Tuesday, October 14, 2014

ကျွန်မထာဝရအလေးပြုမယ့်အလံ၊ ကျွန်မထာဝရပေးဆပ်သွားမယ့်ဗကသ(၂) မေလင်းခ-ဗကသ

0 comments
ကျောင်းသားသမဂမှာအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေရင်း ကျွန်မရဲ့တက္ကသိုလ်ကျောင်းသူဘဝဟာ တဖြည်းဖြည်းပြောင်းလဲမှန်းမသိ ပြောင်းလဲလို့လာပါတော့တယ်။ အရင်က အတန်းလစ်တိုင်း သူငယ်ချင်းများနဲ့သာအချိန်ကုန်တတ်တဲ့ကျွန်မဟာ နောက်ပိုင်းမှာ အတန်း မတက်ချိန်တိုင်း ဆိုင်တစ်ဆိုင်ဆိုင်မှာထိုင်ပြီး စာအုပ်တွေကိုသာ ဖတ်လာပါတော့တယ်။ ကျွန်မကောင်းစွာမသိခဲ့တဲ့ ကျောင်းသားသမိုင်း အကြောင်းတွေ၊ ဗမာပြည်ရဲ့ နိုင်ငံရေးသမိုင်းဆိုင်ရာစာအုပ်စာတမ်းတွေကို အပြင်ဆိုင်များမှရော အင်တာနက်ဝဘ်ဆိုက်များမှရော ရှာဖွေ ဖတ်ရှု ဖြစ်ခဲ့ပါတယ်။ အဲဒီကနေတဆင့် ကျွန်မထပ်ဆောင်း နားလည်လိုက်ရတာကတော့ ကျွန်မအရင်က ထင်ခဲ့မြင်ခဲ့တဲ့ လွတ်လပ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ တက္ကသိုလ်ကျောင်းသူဘဝဟာ အမှန်မှာတော့ ကျောင်းသားလူငယ်တွေရဲ့ တိုးတက်လာမယ့်အတွေးအမြင်တွေကို လှည့်ဖျား၊ ကိုယ်ရည်ကိုယ်သွေးတွေကို မှောက်မှားစွာအသုံးချစေဖို့ စစ်အာဏာရှင်အစိုးရရဲ့ စနစ်တကျ အကွက်ချစီမံမှုများ ဖြစ်တယ်ဆိုတာပါပဲ။ ကျောင်းသားရှိရင် ကျောင်းသားသမဂရှိရမယ်ဆိုတဲ့အတွေးအခေါ်တွေ ပြန့်ပွားမလာအောင် တောင်သမန်အင်းက လေညှင်းတွေနဲ့တိုက်ထုတ်ခဲ့သလို ကျောင်းသားမှာလည်း ကျောင်းသားအခွင့်အရေးရှိရမယ်ဆိုတာတွေ၊ တက္ကသိုလ်ရဲ့ အုပ်ချုပ်စီမံမှုတွေမှာ ကျောင်းသားကိုယ်စားလှယ်တွေ ပါသင့်တယ်ဆိုတာတွေ၊ ဆရာတွေသင်ပေးလိုက်တဲ့စာတွေနဲ့တင်မလုံလောက်ပဲ ပြင်ပဗဟုသုတစာပေတွေ ကိုလည်း လေ့လာဖို့လိုအပ်တာတွေ….စတာတွေဟာလည်း တောင်သမန်ရဲ့ထန်းတောကြီးများထဲက ဖဲဝိုင်းများ၊ ထန်းရည်ဆိုင်များကြားမှာ တိမ်မြုပ်သွားခဲ့ရတာကိုတွေ့လာရပါတော့တယ်။

