Monday, January 16, 2023

ကို Teddy Shwe

0 comments
(ကို Teddy Shwe)
ဘာပဲပြောပြော နယ်ခံနိုင်ငံရေးအကျဉ်းသားတွေအဖို့ နယ်ထောင်တွေမှာ အင်းစိန်ထောင်ထက်တော့ အနေချောင်သည်ဟုဆိုရမည်။ ထောင်ပိုင်ကြီးတွေ ဘယ်လောက်ဆိုးဆိုး ထောင်အောက်ခြေဝန်ထမ်းများနှင့် နယ်ခံထောင်ကျတွေ လက်ပွန်းတတီးရှိကြ၏။ သက်သက်ညှာညှာရှိကြ၏။ အပြန်အလှန် ထောက်ထားရမည့် မျက်နှာတွေလည်း ရှိကြ၏။ တချို့နယ်ခံနိုင်ကျဉ်းတွေဆိုလျှင် အင်းစိန်ထောင်မှ နိုင်ကျဉ်းတွေပြောင်းလာမှာပင် စိုးသူစိုး၏။ ထိုသူတို့ပြောင်းလာလျှင် သူတို့အနေအထိုင် ကျပ်တည်းကျဉ်းမြောင်းသွားမှာကို စိုးသည်လားမပြောတတ်။
အင်းစိန်ထောင်ပြောင်းတွေကလည်း ထောင်ပြောင်းတွေပင်။ အထူးသဖြင့် တလျှောက်လုံး တိုက်တွင်းနေခဲ့သူများ။ ထောင်အလုပ်ကြီးလည်းမဆင်းခဲ့ရ၊ ဘာမှလည်း မလုပ်ခဲ့ရဆိုတော့ နယ်ထောင်တွေရောက်ပြီး အဆောင်မှာနေရလျှင် အလုပ်ကြီးဆင်းရမှာ အဆောင်အလုပ်တွေလုပ်ရမှာကို မလုပ်ချင်ကြ။ နိုင်ကျဉ်းသည် အလုပ်လုပ်စရာမလိုဟုလည်း ခံယူထားသူများပင်။ ထို့ကြောင့် ရောက်လေရာထောင်တွင် Labour Strike ခေါ် အလုပ်မဆင်းရေးဆန္ဒပြတာတွေ ဖြစ်ကြ၏။ ထိုသို့ဖြစ်လာလျှင် ထောင်အာဏာပိုင်များကလည်း ကျားစီးဖားစီးဖြိုခွင်းပြီး အလုပ်အတင်းဆင်းခိုင်း၏။ သည်တော့ ပြဿနာပေါ်၏။ ပြဿနာပေါ်တော့ အနေကျပ်၏။
ကျွန်တော်တို့ တောင်ငူထောင်ရောက်တော့လည်း ထိုနည်းနှင်နှင်ပင်။ အလုပ်မဆင်းရေး တင်းခံကြည့်သည်။ မရ။ အဆောင်မှလာသူတချို့ကလည်း အလုပ်ကြီးဆင်းရေးသဘောထား ရှိကြသည်။ သူတို့ အကြောင်းပြချက်က လျှော့ရက် ရမည်။ ချက်လို့ပြုတ်လို့ရမည်။ စာအုပ်စာတမ်းများသွင်းလို့ရမည် စသည်တို့လည်းပါ၏။ ထောင်အတွေ့အကြုံရှိသည့် စီနီယာများက အလုပ်မဆင်းရေးဆိုသည်မှာ ပေါ်လစီကို တိုက်ရသည့်ပွဲဖြစ်သဖြင့် ရှုံးဖို့များသည်၊ နိုင်ဦးတောင် အထိအခိုက်များသည်၊ ထို့ကြောင့် ရှောင်ပြီး၊ အလုပ်ကိုလက်ခံ၊ အလုပ်အတွင်း တတ်နိုင်သမျှ သက်သာ ချောင်ချိအောင်နေ၊ လေ့လာရေးတည်ဆောက်ရေးလုပ်ဆိုသည့်သဘောထားပေးကြသည်။ သို့ဖြင့် ကျွန်တော်တို့ အလုပ်ကို လက်ခံလိုက်ကြသည်။ ကျွန်တော်က မသန်မစွမ်းဖြစ်သဖြင့် အဆောင်နေ။ အဆောင်သန့်ရှင်းရေး လုပ်။
