်နှင့် တခါတခါ ဆုံရသည်။ တခါသား ဖို့တ်ဝိန်းမှာ သူ့အဆက်ကြီးနှင့် အတူလာနေတော့ အတော်ကြာကြာ သူနှင့်တွေ့ရသည်။ ကျွန်တော့်အိမ်ကိုလည်း ညအိပ်ညနေ လာလည်ဖူးသည်။ ကျွန်တော့်ကိုလည်း ချက်ပြုတ် ကျွေးမွေးဖူးရုံမက အဝေးကနေလည်း အစားအသောက်တွေ လှမ်းပို့ပို့ပေးတတ်သည်။ ငပိလည်းထောင်းပြီး ဗူးကြီးထဲထည့်ကာ ‘ဆီမြုပ်နေအောင်စိမ်ထား၊ အကြာကြီးအစားခံတယ်’ပြောကာ ငပိတွေလည်း ထောင်းပေးဖူး၏။ သူအစားအသောက်တွေ အဝေးကနေလှမ်းလှမ်းပို့တိုင်း ကျွန်တော်က ‘မပို့နဲ့အမ ကျွန်တော် မလိုချင်ဘူး၊ အမမှာ ဘာဝင်ငွေမှလည်းမရှိပဲနဲ့ ကျွန်တော့်ဆီပို့နေရတော့ ကျွန်တော် မစားရက်ဘူး အားနာတယ်’ ဟုပြောတိုင်း ဟဲ့အကောင် မရှည်နဲ့ လိပ်စာပေးမှာသာပေးစမ်းဟု ပြန်ပြန်ပြောတတ်သည်။ တခါပို့တိုင်း တခါ လိပ်စာပေးရသည်။
တခါတခါ သူ ရွှေတွေ ကျောက်တွေ လက်ဝတ်ရတနာတွေရောင်းနေတတ်ပြီး တခါတခါ လဘက်အကြော်စုံနှင့် ငါးခြောက်ငါးခြမ်းများလည်း ရောင်းနေတတ်သည်။ ဘယ်ကဘယ်လို အဆက်အသွယ်တွေရ၍ ဘယ်လောက် အမြတ်အစွန်းရမရတွေတော့ ကျွန်တော်မသိပါ။ မေးလည်း မမေးဖူးပါ။
ကျွန်တော်တို့ အုန်းပြန့်ဒုက္ခသည်စခန်းမှာ အတူနေခဲ့ကြတုန်း ၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးအခင်းကြီးဖြစ်သည်။ သူသည် ဒုက္ခသည်စခန်းမှနေ၍ ဗမာပြည်ထဲခိုးပြန်ကာ ထိုရွှေဝါရောင်အရေးအခင်းကြီးတွင် ကိုယ်ထိလလက်ရောက် ပါဝင်ဆန္ဒပြခဲ့သည်။ ကျွန်တော်တို့ မလုပ်ရဲ မလုပ်ဝံ့သည့်အလုပ်ကိုသူလုပ်ခဲ့သည်။ ရွှေဝါရောင်အရေးအခင်းကို စစ်အုပ်စုမှအကြမ်းဖက်ဖြိုခွင်းလိုက်သည့်အခါ သူ မဲဆောက်ကိုပြန်ရောက်လာသည်။ ထိုအချိန်က ကျွန်တော်လည်း မဲဆောက်တွင်ရှိနေချိန်ဖြစ်သည်။ တနေ့ဖုန်းဝင်လာ၍ကိုင်လိုက်ရာ သူဖြစ်နေသည်။ ‘ကိုမျိုး အမ မဲဆောက်ပြန်ရောက်နေတယ် အဆက်ကလေးလည်းပါတယ် ဟဲဟဲ’ ဟုပြောပြီး သူနေနေသည့် ဟိုတယ်(တည်းခိုခန်း)လိပ်စာပေးသည်။ ငါ့ လာတွေ့ဦးဟုပြောသည်။ ကျွန်တော်သွားတွေ့တော့ သူ့အဆက်ကလေးနှင့်မိတ်ဆက်ပေးရင်း သူလည်း ငါနဲ့အတူ အမေရိကကိုလိုက်မှာဟုပြောကာ ဘီယာတိုက်သည်။ ထိုအချိန်က ကျွန်တော် ဘာမှမသောက်ပဲနေချိန်ဖြစ်သဖြင့် သူတိုက်သည့်ဘီယာကိုငြင်းလိုက်ရာ ‘ဟဲ့ ဝယ်ပြီးသားလည်း ဖြစ်နေပြီ၊ ငါ့ချစ်ချစ်လေးကလည်း မသောက်တတ်ဘူး၊ ပြန်ပေးလို့လည်းမရဘူး၊ ယူသွား သောက်တတ်တဲ့လူ ပေးလိုက်’ဟုပြောသည်။ ထိုအချိန်တွင် သူ့ကြည့်ရတာ အပျိုပေါက်လေးတယောက်လို ရွှင်လန်းတက်ကြွနေသည်။ စကားပြောလည်း အပြုံးတွေ တဝေဝေနှင့်။ ကျွန်တော်က သူနှင့် သူ့ချစ်ချစ်လေးအကြောင်း ဇော်ကြီး(သစ်ကောင်းအိမ်)ကိုပြောပြတော့ အဖွားကြီးကတော့ လုပ်ချလိုက်ပြန်ပြီဟု ပြောပြီး ရယ်သည်။ နောက်တော့ သူ့ချစ်ချစ်လေးပါခေါ်ပြီး ဒုက္ခသည်စခန်းတွင်း ပြန်ဝင်လာသည်။ နောက်တော့ သူ့ချစ်ချစ်လေးက ဘာဖြစ်သည်မသိ ဗမာပြည်အပြီးပြန်သွားသည်။