ဒါ့အပြင် တက္ကသိုလ်မှာ စတင်ပြီးကျောင်းအပ်ကတည်းက နိုင်ငံရေးကင်းရှင်းရမယ်ဆိုတဲ့အချက်ကို ကျောင်းသားတိုင်း လက်မှတ်ထိုးခဲ့ ရပါတယ်။ ဒါဟာလည်း နိုင်ငံကိုဦးစီးဦးဆောင်ပြုနိုင်မယ့် မျိုးဆက်သစ်လူငယ်တွေကို အာဏာရှင်တွေဖက်က လုံးဝပေါ်ထွက်မလာစေချင်တာ အသေအချာလို့ ကျွန်မယုံကြည်မိပါတယ်။ နိုင်ငံရေးဟာ နိုင်ငံသားတိုင်းနဲ့ဆိုင်တဲ့အပြင်  နောင်တစ်ချိန် ခေါင်းဆောင်နေရာတွေကို ရောက်လာမယ့် ကျောင်းသားလူငယ်တွေနဲ့ ပိုလို့တောင်ပတ်သက်နေတယ်လို့ ဆိုချင်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း ငယ်စဉ်ဘဝက နီးစပ်မှုကြောင့် နိုင်ငံရေးကိုစိတ်ပါဝင်စားခဲ့ဖူးပေမယ့်လည်း မီးဝေးချိပ်မာ ဖြစ်ခဲ့ရတဲ့အခါ၊ လွတ်လပ်လှပါတယ်ဆိုတဲ့ တက္ကသိုလ်ကို ရောက်လာတဲ့အခါမှာတော့ နိုင်ငံရေးလည်းမရှိ၊ ကျောင်းသားရေးလည်းမရှိ၊ ဆုံးရှုံးတယ်ဆိုတာလည်း မသိ၊ တောင်းဆိုရမယ်ဆိုတာဟာ အဝေးကြီးမှာ၊ ဒီလောက်လွတ်လပ်တဲ့ကျောင်းမှာ ကျွန်မရဲ့ကိုယ်ပိုင်အတွေးတွေသေဆုံးခဲ့ပြီး လူညွန့်မတုံးရုံတမယ်သာ ဖြစ်ခဲ့ရပါတယ်။
ဒီလိုပါပဲ ကျွန်မလိုမျိုး ငါးမျှားချိတ်ကိုမမြင်ပဲ အတုအယောင် လွတ်လပ်မှုငါးစာတွေကြောင့် အရည်အချင်းရှိတဲ့လူငယ်ဘယ်နှယောက်ကိုများ ကျွန်မတို့နိုင်ငံအနေနဲ့ ဆုံးရှူံးခဲ့ပြီးပါပြီလဲ…။ ဦးပိန်တံတားပေါ်မှာ၊ ထန်းရည်ဆိုင်-ဖဲဝိုင်းမှာ၊ အင်းစောင်းကအတွဲများထိုင်တဲ့ သစ်ပင်အုပ်အုပ် ဆိုင်အစုတ်လေးတွေထဲမှာ လူငယ်ဘယ်နှယောက်များ ဘဝပျက်ခဲ့ရပြီးပြီလဲ။ အသက်မွေးမှုအတွက် ဘာအထောက်အကူမှမရနိုင်တဲ့ ဘွဲ့အတုတွေကြောင့် ဒုက္ခရောက်ရသူလူငယ်တွေ ဘယ်လောက်များများရှိခဲ့ပြီလဲဆိုတာ ခန့်မှန်းလို့ရနိုင်မယ်မထင်ပါဘူး။

ဗကသရဲဘော်တစ်ယောက်အနေနဲ့ ကျွန်မဟာ စည်းရုံးရေးလုပ်ငန်းကိုလည်း အခွင့်သင့်တိုင်းလုပ်ခဲ့ပါတယ်။ ထန်းတောထဲက ကျွန်မသူငယ်ချင်းတွေ၊ ဦးပိန်တံတားပေါ်က ကျွန်မသူငယ်ချင်းစုံတွဲတွေကို စည်းရုံးကြည့်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မပြန်ရလိုက်တဲ့ အကျိုးအမြတ်ကတော့ ရူးနေလားဆိုတဲ့အကြည့်တွေပါပဲ။ ဒီလောက်လွတ်လပ်နေတာ ငါတို့အခွင့်အရေးဘယ်မှာဆုံးရှူံးလဲ။ ပိုလျှံတောင် နေပါသေးတယ်ဟာဆိုတဲ့စကားသံတွေသာ ကျွန်မရခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ ကျွန်မဟာ လူငယ်မာနနဲ့ ငါ့ယုံကြည်ရာကို သူတို့ကတောင် လှောင်ပြောင်သေးတာ ငါကဘာလို့ အချိန်ကုန်ခံစည်းရုံးနေရမှာလဲဆိုပြီး လှည့်ပြန်လာခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်မကိုယ်ကျွန်မ သေသေချာချာပြန်ပြီး ဝေဖန်သုံးသပ်ကြည့်တော့ ငါဟာ တော်တော်မှားခဲ့ပါလားဆိုတာကို ပြန်မြင်လာပါတယ်။ ကျွန်မဟာ အများအကျိုး ကျောင်းသားထုအကျိုးအတွက်ဆောင်ရွက်ချင်လို့ ဗကသကို ဝင်ခဲ့တာပါ။ ဗကသအတွက် ရဲဘော်အသစ်တိုးပွားလာဖု့အရေးမှာ ကျွန်မဟာ ဘာမဟုတ်တဲ့တစ်ကိုယ်ကောင်းမာနကြောင့်ပျက်ဆီးခဲ့ရတာကို ကွက်ကွက်ကွင်းကွင်းပြန်မြင်မိပါတယ်။ ဒီလိုနဲ့ ကျွန်မ နောက်တစ်ကြိမ် စည်းရုံးရေးအတွက် ထပ်ပြီး ကြိုးစားခဲ့ပါတယ်။

