Tuesday, October 14, 2014

၂ဝ၁၄ အောက်တိုဘာအဆန်းမှာရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ-၃(မျိုးမြင့်ချို)

0 comments
တလောက ဒီရောက်တာသိတ်မကြာသေးတဲ့ ဗမာပြည်သား(ပညာတတ်)စုံတွဲတတွဲနဲ့တွေ့ ခရီးသွားဟန်လွှဲတွေ့မိတယ်။ ရောက်တတ်ရာရာ ပြောကြရင်း"ဘာကိုးကွယ်လဲ"လို့ ကျနော်နဲ့အတူပါလာတဲ့အမေရိကန်မိတ်ဆွေကိုမေးတော့ ဟိုက ဘာမှပြန်မပြောပဲ ပြုံးပဲနေတယ်။ ကိုယ်တော်က ဒါကိုသဘောမပေါက်ဘူး "ငါကတော့ သာမန် မိရိုးဖလာဗုဒ္ဓဘာသာပါ၊ ငါ့မိန်းမကတော့ Strong ဗုဒ္ဓဘာသာလေ"လို့ ဆက်ပြီးပြောတော့ ဟိုလူ မျက်မှောင်ကြုပ်သွားတယ်။ ဘာမှတော့ မေးနေပြောမနေဘူး။ သူတို့ထွက်သွားတော့မှ ကျနော်က"ဆောရီးကွာ သူ ဒီရောက်တာမကြာသေးဘူး။ ဒီက ယဉ်ကျေးမှုကိုလည်း သိတ်တီးမိခေါက်မိ မရှိသေးလို့နေမယ်"လို့ မိတ်ဆွေအမေရိကန်ကို ပြေရာပြေကြောင်းပြောတယ်။ ဒီတော့ သူက "ဘာသာ မေးတာကကိစ္စမရှိပါဘူး။ သူ့မိန်းမက Strong ဗုဒ္ဓဘာသာလို့ပြောတာတော့ အတော်ဆိုးတယ်ကွ။ အင်္ဂလိပ်စကားသေချာမတတ်လို့လား၊ ဒါမှမဟုတ် တတ်ရဲ့သားနဲ့ သူ့ဘာသာတော့လာမထိနဲ့ မီးပွင့်သွားမယ်လို့ ခြိမ်းခြောက်တာလားမသိဘူးကွ။ သူ့မိန်းမ ဘာသာရေးလေးနက်တယ်လို့ ပြောချင်တာဆိုရင်တော့ တခြားစကားလုံးသုံးလည်းရတာပါပဲ။ များသောအားဖြင့် အဲ့သလိုပြောတတ်သူမှာ ဘာသာလူမျိုးအယူသီးတတ်ပြီး သူတပါးယဉ်ကျေးမှုထဲ မဝင်ဆန့်တာမျိုးတွေရှိတတ်တယ်"ဆိုပြီး သူ့ဖာသာပြောတာလိုလို ကျနော့်ကိုပြောတာလိုလို လေအေးအေးနဲ့ပြောတယ်။ ကျနော်လည်း ခေါင်းပဲညိမ့်နေမိတယ်။ ပညာတတ် အလယ်အလတ်လွှာက မြို့နေသူတွေတောင် ဒီလောက် သူတပါးယဉ်ကျေးမှုကို တီးမိခေါက်မိနည်းတယ်ဆို လူတွေ့တိုင်း "ကျုပ်တို့က ဘာလူမျိုး ဘာ ဘာသာလေ"လို့ လူတချို့ ပြောလေ့ကြတာ ဘာဆန်းတော့မလဲ။ အရိုးစွဲနေကြသမို့လား။

(ဒဏ်ရာနဲ့မျက်စေ့)