တောင်ငူထောင်ပြောင်းများထဲတွင် အင်္ဂလိပ်စာသင်ပေးနိုင်သူတွေပါ၏။ မောင်လင်းယုန်(ရှမ်းပြည်)၊ ခွန်းခခေါ် ကိုမျိုးသန့်(ဂျပ်ကြီး)၊ ဆရာအောင်မြင့်စိန် ကိုဖူးသစ်ခေါ် ကိုမြင့်ထွန်း စသူတို့ပင်။ တချို့က အင်္ဂလိပ်စာ ကောင်းကောင်း ကျွမ်းသော်လည်း သင်ပေးဖို့ မတတ်။ ကျွန်တော်က ကိုမျိုးသန့်ဆီ အင်္ဂလိပ်စာဆည်းပူး၏။ ဤတွင် တဆောင်တည်း အတူနေရသော အများက တယ်ရီဟုခေါ်သည့် Teddy Shwe နှင့် စသိခဲ့ရင်းနှီးခဲ့ကြသည်။ သူက အလုပ်ကြီး ဆင်းရသူ။ သူ့ညီ အော်ဒီရွှေနှင့်အတူ ညီအကို နှစ်ယောက်လုံးထောင်ကျနေသူ။ တောင်ငူ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဝင်များ။ ညီအကို ၂ ယောက်လုံး အနေအေး၏။ စိတ်ဖြူစင်၏။ အေဂျီတီအိုင်ကျောင်းဆင်းများ ဖြစ်၏။ ကျွန်တော်က တယ်ရီရွှေကို ပိုခင်မင်၏။ သူတို့အဖေက တောင်ငူလျှပ်မြို့နယ်လျှပ်စစ်ဌာနက တာဝန်ရှိသူတဦးဟု သိရသော်လည်း ဘာရာထူးမှန်း သေချာမသိခဲ့။
ကျွန်တော် အင်္ဂလိပ်စာလေ့လာနေမှန်းသိသဖြင့် တနေ့ သူက ကျွန်တော်နှင့်အတူ အင်္ဂလိပ်စာလေ့လာချင်သည်ဟု ဆိုလာ၏။ ကျွန်တော်က ကိုမျိုးသန့်ဆီသင်ဖို့ပြောသော်လည်း “ကျွန်တော်က အဲ့သလောက်ကြီး တတ်ချင်တာ မဟုတ်ပါဘူး၊ ဘိုင်ဘယ်လ်ကို အင်္ဂလိပ်လိုဖတ်တတ်ရုံလောက်ပါ”ဟုဆို၏။ “ဒါဆိုလည်း ခင်ဗျား ဘိုင်ဘယ်လ်ကို သွင်းဗျာ၊ ကျွန်တော်တို့ အတူလေ့လာကြတာပေါ့၊ နားမလည်တာရှိလည်း တယောက်ယောက်ဆီမေးကြတာပေါ့”ဟု ကျွန်တော်ကပြောသဖြင့် သူ ဘိုင်ဘယ်လ် အင်္ဂလိပ်လို King James Version ကို ဝန်ထမ်းနှင့် ခိုးသွင်းလိုက်၏။ ခိုးသွင်းသည်ဟု ပြောရခြင်းမှာ ထိုအချိန်က ထောင်တွင် စာရေးခွင့်စာဖတ်ခွင့်မပြောနှင့် ဆေးလိပ်ဖင်စီခံပတ်ထားသည့် သတင်းစာ စာရွက်ပိုင်းလေးလက်ဝယ်တွေ့တောင် ပြဿနာအရှာခံရ အရိုက်အနှက်ခံရတွေဖြစ်နေချိန် ဖြစ်သည်။
