ဗကသဟာ ဗမာပြည်ရဲ့ ခက်ခဲကြမ်းတမ်းတဲ့နိုင်ငံရေးသမိုင်းတစ်လျှောက်မှာ
ပြည်သူနဲ့အတူလက်တွဲ တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒီအစဉ်အလာ ကောင်းကို အားလုံးလည်း သိပြီးဖြစ်ပါတယ်။
ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ စစ်အာဏာရှင်စနစ်တဖြစ်လဲ အခြေအနေအောက်မှာ ကျောင်းသားဟာ ကျောင်းသားအရေးပဲလုပ်ရမယ်ဆိုတဲ့အတွေးအခေါ်ဟာ
တစ်ခေတ်ဆန်းလာခဲ့ပြန်ပါတယ်။ ကျောင်းသားနိုင်ငံရေးလုပ်ရင် ထောင်ကျမယ်၊ ဘဝပျက်မယ်ဆိုတဲ့
ခြောက်လုံးတွေအောက်မှာ ကျောင်းသားလူငယ်တွေဟာ ကျောင်းသားအရေးသက်သက်ပဲ လုပ်ရမယ်ဆိုတဲ့အတွေးမှားကို
လက်ခံကျင့်သုံးလာကြပါတယ်။ ဒါဟာလည်း အာဏာရှင်စနစ်ရဲ့ စနစ်တကျသင်းသတ်ခံထားရတဲ့ ကျောင်းသားလူငယ်တွေရဲ့
အတွေးအခေါ်တွေကြောင့်လို့ပြောရပါမယ်။ ကျောင်းစာကလွဲပြီး ပြင်ပဗဟုသုတစာပေတွေကို လေ့လာလိုစိတ်တွေ
ကုန်ဆုံးအောင်၊ လေ့လာခဲ့ရင်လည်း လေ့လာရတဲ့စာပေတွေဟာ အာဏာရှင်စနစ်ကိုပဲယုံကြည်ကိုးစားစေတဲ့စာပေတွေဖြစ်အောင်
ဖန်တီးခဲ့မှု တွေကြောင့်ပဲ ဖြစ်ပါတယ်။
ကျောင်းသားဟာ ကျောင်းသားအရေးပဲလုပ်ရမယ်ဆိုတဲ့အတွေးအခေါ်ဟာ
သာမန်လူပြိန်းတွေးနည်းမျိုးနဲ့ တွေးကြည့်ရင်တော့ မှန်သယောင်ယောင် ဖြစ်နေပါလိမ့်မယ်။
ဟုတ်တာပေါ့.. ကျောင်းသား ကျောင်းသားအရေးပဲလုပ်သင့်တာပေါ့. နိုင်ငံရေးနဲ့ဘာဆိုင်တာမှတ်လို့
ဆိုတဲ့ အဖြေမျိုးပဲထွက်လာပါလိမ့်မယ်။ ကျွန်မတို့ဗမာ့နိုင်ငံရေးသမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း
နယ်ချဲ့အစိုးရခေတ်ကတည်းက ကျောင်းသားဟာ ကျောင်းစာကိုမှန်မှန်လုပ်၊ စာမေးပွဲအောင် အရာရှိဖြစ်၊
ဘဝတိုးတက်ဖို့သာအဓိကဆိုတဲ့ကျောင်းသားတွေ ဒုနဲ့ဒေးရှိခဲ့တာ ငြင်းလို့မရပါဘူး။ ဒါပေမယ့်
အဲဒီကျောင်းသားတွေဟာ နယ်ချဲ့အစိုးရရဲ့ကျွန်ပညာရေးစနစ်မှာ အသုံးချခံတွေဖြစ်ခဲ့တယ်ဆိုတာ၊
ရာထူးကိုသာ မြင်ခဲ့လို့ တိုင်းတပါးကျွန်ဘဝနဲ့သာ နိဂုံးချုပ်ခဲ့ရတယ်ဆိုတာကိုလည်း ပိုလို့တောင်ငြင်းလို့မရပြန်ပါဘူး။
လွတ်လပ်ရေးရပြီးနောက်ပိုင်း ဦးနေဝင်းရဲ့စစ်အစိုးရလက်ထက်မှာလည်း ကျောင်းသားလူငယ်အချို့ဟာ
ဆံပင်တိုတိုညှပ် လည်ကတုံး သေသေသပ်သပ်ဝတ်၊ မဆလ တစ်ပါတီစနစ်ကြီးကို ထောက်ခံ၊ အတိုက်အခံနိုင်ငံရေးကိုစိတ်မဝင်စားမှ
အမှန်ဆိုပြီး စစ်အစိုးရလုပ်သမျှအကောင်းပြော၊ အလိုလိုက် အကြိုက်ဆောင်ခဲ့ကြပြန်ပါတယ်။
အာဏာရှင်ရဲ့ လက်ကတုံးတောင်ဝှေးဖြစ်ရတာကိုပဲ
ကြီးမြတ်သူကြီးတွေလိုလို စိန်နားကပ်ရောင်နဲ့ ပါးတွေပြောင်ပြီးရင်းပြောင်ခဲ့ကြသူတွေဟာ
အသုံးမလိုတော့တဲ့တစ်နေ့မှာတော့ တောင်ဝှေးဘဝကနေ ထင်းဘဝရောက်ကြရမှာကိုများ မသိလေရော့လားလို့
ထင်မိပါတယ်။ စစ်အစိုးရဟာ အတိုက်အခံနိုင်ငံရေးသမားများ၊ ကျောင်းသားများကိုသာမက နောက်ဆုံးတစ်နေ့မှာတော့
လူယုံကိုတောင် လူပုံအလယ်မှာ သတ်ပစ်ဖို့ဝန်မလေးသူတွေဆိုတာ သမိုင်းအဆက်ဆက်ကသက်သေခံခဲ့တာ
ဦးနေဝင်းအစိုးရကနေ ယနေ့အထိလို့ပဲ တိတိကျကျ ပြောချင်ပါတယ်။ စစ်မှန်တဲ့အသွင်ပြောင်းမှုလို့
လက်ခံလို့မရသေးတဲ့ဒီနေ့အခြေအနေမှာ ကျောင်းသားလူငယ်တွေအနေနဲ့ ကောင်းမွန်တဲ့ အစိုးရလို့
တထစ်ချယုံမှတ်နေမှာကိုလည်း စိုးရိမ်စရာလို့သတ်မှတ်ရပါလိမ့်မယ်။
ယခင်အစိုးရခေတ်များက ရေပေါ်ဆီလူတန်းစားကပေါက်ဖွားလာပြီး
အယူတိမ်းခဲ့ကြတဲ့ကျောင်းသားဟောင်းတွေထဲက အတော်များများဟာ ဇာတ်သိမ်းမှာ နတ်စိမ်းထက်ဆိုးတဲ့ဘဝမျိုးမှာ
ပြည်သူ့တံတွေးခွက်ထဲ ပက်လက်မျောခဲ့ကြရတယ်။ ဒါကိုတောင် လက်ကျန်အနည်းစုဟာ ဒီအတွေးအခေါ်တွေကိုစွန့်လွှတ်ပစ်ဖို့မစဉ်းစားပဲ
မျိုးဆက်သစ်ကျောင်းသားတွေကိုဆီကိုပါ လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ပြန်ပါတယ်။ ပိုပြီး အပြကောင်းတာ
တစ်ခုက ဒီကနေ့ဟာ ဒီမိုကရေစီရွှေရည်စိမ်ခေတ်ကြီး ဖြစ်နေတာပါပဲ။ နိုင်ငံရေး လုပ်စရာမလိုလောက်အောင်
ပြောင်းလဲတိုးတက်နေကြောင်း မစားရဝခမန်းပြောဆိုစည်းရုံးပြီး ကျောင်းသားအရေးသက်သက်ဆိုတဲ့အတွေးအခေါ်ကိုရိုက်သွင်းဖို့
တကျော့ပြန် ကြိုးစားလာကြပြန်ပါတယ်။ ကျွန်မတို့လို လူငယ ကျောင်းသားတွေအဖို့တော့ ဒါဟာ
အထူးဂရုပြုရမယ့် အဓိကအချက်ပဲ ဖြစ်ပါတယ်။
ကျွန်မတို့ကျောင်းသားတွေဟာ မိဘရဲ့ထောက်ပံ့မှုနဲ့
ပညာသင်ကြားနေရတဲ့သူတွေသာ ဖြစ်ပါတယ်။ အင်မတန်နည်းပါးတဲ့ ပမာဏရှိတဲ့ ကျောင်းသားတွေလောက်သာ
ကိုယ်တိုင်အလုပ်လုပ်ပြီး ကျောင်းတက်နေကြရတာပါ။ ခေတ်အဆက်ဆက် တော်လှန်ခဲ့တဲ့ ကျောင်းသားတွေ