ဒဏ်ရာရတုန်းက ဘယ်မျက်စေ့ထဲ အစတွေဝင်တယ်။ ဗမာပြည်မှာ စုစုပေါင်း ၃ ကြိမ် ခွဲစိတ် ခံရတယ်။ နောက်ဆုံးအကြိမ်မှာ အတွင်းမှန်ဘီလူးထည့်ရတယ်။ အတွင်းမှန်ဘီလူးထည့်တာက ၂ဝဝ၄ ခုနှစ်မှာ။ ထောင်ထဲကနေ အပြင်ထုတ်ပြီး ကန်တော်ကြီးစောင်းက မျက်စေ့ဆေးရုံကြီးမှာလုပ်တာပါ။ ဒီတုန်းက ဒေါက်တာသန်းငြိမ်း၊ ဒေါ်မေဝင်းမြင့်တို့နဲ့အတူ အပြင်ဆေးရုံ ထွက်ထွက်ပြနေချိန်ပဲ။ ခုဆို ၁ဝ နှစ်ရှိပြီ အတွင်းမှန်ထည့်ထားတာ။ မှန်ထည့်လို့ ပြန်မြင်ရသလားဆိုတော့လည်း အရင်ကထက်ထူးပြီး မမြင်ရပါဘူး။ အလင်းအမှောင်၊ နေ့ညနဲ့ မျက်စေ့ရှေ့တခုခုလာလှုပ်ပြရင် ရိပ်ရိပ်-ရိပ်ရိပ်ပဲမြင်တော့တယ်။ တခါတလေ အောင့်တယ် မျက်ရည်တွေကျတယ်။ ဒီလောက်ပဲ။ အဲ့ဒီအတိုင်းနေလာတာ
၁၉၈၄ ကနေ ဒီနေ့အထိ။ မျက်စေ့ကတော့ နည်းနည်းပါးပါးပုံပျက်သွားတာကလွဲလို့ မသိသာဘူး။ ကိုယ်ကပြောပြမှ သိရမယ့်အနေအထားပဲ။ အတွင်းသိတွေကလွဲလို့ ဒီမျက်စေ့အကြောင်း အခြားသူတွေကို မပြောဖြစ်တာများတယ်။
ခုတော့ ပြောချင်လာတယ်။ မိတ်ဆွေတွေလည်း သိရအောင်ပါ။
ခုတလော ဘာဖြစ်တယ်မသိ။ ခွဲထားတဲ့မျက်စေ့က အောင့်တယ်နာတယ်၊
တချက်ချက် အပ်ဖျားလေးနဲ့ဆွသလို စူးကနဲစူးကနဲကျင်ကျင်တက်သွားတယ်။
အဲ့သလိုဖြစ်ရင် လူကပါ ဆိုးကနဲဆတ်ကနဲ တွန့်တွန့်သွားတာ သတိထားမိတယ်။
တခါတလေ ကိုက်တယ်။ ခေါင်းနောက်ပိုင်းကြီးကနေ ဦးနှောက်ကို တယောက်ယောက်က လက်နဲ့လာဆွဲပြီးညှစ်နေသလိုလိုလည်း ခံစားရတယ်။ တချို့ညတွေဆို မအိပ်ရဘူး။ အိပ်ရေးပျက်တာများတော့ အစားလည်းပျက်ပြီး လူလည်း စိတ်နည်းနည်းကျချင်သလိုဖြစ်တယ်။ စိတ်အားနေရင် လူအားနေရင် ဟိုတွေးဒီတွေးတွေတွေးဖြစ်မစိုးလို့ စာဖတ်တာနဲ့ ခြံအလုပ်လုပ်တာကိုပဲ ဖိလုပ်နေတယ်။ စာတောင်မရေးဖြစ်ဘူး။ စာရေးရင် စိတ်ပိုပိတယ် မဟုတ်လား။ အထူးသဖြင့် စစ်ကြောရေးနဲ့ထောင်ထဲကအကြောင်းတွေ ဒဏ်ရာရတုန်းကအကြောင်းတွေ ပြန်မတွေးမိအောင် စိတ်ထဲဝင်မလာအောင် သတိနဲ့နေနေရတာပါပဲ။
နောက်တခုက အနာအကျင်(ဝေဒနာနုပဿနာပဲထားပါတော့)ကို စိတ်နဲ့တည့်တည့်ကြည့်ဖို့ စိတ်ကိုစုပြီး ဖမ်းမိသွားတော့မှ တဖြည်းဖြည်းနဲ့ အနာအကျင်မှတ်ရာကနေ စိတ်ကလေးအေးနေကြည်နေအောင် ကူးသွားပြီးနေတဲ့နည်းပဲ။ ကူးတယ်ဆိုတာလည်း သတ်သတ်ကြီး လူကလိုက်ကူးရတာမျိုးမဟုတ်ပဲ သူ့ဟာသူစိတ်က သိမှုကရွေ့သွားတဲ့သဘောပဲ။ တချို့လည်း ဒါကို တရားထိုင်တယ်တို့ တရားမှတ်တယ်တို့ ဝိပဿနာရှူတယ်တို့ ဘာတို့ညာတို့ အမည်အမျိုးမျိုးတပ်ပြီးပြောနေကြတာပဲ။ တချို့များဆို နိဗ္ဗန်တို့ဘာတို့