သို့ဖြင့် သူ အလုပ်မှ ပြန်လာချိန်များ အလုပ်မဆင်းရသည့်နေ့ရက်များတွင် ကျွန်တော်တို့ ဘိုင်ယ်လ်ကို အတူ ခိုးလေ့လာ ကြ၏။ အတူ ခိုးဖတ်ကြ၏။ နောက်တော့ သူက ‘တိုက်ဖတ်ကြည့်ရအောင်’ဆိုကာ ဗမာလိုဟာကိုပါ သွင်းချလာ၏။ သည်တော့ တော်တော်လေးအဆင်ပြေသွားပြီး သူများတွေကို သိတ်မေးနေစရာမလိုတော့။ အချိန်အတန်ကြာ ဖတ်ဖြစ်ကြ၏။ ဓမ္မသစ်ကျမ်းလေးစောင်ကို အကြမ်းဖျဉ်းသဘော တကြိမ်ဖတ်ပြီးသွားကြ၏။ ကျွန်တော့်အဖို့လည်း သမ္မာကျမ်းစာကို အင်္ဂလိပ်လို ပထမဆုံးဖတ်ဖူးသည့် အတွေ့အကြုံဖြစ်၏။
နောက်တော့ အဆောင်နေ ရာဇဝတ်သားသတင်းပေးတယောက်ကြောင့် ကျွန်တော်တို့အား အဆောင်မှူးမှခေါ်ယူ သတိပေးသဖြင့် စာအဖတ် ရပ်လိုက်ရ၏။ စာအဖတ်ရပ်လိုက်ရသော်လည်း သူနှင့်ကျွန်တော် စကားဖြင့် အတူ လေ့လာကြ၏။ နှုတ်ဖြင့် အတူ သင်ယူသင်ပေးလုပ်ကြသေး၏။ နောက်တော့ အင်းစိန်ထောင်လူဆိုး မတ်သီးတို့ ထောင်ဖောက်ရန်ကြံစည်မှုဖြင့် ထောင်တွင်းအနေအထိုင်တွေ ကျပ်တည်းသထက် ကျပ်တည်းသွား၏။ ကျွန်တော်တို့ လေ့လာရေးလည်း ရပ်သွားတော့၏။
နောက်တော့ ၁၉၉၇ ၂ လပိုင်းတွင် ကျွန်တော် တောင်ငူထောင်ကလွတ်၏။ ကျွန်တော်လွတ်ချိန်တွင် သူ ထောင်တွင် ကျန်နေသေးသည်ဟု ထင်၏။ သိတ်တော့ မသေချာလှ။ နောက်တော့ ကျွန်တော်လည်း ထပ်အဖမ်းခံရ ထောင်ထပ်ကျ သာယာဝတီအပြောင်းခံရ အင်းစိန်ထောင် ပြန်ရောက်ရတွေနှင့် ထောင်သံသရာလည်နေ၏။ သူ့ကိုလည်း ခတ်မေ့မေ့ လျော့လျော့။
ဒီလိုနှင့် ချုပ်ရလျှင် ကျွန်တော် အမေရိကရောက်လာ၏။ သူ့ကိုလည်း မေ့လျော့သွားတော့၏။ တနေ့ (၂၀၁၇ လောက်က ထင်၏) အသိတယောက်အိမ်သွားရင်း သူက “ကိုတယ်ရီရွှေလည်း အမေရိကရောက်နေတယ်၊ ခု သူ တခြားမြို့ (ဘရီမင်န်ဟု ကျွန်တော်ထင်သည်)မှာ နေနေပြီး ဂျပန်ကားကုမ္ပဏီတခုတွင် အလုပ်လုပ်နေတယ်၊ ဖို့တ်ဝိန်းကို တခါတခါ လာတတ်တယ်၊ ခင်ဗျား ဒီမှာရှိတာ သူသိတယ်၊ တွေ့ချင်တယ်လည်းပြောတယ်။ သူ ဒီတခါ ဖို့တ်ဝိန်းလာရင် ကျွန်တော်ပြောမယ်”ဟုဆိုပါသည်။ နောက် သိတ်မကြာလိုက် သူ ဖို့တ်ဝိန်းလာ၏။ ကျွန်တော် အသိအိမ်တွင် သူ့ကို သွားတွေ့၏။ ကျွန်တော်တို့အတူ ဘီယာသောက်ဖြစ်ကြ၏။ စကားတွေပြောကြ၏။ ထောင်အကြောင်းတွေ ဟိုလူဒီလူ အကြောင်းတွေရော၊ ကျွန်တော်တို့ ဘိုင်ဘယ်လ်အတူဖတ်ခဲ့ကြသည်များရော ပါ၏။ နောက်တော့ သူနှင့် ကျွန်တော် အဆက်ပြတ်သွားပြန်၏။