ဟာလည်း မိဘတွေရဲ့ပံ့ပိုးမှုနဲ့ပညာသင်ခဲ့ကြသူတွေပါ။ အစိုးရတစ်ရပ်က ကောင်းမွန်တဲ့ပညာရေးစနစ်ကိုဖန်တီးပေးပြီး
အစိုးရရဲ့ ပြီးပြည့်စုံတဲ့ ထောက်ပံ့မှုနဲ့ပညာသင်ကြားခဲ့ရသူတွေ တစ်ယောက်မှမရှိခဲ့ပါ။
ဒါ့အပြင် ကျွန်မတို့မိဘတွေကိုယ်တိုင်ကလည်း (ခရိုနီများနှင့်စစ်အစိုးရမှအပ) ကောင်းမွန်တဲ့စီးပွားရေးစနစ်အတွင်းမှာ
ရှာဖွေစားသောက်နေကြရတာမဟုတ်ပါ။ အစိုးရနှင့်ခရိုနီများ၏ ဈေးကစားမှုများ၊ ဈေးကွက်ကို
ဖိနှိပ်ထိန်းချုပ်မှုများကြားကနေ ပင်ပမ်းကြီးစွာနဲ့စီးပွားရှာပြီး သားသမီးကို ပညာအမွေပေးနေကြရတာပါ။
အစိုးရက ဖိနှိပ်နေတဲ့ကြားကနေ ထပ်ကာထပ်ကာဖိနှိပ်နေတယ်ဆိုရင် သမာအာဇီဝနည်းနဲ့ရှာဖွေစားသောက်နေကြတဲ့
ဘယ်အလုပ်သမား လယ်သမားမှ ရေရှည် ရပ်တည် နိုင်မှာမဟုတ်ဘူးဆိုတာ အားလုံးအသိပါ။
(၈၇) ငွေစက္ကူအရေးအခင်း၊ ၇၄-၇၅-၇၆ အလုပ်သမား-ကျောင်းသားအရေးအခင်း၊
ကျွန်းဆွယ်အရေးအခင်းတွေမှာ အတွေးမှန်တဲ့ လူ့အဖိုးတန်ကျောင်းသားတွေဟာ ပြည်သူတွေဘက်ကနေ
အသက်အသေခံပြီး ဘာကြောင့်တိုက်ပွဲဝင်ရလဲဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ရှင်းလင်းပြတ်သားနေတာကို
တွေ့ရမှာပါ။ မိမိပညာသင်ဖို့အဓိကပံ့ပိုးပေးသူ မိဘတွေ စားဝတ်နေရေးခက်ခဲကျပ်တည်းအောင်
မတရားတဲ့အစိုးရတစ်ရပ်ရဲ့ ပြင်းထန်တဲ့ဖိနှိပ်မှုတွေကိုခံရတဲ့အခါ မိမိတို့ကိုယ်တိုင်က
မိဘပြည်သူတွေဘက်ကမရပ်တည်ဘဲ ပြည်သူ့အရေးဟာ ကျောင်းသားအရေးမဟုတ်ဘူးဆိုပြီး ဇွတ်အတင်းပေငြင်းမယ်ဆိုရင်
အမေကျော်ဒွေးတော်လွမ်းတာထက်ဆိုးတဲ့ ဘဝမျိုးကိုရောက်နေတယ်ဆိုတာ မြင်သာထင်သာရှိလှပါတယ်။
ကျွန်မတို့ ဗကသများအဖွဲ့ချုပ်မှာ ပြည်သူ့ဘက်ရပ်တည်ရမယ်ဆိုတဲ့
မူဝါဒရှိပါတယ်။ ဒါဟာ ဘယ်နိုင်ငံရေးသမားကမှ စည်းရုံးသိမ်းသွင်းခဲ့လို့ မူဝါဒရေးဆွဲထားတာမဟုတ်ပါ။
ကျောင်းသားရဲ့ပင်ကိုယ်အသိအရ ပြည်သူကိုချစ်ရမယ်ဆိုတာ အသွေးအသားထဲကနေ ဖြစ်ထွန်းလာခဲ့
တာပါ။ ယနေ့ခေတ် ကျွန်မတို့ ဗကသရဲဘော်အားလုံးဟာလည်း ဒီအယူအဆနဲ့တစ်ထပ်တည်းတူညီသူတွေပဲ
ဖြစ်ပါတယ်။ နိုင်ငံရေးလုပ်လို့ ကျွန်မတို့ကိုထောင်ချဦးမယ်ဆိုလည်း ကျွန်မတို့ မကြောက်သလို