ကျွန်မဟာ အဲဒီအချိန်ကာလက ရတနာပုံတက္ကသိုလ်မှာတင်မက မနလေး နိုင်ငံခြားဘာသာတက္ကသိုလ်မှာလည်း ဒီပလိုမာတန်းတစ်ခုကို တက်နေခဲ့ပါတယ်။ အဲဒီကျောင်းမှာပဲ ကျွန်မဟာ သူငယ်ချင်းတစ်ယောက်က တဆင့်မိတ်ဆက်ပေးလို့ မန္တလေးကွန်ပြူတာ တက္ကသိုလ် (ဒဟတ်တော)က ကျောင်းသားတစ်ယောက်နဲ့ သိခဲ့ရပါတယ်။ အဲဒီအချိန်ကာလက ကွန်ပြူတာတက္ကသိုလ်မှာ သမဂ္ဂမရှိသေးတဲ့အတွက် ကွန်ပြူတာကျောင်းသားတစ်ယောက်နဲ့မိတ်ဆွေဖြစ်ရတာဟာ ကျွန်မအတွက်တော့ တကယ့်ဝမ်းသာစရာပါ။ ဗကသအဖွဲ့ဝင်သစ်တွေရဖို့၊ သမဂ္ဂတစ်ခုကိုဖွဲ့နိုင်ဖို့ စည်းရုံးလိုက်မယ်ဟဲ့ဆိုပြီး အားတက်ခဲ့ပါတယ်။
ဒါပေမယ့် ကျွန်မရဲ့အားတက်မှုတွေဟာ အဲဒီကျောင်းသားရဲ့အမေးစကားတွေအောက်မှာ ခမ်းခြောက်လုနီးပါး ဖြစ်ခဲ့ရပြန်ပါတယ်။ ခင်ဗျားတို့ ကျောင်းသားသမဂ္ဂမှာလုပ်လို့ ပိုက်ဆံဘယ်လောက်ရမှာလဲ၊ အချိန်ကုန်တာသာ အဖတ်တင်တယ်၊ နိုင်ငံရေးနဲ့ကျောင်းသား တခြားစီပါလေ၊ ကျွန်တော့်ဟာကျွန်တော် အရက်သောက်တာကမှ ပိုကောင်းဦးမယ်လို့ သူကဆိုခဲ့ပါတယ်။ အရင်တုန်းကစိတ်နဲ့ဆို ကျွန်မရှေ့ဆက်ဘာမှ ပြောတော့မှာမဟုတ်ပေမယ့် အရင်တစ်ခါကအမှားကို သင်ခန်းစာယူဖို့ဆုံးဖြတ်ထားတဲ့အချိန်ဆိုတော့ ကျွန်မ အားမလျော့ဘဲ ဆက်ပြီး စည်းရုံး ဖြစ်ခဲ့ပါတယ်။ သမဂမူဝါဒတွေကို ကျွန်မအလွတ်ရွတ်ပြနေတဲ့အချိန်မှာ သူကတော့ မကောင်းတတ်တဲ့ပုံစံနဲ့သာ နားထောင်နေပါတယ်။ သမိုင်းဆိုင်ရာတွေကို ပြောပြစည်းရုံးနေရင်း လက်ရှိတက္ကသိုလ်ကျောင်းသားတွေရဲ့ ကြုံတွေ့နေရတဲ့အခက်အခဲတွေအကြောင်းကို ရောက်တဲ့ အချိန်မှာတော့ သူတော်တော်လေး စိတ်ပါဝင်စားလာပါတယ်။ နောက်ဆုံးမှာတော့ ကျောင်းသားအခွင့်အရေးတွေ ဘယ်လောက်တောင် ဆုံးရှုံးနေရတယ်၊ မှန်ကန်တဲ့လွတ်လပ်မှုဆိုတာ လုံးဝမရှိဘူးဆိုတာကို သူကောင်းကောင်းနားလည်လက်ခံလာခဲ့ပါတယ်။ နှစ်နာရီနီးပါး အတန်းမတက်ပဲစည်းရုံးအပြီးမှာတော့ (ခံစားချက်တူကြတဲ့ ကျောင်းသားချင်းဖြစ်တာကတစ်ကြောင်း) သူတော်တော်လေးကို ပြောင်းလဲ သွားပါတယ်။