တနေ့ (လွန်ခဲ့သည့် ၂ လလောက်က) ကိုရဲမော်ထူးအိမ်တွင် ကိုနိုင်နိုင်(မန္တဘေး လူ့ဘောင်သစ်)နှင့်ဆုံတော့ “ကိုတယ်ရီ အသည်းခြောက်ရာကနေ အသည်းကင်န်ဆာဖြစ်နေတယ်ဗျ”ဟုဆိုတော့ ကျွန်တော် ခေါင်းနားပမ်းကြီးသွား၏။ အခြေအနေတော်တော်ဆိုးနေပြီလားဟုမေးတော့ အတွင်းထဲမှာ ပြန့်နေပြီလို့ပြောတယ်ဗျဟု သူကဆို၏။ ဒါနဲ့ ခင်ဗျားမှာ တယ်ရီ့ဖုန်းနံပတ်ရှိလားမေးရာ ရှိတယ်ပြောပြီး ကျွန်တော့်အားပေး၏။ ထိုနေ့ ညနေတွင် ကျွန်တော် တယ်ရီ့ထံ ဖုန်းဆက်၏။ ဖုန်းပြန်ဖြေသည့် သူ့အသံတွင် မောလျနွမ်းဟိုက်နေသံ အထင်းသား။ သူ့ ကျန်းမာရေး အခြေအနေ မကောင်းတော့ဟု သူကဆို၏။ ဖုန်းဆက်ဗျာ ကျွန်တော်လည်းဆက်မယ်ဟုသာ ပြောလိုက်သော်လည်း ကျွန်တော် နောက် တခါလားပဲ သူ့ဆီဆက်ဖြစ်၏။
သည်လိုနှင့်နေရင်း ၂၀၂၂ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ကိုဝင်းထွန်းညွန့်(မန္တလေး လူ့ဘောင်သစ်)မှ ကျွန်တော့်ထံ မက်ဆင်ဂျာမှနေ၍ “ကိုတယ်ဒီတော့ Parkview (Randallia) မှာ အခြေအနေမကောင်းဘူး အကိုရေ”ဟုပြောပါသည်။ အေးဗျာ ကျွန်တော်သွားဖြစ်အောင်သွားမယ်ဟုဆိုပြီး ၂၈ ရက်နေ့တွင် ကိုမြင့်ဆွေ(မင်္ဂလာတောင်ညွန့် NLD)နှင့်အတူ သွားကြ၏။ ကိုနိုင်နိုင်လည်း ဆေးရုံတွင်ရှိနေ၏။ တယ်ရီ့အခြေအနေမှာ သတိကောင်းကောင်းရှိနေသေးသော်လည်း လူက ချုံးကျနေလေပြီ။ မျက်လုံးတွေ အရောင် မတောက်တော့။ အသံတွင် ခွန်အား မဲ့မဲ့။ အမြဲလိုလို ပြုံးနေတတ်သည့် မျက်နှာတွင် အပြုံးယဲ့ယဲ့။
သူ ကျွန်တော့်ကို မမှတ်မိ။ ကျွန်တော့်ကြည့်ပြီး ကိုမျိုးမြင့်ရော မပါဘူးလားဟု မေး၏။ ကျွန်တော် မျိုးမြင့်လေ ကိုတယ်ရီဟုပြောပြီး နှာခေါင်းစည်းချွတ်ပြတော့မှ “ဪ...