"ငြီးငွေ့လွယ်တဲ့စိတ်"
ဘယ်သွားသွား လူတွေပဲတွေ့ရတယ်။ ဘယ်သွားသွား အဆောက်အဦးတွေပဲ မြင်ရတယ်။ ပင်လယ် သမုဒ္ဒရာ နားသွားတော့ ရေတွေမြင်ရတယ်။ တောထဲသွားတော့ သစ်ပင်တွေမြင်ရတယ်။ မြို့လည်ကောင်သွားတော့ မိုးထိတိုက်ကြီးတွေကြား ရောက်သွားတယ်။ လူဟာ ပုရွက်ဆိတ်ထက်တောင် သေးငယ်သွားသလို ခံစားရတယ်။ မြို့တိုင်းမှာ လူလေး နှစ်ယောက်တပိုင်းနဲ့ ဆိုင်းဘုတ်လေးတွေကိုင်ပြီး ဆန္ဒပြနေကြတယ်။ တောင်ပေါ်တက်ကြည့်တော့ အထက်စီးက မြင်ရတယ်။ လျှိုထဲဆင်းကြည့်တော့ ကောင်းကင်ကျဉ်းကျဉ်းကို မြင်ရတယ်။ ဂူတွေထဲဆင်းကြည့်တော့ အမိုးကထိုးကျနေတဲ့ ကျောက်ပန်းဆိုင်းတွေ လင်းနို့တွေ စမ်းချောင်းငယ်လေးတွေ တွေ့ရတယ်။ ဟေးလို့ အော်လိုက်ရင် ဟေးဟေးဟေးလို့ ပဲ့တင်သံမြည်တယ်။ ပြတိုက်တွေသွားတော့ ရုပ်ဝတ္ထုတွေ ရုပ်တုတွေ ပန်းချီကားတွေ တွေ့ရတယ်။ ဥယျဉ်တွေထဲသွားတော့ ပန်းပွင့်တွေ မြက်ခင်းတွေ ရေကန်ငယ်လေးတွေ ငှက်တွေ အုတ်စီလမ်းကလေးတွေ တွေ့ရတယ်။ ကားမောင်းသွားတော့ လမ်းစည်းကမ်းဆိုင်ရာ အချက်ပြဆိုင်းဘုတ်တွေက အတူတူပဲ။ မီးပွိုင့်တွေလည်း ဝါစိမ်းနီ အတူတူပဲ။ မျိုးကွဲတဲ့ အစားအသောက်တွေလည်း အတူတူပဲရတယ်။ အိမ်တွေမှာ အိမ်သာ ရေချိုးခန်း ဧည့်ခန်း အိပ်ခန်း အပူအအေးပေးတဲ့စနစ် အားလုံးအတူတူပဲ။ ထမင်းကို စားပွဲကုလားထိုင်နဲ့စားရတာလည်း အတူတူပဲ။ ခြင်ထောင်မပါဘဲ အိပ်ရတာလည်း အတူတူပဲ။ ငပိရည်တို့စရာလည်း နေရာတိုင်းမှာ ရတယ်။ ဘာဂါဟာ နေရာတကာမှာကြီးစိုးလို့။ ရှိသမျှ ဆူရှီးဆိုင်တွေမှာ ဗမာတွေချည်း ကြီးစိုးနေသလား မှတ်ရတယ်။ သေနတ်ပစ်မှုတွေကလည်း နေရာတိုင်းမှာဖြစ်နေတယ်။ ဗမာထမင်းဟင်း မစားတော့တဲ့ ဗမာတွေလည်းရှိတယ်။ ခရီးသွားတယ်ဆိုတာ နေရာပြောင်းပြီး အရက်ကလေးဘာလေး သောက်ရုံသက်သက်ထက် မပိုတော့ဘူး။ ကွန်ပြူတာ အင်တာနက်နဲ့ တယ်လီဖုန်းလည်း နေရာတကာမှာ သုံးလို့ရနေတာပဲ။ အင်တာနက်ကနေ တကမ္ဘာလုံးကိုမြင်နေရတာပဲ။ ဖေ့စ်ဘွတ် တွစ်တာ စတဲ့ဆိုရှယ်မီဒီယာတွေပေါ်မှာ ပွဲတွေစည်နေတာပဲ ဆူတဲ့အခါ ဆူနေတာပဲ။ သတင်းမီဒီယာတွေကလည်းမကောင်းသတင်းတွေချည်း ရွေးတင်နေလားမှတ်ရတယ်။ စစ်ပွဲတွေမရှိဘူး။ ဒုက္ခသည်စခန်းတွေမရှိဘူး။ စစ်ပြေးဒုက္ခသည်တွေ မရှိဘူး။ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးသမားတွေ မရှိဘူး။ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိဘူး။ ထောင်တွေရဲ့ တံတိုင်းတွေပေါ်မှာ အုတ်ခဲတွေ စီမထားဘူး။ စစ်ဗိုလ်ချုပ်တွေ ဗိုလ်ကျလို့မရဘူး။ လက်သုံးချောင်းထောင်ပြီး အရေးတော်ပုံအောင်ရမည်လို့ လွတ်လွတ်လပ်လပ် အော်နေလို့ရတယ်။ နွေဦးတော်လှန်ရေးအတွက် အလှူခံတဲ့လူ ရန်ပုံငွေတီရှပ် ထီလက်မှတ်ရောင်းတဲ့လူတွေရှိတယ်။ လမ်းဘေးစားသောက်ဆိုင်လေးတွေ မရှိဘူး။ ဈေးဝယ်ရင် ဘဏ်ကဒ်သုံးရတာလည်း အတူတူပဲ။ လူတွေ လက်ထဲ ပိုက်ဆံများများ မထားကြတာလည်း အတူတူပဲ။ လကုန်ရင် Payments တွေအတွက် ပူရတာလည်း အတူတူပဲ။ ရဲတပ်သားပေါက်စလေးတွေကို အော်ဖစ်ဆာခေါ်ရတာလည်း အတူတူပဲ။ သေတဲ့လူတွေသေ မွေးတဲ့လူတွေမွေး အသုဘချတဲ့လူတွေချ မင်္ဂလာဆောင်တဲ့လူဆောင်နဲ့ပဲ။ ဟက်ပီးနူးယီးယားတို့ မဲရီးခရစ္စမတ်စ်တို့ ဟက်ပီးဘာ့သ်ဒေးတို့လည်း အတူတူပဲပြောရတယ်။ ကြာတော့ လူဟာ ငြီးငွေ့လာတယ်။ မိတ်ဆွေသစ်ဆိုတာတွေကလည်း ခနပဲသစ်တာ။ ဆယ့်လေးငါးမိနစ်လောက် စကားပြောလိုက်ရင် ပြောစရာစကား ကုန်သွားတယ်။ ဘယ်မှ သွားချင်စိတ်မရှိဘူး။ ဘယ်သူနဲ့မှလည်း ငြင်းခုန်မနေချင်တော့ဘူး။ ဘာစကားမှလည်း အသစ်ပြောစရာ မရှိဘူး။ နေကောင်းလား စားပြီးပြီလား မတွေ့တာကြာပြီနော် ဘာတွေလုပ်နေလဲ ဟိုလူ့သိလား ဒီလူ့သိလား ဟိုလူရှိသေးလား ဒီလူရှိသေးလား စတာတွေကလည်း ထပ်တလဲလဲ ပြောနေရတယ်။ ဘာမှ မှ မထူးတဲ့ဟာပဲ။ ဒီမှာလည်း အဲ့သလိုတွေ ပြောနေရတာပဲ။ ဒီမှာလည်း အကုန်ရှိတာပဲ။ ဒီမှာလည်း အကုန်ရတာပဲ။ ဒီမှာလည်း အကုန် ဖြစ်နေတာပဲ။ ငြီးငွေ့လွယ်တဲ့စိတ်ဟာ ကောင်းသလား မကောင်းသလားလည်း မပြောတတ်ဘူး။
မျိုးမြင့်ချို
ဇန်နဝါရီ ၂။ ၂၀၂၃
0 comments:
Post a Comment