ဒုက္ခသည်စခန်းတွင်နေစဉ်က သူသည် အုန်းပြန့်ဒုက္ခသည်စခန်း ၁၆ ရပ်ကွက် အမျိုးသမီးရေးရာအဖွဲ့တွင် ခေါင်းဆောင်ပြီး ကိစ္စရှိလျှင်တက်လည်းအလွန်တက်ကြွသည်။ သို့သော် သူသည် ဘာကိစ္စဖြစ်ဖြစ် သူ့စိတ်ထဲရှိလျှင် ရှိသည့်အတိုင်း ပြောပြောချတတ်သည့် အလေ့ရှိသည်။ နှုတ် သိတ်မစောင့်တတ်။ သူအလိုမကျလျှင် မဲ့ကာရွဲ့ကာလည်း ပြောတတ်သည်။ ရံဖန်ရံခါ စောက်တွေဘာတွေပါ ပါတတ်သည်။ ထို့ကြောင့် တခါတလေ ကိစ္စသေးသေးသည် ကိစ္စကြီးကြီး ဖြစ်သွားတတ်သည်။ ပြဿနာကို မီးထိုးပေးသလိုတွေလည်း ဖြစ်တတ်၏။ သူ့ကို အမျိုးသမီးရေးရာတွင် ထည့်ဖွဲ့မိသည့်အတွက် စခန်းတာဝန်ခံမှာ ဗြမ္မာ့ဥက္ခေါင်းကိုင်မိသလို ဖြစ်နေသည်ထင်သည်။
သူ့အကြောင်းလည်း သူသိသည်။ တရက်သား ကျွန်တော်တို့တဲကိုလာလည်ရင်း ရယ်စရာမောစရာတွေပြောရင်း “ဟဲ့ ငါ့သားကပြောတယ်၊ အမေ့လိုမိန်းမကို အနှစ် ၂ဆယ်ကျော်ကြီး ပေါင်းသင်းလာတဲ့အဖေ့ကို အံ့ဩတယ်လို့ ပြောတယ်ဟ”ဆိုပြီး တဟားဟားရယ်သည်။ သူ့သားတွေနှင့် သူ အစေးမကပ်သည့်အခါ မောင်နှမတွေရန်ဖြစ်သလို မခေါ်မပြောတွေနေတတ်သည်။
နောက်တော့ကျွန်တော်တို့တွေ အမေရိကရောက်လာ၏ သူက နူးယော့ခ်ပြည်နယ် ဘာ့ဖလိုးမြို့ ကျွန်တော်က ဖို့တ်ဝိန်း။ တခါတလေ ဖုန်းဆက်သည်မှအပ လူချင်းမတွေ့။ သူ့အဆက်ကြီးနှင့်နေရန် ဖို့တ်ဝိန်းရောက်လာတော့ မကြာမကြာ တွေ့ဖြစ်၏။ ထိုအချိန်တွင် သူ ကားမောင်းနေပြီး ကားလည်း ထည်လဲစီး၏။ ကျန်းမာရေးနှင့်အသက်အရွယ်ကြောင့် အစိုးရထောက်ပံ့ကြေးတော့ ရနေဟန်တူသည်။ သူ့အဆက်ကြီးနှင့်လမ်းခွဲပြီးနောက် ဘယ်ကို တိမ်လိုလေလို လွင့်သွားသည် မသိ။ လူချင်းလည်းမတွေ့ ဖုန်းလည်းမဆက်တော့။
နောက်တော့ သူ ဖေ့စ်ဘွတ်ခ်သုံးလာ၏။ အစပိုင်းတွင် Live လွင့်တာတွေ ဗီဒီယိုတင်တာတွေမလုပ်သေး။ နောက်ပိုင်းတော့ စစ်အုပ်စုကို ပွဲကြမ်းတော့သည်။ သူနှင့်မတည့်သူမှန်သမျှကိုလည်း ကလော်၏။ သူ့ Live နှင့် သူ့ဗီဒီယိုများ ကြည့်ဖူးသူတိုင်း သတိထားမိကြမည်ထင်သည်။ ‘အမ ပြောစရာရှိတယ်ထင်ရင်တော့ ပြောပါ ၊ ဒါပေမဲ့ သာသာလုပ်ပါ၊ နိုင်ငံရေးလည်း နက်နက်နဲနဲပါပါစေ၊ သိတ်ကြီးတော့ မကြမ်းစေချင်ဘူး’ ဟု ကျွန်တော်ပြောတော့ ‘နင် ဘာသိလို့လဲ ငါ့မောင်၊ တချို့က အဲ့သလိုပြောမှရတာ’ဟုပြန်ပြော၏။ သူမပြင်ခဲ့။