နောက်ဆုံးမှာတော့ ကျွန်မဟာ အဲဒီရဲဘော်ဆီကနေ “မလင်း ကျွန်တော်လုပ်မယ်ဗျာ..ဒါပေမယ့် သမဂဖွဲ့ဖိုကတော့ အာမမခံနိုင်သေးဘူး၊ ကျောင်းက တခြားသူတွေကိုပါ စည်းရုံးတော့ကြည့်မယ်”ဆိုပြီး ပြောလာခဲ့ပါတယ်။ ဒါဟာ ကျွန်မ ဘဝအတွက်တော့ ငယ်ငယ်ကဆုတွေ ရခဲ့တုန်းက အောင်မြင်တယ်လို့ခံစားဖူးတဲ့ ခံစားချက်တွေထက် သာလွန်တဲ့ခံစားချက်အသစ်နဲ့ ရှေ့ဆက်ဖို့လမ်းအတွက် အားသစ်တွေကိုပါ တနင့်တပိုး ရလိုက်တာပါပဲ။ ကျွန်မရဲ့ ယုံကြည်ရာ ဗကသကနေ ကျွန်မအတွက် ရှေ့ဆက်ရမယ့်အားအင်တွေနဲ့အတူ လက်တွဲတိုက်ပွဲဝင်မယ့် ရဲဘော်သစ်ကိုပါ ရလိုက်ပါတယ်။

နောက်ဆုံးမှာတော့ ရဲဘော်တစ်ယောက်တည်းသာမက တက္ကသိုလ်ကျောင်းသားသမဂအသစ် တစ်ခုကိုပါ ကျွန်မတို့ အထက်ဗမာပြည်က ဗကသရဲဘော်တွေအားလုံးက ကြိုးစားပြီးဖွဲ့နိုင်ခဲ့ပါတယ်။ မန္တလေးမြို့နဲ့ အင်မတန်ဝေးကွာလှတဲ့နေရာက တက္ကသိုလ်တစ်ခုမှာ ဗကသဟာ ယုံကြည်ရာတူတဲ့ သမဂရဲဘော်အသစ်တွေကို ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါဟာ ကျွန်မရဲ့ ဗကသအဖွဲ့ဝင်အနေနဲ့ အားထုတ်ကြိုးပမ်းခဲ့မှုရဲ့နိဒါန်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်မဟာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့၊ လုပ်ဆောင်ခဲ့တဲ့အရာတွေကနေတဆင့် ကျွန်မဘာကြောင့် သမဂအလံကို သစ္စာခံခဲ့ရတယ်ဆိုတာ၊ ဘာကြောင့်ထာဝရ ပေးဆပ်သွားမယ်လို့ဆုံးဖြတ်ခဲ့ရတယ်ဆိုတာတွေကို နောက်ဆောင်းပါးများမှာ ဆက်လက် တင်ပြသွားပါမယ်။    
(မေလင်းခ)  
https://www.facebook.com/may.mon.509

   

0 comments:

Post a Comment