ဖိနှိပ်ခံပျက်ဆီးယိုယွင်းနေတဲ့ ပညာရေးစနစ်ကနေ ကျောင်းထုတ်ပစ်မယ် ခြိမ်းခြောက်လည်း ကျွန်မတို့တုန်လှုပ်နေမှာ
မဟုတ်ပါဘူး။ ပြည်သူကမွေးတဲ့ ပြည်သူ့ရင်သွေး ကျွန်မတို့ကျောင်းသားတွေဟာ ပြည်သူ ဒုက္ခရောက်ရင်တော့
လက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး။ ပြည်သူဒုက္ခရောက်တာဟာ ကျွန်မတို့မိဘဒုက္ခရောက်တာပါပဲ။
မိဘဒုက္ခရောက်မှတော့ သားသမီးလည်း ချမ်းသာမှာလား။ ဒီလောက်ရိုးရှင်းတဲ့ဖြစ်စဉ်ကို လက်ရှိမှာ
အချို့သောကျောင်းသားလူငယ်များဟာ အာဏာရှင်ကျွန်လက်ကျန်လူနည်းစုရဲ့ မြှောက်ပင့်ပေးမှုကြောင့်
ကျောင်းသားအရေးသက်သက်လို့ မျက်စိမှိတ်အော်ဟစ်နေကြတာဟာ အင်မတန်ရှက်စရာကောင်းတယ်လို့
ပြောချင်ပါတယ်။
ကျောင်းသားဟာ ပညာသင်သားတွေပါပဲ။ ဘယ်လောက်ပဲ
အောက်ကျနောက်ကျတဲ့ပညာရေးစနစ်မှာရှိတယ်ပဲပြောပြော အခြေခံအသိတော့ ရှိကြသူတွေလို့ယူဆပါတယ်။
ကိုယ့်မိဘဒုက္ခရောက်တာကို ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူရှုနိုင်ကြသူ ဘယ်နှယောက်ရှိပါသလဲ။
တပ်အပ် ဒုက္ခကို မတွေ့ကြရသေးတော့ ကျောင်းသားအရေးသက်သက်လို့ အော်နိုင်ကြမှာပါ။ ဒါပေမယ့်
မိဘတွေ တကယ့်အခက်အခဲကြား
ရောက်ပြီဆိုရင်ကော နိုင်ငံရေးကျောင်းသားနဲ့မဆိုင်ဘူးလို့
အော်နေကြဦးမှာပဲလားရှင်…။ ကျွန်မကတော့ လူပီသတဲ့လူတိုင်း ဘယ်သူသေသေ ငတေမာပြီးရောတော့
လုံးဝလုပ်မှာမဟုတ်ဘူးလို့ ယုံကြည်မိပါတယ်။ ကျွန်မကိုယ်တိုင်လည်း ပြည်သူ့အရေးဆိုတာကို
ဗကသများအဖွဲ့ချုပ်မှာ ပါဝင်ပြီးမှ သေချာနားလည်လက်ခံလာသူပါ။ ကိုယ်တိုင်လေ့လာပြီးမှ လက်ခံခဲ့ခြင်းဖြစ်ပါတယ်။
ဒါကြောင့်လည်း ကျွန်မဟာ ဗကသရဲ့ မူဝါဒတွေကို နှလုံးသားထဲကနေ ယုံကြည်ခဲ့ခြင်းဖြစ်သလို၊
ဗကသအလံတော်ကိုလည်း ထာဝရသစ္စာစောင့်သိဖို့ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်ပါတယ်။ အများယောင်လို့လိုက်ယောင်ပြီး
တောင်မှန်းမြောက်မှန်းမသိတဲ့အဖြစ်မျိုးမဖြစ်အောင် ကျွန်မတို့ကျောင်းသားလူငယ်တွေ ကိုယ်ကိုယ်တိုင်
စနစ်တကျလေ့လာတွေးခေါ်ကြဖို့အချိန်တန်ပြီဆိုတာကို ဗကသအလံတော်ကိုတိုင်တည်ပြီးပြောရင်း
ဒီဆောင်းပါးကို နိဂုံးချုပ်လိုက် ပါရစေ………။
https://www.facebook.com/may.mon.509
0 comments:
Post a Comment