အမေရိကတွင် သူ့ လူမှုရေးဘဝသည် အတည်တကျမဖြစ်ခဲ့။ အမြဲတမ်း လွှင့်နေရသည့် ဦးတည်ရာမဲ့ ရွက်လှေတစင်းနှယ်။ ကြိုးပြတ်သွားသည့် လေတံခွန်နှယ်။ သို့သော် သူ မမှု။ တချို့ဒုက္ခတွေကို ဟားတိုက်ရယ်မော ပြစ်၏။ တချို့ဒုက္ခတွေကို အံကြိတ်ခံ၏၊။ တချို့ဒုက္ခတွေကို လိုင်းပေါ်တင်ပြီး နင်ပဲငဆပြော၏။ ဖေ့စ်ဘွတ်ခ်သည် သူ့ သောကများ သူ့ခံစားချက်များအား ရင်ဖွင့်စရာလို ဖြစ်နေသည်။ လူမုန်းများသလို လူချစ်လူခင်လည်းပေါသည်။
၂၀၂၂ ဒီဇင်ဘာ ဒုတိယပတ်လောက် မက်ဆင်ဂျာမှနေ၍ ‘ငါ့မောင် အမကိုလိပ်စာပေးစမ်း’ဆိုသည်။ ‘ဘာလုပ်မလို့လဲ အမ’ဟုမေးတော့ ‘ငါးရံ့ခြောက်တွေ ကောင်းမှကောင်းပဲ၊ ပို့ပေးမလို့’ဟုဆိုသည်။ ကျွန်တော်ကထုံးစံအတိုင်း မပို့ရန် ပြောသည်။ သူကလည်း ထုံးစံအတိုင်း ‘လျှာမရှည်နဲ့’ဟုဆိုသည်။ တဆက်တည်း ‘အမ နိုင်ငံသားလည်းဖြေမယ်၊ နွေဦးပေါက်ရင် အမ ဖို့တ်ဝိန်းကို လာခဲ့မယ်၊ အဲ့ဒီမှာ ကြာကြာလေးနေမယ်၊ နိုင်ငံသားလည်း ဖြေမယ်၊ နင် လိုက်လုပ်ပေး’ ဟုပြောသည်။ ကျွန်တော်က ‘ရတယ်အမ လာခဲ့၊ ကျွန်တော်လိုက်လုပ်ပေးမယ်’ဟုပြောပြီး ဖုန်းချလိုက်ကြသည်။ သည်တကြိမ်သည် သူနှင့် နောက်ဆုံးအကြိမ် ဖုန်းပြောဖြစ်မည်မှန်း မသိခဲ့။ (ဒီဇင်ဘာ ၁၉ ရက်နေ့တွင် သူပို့လိုက်သည့် ငါးရံ့ခြောက်တွေရောက်လာသည်)
ခု သူ ကွယ်လွန်ပြီ။ သူ့တွင် နှလုံး၊ သွေးတိုး၊ ဆီးချိုနှင့် ကျောက်ကပ်ရောဂါများပါရှိသည်။ သို့သော် သူသည် အလွန် ဇွတ်တရွတ်နိုင်သလို အလွန်ပေပေတေတေလည်းနိုင်သည်။ သူ့ကိုယ်သူ ပေယျာလကံလည်း ထားသည်။ ‘အမ ကျန်းမာရေးဂရုစိုက်နော်’ ဟုပြောတိုင်း ‘ဟဲ့ စိုက်လည်း သေချိန်တန်သေမှာပဲ၊ ငါ့မှာ ဒီလောက်ရောဂါတွေနဲ့ ဒီလောက် အသက်ရှင်နေရတာတောင် လွန်လှပြီ’ဟုပြန်ပြန်ပြောသည်။
သူကွယ်လွန်ကြောင်းကြားတော့ ဩစတေးလျနေ သူ့ သားတော်မောင်ကို ဆက်သွယ်ပြီး သတင်းအတည်ပြုရသည်။ ၂၀၂၂ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ကွယ်လွန်ဖြင့် သူ့ ငါးရံ့ခြောက်တွေရောက်လာပြီး နောက်တနေ့တွင် ဆုံးမှန်းသိရသည်။ သူကား ဆုံးပါးသွားခဲ့လေပြီ။ သူ့ စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်နှင့် သူ့ ဗီဒီယိုများကတော့ အွန်လိုင်းတွင် ရှိနေလိမ့်ဦးမည်။
မျိုးမြင့်ချို
ဇန်နဝါရီ ၂၀။ ၂၀၂၃
0 comments:
Post a Comment