သံသရာကလွတ်ကြောင်းတို့ ဆိုတာမျိုးတွေအထိတောင်ပြောကြတာပဲ။
ကျနော်ကတော့ စိတ်ခွန်အားရဖို့ စိတ်ကလေးကြည်နေအေးနေဖို့နဲ့ ခန္ဓာကိုယ်အေးအေးလူလူလေးဖြစ်နေရင်
ကျေနပ်စရာလို့ပဲမှတ်ပြီး လုပ်ပါတယ်။ ရှေ့ဘဝနောက်ဘဝနဲ့ သံသရာဆိုတာယုံပြီး လုပ်သူတွေလည်း လုပ်ကြပေါ့။
သူ့နည်းနဲ့သူ သူ့ယုံကြည်မှုနဲ့သူ ကြည်မွေ့နေပြီးတာပါပဲ။
ကျနော်ကတော့ ထောင်ထဲတုန်းက ၇ နှစ်လောက် Meditation လုပ်ခဲ့တဲ့နည်းတူ ခုလည်းပြန်လုပ်ဖြစ်တယ်။ အကျင့်ရှိခဲ့ဖူးတော့ စိတ်စုပြီးတည်နေအောင်ထားရတာ သိတ်မခက်လှဘူး။ ဒါပေမယ့် ပြဿနာက အပြင်မှာက ထောင်ထဲမှာလိုမဟုတ်ဘူး။ မိသားစုကိစ္စအပြင်ကိစ္စ လူမှုရေးကိစ္စ၊ ထမင်းရှာစားရတဲ့ကိစ္စ၊ ကိစ္စပေါင်းသောင်းခြောက်ထောင်ဆိုတော့ မဒီတေးရှင်းလုပ်ချိန် နည်းတာပဲ။
စိတ်ထွေးချိန် စိတ်ပိချိန်များပြီး စိတ်အနားနည်းတာပဲ၊
အမေရိကားကို ၂ဝဝ၈ မှာရောက်တယ်။ သိတ်မကြာဘူး တော်ပေ့ဆိုတဲ့ မျက်စေ့သမားတော်တွေနဲ့ရော ကျွမ်းပေ့ဆိုတဲ့မျက်စေ့ခွဲစိတ်ဆရာဝန်ကြီးနဲ့ရော ၃ ကြိမ်လောက်တွေ့တယ်။ အမျိုးမျိုးစမ်းသပ်ကြည့်ရှူကြပြီး နောက်ဆုံး "မင်းမျက်စေ့ကိုခွဲပြီး အတွင်းမှန်ဘီလူးပဲပြန်လဲလဲ၊ တခြားတနည်းနည်းနဲ့ပဲခွဲခွဲ ပြန်မြင်ရဖို့အလားအလာက ၁ ရာခိုင်နှုန်းလောက်ပဲရှိမယ်။ ဒါပေမယ့် နောက် ၁ဝ နှစ်လောက်ရှိလို့ ဆေးဝါးသစ်၊ နည်းပညာသစ်၊ ကိရိယာသစ်တွေပေါ်လာလို့ မင်းမျက်စေ့ကိုခွဲကြည့်ရင်တော့ မြင်ရင်မြင်လာ နိုင်မှာပါ။ ခုကတော့ ဒီ့ထက်ပိုဆိုးမလာအောင် မျက်လုံးပုံပျက်ပန်းပျက်ဖြစ်မသွားအောင် မျက်စဉ်း၊ သောက်ဆေး စတာတွေနဲ့ထိန်းထားလို့ပဲရမယ်" လို့ပြောတယ်။ ကျနော်က "ဒါဆိုလည်း ကိစ္စမရှိဘူး၊ ထားလိုက်ပါတော့၊ ခွဲလည်းမနေပါနဲ့တော့၊ နောက် ၁ဝ နှစ်မှာ ခွဲလို့ရတယ်ဆိုဦးတောင် ငါလည်း အသက်ကြီးပြီ။ ခုလည်း ဒီဘက်တလုံးနဲ့ တကမ္ဘာလုံးကိုမြင်နေရတာပါပဲ၊ ကောင်းသေးတဲ့တဘက်ကို ထိန်းထိန်းသိမ်းသိမ်း ဂရုတစိုက်လေး နေလိုက်မယ်၊ တခုပဲ မသေခင်စပ်ကြား ဆေးပညာအတွက်နဲ့ပတ်သက်လို့ သုတေသနသဘောမျိုးလုပ်ဖို့ ငါ့လိုမျက်လုံးမျိုးကိုမှ ခွဲဖို့စိတ်ဖို့လိုတယ်ဆို အချိန်မရွေးခွဲပါ၊ မသေခင်က ကြိုလှူထားမယ်"လို့ပြောပြီး တခါတည်း လက်မှတ်ထိုးပေးခဲ့တယ်။ ဒီရောက်ပြီး တပတ်အကြာ မှတ်ပုံတင်သွားလုပ်တုန်းကလည်း သေရင်အလောင်းလှူမယ်(ဒီမှာတော့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေလှူတယ်လို့သုံးတယ်)လို့ တခါတည်းလက်မှတ်ထိုးလှူခဲ့တာပါပဲ။