အတော်ဝလာတယ်နော်”ဟု ခတ်လျော့လျော့အပြုံးဖြင့် ပြော၏။ ကိုမြင့်ဆွေနှင့်သူ တောင်ငူထောင်အကြောင်းတွေ ပြောကြ၏။ ကိုမြင့်ဆွေက အားပေးစကားပြောရင်း တယ်ရီ့အား လက်ရှိအခြေအနေကို မေ့သွားစေချင်သည့်သဘောပြောနေမှန်း ကျွန်တော်ရိပ်မိ၏။ ကျွန်တော်က ဘိုင်ဘယ်လ်အတူဖတ်ခဲ့ လေ့လာခဲ့သည်ကို သတိတရပြောရင်း “ကိုတယ်ရီ ဘိုင်ဘယ်လ် ဗမာလိုဖတ်ချင်သလား၊ ကျွန်တော့်မှာ ရှိတယ်၊ ယူလာပေးမယ်လေ”ဟုပြောတော့ “ကျေးဇူးပဲအကိုရာ မဖတ်နိုင်တော့ပါဘူး၊ တကိုယ်လုံးလည်း နာနေတာပဲ”ဟု အသံဖျော့ဖျော့နှင့်ပြော၏။ ကျွန်တော်က သူ စကားပြောရလျှင် မောနေမည်စိုးပြီး စကားစ ဖြတ်လိုက်၏။ တနာရီလောက်နေပြီး “နောက်ထပ်လာခဲ့ဦးမယ် ကိုတယ်ရီ”ဟု နှုတ်ဆက်ပြီးပြန်ခဲ့ကြ၏။ ခြေထောက်ကျဉ်နေတာရော ကိုယ့်အလုပ်နှင့်ကိုယ်ရှုပ်နေတာတွေရောကြောင့် ကျွန်တော် သူ့ဆီ မသွားဖြစ်ခဲ့။
ဒီလိုနေရင်း ကိုဝင်းထွန်းညွန့်က သူ့ဖေ့စ်ဘွတ်ခ်၌ ဇန်နဝါရီ ၇ ရက်နေ့က ကိုတယ်ရီ ဆုံးသွားပြီဖြစ်ကြောင်း ပို့စ်တင်ပြီး အားလုံးကိုအကြောင်းကြားလာ၏။ ကျွန်တော် စိတ်အတော်ထိခိုက်သွား၏။ ထိုနေ့က သူ့ဆီကျွန်တော် သွားမည်ဟု ရည်ရွယ်ပြီးကာမှ အရေးပေါ်ကိစ္စတခုပေါ်လာပြီး မသွားဖြစ်တော့။ ဘာမှတော့ မဖြစ်လောက်သေးပါဘူး၊ နောက်နေ့မှ သွားတာပေါ့ဟုလည်း ခတ်ပေါ့ပေါ့တွေးမိတာလည်းပါ၏။
မနေ့က(၂၀၂၃ ဇန်နဝါရီ ၁၃)နေ့တွင် ကိုတယ်ရီ့ဈာပနကျင်းပ၏။ ကိုမြင့်ဆွေပါ ဝင်ခေါ်ပြီး သုဿန်သို့သွားကြ၏။ ချစ်သူခင်သူများသည့်အလျှောက် အသုဘလည်း လူစည်ကား၏။ သူယုံကြည်ရာ ခရစ်ယာန်ဘာသာရေး ထုံးဓလေ့များနှင့်အညီ မြေမြှုပ်သင်္ဂြိုဟ်ပြီးသည်အထိ ကျွန်တော် နေခဲ့၏။ လူတယောက်၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့၏။ သူကား သွားနှင့်လေပြီ။
ဆုတောင်းခြင်း ဆုပေးဆုယူလုပ်ခြင်းများကို မယုံသည့်ကျွန်တော်သည် ကိုတယ်ရီ့အား သူ ကိုးကွယ်ယုံကြည်ရာ ထာဝရဘုရားသခင်ထံပါး၌ ထာဝအသက်ကိုရတော်မူပါမည့်အကြောင်း ဆန္ဒပြုမိ၏။ ခု ကို Teddy Shwe ကား သက်ရှိထင်ရှား မရှိတော့ပြီ။ သို့သော် ကျွန်တော့်မှတ်ဉာဏ်ထဲတွင်တော့ သူ ရှိနေဦးမည်ဖြစ်ပါသည်။
မျိုးမြင့်ချို
ဇန်နဝါရီ ၁၄။ ၂၀၂၃

0 comments:

Post a Comment