ခု မျက်စေ့ကတော့ မသေခင်ပေါ့လေ။
ခု မသေသေးဘူး။ မျက်လုံးကိုဆေးပညာအတွက်စမ်းသပ်ခွဲဖို့ကလည်း မဖြစ်သေးဘူး။ မျက်လုံးကတော့ ဖေါက်လာပြီ။ မနေ့ကတော့ မျက်စေ့ဆရာဝန်ကြီးနဲ့တွေ့ပြီးပြဖို့ အပွိုင်မင်န့် ယူလိုက်တယ်။ အောက်တိုဘာ (၁)ရက်နေ့မှတွေ့ရမယ်..တဲ့။ လူနာတွေအတော်များနေပုံပဲ။ မတတ်နိုင်ဘူး စိတ်ရှည်ရှည်စောင့်ရတော့မှာပဲ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဆိုလို့ကတော့ ကြိုက်တဲ့ပါရဂူကြိုက်တဲ့အချိန် သွားပြရုံပဲ။ ခုက တိုင်းပြည်ကခွင့်ပြုထားတဲ့ဆေးဝါးကုသခွင့် (ဒီမှာတော့Disability Medicaid လို့ခေါ်ပါတယ်)နဲ့ ဆိုတော့။ ကျနော်က ဒီ အခမဲ့ဆေးဝါးကုသဝယ်ယူခွင့်ကို မဖြစ်နိုင်လွန်း မတတ်သာလွန်းတဲ့အခါတွေမှသုံးပါတယ်။ ဒါရထားတဲ့ ၆ နှစ်ကျော်မှာ (၈)ကြိမ်ထက်ကျော်ပြီး မသုံးဘူး။ သာမန်ဖျားတာနာတာနဲ့ တော်ရုံတန်ရုံကိစ္စတွေဆို Over the Counter ဆေးတွေဝယ်သောက်၊ ပိုက်ဆံပေးကုလို့ရတဲ့ ဈေးနှုန်းချိုသာဆေးခန်းတွေပြေးတာများတယ်။ ခုတော့ မတတ်နိုင်ဘူး။ မျက်စေ့ပါရဂူနဲ့တွေ့တယ်ပြုတယ် ခွဲမယ်စိတ်မယ် တခုခုလုပ်မယ်ဆို ငွေကုန်ကြေးကျက အများကြီးလေ။ ကိုယ်မှမတတ်နိုင်တာ။ စောင့်ရမှာပဲ အောက်တိုဘာအထိ။ ကြားထဲ မခံနိုင်ရင်တော့ အောင့်အီးခံတန်ခံ၊ ဆေးသောက်တန်သောက်၊ ဆေးခန်းပြေးတန်ပြေးနဲ့ ကြိတ်မှိတ်စောင့်ရုံပဲ။
ခုလိုပြောတော့ ရွှေပြည်ကြီးက ထမင်းနပ်မှန်ဖို့အရေး ဘဝဆင်းရဲဒုက္ခခံနေရသူတွေကို အားနာတယ် မျက်နှာလည်းပူတယ်။ ကိုယ့်အပူကို အဲ့လိုလူတွေရှေ့ သွားပြောရမှာလည်း စိတ်မလုံဘူး။ ဆရာမောင်ဆေးနီမှုန့် ကွမ်းရွက်ပြုတ်ရည် အပ်ပုန်းရမ်းကုဆရာ ဥုံဖွအပ်ချလောင်း ရေမန်းဆီမန်းထုံးမန်းတွေနဲ့ ဘဝဒဏ်ရာတွေ စိတ်အနာတွေ ခန္ဓာကျန်းမာရေးကို ယုံမှတ်ပုံအပ်နေရတဲ့အဖြစ်တွေဟာ နာကျင်ကြေကွဲစရာ။



0 comments:

Post a Comment